အခန်း ၉၇၄
Vol. 47 Ch. 974
အခန်း(၉၇၄)
ထန်ချင်းမေက ကြည်လင်ပြီး ပြတ်သားလှသော မျက်ဝန်းများဖြင့် ချင်ယွမ်ဖုန်းအား စိုက်ကြည့်ကာ ဆိုလာ၏။ “ငါ ဆုံးဖြတ်ချက်ချပြီးပြီ။ နောက်နောင် အကိုကြီးနောက်ပဲ လိုက်ခဲ့တော့မယ်။ မင၈ ခဏခဏ ပြောပြတတ်တဲ့ အဲဒီကမ္ဘာကြီးကို ငါ မြင်ဖူးချင်တယ်”
“ကောင်းပြီ၊ ငါ နင့်ကို အပြင်ခေါ်သွားပေးမယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်ချေသည်။
“အပြင်သွားမယ် ဟုတ်လား” ထန်ချင်းမေက တိုးတိုးလေး ရေရွတ်မိ၏။ အဘယ်ကြောင့် ‘အပြင်သွားမယ်’ ဟူသော စကားလုံးကို သုံးရသနည်း။ ယင်းက သူမအား အခန်းထဲမှ ထွက်ခွာခိုင်းသည့်အလား ခံစားရစေသည်။
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှနေ၍ ရှောင်လင်အား အကြိမ်ကြိမ် ခေါ်လိုက်သော်လည်း ပုံမှန်ဆိုလျှင် ခေါ်ရုံမျှဖြင့် ချက်ချင်းရောက်လာတတ်သော ရှောင်လင်သည် ယခုအကြိမ်တွင်မူ ပေါ်မလာခဲ့ပေ။
သူ အတန်ကြာ မှင်တက်သွားပြီးနောက် ရှောင်လင် ယခင်က ပြောခဲ့ဖူးသည်များကို ရုတ်တရက် သတိရသွားမိသည်။ ရှောင်လင်၏ မှတ်ဉာဏ်များမှာ ပြည့်စုံမှုမရှိသေးချေ။ ယခုအခါတွင်မူ ချင်ယွမ်ဖုန်းသည် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ ရှောင်လင်သည်လည်း တစ်စုံတစ်ရာ ပြောင်းလဲမှုများကို ကြုံတွေ့နေရခြင်း ဖြစ်တန်ရာသည်။
ပြင်ပကမ္ဘာကြီးသည် ယခုအချိန်တွင် မည်သို့သော ပုံစံ ဖြစ်နေမည်ကို သူ သိချင်မိလှပေသည်။
“သွားကြစို့”
ချင်ယွမ်ဖုန်းသည် ထန်ချင်းမေ၏ လက်မောင်းကို ဆွဲကာ သူမအား နူးညံ့စွာ ပြုံးပြလိုက်သည်။
နောက်တစ်ကိုယ်တွင်မူ သူတို့နှစ်ဦးသည် ချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားကြတော့သည်။
ထန်ချင်းမေ၏ မျက်လုံးများ အံ့သြတုန်လှုပ်မှုကြောင့် ကျယ်ပြန့်သွားရ၏။ သူတို့ ရွေ့လျားသွားသည်ကိုပင် သူမ မခံစားမိလိုက်ဘဲ အခြားနေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဒါ… ဒါက ငါတို့ရွာရဲ့ နောက်ဖေးက ချိုင့်ဝှမ်းမလား” ထန်ချင်းမေက မြူဖြူများ ဝန်းရံ အုပ်ဆိုင်းနေသော ချိုင့်ဝှမ်းကြီးကို ကြည့်ကာ မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလျက် “ဟုတ်တယ်၊ ဒီနေရာပဲ” ဟု ဆို၏။
“ဒီချိုင့်ဝှမ်းထဲမှာ ဘာတွေရှိနေလို့လဲ။ လူအများကြီးက အထဲကို ဝင်ကြည့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အဲဒီထူထပ်တဲ့ မြူခိုးတွေကို ဘယ်သူမှ မဖြတ်ကျော်နိုင်ခဲ့ကြဘူး။ အထဲကို ဝင်သွားရင်တောင် ပြန်ထွက်လာကြတာပဲ၊ ဘာကိုမှ မမြင်ခဲ့ကြရဘူး” ထန်ချင်းမေက စူးစမ်းမိသဖြင့် မေးလိုက်ပြန်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်မိချေသည်။ ယင်းချိုင့်ဝှမ်းကို ထိုက်ချင်း နတ်လေပြည် အစီအရင်ဖြင့် ဝန်းရံထားခြင်းဖြစ်ပြီး ချင်ယွမ်ဖုန်းက ယင်းကို အဆင့်ရှစ်အထိ အဆင့်မြှင့်တင်ထားခဲ့ရာ ဤကမ္ဘာမှ လူသားများ မည်သို့မျှ မဝင်ရောက်နိုင်ခြင်းမှာ သဘာဝပင် ဖြစ်သည်။
“အထဲရောက်ရင် နင် မြင်ရလိမ့်မယ်” ချင်ယွမ်ဖုန်းသည် ထန်ချင်းမေကို ဦးဆောင်ကာ ချိုင့်ဝှမ်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ထိုသို့သောအချိန်တွင် ထူထပ်လှသော မြူဖြူများကြား၌ လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ချင်ယွမ်ဖုန်း၏ ပြန်လာခြင်းကို ကြိုဆိုနေသည့်အလား ထင်မှတ်ရပေသည်။
ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ထန်ချင်းမေသည် ဆွံ့အလျက် ကျောက်ရုပ်ပမာ မတ်တပ်ရပ်နေမိတော့သည်။
ဤနေရာရှိ ဝိညာဉ်စွမ်းအင်များမှာ အလွန်တရာ ထူထပ်လှသဖြင့် အရည်အဖြစ်သို့ပင် ပြောင်းလဲလုနီးပါး ဖြစ်နေချေပြီ။ အသက်တစ်ချက် ရှူလိုက်ရုံမျှဖြင့်ပင် မိမိ၏ ကျင့်စဉ်အဆင့် တိုးတက်လာသကဲ့သို့ ခံစားရစေသည်။
အခြားနေရာများသို့ ကြည့်လိုက်သောအခါ လူတစ်ရပ်မက မြင့်မားလှသော ဝိညာဉ်ဆေးပင်များထံမှ ပြင်းထန်လှသော ဝိညာဉ်စွမ်းအင် လှိုင်းတံပိုးများ ဖြာထွက်နေသည်ကို တွေ့ရ၏။
“ဒါတွေအကုန်လုံးက… နတ်ဘုရားအဆင့် ဆေးပင်တွေလား”
ဤကမ္ဘာတွင် သက်တမ်းတစ်ထောင်ကျော်ရှိသော ဝိညာဉ်ဆေးပင်များကို နတ်ဘုရားဆေးပင်များဟု ခေါ်ဆိုကြကြောင်း ချင်ယွမ်ဖုန်း သိရှိထားပေသည်။ အဘယ်ကြောင့်ဆိုသော် သက်တမ်းတစ်ထောင်ကျော်ရှိသော ဝိညာဉ်ဆေးပင်များတွင် နတ်ဘုရားအရှိန်အဝါ အနည်းငယ် စိမ့်ဝင်နေပြီ ဖြစ်ပေရာ ထိုသို့ ခေါ်ဆိုခြင်း ဖြစ်သည်။
ထန်ချင်းမေသည် မိမိ၏ အမြင်လောကတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ ပြင်ပကမ္ဘာတွင် အလွန်တရာ တန်ဖိုးကြီးမားလှသော ဤနတ်ဘုရားဆေးပင်များမှာ ဤနေရာတွင်မူ မုန်လာဥများကဲ့သို့ပင် ပေါများလှပေသည်။
ထို့ထက် ပိုမိုဝေးကွာသော နေရာကို ကြည့်လိုက်ရာတွင်မူ စူးရှတောက်ပပြီး စိတ်ကို ဖမ်းစားနိုင်လွန်းသော နတ်ဘုရားဆေးပင်ကြီး တစ်ပင်ကိုပါ ထန်ချင်းမေ မြင်တွေ့လိုက်ရသည်။
ရေကန်အနားသို့ ရောက်ရှိသွားသောအခါ ထန်ချင်းမေသည် ရေကန်ထဲရှိ ငါးကြင်းများကို ချက်ချင်း သတိပြုမိသွား၏။ ထိုငါးကြင်းများထံမှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများကြောင့် သူမ၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားရသည်။
“ဒါက… နတ်သားရဲတွေလား” ထန်ချင်းမေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ နှလုံးခုန်သံများပင် ရပ်တန့်လုနီးပါး ဖြစ်သွားရချေသည်။
ယင်းရေကန်ထဲတွင် သန့်စင်သော နတ်ရေစင်များ ပြည့်နှက်နေသဖြင့် ၎င်းထဲ၌ ရှင်သန်နေထိုင်သော ငါးများသည် နတ်ရေစင်ကို အမြဲတစေ သောက်သုံးခွင့်ရကာ သဘာဝအတိုင်းပင် အလွန်လျှင်မြန်စွာ တိုးတက်ကြီးထွားလာကြခြင်း ဖြစ်သည်။ ယခုအချိန်တွင်မူ ၎င်းတို့သည် နတ်သားရဲအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
“ဒါက တကယ်ပဲ ဘယ်လိုနေရာမျိုးလဲ” ထန်ချင်းမေက တိုးတိုးလေး မေးမိပြန်သည်။
“အဲဒီလောက်လည်း အံ့သြမနေပါနဲ့ဦး။ နောက်ထပ် ဖြစ်ပျက်လာမယ့်အရာတွေက နင် တုန်လှုပ်သွားအောင် ပိုပြီး လုပ်နိုင်ဦးမှာ” ချင်ယွမ်ဖုန်းသည် ထန်ချင်းမေကို ခေါ်ဆောင်ကာ မသေမျိုးနန်းတော် အတွင်းသို့ ဝင်ရောက်သွားလိုက်တော့သည်။
---
“ငါ သွားပြီ” ချင်ယွမ်ဖုန်း၏ စကားသံအဆုံးတွင် သူ၏ ခန္ဓာကိုယ်သည် ခြေရာလက်ရာမပျက် ပျောက်ကွယ်သွားခဲ့သည်။
ထန်ချင်းမေသည် တုန်လှုပ်မှုဒဏ်မှပင် မရုန်းထွက်နိုင်သေးမီ မိမိ၏ ခန္ဓာကိုယ်သည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရ၏။
နောက်တစ်ခဏတွင်မူ သူသည် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေမိတော့သည်။
“ဒီနေရာက ဘယ်နေရာလဲ” ထန်ချင်းမေက မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ကြမ်းပြင်ပေါ်မှ ကမ္ဘာငယ်လေးကို ကောက်ယူလိုက်ရင်း “ငါတို့ အခုပဲ ဒီထဲကနေ ထွက်လာခဲ့တာ” ဟု ပြောလိုက်၏။
ထန်ချင်းမေသည် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး စိတ်ထဲတွင် ဘာကိုမျှ မတွေးတောနိုင်လောက်အောင် ဆွံ့အသွားရချေသည်။
သူတို့ ရှင်သန်နေထိုင်ခဲ့သည့် ကမ္ဘာကြီးက တကယ်တော့ ဤမျှ သေးငယ်လှသော ပုတီးစေ့တစ်စေ့မျှသာ ဖြစ်နေသည်လား။
သူမ သိရှိထားသော အမြင်လောကသည် မြေနက်မြေထဲတွင် တစ်ကြိမ် ပြောင်းလဲခဲ့ပြီးပြီ ဖြစ်သော်လည်း ယခုအချိန်တွင်မူ ယင်းအမြင်လောကတစ်ခုလုံး လုံးဝ ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ထန်ချင်းမေသည် နှုတ်ဆိတ်နေမိတော့သည်။
“ဒီပုတီးစေ့က မူလက ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစတစ်ခုပဲ။ ငါက အပိုင်းအစတချို့ကို စုဆောင်းပြီး ပေါင်းစပ်လိုက်တော့ ကမ္ဘာငယ်လေးတစ်ခု ဖြစ်လာခဲ့တာ။ ပြီးတော့ ငါ့ရဲ့ ဇီဝအသက်စွမ်းအားကို သုံးပြီး အဲဒီကမ္ဘာကို အသက်သွင်းခဲ့တာပေါ့” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
ထန်ချင်းမေ၏ မျက်နှာအမူအရာမှာ အလွန်တရာ ရှုပ်ထွေးနေသဖြင့် မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြရန် မစွမ်းသာပေ။
မိမိတို့ ရှင်သန်နေထိုင်သည့် ကမ္ဘာကြီးသည် အခြားသူတစ်ပါး၏ လက်ထဲရှိ သေးငယ်သော ပုတီးစေ့တစ်စေ့မျှသာ ဖြစ်သည်ကို သိရှိလိုက်ရသည့် မည်သူမဆို တည်ငြိမ်စွာ နေနိုင်ရန် ခဲယဉ်းလှပေသည်။
ချင်ယွမ်ဖုန်း အဘယ်ကြောင့် ထိုသို့သော စကားလုံးကို သုံးနှုန်းခဲ့သည်ကို သူမ နားလည်သွားရချေပြီ။ ယင်းက အမှန်တရား ဖြစ်နေခဲ့ပေသည်။
“ဒီအရာကို လက်ခံဖို့ ခက်ခဲလိမ့်မယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ့မှာ အခု ချက်ချင်းလုပ်စရာ ကိစ္စတွေ ရှိနေသေးတယ်။ ငါနဲ့အတူ လိုက်ခဲ့ပါ၊ တဖြည်းဖြည်းနဲ့ နင် လက်ခံနိုင်သွားလိမ့်မယ်” ချင်ယွမ်ဖုန်းက အေးဆေးစွာပင် ဆိုလိုက်သည်။
ထန်ချင်းမေသည် ချင်ယွမ်ဖုန်းကို ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်ပြကာ သူ၏နောက်မှ လိုက်ပါလျက် အချိန်နိယာမထဲမှ ထွက်ခွာလာခဲ့တော့သည်။
မထွက်ခွာမီ ချင်ယွမ်ဖုန်းသည် လွတ်နေသော အခန်းကို တစ်ချက် လှည့်ကြည့်လိုက်၏။ လုရီ၏ ပကတိအသွင် တံလျှပ်ထင်ဟပ်ခြင်းမှာ ဆက်လက် မတည်တံ့နိုင်တော့ဘဲ သူ ကမ္ဘာငယ်လေးအတွင်းသို့ ဝင်ရောက်နေစဉ် အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အပြင်ဘက်သို့ ခြေလှမ်းလိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ အခန်းများထဲမှ လူအားလုံး ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိရှိလိုက်ရသည်။
“မကောင်းတော့ဘူး” ချင်ယွမ်ဖုန်းသည် ထန်ချင်းမေကို ဆွဲကာ ရှန်းဝူမျှော်စင် အတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
လူအားလုံး ပျောက်ဆုံးနေခြင်းသည် နတ်ဆိုးဘုရင် အောင်မြင်သွားခဲ့ပြီ ဟူသော အဓိပ္ပာယ်ကိုသာ ဖော်ညွှန်းနေပေသည်။
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် တစ်ချက် လျှပ်ခနဲ ပေါ်လာ၏။ နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် သူသည် ရှန်းဝူ စကြဝဠာ တိုက်ကြီး၏ လောကနိယာမများကို အသုံးပြု၍ အဝေးကြီးသို့ ရွေ့လျားနိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်ရာ ယင်းက စစ်မှန်သော နေရာပြောင်းလဲခြင်း ပညာရပ်ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ဝမ်တောင်တန်းသို့ ရောက်ရှိသွားပြီး ရှေ့သို့ အေးစက်စွာ ကြည့်လိုက်သည်။
မလှမ်းမကမ်းတွင် နတ်ဆိုးဘုရင်သည် အေးစက်လှသော အပြုံးဖြင့် ရပ်နေပြီး သူ၏လက်က ပိုင်ရှန်းနန်းတော်၏ လည်ပင်းကို ညှစ်ကာ သူမကို ဖြည်းညှင်းစွာ မြှောက်တင်နေချေသည်။
ပိုင်ရှန်းနန်းတော်သည် အသည်းအသန် ရုန်းကန်နေပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
အခြားသူများမှာမူ မြေပြင်ပေါ်တွင် သနားစရာကောင်းလောက်အောင် လဲလျောင်းနေကြပြီး တစ်ယောက်ချင်းစီတိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ မတ်တပ်ရပ်ရန်ပင် ခွန်အားမရှိကြတော့ချေ။
ယခုအချိန်တွင် နတ်ဆိုးဘုရင်သည် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
---
ချင်ယွမ်ဖုန်း ငြိမ်သက်စွာ ရပ်လိုက်သည်နှင့် အထက်ကောင်းကင်ယံတွင် ကြီးမားလှသော မိုးတိမ်တိုက်ကြီးများ စုဝေးလာပြီး ဗဟိုချက်ကို ဝန်းရံလျက် စတင် လည်ပတ်လာတော့သည်။
နောက်ဆုံးတွင် သုံးလံခန့် ရှည်လျားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ယင်းထဲမှနေ၍ သာယာငြိမ့်ညောင်းသော အသံများနှင့်အတူ အလင်းတန်းတစ်ခု အောက်သို့ ဖြာကျလာခဲ့ချေသည်။
“ဒါ… ဒါက နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းလား” ပိုင်ရှန်းနန်းတော်သည် ခဲယဉ်းစွာ ခေါင်းလှည့်၍ ကောင်းကင်ယံကို ကြည့်ကာ မှင်တက်သွားရသည်။
သူမကိုယ်တိုင်လည်း တစ်ချိန်က နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးသဖြင့် နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းနှင့် မစိမ်းလှသော်လည်း နောက်ဆုံးတွင်မူ သူမသည် နတ်ဘုရားနယ်ပယ်ကို ကြောက်ရွံ့သဖြင့် ဤနေရာတွင်သာ နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
“ယွမ်ဖုန်းပဲ။ ယွမ်ဖုန်း ပြန်လာပြီ” ကျိရှန့်က ရုတ်တရက် ခုန်ထကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။
လူတိုင်း၏ နှလုံးသားထဲရှိ မျှော်လင့်ချက်မဲ့ စိတ်ပျက်မှုများမှာ ပြန်လည် နိုးထလာခဲ့ပြီး အားလုံးက ချင်ယွမ်ဖုန်း ရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
ချင်ယွမ်ဖုန်းသည် ကောင်းကင်ယံရှိ နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းကို ကြည့်ကာ မျက်မှောင်ကို အလွန် တွန့်လိုက်မိ၏။ သူသည် ဤလမ်းကြောင်းအကြောင်းကို ဘာကိုမျှ မသိရှိသဖြင့် သဘာဝအတိုင်းပင် အလွန် စူးစမ်းမေးမြန်းလိုစိတ် ဖြစ်ပေါ်နေမိသည်။
သူ၏ ဘေးတွင် ရပ်နေသော ထန်ချင်းမေသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါမှသာ ယခင်က ခံစားခဲ့ရသော တုန်လှုပ်မှုများထဲမှ ပြန်လည် ရုန်းထွက်နိုင်ခဲ့သည်။
မြေပြင်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိကာ လဲလျောင်းနေသော ထိုလူများသည် မိမိတို့ ကမ္ဘာရှိ အားအင်အကြီးဆုံး ပညာရှင်များထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ကြသူများ ဖြစ်ကြသော်လည်း အဘယ်ကြောင့် ဤမျှအထိ ဒဏ်ရာရရှိခဲ့ကြသနည်း။
နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ်ရပ်နေသော ထိုသူက တကယ်တော့ ဘယ်သူလဲ၊ ပြီးတော့ သူက ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ။