← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အပိုင်း ၃၃၁

"ဦးလေး... သမီး အရင်ပြန်နှင့်တော့မယ်။"

​ထိုအချိန်တွင် ဝူမေသည် လင်းဖန်ကို အေးစက်စက်တစ်ချက် ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ထရပ်ကာ ထွက်သွားလေသည်။ သူမသည် ဝူဟယ်ချွမ်အနားသို့ လျှောက်သွားပြီး ပြောလိုက်သည်။

​"သမီး... လင်းဖန်နဲ့ ဘာလို့ ခဏလောက်စကားမပြောဖြစ်တာလဲ" ဟု ဝူဟယ်ချွမ်က သံသယမျက်လုံးများဖြင့် မေးလိုက်သည်။

​"မသင့်တော်ပါဘူး ဦးလေးရယ်။ နောက်ဆို သမီးကို ဘယ်လိုယောက်ျားလေးမှ လာမိတ်ဆက်မပေးပါနဲ့တော့။ သမီး အဲဒီလောက်ထိ အခြေအနေမဆိုးသေးပါဘူး၊ ကိုယ့်ဘာသာကိုယ်ပဲ ရှာပါရစေ" ဟု ဝူမေက ဆိုသည်။

​"လင်းဖန်က အခြေအနေ အရမ်းကောင်းတဲ့ လူငယ်တစ်ယောက်ပါ။ ဦးလေးက မျက်နှာပြောင်တိုက်ပြီး မင်းအတွက် ဒီလိုအခွင့်အရေးမျိုးကို ဖန်တီးပေးခဲ့တာ။ မင်းလည်း အခု အရွယ်ရောက်နေပြီပဲ၊ နောင်ရေးအတွက် ဂရုစိုက်ပေးမယ့်သူ မရှိရင် ဘယ်ဖြစ်မလဲ" ဟု ဝူဟယ်ချွမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

​"သမီးဘာသာ ဂရုစိုက်နိုင်ပါတယ်၊ စိတ်မပူပါနဲ့။"

​ဝူဟယ်ချွမ်သည် သူမ၏ပုံစံကို ကြည့်ရုံဖြင့်ပင် လုံးဝမျှော်လင့်ချက်မရှိတော့မှန်း သိလိုက်သည်။ သူသည် ဤတူမလေးကို မိမိသမီးအရင်းကဲ့သို့ ချစ်သော်လည်း သူမသည် ပြင်ပလူများအပေါ် အေးစက်လွန်းလှသည်။ ဒီအတိုင်းသာ ဆက်သွားလျှင် သူမ၏အိမ်ထောင်ရေးကိစ္စသည် သူ စိတ်ပူရမည့်အချက် ဖြစ်လာပေလိမ့်မည်။

​"ဦးလေး... သမီး အရင်ပြန်နှင့်တော့မယ်။ စာတမ်းကို နည်းနည်း ပြန်ပြင်ဖို့ ရှိသေးလို့" ဟု ဝူမေက ဆိုရာ ဝူဟယ်ချွမ်ကလည်း "အေးအေး... အရင်ပြန်နှင့်ပေါ့" ဟု ခွင့်ပြုလိုက်သည်။

​"တောင်းပန်ပါတယ်ခင်ဗျာ၊ ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်။"

​ဤအမျိုးသမီးသည် လူမှုရေးနယ်ပယ်တွင် ကျင်လည်ကျွမ်းကျင်သည့် 'လူမှုရေးလိပ်ပြာမလေး' တစ်ဦး ဖြစ်တန်ရာသည်။ လင်းဖန်၏ ပင်ကိုယ်အသိစိတ်အရ ဤကဲ့သို့သောအမျိုးသမီးမျိုးနှင့် မပတ်သက်မိသည်က ပိုကောင်းသည်ဟု ညွှန်ပြနေသည်။ ရှီရုမေအပြင် အခြားအမျိုးသမီးအချို့ကလည်း သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေကြသည်။

​အကယ်၍ သူတို့သာ လင်းဖန်ကို တစ်ယောက်တည်း တွေ့သွားပါက မုချ လာရောက်ပတ်သက်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤမျှ ငယ်ရွယ်ပြီး အောင်မြင်နေသည့်လူမျိုးမှာ အလွန်ရှားပါးလှသဖြင့် လင်းဖန်နှင့် လက်တွဲခွင့်ရပါက သူတို့အလိုရှိရာကို ရနိုင်မည် မဟုတ်ပါလော။

​"မစ္စတာလင်း..." လင်းဖန် အပြင်ဘက်သို့ လျှောက်လာစဉ် ယွီချန်နန်နှင့် ဆုံမိရာ "ဒီဘက်လာပြီး ထိုင်ပါဦး" ဟု ဖိတ်ခေါ်လေသည်။

​လင်းဖန်လည်း ငြင်းပယ်ခြင်းမရှိဘဲ လိုက်သွားသည်။ တစ်ယောက်တည်း ပျင်းပျင်းရှိနေမည့်အစား လူသိအော်သိတစ်ယောက်နှင့် ရှိနေခြင်းက ပို၍ကောင်းသည် မဟုတ်ပါလား။

​"ဒီနှစ်က မနှစ်ကထက် လူ ပိုများလာတယ်။ မင်းရော ဒီကိုလာရတာ သိပ်အသုံးမဝင်ဘူးလို့ ထင်လား" ဟု ထိုင်လိုက်သည်နှင့် ယွီချန်နန်က စကားစလိုက်သည်။

​"ကျွန်တော်တို့ရဲ့ လက်ရှိအဆင့်အတန်းအရဆိုရင် အရာရာဟာ အရင်းအမြစ်တွေနဲ့ အဆက်အသွယ်တွေအပေါ်မှာပဲ မူတည်နေတာပါ။ အဆက်အသွယ်များရင် အလုပ်တွေအများကြီး တွင်တွင်ကျယ်ကျယ်နဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်တယ်။ မင်းတို့ ခေါင်းစားပြီး အသည်းအသန် သီတင်းပတ်ဝက်လောက် လုပ်ရမယ့်အလုပ်က အချို့ဩဇာရှိတဲ့သူတွေရဲ့ စကားတစ်ခွန်းတည်းနဲ့ ပြေလည်သွားနိုင်တယ်။ ဒါဟာ အဆက်အသွယ်တွေရဲ့ အကျိုးကျေးဇူးပဲ။

​ဒီခေတ်ကြီးထဲမှာ တစ်ယောက်တည်း ရုန်းကန်ပြီး အောင်မြင်ဖို့ဆိုတာ မလွယ်ဘူး။ ထုတ်ကုန်တစ်ခုအတွက် လမ်းကြောင်းမျိုးစုံ လိုအပ်သလို၊ အင်တာနက်ခေတ်ကြီး ဖြစ်နေရင်တောင် မရှိမဖြစ်လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်က ရှိနေရဦးမှာပဲ။ ပူးပေါင်းဆောင်ရွက်ခြင်းက ထာဝရအဓိကအချက်ပဲလေ။ ဒါပေမဲ့ မင်းတို့ကုမ္ပဏီကတော့ အထူးခြားဆုံးခြွင်းချက်ပေါ့။"

​လုံထန်ဂရု၏ ဖွံ့ဖြိုးတိုးတက်မှုကိုတော့ ပုံသေကားချပ် အတွေးအခေါ်များဖြင့် အဓိပ္ပာယ်ဖွင့်ဆို၍မရချေ။ ထိုအရာက လုပ်ရိုးလုပ်စဉ်များကို ချိုးဖျက်ခဲ့ခြင်းကြောင့် သူတို့အနေဖြင့် နားမလည်နိုင်အောင် ဖြစ်နေရသည်။ ယွီချန်နန်သည်လည်း လင်းဖန်အနေဖြင့် Smart Assistant နည်းပညာနှင့်ပတ်သက်ပြီး လျှော့ပေးမည်မဟုတ်ကြောင်း သိထားသဖြင့် ထိုအကြောင်းအရာများကို အလိုက်တသိဖြင့် ထည့်မပြောတော့ပေ။

​သူတို့နှစ်ဦးသည် ဘေးလူများကို ဂရုမစိုက်ဘဲ အာလာပသလ္လာပ ပြောဆိုနေကြသည်။ ယွီချန်နန်တွင် ဟာသဉာဏ်အနည်းငယ်ရှိပြီး ရံဖန်ရံခါတွင် ဖြစ်ရပ်အချို့၏ အတွင်းရေးများကို ဖွင့်ဟပြောဆိုတတ်သဖြင့် လင်းဖန်အတွက် ဗဟုသုတများစွာ ရရှိစေသည်။ အခြားတစ်ဖက်တွင်လည်း လူအများအပြားသည် ရယ်မောပျော်ရွှင်စွာ စကားလက်ဆုံကျနေကြသည်။ အတန်ကြာပြီးနောက် ယွီချန်နန်သည် မိမိအား လှမ်းနှုတ်ဆက်နေသူကို မြင်သဖြင့် လင်းဖန်ကို ခွင့်ပန်ကာ ထွက်ခွာသွားခဲ့သည်။

​လင်းဖန် တစ်ယောက်တည်း ပြန်လည်အထီးကျန်သွားပြန်သည်။ ပွဲခင်းအတွင်း၌ သာယာငြိမ့်ညောင်းသော တေးဂီတသံများ ပျံ့လွင့်နေပြီး၊ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် ဧည့်သည်တော်များကြားတွင် စားပွဲထိုးများသည် ဝိုင်နီနှင့် ဖျော်ရည်များကို လိုက်လံဧည့်ခံနေကြသည်။

​ဧည့်သည်အများစုမှာ ပြည်တွင်းပြည်ပမှ နာမည်ကျော် လူကုံထံများဖြစ်ကြပြီး အုပ်စုဖွဲ့ကာ ရယ်မောစကားပြောနေကြသည်။ လှပတင့်တယ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးအချို့သည် လူအုပ်ကြားထဲတွင် လျှောက်သွားရင်း တစ်ယောက်တည်းရှိနေသည့် လုပ်ငန်းရှင်ကြီးများကို မြင်လျှင် ယဉ်ကျေးပျော့ပျောင်းစွာဖြင့် အနားသို့ ချဉ်းကပ်သွားကြသည်။

​ရံဖန်ရံခါတွင် ထင်ပေါ်ကျော်ကြားသူအချို့ စုဝေးကာ တိုးတိုးတိတ်တိတ် ပြောဆိုရင်း လင်းဖန်ထံသို့ စူးရှသောမျက်လုံးများဖြင့် လှမ်းကြည့်တတ်ကြသည်။

တစ်ဖက်တွင်လည်း သူဌေးကြီးများ၏ သားသမီး လူငယ်မျိုးဆက်သစ်များသည် ပွဲခင်းအတွင်းရှိ ပျိုပျော်ရွယ်အို အမျိုးသမီးချောလေးများထံသို့သာ အကြည့်ကို ပို့ထားကြသည်။

​ဖျော်ဖြေရေးအစီအစဉ်များ စတင်နေပြီဖြစ်ပြီး နာမည်ကြီးအနုပညာရှင်များက ဖျော်ဖြေတင်ဆက်နေကြသော်လည်း လင်းဖန်မှာ စိတ်ဝင်စားမှုမရှိသဖြင့် တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။

အမျိုးသမီးအချို့က သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်ကို မြင်သောအခါ လင်းဖန်သည် ဖျော်ရည်တစ်ခွက်ကို ကိုင်ကာ လူသူကင်းဝေးရာ ထောင့်စွန်းတစ်နေရာသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် လူမရှိသဖြင့် သူလည်း လွတ်လွတ်လပ်လပ်နှင့် အေးအေးလူလူ ရှိနေတော့သည်။

​စီးပွားရေးနှီးနှောဖလှယ်ပွဲကြီး ပြီးဆုံးသွားသောအခါ လင်းဖန်သည် မိုရှင်းယာကို ဖုန်းခေါ်ပြီးနောက် တိတ်တဆိတ်ပင် ထွက်ခွာကာ တည်းခိုရာဟိုတယ်သို့ ပြန်လာခဲ့သည်။

​လုံထန်ရိုဘော့နှင့် ပတ်သက်သည့် သတင်းများမှာ ဆက်လက် အရှိန်ကောင်းနေဆဲဖြစ်သည်။ ပထမရက် သတင်းပျံ့နှံ့ပြီးနောက်ပိုင်း လူအများစုသည် ရိုဘော့များအပေါ် ပိုမိုအာရုံစိုက်လာကြသည်။

​အင်တာနက်စာမျက်နှာများတွင် ရိုဘော့များကြောင့် ကြုံတွေ့ရမည့် အကျိုးဆက်များ၊ ဉာဏ်ရည်တု (AI) အကျပ်အတည်းနှင့် လူသားတို့၏ အလုပ်အကိုင်များကို ရိုဘော့များက လုယူသွားမည့်အရေးအပေါ် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ရိုဘော့များကြောင့် ဖြစ်လာနိုင်သမျှသော ဆိုးကျိုးအားလုံးကို ဆောင်းပါးများနှင့် မှတ်ချက်များတွင် ဖော်ပြနေကြသည်။ မတ်ချင်းအန်၏ ရိုဘော့များကြောင့်ပင် ဉာဏ်ရည်တုနှင့်ပတ်သက်၍ အကြီးမားဆုံး ဆွေးနွေးငြင်းခုံမှုကြီး ဖြစ်ပွားလာခဲ့ရသည်။

​လုံထန်၏ ရိုဘော့သည်လည်း အင်တာနက်ပေါ်တွင် ရေပန်းအစားဆုံး ဖြစ်လာခဲ့သည်။ ပြပွဲဧရိယာအတွင်း၌ ရိုဘော့နှင့်ပတ်သက်သည့် သတင်းအချက်အလက်မျိုးစုံ စဉ်ဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ အင်တာနက်ညီလာခံ၏ နောက်ဆုံးရက်တွင် ပြပွဲဧရိယာကို အများပြည်သူသို့ ဖွင့်လှစ်ပေးလိုက်သောအခါ လုံထန်ဂရု၏ ပြခန်းမှာ သဘာဝကျကျပင် လူအစည်ကားဆုံး ဖြစ်သွားခဲ့သည်။ လာရောက်လည်ပတ်သူတိုင်း ရိုဘော့နှင့်အတူ ဓာတ်ပုံရိုက်ရသည့် အတွေ့အကြုံကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

​သို့သော် ဤအရာအားလုံးမှာ လင်းဖန်နှင့် ဘာမှမသက်ဆိုင်သကဲ့သို့ ရှိနေခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း လင်းဖန်သည် ပွဲနှင့်မဆိုင်သူတစ်ဦးကဲ့သို့ ပြုမူနေထိုင်ခဲ့ပြီး အချိန်အတော်များများကို မြို့တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။

​အဆင့်မြင့်နှစ်ပတ်လည်အစည်းအဝေးများနှင့် ထိပ်သီးဖိုရမ်များ တက်ရောက်ခြင်းအပြင် အခြားသော ပွဲလမ်းသဘင် ဖိတ်ကြားမှုအားလုံးကို ငြင်းပယ်ရန် လင်းဖန်က မိုရှင်းယာကို ညွှန်ကြားထားခဲ့သည်။ ထိပ်သီးဖိုရမ်တွင်လည်း လင်းဖန်သည် စင်ပေါ်တက်၍ မိန့်ခွန်းမပြောခဲ့ပေ။ ပထမရက်က သင်ခန်းစာကို ရထားသဖြင့် ဤကဲ့သို့သော လူမှုရေးပွဲများတွင် ဆက်လက်ပါဝင်နေပါက စိတ်ရှုပ်စရာများသာ တိုးလာလိမ့်မည် ဖြစ်သည်။

​အင်တာနက်ညီလာခံ ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် ကျင်းလင်မြို့သို့ အလျင်အမြန် ပြန်လာခဲ့သည်။

​"သူဌေး... အင်တာနက်ညီလာခံမှာ သူဌေးကတော့ နာမည်ကြီးသွားပြီနော်။ အခုဆို နိုင်ငံမှာ အငယ်ဆုံး ဘီလျံနာ၊ ဉာဏ်ရည်တုနယ်ပယ်ရဲ့ ရှေ့ဆောင်လမ်းပြအပြင် မိန်းကလေးပေါင်းများစွာရဲ့ အိပ်မက်မင်းသား ဖြစ်နေပြီ။ ဘယ်လိုခံစားရလဲ" ဟု ကျန်းဖုန်းက လင်းဖန်ကို တွေ့သည်နှင့် စနောက်လိုက်သည်။

​"ငါ့ကို ဒီပွဲထဲရောက်အောင် မင်း တွန်းပို့ခဲ့တာလို့ ငါ အခု သံသယဝင်နေပြီ" ဟု လင်းဖန်က သူမကို ကြည့်ကာ စကားမဲ့စွာ ပြောလိုက်သည်။

​လင်းဖန်၏ သတင်းများကို လူသိရှင်ကြား ကြော်ငြာရာတွင် ကျန်းဖုန်းသည် နောက်ကွယ်မှ အဓိကမောင်းနှင်အား ဖြစ်ခဲ့သည်မှာ သေချာလှပြီး လင်းဖန်၏ နာမည်ကြီးမှုကို ပိုမိုမြင့်တက်စေခဲ့သည်။ ဤအင်တာနက်ညီလာခံကြောင့် လင်းဖန်သည် လုံထိန်ဂရု(ပ်)၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပြီး သူ၏ကျော်ကြားမှုမှာ ကျန်းဖုန်းထက်ပင် သာလွန်သွားခဲ့ပြီဖြစ်သည်။

​"ကျွန်မ မီးထိုးပေးခဲ့တာ မဟုတ်ပါဘူး။"

​ကျန်းဖုန်းက ပြုံးလျက် "ဘာပဲဖြစ်ဖြစ် သူဌေးက ကုမ္ပဏီကို ကိုယ်တိုင် စီမံခန့်ခွဲနေတာမှ မဟုတ်တာ။ ကုမ္ပဏီအတွက် ကိုယ်စားပြု အထိမ်းအမှတ်တစ်ခု လိုအပ်တယ်လေ။ သူဌေးကို ကုမ္ပဏီရဲ့ ပြယုဂ်တစ်ခုအဖြစ် ဖန်တီးဖို့ လိုအပ်ပါတယ်။ အာလီဘာဘာရဲ့ မာယွန်း (Jack Ma)၊ မိုက်ခရိုဆော့ဖ်ရဲ့ ဘီလ်ဂိတ်စ် (Bill Gates) နဲ့ အက်ပဲလ်ရဲ့ စတိဗ်ဂျော့စ် (Steve Jobs) တို့လိုပေါ့။ ဝန်ထမ်းတွေရဲ့ ယုံကြည်မှုနဲ့ စည်းလုံးမှုကို ရရှိမှသာ လုပ်ငန်းကြီးတစ်ခုလုံး ရှေ့ဆက်နိုင်မှာပါ" ဟု ရှင်းပြသည်။

​"မင်းပဲ နိုင်ပါတယ်... ငါ့ကို တကယ်ပဲ အထိမ်းအမှတ်ရုပ်လေးလို သဘောထားနေတာကိုး" ဟု လင်းဖန်က လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။ သို့သော်လည်း ဤနေရာအတွက် သူကိုယ်တိုင်မှလွဲ၍ အခြားသူ မရှိနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။

​"ကျွန်မတို့ရဲ့ ရိုဘော့တွေက ဈေးကွက်ထဲ မရောက်သေးဘူး။ ရိုဘော့ဂယက်က အင်တာနက်ညီလာခံပြီးရင် တဖြည်းဖြည်း ငြိမ်သက်သွားမှာဆိုတော့ ကုမ္ပဏီအတွက် ပြဿနာဖြစ်လာမှာကို စိတ်ပူစရာမလိုပါဘူး။"

​ကျန်းဖုန်းက ဆက်လက်၍ "သူဌေးကို ကုမ္ပဏီရဲ့ အခြေအနေတွေ အစီရင်ခံပါရစေဦး" ဟု ပြောရာ လင်းဖန်က "မလိုပါဘူး၊ ကုမ္ပဏီအခြေအနေကို ငါ အကုန်သိပြီးသားပါ" ဟု တားလိုက်သည်။

​"ဒါဆိုရင်တော့ ကျွန်မလည်း အလုပ်ရှုပ်သက်သာတာပေါ့" ဟု ကျန်းဖုန်းက ဆိုကာ "သူဌေး အော်ဒါမှာထားတဲ့ စိတ်ကြိုက် အပိုပစ္စည်းတွေ အားလုံး ရောက်နေပြီ။ ခဏနေရင် သူဌေးဆီ ပို့ပေးဖို့ စီစဉ်လိုက်မယ်" ဟု ပြောသည်။

​"ကောင်းပြီ... အခုပဲ အဲဒီပစ္စည်းတွေကို အပေါ်ယူလာခိုင်းလိုက်တော့" ဟု လင်းဖန်က ပြောလိုက်လေသည်။

.........................................................

All Chapters