အခန်း ၉၇၆
Vol. 47 Ch. 976
အခန်း(၉၇၆) ဖလှယ်ခြင်း
"မင်းလို နိမ့်ကျတဲ့ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ဘုံလမ်းစဉ်ကို ဖြတ်သန်းသွားနိုင်မယ်လို့ ထင်နေတာလား" လေးနက်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာချေသည်။ ထိုသို့သော အချိန်၌ပင် ကောင်းကင်ဘုံသို့ တက်လှမ်းရာ လမ်းကြောင်းဆီမှ ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်လာသည်ပေရာ၊ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော မိမိအား ထိုအင်အားက ဖိနှိပ်နိုင်လိမ့်မည်ဟု ချင်ယွမ်ဖုန်း တစ်ယောက် မျှော်လင့်မထားခဲ့ပေ။ ယင်းက သူ့ကို အနောက်သို့ အဝေးကြီး ဆုတ်ခွာသွားစေချေသည်။
ယခု ရင်ဆိုင်နေရသည်က ကောင်းကင်ဘုံမှ စွမ်းအားလော။ သို့သော် အဘယ်ကြောင့် ယခုကဲ့သို့သော အချိန်၌ ပေါ်လာပြီး သူ၏ ချစ်လှစွာသော မိသားစုဝင်များကို ခေါ်ဆောင်သွားရသနည်း။ သာ၍ အရေးကြီးသည်က ယင်းစွမ်းအားက ကောင်းကင်ဘုံသို့ တက်လှမ်းရာ လမ်းကြောင်းကိုပါ ပိတ်ဆို့ထားခြင်းပင် ဖြစ်ချေသည်။
"မင်းက ဘယ်သူလဲ" ချင်ယွမ်ဖုန်းက အကြေးခွံများ ဖုံးလွှမ်းနေသော ဧရာမလက်သည်းကြီးကို စိုက်ကြည့်ရင်း မေးလိုက်ရာ သူ၏ မျက်ဝန်းများထဲ၌ သံသယများ ပြည့်နှက်နေချေသည်။
"ဝါး..."
---
ထိုသို့သော အချိန်၌ နာကျင်စွာ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်လာချေသည်။ ထိုဧရာမလက်သည်းကြီး၏ ခြေသည်းတစ်ခုပေါ်တွင် သရဲတစ္ဆေဆန်သော အစိမ်းရောင် မီးအိမ်တစ်လုံး ချိတ်ဆွဲထားသည်ကို ချင်ယွမ်ဖုန်း သတိပြုမိသွားသည်။ ယင်းမီးအိမ်က ဧရာမလက်သည်းကြီးနှင့် ယှဉ်လျှင် အလွန်တရာ သေးငယ်လှပြီး အလှဆင်ပစ္စည်းအသေးစားလေး တစ်ခုကဲ့သို့ ဖြစ်နေချေသည်။
ထိုနာကျင်စွာ အော်ဟစ်သံများကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် ထူးဆန်းသော အစိမ်းရောင်မီးအိမ်ထဲမှ တစ်စုံတစ်ခုက နှိပ်စက်ခံနေရသည်ဟု ခံစားရသော်လည်း ထိုအသံများထဲ၌ ပျော်ရွှင်ကျေနပ်မှု အရိပ်အယောင်တစ်ခု စွဲကပ်နေချေသည်။
ထို့နောက် ချက်ချင်းပင် ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာ၏။
"ချင်... ချင်ယွမ်ဖုန်း။ မင်း ဒါကို မျှော်လင့်မထားဘူးမလား။ မင်း ငါ့ကို သတ်နိုင်ခဲ့ရင်တောင် ငါကတော့ မင်းကို ဒီလိုနည်းနဲ့ ကလဲ့စားချေမှာပဲ"
"နတ်ဆိုးဘုရင်။" ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်ချေသည်။ ထိုလူက လုံးဝ ဥဿုံ သေဆုံးသွားခြင်း မရှိသေးပေ။ သူ၏ ဝိညာဉ်က ထိုထူးဆန်းသော အစိမ်းရောင်မီးအိမ်ထဲ၌ ပိတ်လှောင်ခံထားရပုံ ရချေသည်။
"မင်းလို ကောင်စုတ်။ မင်းသာ ပေါ်မလာဘဲ ငါ့လမ်းကို မပိတ်ခဲ့ရင် ကောင်းကင်ဘုံကို တက်လှမ်းမယ့် ငါ့အစီအစဉ်က ကြာလှပေါ့ အောင်မြင်နေပြီ" မီးအိမ်ထဲ၌ အလွန်အမင်း နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သော နတ်ဆိုးဘုရင်က ချင်ယွမ်ဖုန်းကို အာဃာတစိတ်များဖြင့် ဟိန်းဟောက်လိုက်ချေသည်။
ချင်ယွမ်ဖုန်းမှာ သက်ပြင်းချရင်း ခေါင်းခါရုံမှတစ်ပါး အခြားမရှိချေ။ ယင်းက သူ၏ အပြစ်လော။ ထိုသူက မိမိဘာသာ လာရောက် သေဆုံးခြင်းသာ ဖြစ်ချေသည်။
သို့သော် ချင်ယွမ်ဖုန်းအနေဖြင့် နတ်ဆိုးဘုရင်ကို အလေးအနက် ရင်ဆိုင်ရမည် ဖြစ်ချေသည်။ သူက သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ရုတ်တရက် ယခုကဲ့သို့ လှည့်ကွက် ဆင်လာခဲ့သည်။ ယင်းကို မည်သို့ ကိုင်တွယ်ရမည်နည်း။ ပြီးတော့ ထိုဧရာမလက်သည်းကြီး၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုကကော ဘယ်သူ ဖြစ်တန်ရာသနည်း။
"မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ" ချင်ယွမ်ဖုန်းက တိုက်ရိုက် မေးလိုက်သည်။
"ဟွန်း... ငါလုပ်သမျှ အရာတိုင်းမှာ ပြီးပြည့်စုံတဲ့ အစီအစဉ် ရှိတယ်။ ငါ ကျရှုံးခဲ့ရင်တောင် အဲဒါကို ရင်ဆိုင်ရဲတယ်။ ဒါကလည်း ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ မင်း ငါ့ကို သတ်လိုက်တဲ့အချိန်မှာ ငါ့ဝိညာဉ်က နဂါးကြီးဆီ ပူဇော်ခံ ဖြစ်သွားတာပဲ..."
"စကားအပိုတွေ တော်စမ်း" လေးနက်လှသော အသံကြီး ထပ်မံထွက်ပေါ်လာပြီး ထူးဆန်းသော အစိမ်းရောင်မီးအိမ်က လှုပ်ခါသွားချေသည်။ မီးအိမ်ထဲမှ နတ်ဆိုးဘုရင်က စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ် နှိပ်စက်ခံရမှုက သာ၍ ပြင်းထန်လာပုံ ရကာ ပုံမှန်အသံပင် မထွက်နိုင်တော့ချေ။
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် နတ်ဆိုးဘုရင်ထံမှ သဲလွန်စအချို့ကို သိရှိခဲ့ရသော်လည်း ရန်သူ၏ စစ်မှန်သော စွမ်းအားကို လျှော့တွက်မိခဲ့ချေသည်။
သို့သော် ယခုကဲ့သို့သော အချိန်၌ ထိုအရာများကို တွေးတောနေရန် အချိန်မရှိပေ။ ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ လှုပ်ရှားကာ အားတင်း၍ ရှေ့သို့ ပြေးဝင်သွားချေသည်။ အကယ်၍ သူသာ အရေးယူ ဆောင်ရွက်ခြင်း မပြုပါက သူ၏ အနီးကပ်ဆုံးသော ချစ်ရသူများ ဖြစ်ကြသည့် နန်ယွင်၊ မုန့်ချီလော့နှင့် ယန်ရုတို့ကို မည်သူက ကယ်တင်နိုင်မည်နည်း။
"မိုက်မဲတဲ့ လူမိုက်ကောင်"
---
ချင်ယွမ်ဖုန်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ဝင်ရောက်လာစဉ် ထိုဧရာမလက်သည်းကြီး၏ ပိုင်ရှင်က အထင်သေးသော လေသံဖြင့် ပြောလိုက်ချေသည်။
ထို့နောက် ဧရာမလက်သည်းကြီးက အနည်းငယ် ဆန့်ထွက်လာပြီး ကောင်းကင်နှင့် မြေကမ္ဘာ ပြိုကျပျက်စီးလာသကဲ့သို့ ပြင်းထန်လှသော စွမ်းအားတစ်ခုက သူ့အပေါ် ဖိနှိပ်လာချေသည်။ ချင်ယွမ်ဖုန်းသည် မိမိပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီး တစ်ခုလုံး ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူ့ကို တိုက်ရိုက် ညှစ်စွဲထားသကဲ့သို့ အမှန်တကယ် ခံစားလိုက်ရသည်။
ထိုသို့သော စွမ်းအားက ဟင်းလင်းပြင်ကိုပင် သက်ရောက်မှု ရှိစေရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ထိုနေရာ၌ပင် ပိတ်လှောင်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဧရာမလက်သည်းကြီး၏ အောက်တွင် လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။ ကောင်းကင်ဘုံမှ လာသော လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှချေသည်။
ထို့နောက် ချက်ချင်းပင် အတိုင်းအဆမရှိ ကျုံ့ဝင်သွားသော ဟင်းလင်းပြင်က ချင်ယွမ်ဖုန်းကို ဒဏ်ရာ မရစေသော်လည်း ထိုဟင်းလင်းပြင်၏ အနားသတ်၌ ပြင်းထန်သော စွမ်းအားတစ်ခု စုစည်းလာသည်ကို သူ ခံစားလိုက်ရချေသည်။
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာတော့သည်။
ချင်ယွမ်ဖုန်းမှာ နောက်တစ်ကြိမ် လွင့်ထွက်သွားရပြန်ပြီး ပါးစပ်မှ သွေးတစ်လုပ်ကို ဝူးခနဲ အန်ထုတ်လိုက်ရချေသည်။ ယခင်က ဧရာမလက်သည်းကြီး၏ ရိုက်ထုတ်ခြင်းကို ခံရစဉ်ကကဲ့သို့ပင် ယခုလည်း တူညီသော အဆုံးသတ်မျိုး ထပ်မံ ဖြစ်ပေါ်လာရပြန်သည်။
သို့သော် ယခုအကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ရန်သူ၏ စွမ်းအား ပြောင်းလဲလှုပ်ရှားပုံကို သာ၍ ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့ချေသည်။
ချင်ယွမ်ဖုန်းကို အနောက်သို့ ရိုက်ထုတ်ပြီးနောက် ဧရာမလက်သည်းကြီးက သူ့အပေါ် ဖိအားပေးရန် စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းရာ လမ်းကြောင်းထဲမှ ဖြည်းညှင်းစွာ ပြန်လည် ဆုတ်ခွာသွားချေသည်။ ယင်းက ဤနေရာမှ ထွက်ခွာသွားလိုသည့် သဘော ဖြစ်တန်ရာ၏။
ယခုလေးတင် ခံလိုက်ရသော တိုက်ခိုက်မှုကြောင့် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းအင်္ဂါများမှာ လုနီးပါး ပျက်စီးသွားခဲ့ရပြီး သူ၏ ဝိညာဉ်စွမ်းအင်များပင် ဖောက်ပြန်ရှုပ်ထွေးကုန်ချေသည်။ ရန်သူသည် မိမိကို အလွယ်တကူ သတ်ဖြတ်နိုင်ကြောင်း ချင်ယွမ်ဖုန်း စိတ်ထဲမှ သိရှိနေသည်။
သို့သော် ထိုရန်သူ၏ စွမ်းအားသည် ထူးဆန်းသော လောကနိယာမတစ်ခု၏ ကန့်သတ်ခြင်းကို ခံထားရပုံရပြီး သူ၏ စွမ်းရည်အပြည့်ကို ထုတ်ဖော်နိုင်ခြင်း မရှိချေ။
"ဂတ် ဂတ် ဂတ်..." ထူးဆန်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် နတ်ဆိုးဘုရင်၏ အသံ ကပ်ပါလာချေသည်။ "ချင်ယွမ်ဖုန်း၊ အခုကစပြီး မင်းလည်း ငါ့လိုပဲ နာကျင်မှုကို ခံစားလိုက်စမ်း"
ထိုအသံက တဖြည်းဖြည်း တိုးတိတ်ပျောက်ကွယ်သွားရာ ချင်ယွမ်ဖုန်း၏ မျက်ဝန်းများမှာ ရုတ်တရက် ပြူးကျယ်သွားချေသည်။ ဧရာမလက်သည်းကြီး ပြန်လည် ဆုတ်ခွာသွားသည်နှင့်အမျှ ကောင်းကင်ဘုံသို့ တက်လှမ်းရာ လမ်းကြောင်းတစ်ခုလုံး ပျက်စီးသွားချေသည်။ ထိုသို့ဆိုလျှင် သူသည် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်သလို သူ၏ ချစ်ရသူများကို ကယ်တင်ရန် သာ၍ပင် မဖြစ်နိုင်တော့ပေ။
ထိုဧရာမလက်သည်းကြီးကို ဘယ်လိုမှ ပြန်မသွားစေရ။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် ရုတ်တရက် အော်ဟစ်လိုက်ချေသည်။ "ရပ်လိုက်စမ်း" သူ၏ ကျယ်လောင်လှသော အသံကြီးက ကောင်းကင်နှင့် မြေကမ္ဘာကို တုန်ဟိန်းသွားစေရာ ဆုတ်ခွာနေသော ဧရာမလက်သည်းကြီးမှာ တဖြည်းဖြည်း ရပ်တန့်သွားချေသည်။
ချင်ယွမ်ဖုန်းက ထိုနေရာ၌ပင် မတ်တပ်ရပ်လျက် ပြောလိုက်ချေသည်။ "သူတို့အားလုံးကို ဒီမှာ ထားခဲ့လိုက်"
"ဟင်..." တစ်ဖက်လူက ဇဝေဇဝါဖြစ်သွားသော လေသံဖြင့် မေးလိုက်ချေသည်။
ချင်ယွမ်ဖုန်းက "နတ်ဆိုးဘုရင် ကလဲ့စားချေချင်တာ ငါ့ကိုပါ၊ သူတို့ကို မဟုတ်ဘူး။ ငါ သူတို့ကိုယ်စား အစားထိုး ခံယူဖို့ အဆင်သင့်ပဲ" ဟု ပြောလိုက်သည်။
"ဟွန်း" အေးစက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာချေသည်။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထိုဧရာမလက်သည်းကြီး၏ ပိုင်ရှင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ "မင်းက ငါနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာလား"
"ဟုတ်တယ်" ချင်ယွမ်ဖုန်းက "မင်း သူတို့ကို လွှတ်ပေးမယ်ဆိုရင် ငါ့ကို ကြိုက်သလို လုပ်လို့ရတယ်" ဟု ဆိုလိုက်ချေသည်။
"ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ" မီးအိမ်ထဲမှ နတ်ဆိုးဘုရင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သော်လည်း ခဏအကြာတွင် သူ၏ အသံက ပြောင်းလဲသွားပြီး ရုတ်တရက် ပြောလိုက်ချေသည်။ "ဒါပေမဲ့ မင်း ဘာအကြံအစည်တွေ ကြံစည်နေလဲ ဘယ်သူ သိမှာလဲ"
"အခုအချိန်မှာ ငါ့မှာ ရွေးချယ်စရာ ရှိသေးလို့လား" ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ပြောလိုက်ချေသည်။
"ကောင်းပြီ" လေးနက်လှသော အသံကြီးက ပြောလိုက်သည်။ "ငါ မင်းကို ယုံပေးမယ်။ ဒီကို လာခဲ့"
အဲဒီလိုပြောပြီးနောက် ဧရာမလက်သည်းကြီးကို ဆန့်ထုတ်ကာ ချင်ယွမ်ဖုန်းကို ဖမ်းဆွဲရန် ဖြည်းညှင်းစွာ လှမ်းလာချေသည်။
"ဒီကောင်ရဲ့ စွမ်းအားက အတိုင်းအဆမရှိဘူး၊ သူ့စကားကို ယုံလို့မဖြစ်ဘူး။ အား..." နတ်ဆိုးဘုရင်က ယခင်က ချင်ယွမ်ဖုန်းနှင့် တိုက်ခိုက်ဖူးသဖြင့် သူ၏ စွမ်းအားကို သိရှိထားချေသည်။
သူသည် နဂါးကြီးက ချင်ယွမ်ဖုန်းကို ခေါ်ဆောင်သွားခြင်းအား တားဆီးလိုသော်လည်း နဂါးကြီးက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး အစား သူ၏ ဝိညာဉ်ကို သာ၍ ပြင်းထန်သော နှိပ်စက်မှုကို ခံစားရစေချေသည်။
"အဖေ..."
---
ချင်ယွမ်ဖုန်း သာ၍ နီးကပ်လာသည်ကို မြင်သောအခါ နန်ယွင်သည် မျက်ရည်များ စီးကျလျက် သူ့ကို ခေါင်းခါပြကာ ပြောလိုက်ချေသည်။ "မလုပ်ပါနဲ့။ အဖေ့ကိုယ်အဖေပဲ ဂရုစိုက်ပါ၊ သမီးတို့က အရေးမကြီးပါဘူး"
"မိုက်မဲတဲ့ ကလေးလေး" ချင်ယွမ်ဖုန်းက သက်ပြင်းချရင်း ပြုံးလိုက်ချေသည်။
ဧရာမလက်သည်းကြီးက ချင်ယွမ်ဖုန်း၏ အနီးသို့ ရောက်ရှိလုနီးပါး အချိန်၌ ထိုဧရာမလက်သည်းကြီး၏ ပိုင်ရှင်က ပြောလိုက်ချေသည်။ "ငါ မင်းရဲ့ ဝိညာဉ်စွမ်းအားကို ချိတ်ပိတ်ရမယ်။ မဟုတ်ရင် မင်းက အေးအေးဆေးဆေး အဖမ်းခံမှာ မဟုတ်ဘူး"
ချင်ယွမ်ဖုန်းသည် တစ်ဖက်လူက အလွန်မင်း အစွမ်းထက်သော်လည်း ထူးဆန်းသော လောကနိယာမ ကန့်သတ်ချက်ကြောင့် မိမိကို သတ်ဖြတ်နိုင်လောက်သည်အထိ စွမ်းအားမရှိကြောင်းနှင့် ထို့အတူ မိမိကို ဖမ်းဆီးရန်လည်း လွယ်ကူလိမ့်မည်မဟုတ်ကြောင်း သိရှိထားချေသည်။ ထို့ကြောင့်ပင် သူတို့က စောစောက နန်ယွင်နှင့် အခြားသူများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်တန်ရာ၏။
"ကောင်းပြီ" ချင်ယွမ်ဖုန်းက "ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို မချိတ်ပိတ်ခင် သူတို့ကို အရင် လွှတ်ပေးရမယ်" ဟု ပြောလိုက်သည်။
"မင်းက ငါ့ကို မယုံဘူးလား" ထိုအသံက သံသယဖြစ်ဖွယ် မေးခွန်းထုတ်လိုက်ချေသည်။