အခန်း ၉၇၅
Vol. 47 Ch. 975
အခန်း(၉၇၅) နတ်ဘုရားတစ်ပါး၏ စွမ်းအား
"အားလုံးပဲ စိတ်မရှိကြပါနဲ့၊ ကျွန်တော် နောက်ကျသွားတယ်" ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်၏။
လူတိုင်းက မျက်နှာတွင် အပြုံးများ ဆင်မြန်းလျက် မတ်တပ်ထရပ်ကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာ ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေချေသည်။
ချင်ယွမ်ဖုန်းမှာမူ မလှုပ်မယှက် ရပ်နေသော်လည်း နတ်ဆိုးဘုရင်သည် သူ၏လက်မောင်းထံမှ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသဖြင့် မသိစိတ်အလျောက် ပိုင်ရှန်းနန်းတော်ကို လွှတ်ပေးလိုက်မိ၏။
ထိုအခွင့်အရေးကို အသုံးချ၍ ပိုင်ရှန်းနန်းတော်သည် ချင်ယွမ်ဖုန်း၏ ဘေးနားသို့ ပျံသန်းကာ ပြန်လည်ရောက်ရှိလာခဲ့ချေသည်။
ချင်ယွမ်ဖုန်းနှင့် မျိုးဆက်တူဖြစ်ကြသော ချန်ဖန်း၊ မာထျန်းနှင့် မုန့်ချီလော့တို့သည် သူ့အား ဝန်းရံလာကြပြီး သူ၏ပုခုံးကို ပုတ်ပေးကြ၏။
"နတ်ဘုရားအဆင့် နယ်ပယ်ပဲ..." လူတိုင်းက အားကျမနာလိုမှုများဖြင့် ရေရွတ်လိုက်ကြသည်။
မုန့်ချီလော့သည် ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေ၏။ မိမိချစ်မြတ်နိုးရသူ ဤမျှအထိ အောင်မြင်မှုရရှိသည်ကို မြင်တွေ့ရသဖြင့် သူမ မည်သို့လျှင် အလွန်အမင်း မဝမ်းသာဘဲ နေနိုင်ပါမည်နည်း။
ချင်ယွမ်ဖုန်းက ပြုံးလျက် "ကောင်းပြီ၊ ကျွန်တော် နတ်ဆိုးဘုရင်ကို အရင်သွားရှင်းလိုက်ဦးမယ်၊ ပြီးမှပဲ စကားပြောကြတာပေါ့" ဟု ပြောလိုက်သည်။
လူတိုင်းက ခေါင်းငြိမ့်ပြကြပြီး နတ်ဆိုးဘုရင်ထံသို့ လှည့်ကြည့်လိုက်ကြ၏။
နတ်ဆိုးဘုရင်သည် သူ၏လက်မောင်းတွင် စိုက်ဝင်နေသော အလင်းမဲ့ ပျံလွှားဓားမြှောင် သုံးစင်းကို ဆွဲနှုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ချင်ယွမ်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်နေချေသည်။
သူ၏ မျက်ဝန်းများထဲတွင် နာကျည်းမှု အာဃာတများဖြင့် ပြည့်နှက်နေချေသည်။ ဘာလို့လဲ၊ ဘာဖြစ်လို့ နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တဲ့သူ ရှိနေသေးတာလဲ။ ငါက ဘာလို့ နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းကို မဖွင့်နိုင်ဘဲ အဲဒီလူသားက ဖွင့်နိုင်ရတာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလုံးလုံး ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးက ဘာလို့ အကောင်သေးသေးလေး ဖြစ်တဲ့ လူသားတစ်ယောက်ကိုတောင် မယှဉ်နိုင်ရတာလဲ။
နတ်ဆိုးဘုရင်သည် ကောင်းကင်နှင့် မြေကမ္ဘာကို မုန်းတီးစိတ်ဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"သတိထားဦး၊ နတ်ဆိုးဘုရင်က နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းကို မဖွင့်နိုင်ခဲ့ပေမဲ့ သူလည်း နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးနေပြီ" မေက ရှေ့သို့ လှမ်းလာရင်း ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ "စိတ်မပူပါနဲ့၊ နတ်ဆိုးဘုရင်က အခု ကျွန်တော့်ကို မယှဉ်နိုင်တော့တာကို ကျွန်တော် ခံစားသိရှိနေရတယ်" ဟု ဆို၏။
အခြားသူများ မမြင်တွေ့နိုင်သော်လည်း ချင်ယွမ်ဖုန်းမှာမူ နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်း ပွင့်သွားသည့် တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာသော စွမ်းအားလှိုင်းများကို ခံစားသိရှိနေရပေသည်။
ယင်းစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကို စတင် ပြောင်းလဲစေပြီး သူ၏ ကိုယ်တွင်းစွမ်းအင်များကို ပိုမိုမြင့်မားသော အဆင့်မြင့်စွမ်းအားအဖြစ်သို့ ပြောင်းလဲပေးနေချေသည်။
ဤအရာအားလုံးမှာ တိတ်တဆိတ် ဖြစ်ပျက်နေခြင်း ဖြစ်သော်လည်း နတ်ဆိုးဘုရင်သည်မူ ထိုသို့သော အကျိုးခံစားခွင့်ကို မရရှိခဲ့ပေ။ သူသည် နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းကို မဖွင့်လှစ်နိုင်ခဲ့သဖြင့် ယင်းကို မရရှိရန် ရေစက်ပါလာခဲ့ခြင်း ဖြစ်တန်ရာသည်။
---
ချင်ယွမ်ဖုန်းသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး နတ်ဆိုးဘုရင်၏ ဆန့်ကျင်ဘက်မျက်နှာချင်းဆိုင်သို့ ရောက်ရှိသွားတော့သည်။
"မတွေ့ရတာ ကြာပြီပဲ" ချင်ယွမ်ဖုန်းက ပြုံးလျက် နှုတ်ဆက်လိုက်သည်။
နတ်ဆိုးဘုရင်၏ စိတ်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသော်လည်း သူ၏ မျက်နှာတွင် အေးစက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာကာ "ဟဲဟဲ... ချင်ယွမ်ဖုန်း၊ မင်း နောက်ဆုံးတော့ ပြန်လာခဲ့ပြီပဲ။ မင်း ကြောက်လို့ ထွက်ပြေးသွားပြီလို့ ငါ ထင်နေတာ" ဟု ဆို၏။
"မင်းကို ရှင်းဖို့အတွက် ထွက်ပြေးစရာ မလိုပါဘူး" ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်ရာ သူ၏ အမူအရာမှာ ပိုမို၍ လွင့်မျောကာ လောကုတ္တရာဆန်လှသော အသွင် ဖြစ်နေချေသည်။
ထိုသို့ ဖြစ်လေလေ၊ နတ်ဆိုးဘုရင်သည် ပို၍ ဒေါသထွက်လေလေ ဖြစ်ရ၏။ "သေစမ်း... မင်းရဲ့ နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းကို သုံးပြီး ငါ ကိုယ်တိုင် နတ်ဘုရားနယ်ပယ်ကို တိုက်ရိုက် တက်လှမ်းပြမယ်"
နတ်ဆိုးဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ချင်ယွမ်ဖုန်း၏ ရှေ့၌ ပေါ်လာကာ သူ၏ ကြီးမားလှသော လက်သီးကြီးဖြင့် ချင်ယွမ်ဖုန်း၏ မျက်နှာဆီသို့ လွှဲခုတ်လိုက်ချေသည်။
ယင်းလက်သီးချက်တွင် ရေတွက်၍မရနိုင်သော နိယာမစွမ်းအားများ စိမ့်ဝင်နေသဖြင့် သာမန် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုပါက မှုန့်မှုန့်ညက်ညက် ကြေမွသွားရပေလိမ့်မည်။
သို့သော် ချင်ယွမ်ဖုန်းသည် တည်ငြိမ်သော အမူအရာကိုသာ ထိန်းထားပြီး အနည်းငယ် ပြုံးလိုက်ကာ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ဤသည်က ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားကို အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်မှုကို ဖော်ပြနေပြီး မည်သည့် ဂယက်လှိုင်းမျှပင် ထွက်ပေါ်မလာခဲ့ချေ။
နတ်ဆိုးဘုရင်မှာ မှင်တက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်း၏ အရှိန်အဝါသည် သူ၏ မျက်စိရှေ့မှောက်တွင်တင် ပျောက်ဆုံးသွားခဲ့ပြီး မည်မျှပင် ကြိုးစား၍ ရှာဖွေပါသော်လည်း မတွေ့ရှိနိုင်တော့သောကြောင့် ဖြစ်သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ခေါင်းကို ခေါက်လိုက်ချေသည်။ နတ်ဆိုးဘုရင်သည် လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်း ထိုနေရာတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။ "ငါ့ကို ရှာနေတာလား" ချင်ယွမ်ဖုန်းက ပြုံးလျက် မေးလိုက်သည်။
"ကလေးကစားစရာတွေ လုပ်မနေနဲ့" နတ်ဆိုးဘုရင်သည် ပိုမို၍ ဒေါသထွက်သွားရပြီး မိမိကိုယ်မိမိ ချင်ယွမ်ဖုန်းထက် နိမ့်ကျသည်ဟု ဝန်ခံရန် လုံးဝ ငြင်းဆန်နေချေသည်။
ဟင်းလင်းပြင်ကြီးသည် ဆက်တိုက် ပြိုလဲပျက်စီးလာပြီး လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ထင်ရပေသည်။ နတ်ဆိုးဘုရင်၏ နောက်ကွယ်မှ မိစ္ဆာအရှိန်အဝါ လှိုင်းလုံးကြီးတစ်ခုသည် ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းလိုက်ပြီး သူ၏ လက်ဝါးကို ရှေ့သို့ ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်၏။ "စွမ်းအင် ဖြိုခွင်းစမ်း"
တိုးညှင်းသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ လက်ဝါးထံမှ ကြီးမားလှသော စွမ်းအားလှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာကာ လျှံကျလာသော စွမ်းအားလှိုင်းကြီးအသွင်ဖြင့် မိစ္ဆာစွမ်းအင်တန်းကို ချက်ချင်း ဝါးမြိုသွားပြီးနောက် နတ်ဆိုးဘုရင်ကိုပါ တစ်ပါတည်း လွှမ်းခြုံသွားခဲ့ချေသည်။
ဝေးကွာသောနေရာရှိ အိမ်တော်မှ လူများသည် မျက်လုံးအစုံ ပြူးကျယ်လျက် ကြည့်နေမိကြတော့သည်။ ၎င်းတို့ မည်သို့မျှ မတွန်းလှန်နိုင်ခဲ့သော နတ်ဆိုးဘုရင်သည် ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ကလေးငယ်တစ်ယောက်ကဲ့သို့ အဆော့ကစားခံနေရချေပြီ။ မူလက ရာစုနှစ်၏ အကြီးကျယ်ဆုံးသော တိုက်ပွဲကြီး ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ မမျှော်လင့်ဘဲ အလွန်တရာ ရိုးရှင်းလွန်းနေခဲ့သည်။
ထိုသို့ တွေးတောမိကြသော်လည်း ထိုနှစ်ဦး၏ တိုက်ပွဲကွင်းပြင်ဆီသို့ မည်သူမျှ မချဉ်းကပ်ရဲကြပေ။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် အထဲသို့ ဝင်ရောက်သွားပါက မှုန့်မှုန့်ညက်ညက် ကြေမွသွားရုံသာ ရှိပေလိမ့်မည်။
ချင်ယွမ်ဖုန်းသည် သူ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်၏။ ယခုအခါ သူသည် နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးပြီ ဖြစ်ရာ အနိမ့်ဆုံးအဆင့်ရှိသော သိုင်းပညာရပ်များပင်လျှင် သူ၏လက်ထဲတွင် ကြီးမားလှသော စွမ်းအကို ဆောင်စူးနေချေပြီ ဖြစ်သည်။
နတ်ဆိုးဘုရင်သည် ထိုနေရာတွင် ရပ်လျက်ရှိပြီး သူ၏ ခန္ဓာကိုယ်ထံမှ သွေးများ ဖြည်းညှင်းစွာ စီးကျလာချေသည်။ "ဒါ... ဒါက ဘယ်လို စွမ်းအားမျိုးလဲ" နတ်ဆိုးဘုရင်က တိုးတိုးလေး ရေရွတ်မိသည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းပြလိုက်သည်။ သူကိုယ်တိုင်လည်း မသိရှိပေ။ သူသိသည်မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများသည် အခြားသော စွမ်းအားတစ်ရပ်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီး ယင်းသည် ဝိညာဉ်စွမ်းအင်ကို အခြေခံထားဆဲ ဖြစ်သော်လည်း မူလဝိညာဉ်ချီထက် ပိုမိုမြင့်မားသော အဆင့်မြင့်စွမ်းအား ဖြစ်နေခြင်းကိုသာ ဖြစ်သည်။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်တာ၊ ငါ ဘယ်လိုလုပ် ရှုံးရမှာလဲ" နတ်ဆိုးဘုရင်က ရူးသွပ်သွားသည့်အလား ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
သူသည် ဤနေ့ရက်အတွက် အရာအားလုံးကို စွန့်လွှတ်ခဲ့ရသော်လည်း ယခုလေးတင် သူရရှိခဲ့သော အရာမှာ အလွယ်တကူပင် ဖျက်ဆီးခံလိုက်ရချေပြီ။
ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးသည် ပြင်းထန်စွာ တုန်ခါလာပြီး နတ်ဆိုးဘုရင်၏ ပတ်ပတ်လည်တွင် ကြီးမားလှသော ဟင်းလင်းပြင် ဟာလာပြင်ကြီးများ ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် နတ်ဆိုးဘုရင်၏ ဦးခေါင်းအထက်တွင် ရုတ်တရက် ပေါ်လာပြီး သူ၏လက်သီးကို နတ်ဆိုးဘုရင်၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ ထုနှက်လိုက်တော့သည်။
လက်သီးတစ်ချက်။ လက်သီးတစ်ချက်တည်းဖြင့်ပင် ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးသည် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားကာ အရပ်မျက်နှာ အနှံ့အပြားသို့ ချက်ချင်း လွင့်စင်သွားပြီး မြေပြင်ပေါ်တွင်လည်း ရေတွက်၍မရနိုင်သော အက်ကွဲကြောင်းကြီးများ ပေါ်ထွက်လာကာ ကြီးမားလှသော ချောက်ကမ္ဘာကြီးများ ဖြစ်ပေါ်လာခဲ့ချေသည်။
ယန်ရုအင်ပါယာတစ်ခုလုံး လုံးဝ ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ ယင်းက နတ်ဘုရားတစ်ပါး၏ စွမ်းအားပင် ဖြစ်ပေသည်။
နတ်ဆိုးဘုရင်သည် ချင်ယွမ်ဖုန်း၏ လက်သီးချက်ကို အမိအရ ခံလိုက်ရသဖြင့် သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် စတင် ပြိုကွဲပျက်စီးလာတော့သည်။ "ငါ... ငါ နာကျည်းတယ်..." နတ်ဆိုးဘုရင်သည် ထိုစကားစုကို ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေသည်။
အတန်ကြာသောအခါ ဟင်းလင်းပြင် မုန်တိုင်းသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။ လူတိုင်းက ထိုနေရာတွင် ဆွံ့အလျက် မတ်တပ်ရပ်နေမိကြပြီး တစ်ချိန်က အစွမ်းထက်လှသော နတ်ဆိုးဘုရင်သည် ဤမျှအလွယ်တကူ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြရ၏။
---
လူတိုင်း သတိမဝင်နိုင်သေးမီမှာပင် ကောင်းကင်ယံရှိ နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းသည် ရုတ်တရက် ပြောင်းလဲသွားပြီး ပြင်းထန်စွာ တုန်ခါလာတော့သည်။
ချင်ယွမ်ဖုန်းက ခေါင်းလှည့်၍ ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မှင်တက်အံ့သြမှုများ ဖြည်းညှင်းစွာ ပေါ်ထွက်လာချေသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင် လမ်းကြောင်းထဲမှနေ၍ ကြီးမားလှသော လက်မောင်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။
ယင်းလက်မောင်းကြီး ပေါ်လာသည့် တစ်ခဏ၌ ဆယ်လံခန့် ကျယ်ဝန်းသော နတ်ဘုရားအဆင့် တက်လှမ်းခြင်း လမ်းကြောင်းကြီးတစ်ခုလုံး ပြည့်နှက်သွားပြီး ကျဉ်းမြောင်းနေသည့်အလား ထင်မှတ်ရပေသည်။ ၎င်း၏ လက်မောင်းပေါ်တွင် အစိမ်းရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး နဂါးတစ်ကောင်၏ လက်သည်းများနှင့် ဆင်တူလှချေသည်။
ထိုလက်သည်းကြီးများသည် ရှာဖွေနေသည့်အလား ခဏမျှ ရပ်တန့်သွားပြီးနောက် လက်ကို ဆုပ်ပိတ်လိုက်၏။ စွမ်းအားအလင်းတန်း အနည်းငယ်သည် မသိစိတ်အလျောက် ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ဧရာမ လက်ဝါးကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့သည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရ၏။ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသူများထဲတွင် သူ၏ သမီးဖြစ်သူ ချင်နန်ယွင်၊ မုန့်ချီလော့နှင့် ယန်ရုတို့ပင် ပါဝင်နေခဲ့သည်။
ဧရာမ လက်သည်းကြီး ပြန်လည် ရုပ်သိမ်းတော့မည်ကို မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်းသည် ရှေ့သို့ အသည်းအသန် ပြေးဝင်သွားလိုက်သည်။ ဤလူများအားလုံးသည် သူနှင့် နီးကပ်စွာ ပတ်သက်ဆက်နွှယ်နေသူများ ဖြစ်ကြပေရာ မည်သို့လျှင် ကြည့်နေနိုင်ပါမည်နည်း။
ထိုလက်သည်းကြီးများသည် ချင်ယွမ်ဖုန်း ပြေးဝင်လာသည်ကို ခံစားမိသွားသည့်အလား လောကကြီးတစ်ခုလုံးတွင် အေးစက်လှသော နှာခေါင်းရှုံ့သံတစ်ခု ဟိန်းထွက်လာခဲ့သည်။ ပြီးနောက် ဧရာမ လက်သည်းကြီးက သာသာလေး ရိုက်ချလိုက်ရုံမျှဖြင့် ရှေ့သို့ ပြေးဝင်လာသော ချင်ယွမ်ဖုန်းအား လွင့်ထွက်သွားစေခဲ့တော့သည်။