← Chapters

အခန်း ၉၇၀

Vol. 47 Ch. 970

အခန်း ၉၇၀

Vol. 47 Ch. 970

အခန်း(၉၇၀) စိတ်ခံစားချက်များ

"ငါ ဘယ်ကလာသလဲ၊ ဘယ်ကိုသွားနေသလဲဆိုတာ ငါမသိဘူး။ ဒီအတိုင်းပဲ ဆက်လျှောက်သွားဖို့ လိုနေပုံရတယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်ချေသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် ထန်ချင်းမေ၏ စိတ်ခံစားချက်များမှာ တော်တော်လေး တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ဝမ်းနည်းနေဆဲ ဖြစ်သော်လည်း သောကဗျာပါဒများကိုမူ လွှတ်ချနိုင်ခဲ့ပြီ ဖြစ်ချေသည်။

ဤလောကတွင် မရေမတွက်နိုင်သော လူအများအပြားမှာ မိစ္ဆာသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရသဖြင့် ယင်းတို့သည် ထိုသို့သောအရာများကို ကျင့်သားရနေခဲ့ကြပြီ ဖြစ်တန်ရာသည်။

"ရှေ့မှာက ဘာနေရာရှိတာလဲ" ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

"ရှေ့ကို ဆက်သွားရင် ရွာအချို့ရှိပြီး အဲဒီရွာတွေရဲ့ အနောက်မှာတော့ မြစ်ကြီးတစ်စင်း စီးဆင်းနေပါတယ်။ မြစ်ရဲ့ တစ်ဖက်ကမ်းမှာတော့ သိုင်းပညာကျောင်းတော် ရှိပါတယ်။ ကျင့်ကြံခြင်း ပြုနိုင်တဲ့သူတွေ အားလုံးက သိုင်းပညာကျောင်းတော်ကို သွားပြီး သိုင်းပညာရပ်တွေနဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို လေ့ကျင့်ကြရပါတယ်။ ပြီးမှ ရွာတွေကို ပြန်လာပြီး ကာကွယ်စောင့်ရှောက်ကြတာပါ" ဟု ထန်ချင်းမေက ပြောလိုက်သည်။

သူမသည်လည်း သိုင်းပညာကျောင်းတော်၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီး မကြာသေးမီကမှ ရွာသို့ ပြန်ရောက်လာခဲ့ခြင်း ဖြစ်ချေသည်။

"ဒါကြောင့်ကိုး... ဒါဆိုရင် ငါတို့ ခရီးဆက်ကြစို့" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထန်ချင်းမေက ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်း၏ အနောက်မှ ကပ်၍ လိုက်ပါလာခဲ့ချေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်း၏ အနားတွင် ရှိနေသော ထန်ချင်းမေသည် သူမ၏ ကျင့်စဉ်အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် မည်သို့ဖြစ်နေသည်ကို အတိအကျ မသိသော်လည်း ထန်ချင်းမေ၏ ကျင့်ကြံခြင်းတွင် ရှိနေသော ပြဿနာများကို ချက်ချင်း မြင်နိုင်ကာ ပြင်ဆင်ပေးခဲ့ပေရာ ယင်းက ထန်ချင်းမေအတွက် အလွန်ပင် အကျိုးရှိစေခဲ့သည်။

"အစ်ကိုကြီး... ဒါကတော့ မြစ်ဝါကြီးပဲ။ တစ်ဖက်ကမ်းနဲ့ တစ်ဖက်ကမ်းက ပေတစ်ထောင်ကျော်လောက် ကျယ်တယ်" ဟု ထန်ချင်းမေက ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင် သင်္ဘောပေါ် တက်ကြစို့" ဟု ဆိုသည်။

ထိုသူနှစ်ဦးသည် သင်္ဘောကြီးပေါ်သို့ တိုက်ရိုက် လျှောက်လှမ်း တက်ခဲ့ကြချေသည်။

---

ဤမြစ်ကမ်းနားတစ်လျှောက်တွင် လူများနှင့် ကုန်ပစ္စည်းများကို ဟိုဘက်ဒီဘက် သယ်ယူပို့ဆောင်ပေးသည့် သင်္ဘောကြီး နှစ်စင်းသာ ရှိသဖြင့် လူအများအပြား စုံလင်မှသာ သင်္ဘောကို ထွက်ခွာနိုင်ချေသည်။

ထန်ချင်းမေက သင်္ဘောခ ပေးချေလိုက်ပြီးနောက် သူမနှင့် ချင်ယွမ်ဖုန်းတို့သည် သင်္ဘောကြီး၏ ဦးခေါင်းပိုင်းတွင် ရပ်နေခဲ့ကြသည်။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက်တွင် သင်္ဘောကြီးသည် ဖြည်းညင်းစွာ စတင် ထွက်ခွာခဲ့ချေသည်။

"သင်္ဘောထွက်ပြီ"

သင်္ဘောသမားက အော်ဟစ်လိုက်ပေရာ မြစ်ကမ်းပေါ်ရှိ လူအချို့က တက်မများဖြင့် သင်္ဘောကြီးကို မြစ်ကမ်းမှ ဝေးရာသို့ တွန်းထုတ်ပေးလိုက်ကြချေသည်။

သင်္ဘောပေါ်တွင် လူသုံးလေးဆယ်ခန့် ရှိနေသဖြင့် တော်တော်လေး ပြည့်ကျပ်နေချေသည်။ သို့သော်လည်း ချင်ယွမ်ဖုန်းက ယင်းကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့တည့်တည့်သို့သာ ကြည့်နေခဲ့သည်။

"အစ်ကိုကြီး... ဘာကို ရှာနေတာလဲ။ လွန်ခဲ့တဲ့ တစ်နှစ်လုံးမှာရော ရှာတွေ့ခဲ့လား" ဟု ထန်ချင်းမေက စုစုစမ်းစမ်း မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ "ငါ အများကြီး ရှာတွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ငါ တကယ် လိုအပ်တဲ့အရာ ဟုတ်မဟုတ်တော့ ငါမသိဘူး" ဟု ပြန်ပြောလိုက်သည်။

"ငါ နင့်ကို ငိုကြွေးမြည်တမ်းနေတာ တွေ့ခဲ့ရတယ်၊ အဲဒါက ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုဆိုတာ ငါသိတယ်။ လင်ယောက်ျားဖြစ်သူက အပြင်မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီး နောက်ဆုံးမှာ သားသမီး ရလာတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတာကိုလည်း ငါတွေ့ခဲ့ရတယ်။ သက်ကြီးရွယ်အိုတွေက အိပ်ရာထဲမှာ လှဲလျောင်းရင်း အသက်မဲ့တဲ့ မျက်လုံးတွေနဲ့ သေမင်းကို စောင့်မျှော်နေတာကိုလည်း ငါမြင်ခဲ့ရတယ်။ ဖျားနာနေတဲ့သူတွေကလည်း လုံးဝ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နှက်ပြီး ပြင်းပြင်းထန်ထန် ခံစားနေရတာကို ငါတွေ့ခဲ့ရတယ်..."

"ဒါတွေအားလုံးက လူသားတွေရဲ့ စိတ်ခံစားချက်တွေပဲပေါ့၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်း၊ သေဆုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ ချမ်းမြေ့ခြင်းတွေလေ။ ဒါတွေက လူတိုင်း ဖြတ်သန်းရမယ့် အတွေ့အကြုံတွေပဲ" ဟု ထန်ချင်းမေက ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် ရုတ်တရက် သဘောပေါက်သွားပုံရပြီး ပြုံးလျက် ခေါင်းညိတ်ကာ "ငါ ရှာဖွေနေခဲ့တဲ့အရာက ဒီလိုမျိုး စိတ်ခံစားချက်တွေ ဖြစ်နေလို့လည်း ဖြစ်နိုင်တယ်" ဟု ဆိုသည်။

---

မကြာမီတွင် သင်္ဘောကြီးသည် မြစ်လယ်ခေါင်သို့ ရောက်ရှိသွားခဲ့ပေရာ ထိုအချိန်တွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာပြီး သင်္ဘောကြီးကို ပြင်းထန်စွာ လှုပ်ခါသွားစေခဲ့ချေသည်။

သင်္ဘောပေါ်ရှိ လူများသည် အံ့ဩခြင်း မရှိကြပေ။ အကြောင်းမူကား ယင်းတို့သည် မြစ်၏ ဝဲယာနှစ်ဖက်တွင် နေထိုင်ကြသူများ ဖြစ်သဖြင့် ထိုသို့သော အခြေအနေများနှင့် မကြာခဏ ကြုံတွေ့ဖူးကြသောကြောင့် ဖြစ်သည်။

သို့သော်လည်း လေပြင်းမှာ ပို၍ ပို၍ ပြင်းထန်လာပြီး နောက်ဆုံးတွင် မိစ္ဆာသားရဲတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ အသံများ မြည်ဟီးလာခဲ့ချေသည်။

တစ်ချိန်တည်းမှာပင် မြစ်ရေပြင်ပေါ်တွင် ဧရာမ လှိုင်းလုံးကြီးများ လှိမ့်တက်လာပြီး သင်္ဘောကြီးကို ပြင်းထန်စွာ ရိုက်ခတ်လာခဲ့တော့သည်။

"မကောင်းတော့ဘူး... ဒါ မိစ္ဆာသားရဲပဲ" ဟု တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပေရာ သင်္ဘောကြီးပေါ်ရှိ လူများအားလုံး ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြချေသည်။

သို့သော်ငြား သင်္ဘောကြီးပေါ်တွင် မူလကတည်းက နေရာကျယ်ကျယ်ဝန်းဝန်း မရှိသဖြင့် လူများသည် ပျာယာခတ်ကာ တစ်ယောက်ကိုတစ်ယောက် တွန်းတိုးမိကြပေရာ လူအများအပြား မြစ်ထဲသို့ ပြုတ်ကျကုန်ကြချေသည်။

ထိုအချိန်တွင် ရုပ်ဆိုးလှသော ဦးခေါင်းကြီးတစ်ခုသည် မြစ်ရေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။

ယင်းမှာ သုံးဝါးခန့် ကျယ်ဝန်းသော ငါးကြီးတစ်ကောင်၏ ဦးခေါင်းဖြစ်ပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှချေသည်။ ထက်မြက်လှသော သွားနှစ်တန်းမှာ ၎င်း၏ ပါးစပ်အတွင်း၌ ဓားသွားများ စိုက်ထူထားသကဲ့သို့ ရှိနေပြီး ၎င်း၏ ဧရာမ မျက်လုံးကြီးနှစ်လုံးမှာ နှစ်ပတ်ခန့် လည်ပတ်သွားပြီးနောက် သင်္ဘောကြီးဆီသို့ စိုက်ကြည့်လာခဲ့သည်။

"ဒါ လူသားတွေကို စားတဲ့ သားရဲပဲ။ ဒီမိစ္ဆာက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ" ဟု ထိုမိစ္ဆာသားရဲကို ရှင်းရှင်းလင်းလင်း မှတ်မိသူတစ်ဦးက အော်ဟစ်လိုက်ချေသည်။

မိစ္ဆာသားရဲသည် ၎င်း၏ ဟောင်းလောင်းပွင့်နေသော ပါးစပ်ကြီးကို ဖွင့်ကာ သင်္ဘောကြီးဆီသို့ ပြေးဝင်လာခဲ့ပေရာ သင်္ဘောတစ်စင်းလုံးကို တစ်လုပ်တည်း မျိုချတော့မည့်အတိုင်း ဖြစ်နေတော့သည်။

မြစ်ထဲသို့ ပြုတ်ကျသွားသော လူအချို့မှာ အလွန်အမင်း ထိတ်လန့်သွားပြီး သင်္ဘောကြီးဆီသို့ အသည်းအသန် ကူးခတ်ခဲ့ကြသော်လည်း မိစ္ဆာသားရဲ၏ အရှိန်ကို မီနိုင်ခြင်း မရှိသဖြင့် မကြာမီတွင် အမီလိုက်ခြင်း ခံရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေချေသည်။

ချင်ယွမ်ဖုန်း၏ မျက်နှာမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ လှုပ်ရှားမည့် အရိပ်အယောင်လည်း မရှိပေ။ သို့သော်လည်း ထန်ချင်းမေသည် ဆက်၍ စောင့်ကြည့်မနေနိုင်တော့ဘဲ သူမ၏ ဓားရှည်ကို ဆွဲထုတ်ကာ ခြေဖျားဖြင့် သင်္ဘောကို ခပ်ဖွဖွ နင်းပြီး ပျံသန်း ထွက်ခွာသွားခဲ့ချေသည်။

ဓားရှည်ထံမှ အေးစိမ့်သော အလင်းတန်းများ ဖြာထွက်လာပြီး ထန်ချင်းမေ၏ လက်ထဲမှ အားနည်းသော ကိုယ်တွင်းစွမ်းအင် အလွှာတစ်ခု ထွက်ပေါ်လာကာ ဓားတစ်ချောင်းလုံးကို လွှမ်းခြုံသွားခဲ့ချေသည်။

"သိုင်းပညာရှင်ပဲ... သိုင်းပညာရှင်ပဲ" ဟု သင်္ဘောပေါ်ရှိ လူများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

သိုင်းပညာရှင်များသည် ရွာတိုင်း၏ ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ လူများသည် နှစ်စဉ် သိုင်းပညာကျောင်းတော်သို့ အခွန်များ ပေးဆောင်ကြရပြီး ကျောင်းတော်က သိုင်းပညာရပ်များကို သုတေသနပြုရန်နှင့် သိုင်းပညာရှင်များကို လေ့ကျင့်ပေးရန် တာဝန်ယူရကာ ယင်းတို့က ရွာကို ပြန်လည် ကာကွယ်ပေးကြသဖြင့် သံသရာလည်နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် စိတ်မအေးနိုင်ခဲ့ပေ။ အကြောင်းမူကား ထိုမိစ္ဆာသားရဲမှာ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပြီး ထန်ချင်းမေမှာမူ သိုင်းပညာသင် အဆင့်မျှသာ ရှိသေးသည်ကို သူက သိမြင်နိုင်သောကြောင့် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ထန်ချင်းမေ၏ တိုက်ခိုက်မှုများသည် မိစ္ဆာသားရဲအတွက် ဘာမျှ မဟုတ်ခဲ့ပေ။

ဓားရှည်သည် မိစ္ဆာသားရဲကို ပြင်းထန်စွာ ထိုးစိုက်သွားခဲ့သော်လည်း ၎င်း၏ အကြေးခွံတစ်လွှာကိုသာ ဖောက်ထွင်းနိုင်ခဲ့ချေသည်။

မိစ္ဆာသားရဲသည် ထန်ချင်းမေ၏ လုပ်ရပ်ကြောင့် အလွန် ဒေါသထွက်သွားပုံရပြီး ရုတ်တရက် ရေအရှိန်အဝါတစ်ခုကို မှုတ်ထုတ်လိုက်ပေရာ ထန်ချင်းမေကို တိုက်ရိုက် လွင့်စင်သွားစေခဲ့ချေသည်။

သိုင်းပညာရှင်ပင် လွင့်စင်သွားရသည်ကို မြင်လိုက်ရသဖြင့် သင်္ဘောပေါ်ရှိ လူတိုင်း နှုတ်ဆိတ်သွားကြပြီး တုန်တုန်ရင်ရင် ဖြစ်ကုန်ကြချေသည်။

မိစ္ဆာသားရဲသည် သင်္ဘောပေါ်ရှိ အရာအားလုံးကို အရသာရှိသော အစားအစာအဖြစ် သတ်မှတ်ကာ သင်္ဘောကြီးဆီသို့ တစ်ဖန် ပြန်လည် ပြေးဝင်လာခဲ့ပြန်သည်။

ထိုအချိန်တွင် မြစ်ထဲသို့ ကျသွားသော ထန်ချင်းမေသည် ရေပြင်ပေါ်သို့ တစ်ဖန် ပြန်လည် ရုန်းထွက်လာခဲ့ပြန်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် သွေးစများ ရှိနေဆဲ ဖြစ်သော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ မိစ္ဆာသားရဲဆီသို့ ပြန်လည် ပြေးဝင်သွားခဲ့ချေသည်။

ထန်ချင်းမေသည် အကြိမ်ကြိမ် အဖန်ဖန် ရိုက်ထုတ်ခြင်း ခံခဲ့ရသဖြင့် အားအင်ကုန်ခမ်းကာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ချေသည်။ သူမတွင် မြစ်ကို ဖြတ်ကူးရန် နေနေသာသာ ရေကူးရန် အားအင်ပင် မရှိတော့ပေ။

သို့သော်လည်း မိစ္ဆာသားရဲမှာမူ ထန်ချင်းမေကြောင့် အချို့နေရာများတွင်သာ အနည်းငယ် စုတ်ပြဲသွားခဲ့သည်။

မိစ္ဆာသားရဲသည် ထန်ချင်းမေကြောင့် အကြီးအကျယ် ဒေါသပေါက်ကွဲသွားပုံရပြီး ၎င်း၏ ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက် လှည့်ပတ်ကာ မြစ်ရေပြင်ပေါ်တွင် ဧရာမ လှိုင်းလုံးကြီးများကို လှုံ့ဆော်လိုက်ပေရာ သင်္ဘောကြီးသည် နောက်ဆုံးတွင် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ မြစ်ထဲသို့ တိမ်းမှောက်သွားခဲ့ရချေသည်။

သင်္ဘောပေါ်ရှိ လူသုံးလေးဆယ်မှာ မြစ်ထဲသို့ ပြုတ်ကျကုန်ကြပြီး နစ်မြုပ်နေသော သင်္ဘောပျက်ပေါ်တွင် ရပ်နေသည့် ချင်ယွမ်ဖုန်း တစ်ဦးတည်းသာ ချွင်းချက် ဖြစ်နေခဲ့ချေသည်။

"ဒါတွေအားလုံးက နင့်ကြောင့်ပဲ။ အခုတော့ နင်က မိစ္ဆာသားရဲကို ဒေါသထွက်အောင် လုပ်လိုက်ပြီ"

"ဟုတ်တယ်... နင်က ဘာသိုင်းပညာရှင်လဲ။ မိစ္ဆာသားရဲကိုတောင် မနိုင်ဘူး။ ငါတို့ ပေးထားတဲ့ အခွန်တွေအားလုံး အလကား ဖြစ်ကုန်ပြီ"

"ဒါတွေအားလုံး နင့်ကြောင့်ပဲ... အားလုံး နင့်ကြောင့်"

အော်ဟစ်သံများမှာ မြစ်ပြင်တစ်လျှောက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။ ရေထဲသို့ ကျသွားသော ထိုလူများသည် မိမိတို့ အသက်ဘေးမှ လွတ်မြောက်ရန် မကြိုးစားကြဘဲ ထန်ချင်းမေကိုသာ ဝိုင်းဝန်း အပြစ်တင် နေကြချေသည်။

ထန်ချင်းမေသည်လည်း မှင်တက်သွားခဲ့ရသည်။ သူမသည် ထိုလူများအတွက် မိမိအသက်ကို စွန့်လွှတ်ကာ တိုက်ခိုက်ပေးခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် လူတိုင်းက သူမကို အပြစ်တင်ကာ မုန်းတီးနေကြခြင်း ဖြစ်ပေသည်။

"ငါ..." ထန်ချင်းမေသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် တစ်စုံတစ်ခု ပြောချင်သော်လည်း မည်သို့ ဆက်ပြောရမည်ကို မသိတော့ပေ။

"နင်က ဘာ 'ငါ' လဲ။ သွားပြီး မိစ္ဆာသားရဲကို တိုက်စမ်းပါဦး... အသုံးမကျတဲ့ အမှိုက်ကောင်ရဲ့"

All Chapters