← Chapters

အခန်း ၉၇၃

Vol. 47 Ch. 973

အခန်း ၉၇၃

Vol. 47 Ch. 973

အခန်း(၉၇၃) သိမ်ငယ်ခြင်း

သုံးလတာ ကာလပတ်လုံး ၎င်းတို့သည် နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ကြိုးစားခဲ့ကြသော်လည်း သွေးပူဇော်ခြင်းတံဆိပ်တော်ကိုမူ ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။ ၎င်းတို့ ပြုလုပ်နိုင်သည်မှာ နတ်ဆိုးဘုရင်အား ပိတ်လှောင်ရန် ကြိုးပမ်းသည့်အနေဖြင့် ထိုသူ၏ အပြင်ဘက်တွင် အစီအရင် အမြောက်အမြားကို ဆင်ယင်ထားခြင်းသာ ဖြစ်ချေသည်။

လေထုထဲရှိ ဝဲကတော့ကြီးသည် တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် နီမြန်းသော မြင်းကြောင်းတစ်ကြောင်းအသွင်သို့ ပြောင်းလဲကာ နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ထိုသို့သော သွေးနီရောင် ချည်မျှင်နုလေးများ နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ

ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အလွန်တရာ အင်အားကြီးမားလှသော အရှိန်အဝါတစ်ခုသည် ထိုသူ့ထံမှ ထွက်ပေါ်လာချေသည်။

နတ်ဆိုးဘုရင်သည် မိမိ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ မျက်ဝန်းထဲ၌ ထက်မြက်သော အရောင်အဝါများ လက်ခနဲ ဖြစ်သွားပြီးလျှင် တားဆီး၍မရသော အပြုံးတစ်ခုသည် မျက်နှာထက်၌ ပျံ့နှံ့သွားတော့သည်။

ထိုထူးကဲလှသော သွေးပူဇော်ခြင်းသည် နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံမျှဖြင့် သိသာထင်ရှားလှပေသည်။

ယင်းခဏ၌ ကောင်းကင်ယံတွင် တိမ်ဖြူများသည် လျင်မြန်စွာ စုဝေးလာပြီး နတ်ဆိုးဘုရင်၏ ဦးခေါင်းထက်၌ ဝဲလည်နေကြသော်လည်း ခေတ္တမျှကြာလျှင် ဖြည်းညှင်းစွာ ပြယ်လွင့်သွားကြချေသည်။

နတ်ဆိုးဘုရင်သည် လက်ရှိအခြေအနေကို အနည်းငယ် နားမလည်နိုင်သဖြင့် မျက်မှောင်ကုတ်မိသွားသည်။

“သူက နတ်ဘုရားအဆင့်ကို ရောက်သွားပြီ၊ ဒါပေမဲ့ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါးတော့ မဟုတ်သေးဘူး” ဟု မေက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ဤနေရာတွင် ရှိနေကြသော လူအားလုံးထဲ၌ မေတစ်ဦးတည်းသာလျှင် ယခင်က နတ်ဘုရားအဆင့် ရှိခဲ့ဖူးသူ ဖြစ်ရာ အခုတင် ဘာဖြစ်သွားသည်ကို သူမ ကောင်းစွာ နားလည်ပေသည်။

“ဒီစကားက ဘာကို ဆိုလိုတာလဲ” ဟု ကျွမ်ယွမ်က မေးမြန်းလိုက်၏။

“နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးတဲ့နောက် ကောင်းကင်မှာ နတ်ဘုရားကမ္ဘာကို ဝင်ရောက်နိုင်မယ့် ကောင်းကင်ဘုံလမ်းစဉ် ပွင့်လာရမှာ၊ နတ်ဘုရားတွေအနေနဲ့ လူ့လောကမှာ နေခဲ့မလား၊ ဒါမှမဟုတ် နတ်ဘုရားကမ္ဘာကို တက်လှမ်းမလားဆိုတာ ရွေးချယ်ပိုင်ခွင့် ရှိတယ်”

“အဲဒီလမ်းစဉ်က သုံးလကြာရင် ပိတ်သွားလိမ့်မယ်၊ အဲဒီနောက်မှာတော့ အဲဒီလူက ကောင်းကင်ဘုံလမ်းစဉ်ထဲကို ဘယ်တော့မှ ထပ်မဝင်နိုင်တော့ဘူး၊ ဆိုလိုတာက သူတို့ဟာ နတ်ဘုရားကမ္ဘာကို မဝင်ရောက်နိုင်တော့သလို သူတို့ရဲ့ ကျင့်စဉ်အဆင့်ကလည်း ထပ်ပြီး တိုးတက်လာမှာ မဟုတ်တော့ဘူးပေါ့”

“နတ်ဘုရားအဆင့်ရဲ့ အထက်မှာ ပိုပြီးမြင့်မားတဲ့ နယ်ပယ်တွေ ရှိနိုင်ပါသေးတယ်၊ ဒါပေမဲ့ ငါလည်း မသိဘူး၊ နတ်ဘုရားကမ္ဘာကို တက်လှမ်းဖို့ ရွေးချယ်တဲ့သူတွေသာ ပိုမြင့်တဲ့နယ်ပယ်ကို ဆက်ပြီး ရှာဖွေနိုင်ကြတာ”

အားလုံးသည် ရုတ်တရက် သဘောပေါက်သွားကြချေသည်။ ၎င်းတို့သည် ထိုလျှို့ဝှက်ဆန်းကြယ်လှသော နတ်ဘုရားကမ္ဘာမှာ အဘယ်အရာ ဖြစ်သည်ကို မသိကြသော်လည်း နတ်ဆိုးဘုရင်သည် ထိုကောင်းကင်ဘုံလမ်းစဉ်ကို စောစောက မဖွင့်လှစ်နိုင်ခဲ့ကြောင်း ခန့်မှန်းမိကြသည်။

တစ်နည်းအားဖြင့် ဆိုရသော် နတ်ဆိုးဘုရင်သည် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး နတ်ဘုရားတစ်ပါး၏ အင်အားကို ပိုင်ဆိုင်ထားသော်လည်း နတ်ဘုရားကမ္ဘာသို့ တက်လှမ်းနိုင်ခြင်း မရှိဘဲ ဤအောက်လောက၌သာ တည်ရှိနေနိုင်ပြီး မိမိ၏ သက်တမ်းကုန်ဆုံးမည့်ရက်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်ချေသည်။

ခေတ္တမျှ မှင်တက်သွားပြီးနောက် နတ်ဆိုးဘုရင်သည် အလွန်အမင်း ဒေါသထွက်သွားတော့သည်။

သူသည် ဤနေ့ရက်အတွက် အရာအားလုံးကို ပုံအော ခဲ့ရသော်လည်း ထိုကျိန်စာသင့်လှသော ကောင်းကင်ဘုံလမ်းစဉ်သည် ပွင့်မလာခဲ့ချေ။

“အား”

နတ်ဆိုးဘုရင်သည် သောင်းကျန်းလှစွာသော ဒေါသဖြင့် အော်ဟစ်လိုက်ရင်း “ဘာလို့လဲ၊ ငါ မကျေနပ်ဘူး၊ ငါ လုံးဝ မကျေနပ်ဘူး” ဟု ဟိန်းဟောက်လေသည်။

စွမ်းအားကြီးမားလှသော အင်အားတစ်ခုသည် နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှ ယိုစိမ့်လာပြီး ထိုသူသည် တမင်တကာ ထုတ်ဖော်ပြသခြင်း မရှိသော်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် စတင် အက်ကွဲလာချေသည်။

ယင်းခဏ၌ ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ နိယာမများသည် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည့် နတ်ဆိုးဘုရင်ကို ချုပ်တည်းထားနိုင်ခြင်း မရှိတော့ချေ။

ကျွမ်ယွမ်အပါအဝင် လူများ၏ မျက်နှာများသည် အလွန်တရာ အောက်ခြေကျလှပေသည်။ နတ်ဘုရားများ၏ စွမ်းအားသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက်များစွာ ကျော်လွန်နေချေသည်။ ဤအောက်လောကတွင် ကျင့်ကြံခြင်း၏ အထွတ်အထိပ်အဖြစ် နတ်ဘုရားများကို သတ်မှတ်ကြသည်မှာ မဆန်းတော့ပေ။

ထိုအချိန်တွင် မတူညီသော အရောင်အသွေးရှိသည့် စွမ်းအင်အလင်းတန်း ကာကွယ်ရေးဒိုင်းများစွာသည် နတ်ဆိုးဘုရင်၏ အဝေး ပေတစ်ရာခန့်တွင် မြင့်တက်လာကြသည်။ ဤစွမ်းအင်အလင်းတန်းများသည် ကျွမ်ယွမ်နှင့် အခြားသူများ ဆင်ယင်ထားခဲ့သော အစီအရင်ကြီး ဖြစ်ချေသည်။

အစီအရင်တစ်ခုစီသည် အစွမ်းထက်လှပြီး ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ စွမ်းအားသည် အတိုင်းအဆမရှိ ကြီးမားလှပေသည်။

အတန်ကြာမှသာ နတ်ဆိုးဘုရင်သည် ပြန်လည် တည်ငြိမ်သွားချေသည်။

“ငါ နတ်ဘုရားကမ္ဘာကို မတက်လှမ်းနိုင်ရင်တောင် မင်းတို့အားလုံးကို သတ်ပစ်လို့ရသေးတယ်၊ ပြီးရင်တော့ နတ်ဘုရားကမ္ဘာကို သွားနိုင်မယ့် နည်းလမ်းကို ငါ ဆက်ရှာမှာပေါ့၊ စိတ်မပူပါနဲ့၊ မင်းတို့တွေ အဲဒီနေ့ကို မြင်ရဖို့ အသက်ရှင်နေမှာ မဟုတ်ပါဘူး”

နတ်ဆိုးဘုရင်၏ အသံသည် အဝေးမှ ထွက်ပေါ်လာသော်လည်း လူတိုင်း၏ နားထဲသို့ တိုက်ရိုက် လောင်းထည့်လိုက်သကဲ့သို့ သဲသဲကွဲကွဲ ကြားရချေသည်။

ထိုစွမ်းအင်အလင်းတန်း ဒိုင်းများကို ကြည့်ရင်း နတ်ဆိုးဘုရင်သည် တိတ်ဆိတ်စွာ ပြုံးလိုက်သည်။ ဤအစီအရင်များသည် ထိုသူ့အတွက် ပြောပလောက်စရာ မရှိတော့ချေ။

သူသည် ဖြည်းညှင်းစွာ လျှောက်လှမ်းသွားရာ အလွန်နှေးကွေးသည်ဟု ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် စွမ်းအင်အလင်းတန်း အတားအဆီး၏ အောက်သို့ ရောက်ရှိသွားရာ ခြေတစ်လှမ်းတည်းဖြင့် ပေတစ်ရာခန့်ကို ဖြတ်ကျော်လိုက်သကဲ့သို့ ဖြစ်ချေသည်။

“ဒါ... ငါတို့ ဆင်ထားတဲ့ အစီအရင်ကြီးကတောင် သူ့ကို တားမထားနိုင်ဘူးပေါ့လေ” ဟု ကျိရှန့်က ခါးသက်စွာ ခံစားရရင်း ပြောလိုက်သည်။

ကျိရန်က ကျိရှန့်၏ ပခုံးကို ပုတ်ပေးလိုက်ရင်း “စိတ်မပျက်ပါနဲ့၊ ဒါက ကံကြမ္မာပဲဆိုတော့ ငါတို့ ပြောင်းလဲနိုင်တာ ဘာမှမရှိဘူး၊ ငါတို့ လုပ်နိုင်တာက အဲဒီ သာမန်လူတွေထက် အရင် စောပြီး သေပေးဖို့ပဲ ရှိတာပေါ့” ဟု ဆိုသည်။

ကျိရှန့်က ခေါင်းညိတ်လိုက်၏။ ယင်းသည် ၎င်းတို့ ကာကွယ်စောင့်ရှောက်သူ မိသားစု၏ တာဝန် ဖြစ်တန်ရာသည်။

ကျန်ရှိနေသော နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်ကြီးများသည်လည်း ရှေ့သို့ လှမ်းထွက်လာကြပြီး အစီအရင်ထဲမှ ထွက်လာတော့မည့် နတ်ဆိုးဘုရင်ကို ကြောက်ရွံ့ခြင်းမရှိသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကြချေသည်။

အစီအရင်ကို ဖျက်ဆီးသည်ဟု ဆိုသော်လည်း နတ်ဆိုးဘုရင် ပြုလုပ်ပုံမှာ များစွာ ရိုးရှင်းလှပေသည်၊ သူသည် လက်ညှိုးတစ်ချောင်းကိုသာ ဆန့်ထုတ်ပြီး စွမ်းအင်အလင်းတန်းကို သာသာလေး တို့ထိလိုက်ခြင်း ဖြစ်ချေသည်။

နောက်တစ်ခဏတွင် ထိုစွမ်းအင်အလင်းတန်း ဒိုင်းသည် နွေဦးရာသီ၌ နှင်းများ အရည်ပျော်သွားသကဲ့သို့ လျင်မြန်စွာ ပြယ်လွင့်သွားတော့သည်။

အားလုံးသည် ရုတ်တရက် ထိတ်လန့်သွားကြချေသည်။ တစ်စုံတစ်ယောက်သည် အားကောင်းလှသော အဆင့်ရှစ် အစီအရင်တစ်ခုကို ဤမျှလွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သည်မှာ ဖြစ်နိုင်ပါမည်လော။

နတ်ဆိုးဘုရင်သည် မဆုတ်မနစ် ရှေ့သို့ တိုးလာပြီး သူ၏လက်ညှိုးသည် အမြဲတစေ ဆန့်ထွက်နေကာ စွမ်းအင်အလင်းတန်း ကာကွယ်ရေးဒိုင်းများကို တစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်သွားသည်အထိ ဖျက်ဆီးပစ်လိုက်ချေသည်။

“မင်းတို့က ငါ့ကို တိုက်ခိုက်ဖို့ သတ္တိတွေ ရှိနေကြသေးတာပဲလား၊ ငါက မင်းတို့တွေကို သတ္တိရှိတယ်လို့ ချီးမွမ်းရမလား၊ ဒါမှမဟုတ် မိုက်မဲတယ်လို့ပဲ ပြောရမလား” ဟု နတ်ဆိုးဘုရင်က လှောင်ပြောင်ကာ ရယ်မောလိုက်သည်။

အားလုံးသည် မျက်နှာထက်၌ လေးနက်မှုများဖြင့် နတ်ဆိုးဘုရင်ထံသို့ ပျံသန်းသွားကြချေသည်။

“ဟူး... ဒါက တကယ်ကို ပျင်းစရာကောင်းတာပဲ” ဟု နတ်ဆိုးဘုရင်က ရယ်မောရင်း ပြောလိုက်ပြီး “ဒါနဲ့ စကားမစပ်၊ တစ်ယောက်ယောက် ပျောက်နေသလိုပဲ၊ ဖုန်း ဘယ်မှာလဲ” ဟု မေးလိုက်၏။

နတ်ဆိုးဘုရင် မသိသည်မှာ ချင်ယွမ်ဖုန်းသည် လက်ရှိတွင် ကမ္ဘာငယ်လေးထဲ၌ နောက်ဆုံးခြေလှမ်းကို လှမ်းနေခြင်း ဖြစ်ပေသည်။

သူသည် တောင်ထိပ်ထက်တွင် ထိုင်နေပြီး ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့် မြေကမ္ဘာ၏ မူလအနှစ်သာရများသည် လျင်မြန်စွာ အရည်ပျော်ကာ ခြေလက်များနှင့် အရိုးအဆစ်များထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး သူ၏ခန္ဓာကိုယ်ကို လုံးဝဥဿုံ ပြောင်းလဲစေခဲ့ချေသည်။

ထန်ချင်းမေသည် ထိုသူ့အနားတွင် ထိုင်နေပြီး ချင်ယွမ်ဖုန်းကို ဂရုတစိုက် ကြည့်ရှုရင်း အတွေးများထဲ၌ နစ်မျောနေပုံရသည်။

အချိန်များစွာ ကုန်လွန်သွားခဲ့ပြီဟု ခံစားရသလို ခဏမျှသာ ရှိသေးသည်ဟုလည်း ထင်မှတ်ရသည့် အချိန်တွင် ထန်ချင်းမေသည် ချင်ယွမ်ဖုန်း မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရချေသည်။

“ဘယ်လိုနေလဲ” ထန်ချင်းမေသည် ချင်ယွမ်ဖုန်း တစ်ခုခုကို အရေးကြီးစွာ လုပ်ဆောင်နေမှန်း သိသဖြင့် လျင်မြန်စွာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “အခု အားလုံး အဆင်ပြေသွားပြီ” ဟု ပြောလိုက်၏။

ဆယ်စုနှစ်တစ်ခုကြာ ကာလပတ်လုံး ချင်ယွမ်ဖုန်းသည် အရာအားလုံးကို စွန့်လွှတ်ကာ ဖြည်းညှင်းစွာ လျှောက်လှမ်းပြီး လောကကြီး၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို သူ၏ခန္ဓာကိုယ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရချေသည်။ နောက်ဆုံးတွင် ဤတောင်ထိပ်၌ ချင်ယွမ်ဖုန်းသည် မိမိ၏ အကန့်အသတ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။

နတ်ဆိုးဘုရင်၏ တက်လှမ်းမှုနှင့်မတူဘဲ ချင်ယွမ်ဖုန်း၏ တက်လှမ်းမှုသည် တိတ်ဆိတ်ငြိမ်သက်လှပြီး မည်သူ့ကိုမျှ သတိမမူမိစေခဲ့ချေ။ ထိုသူ့အနား၌ ရပ်နေသော ထန်ချင်းမေပင်လျှင် ချင်ယွမ်ဖုန်းထံမှ မည်သည့်အပြောင်းအလဲကိုမျှ မမြင်တွေ့နိုင်ခဲ့ချေ။

“နင် မှတ်ဉာဏ်တွေ ပြန်ရပြီလား” ဟု ထန်ချင်းမေက မေးလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း “ငါ့နာမည်က ချင်ယွမ်ဖုန်း ခေါ်တယ်” ဟု ဆိုသည်။

“ချင်ယွမ်ဖုန်း...” ထန်ချင်းမေသည် ထိုနာမည်ကို ဂရုတစိုက် ရွတ်ဆိုကြည့်ရာ ခေါ်ဆိုလေလေ ပို၍ နားထောင်ကောင်းလေလေ ဖြစ်ကြောင်း တွေ့ရှိရချေသည်။

“ကောင်းပြီ၊ ငါ ဒီမှာ လုပ်စရာရှိတာတွေ ပြီးပြီ၊ နင်ကော ဘာလုပ်ဖို့ စိတ်ကူးလဲ” ချင်ယွမ်ဖုန်းက ထန်ချင်းမေကို ကြည့်လိုက်သည်။

ထန်ချင်းမေက မျက်မှောင်ကုတ်လိုက်ရင်း “ငါလား” ဟု မေး၏။

“ဟုတ်တယ်၊ နင် ငါနဲ့အတူ လိုက်ခဲ့မလား၊ ဒါမှမဟုတ် ဒီမှာပဲ နေခဲ့မလား”

“နင် ဒီမှာ နေခဲ့မယ်ဆိုရင် ငါ နင့်ကို ဒီလောကမှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာစေဖို့ လုံလောက်တဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ် အမြောက်အမြား ချန်ထားပေးခဲ့လို့ ရတယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထန်ချင်းမေသည် အလွန်ပင် စိတ်လှုပ်ရှားသွားချေသည်၊ သိုင်းပညာရှင် အားလုံးသည် ဤကဲ့သို့သော နေ့ရက်မျိုး ရောက်ရှိလာရန် အိပ်မက်မက်ကြသည် မဟုတ်လော။

သို့သော် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ ထန်ချင်းမေက ခေါင်းခါပြလိုက်ခြင်း ဖြစ်ချေသည်။

“ဟင့်အင်း၊ ငါ နင်နဲ့အတူ လိုက်ချင်တယ်” ဟု ထန်ချင်းမေက ပြောလိုက်သည်။

“ငါနဲ့ လိုက်ခဲ့မလို့လား” ချင်ယွမ်ဖုန်းက ရယ်မောလိုက်ရင်း “နင် ငါ့နောက်ကို လိုက်ခဲ့ရင် ဒီလောကကြီးက နင်ထင်ထားတာထက် ပိုပြီးတော့ ကျယ်ပြောလှတာကို တွေ့ရလိမ့်မယ်၊ ပြီးတော့ နင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တောင် သိမ်ငယ်တယ်ဆိုတာကိုလည်း ခံစားရလိမ့်မယ်”

“နင် တကယ်ပဲ သေချာရဲ့လား”

All Chapters