အခန်း ၃၃၂
Vol. 34 Ch. 332
အပိုင်း ၃၃၂
"ဒါနဲ့... ရိုဘော့ပြန်ရောက်လာရင် ကုမ္ပဏီရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့အတွက် ဧည့်ကြိုအဖြစ် ကုမ္ပဏီဧည့်ခန်းမှာပဲ ထားလိုက်ဖို့ ကျွန်မ စဉ်းစားထားတယ်"
"ရတာပေါ့။" လင်းဖန်က ခေါင်းငြိမ့်ပြလိုက်သည်။
ကျန်းဖုန်း ထွက်သွားပြီးနောက် လင်းဖန်သည် ရာသီဥတုစောင့်ကြည့်တိုင်းတာရေးကိရိယာကို တပ်ဆင်ရန် ဓာတ်ခွဲခန်းထဲသို့ လျှောက်လှမ်းခဲ့သည်။
ကျန်းဖုန်းသည် ပစ္စည်းတစ်ခုခု ပျက်စီးသွားပါက အလွယ်တကူ လဲလှယ်နိုင်ရန်အတွက် အလုပ်ရုံရှိ စက်ပြင်ဆရာများကို အပိုပစ္စည်း နှစ်ဆပိုမိုပြုလုပ်ခိုင်းခဲ့သည်။ သူမ၏ ဤကဲ့သို့ သေချာဂရုစိုက်တတ်မှုက လင်းဖန်ကို အနည်းငယ် သဘောကျသွားစေသည်၊ အနည်းဆုံးတော့ အရန်သင့်သုံးရန် အပိုပစ္စည်းတစ်စုံ ရှိနေပြီ မဟုတ်ပါလော။
အပိုပစ္စည်းအားလုံးကို လင်းဖန်၏ ဓာတ်ခွဲခန်းအပြင်ဘက်သို့ သယ်ဆောင်လာခဲ့ကြသည်။ ဝန်ထမ်းများ ထွက်သွားပြီးနောက် လင်းဖန်သည် ရိုဘော့ဆယ်ရုပ်ကို ပစ္စည်းများ စတင်သယ်ယူစေပြီး တရားဝင် စတင်တပ်ဆင် စည်းနှောင်စေခဲ့သည်။
"ရှုံ့တာ.."
"သူဌေး... ရှုံ့တာ ဒီမှာရှိပါတယ်။ ဘာကူညီပေးရမလဲခင်ဗျာ" ဟု ရှုံ့တာ၏ ကလေးဆန်သော အသံလေး ထွက်ပေါ်လာသည်။
ယခုအခါ ရှုံ့တာနှင့် သူ၏ စကားပြောဆိုမှုများသည် ပိုမိုစုံလင်လာပြီး သဘာဝကျလာခဲ့သည်။ သူသည် အချိန်ပြည့် သင်ယူနေပြီး သူ၏ဉာဏ်ရည်မှာလည်း ပိုမိုနက်ရှိုင်းရှုပ်ထွေးလာရာ ဤအရာသည် လင်းဖန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
"ရာသီဥတု ကြိုတင်သတိပေးချက်နဲ့ ပတ်သက်တဲ့ စာတမ်းတစ်စောင် ရေးလိုက်။ စာတမ်းခေါင်းစဉ်ကို 'မိုးလေဝသ ကြိုတင်သတိပေးချက်ဆိုင်ရာ သုတေသန' လို့ ပေးလိုက်။ ရာသီဥတုစောင့်ကြည့်ကိရိယာရဲ့ လုပ်ဆောင်ပုံအခြေခံသဘောတရား အချို့ကို ထည့်ရေး၊ ဒါပေမဲ့ ကိရိယာရဲ့ အဓိကလျှို့ဝှက်ချက်နဲ့ ထုတ်လုပ်မှုနည်းပညာတွေကိုတော့ ချန်ထားခဲ့ပါ" ဟု လင်းဖန်က ညွှန်ကြားလိုက်သည်။
စစ်မီးမတောက်ခင် ရိက္ခာက အရင်ပြင်ဆင်ရသကဲ့သို့ပင် စာတမ်းကို အရင်ထုတ်ဝေပြီးမှသာ ကိရိယာကို တရားဝင် ထုတ်လုပ်ရမည်ဖြစ်သည်။ မည်သည့်စက်ပစ္စည်းမဆို နောက်ကွယ်တွင် ထောက်ပြပံ့ပိုးပေးမည့် သီအိုရီတစ်ခု လိုအပ်သည် မဟုတ်ပါလား။
ယခင်က ရရှိခဲ့သော နည်းပညာအမွေအနှစ်များထဲတွင် ပြိုင်တူစကြဝဠာရှိ ယန်ဟွမ်အင်ပါယာသည် အထူးလက်နက်တစ်ခုကို တီထွင်ခဲ့ဖူးသည်။ ၎င်းကို 'ရာသီဥတုလက်နက်' ဟု ခေါ်တွင်ပြီး အချို့သောနေရာများကို တိုက်ခိုက်ရန် ရာသီဥတုကို စိတ်ကြိုက်ထိန်းချုပ်နိုင်သည်။
ထိုရာသီဥတုလက်နက်၏ အခြေခံနည်းပညာကို လင်းဖန်က ဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤနည်းပညာအပိုင်းကို စောင့်ကြည့်တိုင်းတာရန်အတွက်သာ သုံးနိုင်ပြီး ထိန်းချုပ်ရန်အတွက်မူ အသုံးပြု၍မရချေ။ သူသည် မိုးလေဝသတိုင်းတာရေးကို အခြေခံနည်းပညာရင်းမြစ်အဖြစ် ပြုလုပ်ခဲ့ပြီး ထုတ်ဝေရန် ပြင်ဆင်နေခြင်းဖြစ်သည်။
မိုးလေဝသဆိုသည်မှာ ရာသီဥတုနှင့် နက္ခတ္တဗေဒဆိုင်ရာ ဖြစ်စဉ်များကို ရည်ညွှန်းသည်။ ကျယ်ပြန့်စွာ ပြောရလျှင် လေ၊ လျှပ်စီး၊ မိုးကြိုးနှင့် နှင်း ကဲ့သို့သော လေထု၏ အခြေအနေနှင့် ဖြစ်စဉ်များပင် ဖြစ်သည်။ တင်းတင်းကျပ်ကျပ် ပြောရလျှင် သဘာဝတရား၏ ပြောင်းလဲမှုများ၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီနှင့် လေဆင်နှာမောင်းကဲ့သို့သော ဘေးအန္တရာယ်များသည်လည်း မိုးလေဝသနှင့် သက်ဆိုင်နေသော်လည်း အချို့သော ဖြစ်စဉ်များသည် သေးငယ်လွန်းသဖြင့် လူသားတို့၏ လူနေမှုဘဝအပေါ် သက်ရောက်မှု မရှိသလောက်ပင် ဖြစ်သည်။ ထို့ကြောင့် မိုးလေဝသဖြစ်စဉ် အတော်များများကို လူတို့ သိပ်ဂရုမစိုက်ကြချေ။
အနှစ်ချုပ်ရသော် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာရခြင်းမှာ ကမ္ဘာ့သံလိုက်စက်ကွင်း မူမမှန်မှုကြောင့် လေထုနှင့် ကမ္ဘာမြေကြီးကို ပြောင်းလဲစေခြင်းပင် ဖြစ်သည်။ သံလိုက်စက်ကွင်းမှတစ်ဆင့် စောင့်ကြည့်နိုင်သရွေ့ အချို့သော နိယာမများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
"သူဌေး... စာတမ်းရေးပြီးပါပြီ၊ အခုပဲ ထုတ်ဝေလိုက်ရမလား" ဟု ရှုံ့တာက မေးသည်။
"ငါ့ကို အရင်ပြဦး။"
လင်းဖန် ကွန်ပျူတာဆီသို့ လျှောက်သွားရာ မျက်နှာပြင်ပေါ်တွင် စာတမ်းမူကြမ်း ပေါ်လာသည်။ သူသည် သေချာဖတ်ရှုပြီးနောက် မည်သည့်အမှားအယွင်းမျှ မရှိကြောင်း သေချာမှ စကားဆိုလိုက်သည်။
"ဒါကို Nature မဂ္ဂဇင်းဆီ ပို့လိုက်ပါ။ နိုင်ငံတကာ မဂ္ဂဇင်းကို ပို့လိုက်၊ ပြည်တွင်းမဂ္ဂဇင်းတွေက နှစ်လမှ တစ်ကြိမ်ပဲ ထွက်တာဆိုတော့ နိုင်ငံတကာက ပိုမြန်လိမ့်မယ်။"
"သူဌေး... အောင်မြင်စွာ ပို့ပြီးပါပြီ။" ရှုံ့တာက ပြန်ပြောသည်။
တစ်ဖက်တွင်လည်း ကမ်းဘဲလဲသည် ယခုတစ်ပတ်အတွက် အပတ်စဉ်မဂ္ဂဇင်း အကြောင်းအရာများကို ပြင်ဆင်နေသည်။ အပတ်တိုင်းတွင် သူသည် ကမ္ဘာတစ်ဝှမ်းမှ ပေးပို့လာသော စာတမ်းများစွာကို လက်ခံရရှိလေ့ရှိသည်။
သူတို့သည် ပညာရှင်များအကြားတွင် အလွန်ကျော်ကြားသော အပတ်စဉ်ထုတ် မဂ္ဂဇင်းတစ်စောင် ဖြစ်သည်။ သိပ္ပံလောကမှ ကြီးမားသော ရှာဖွေတွေ့ရှိမှုများနှင့် အရေးကြီးသော အောင်မြင်မှုများကို အဓိကဖော်ပြလေ့ရှိပြီး ပါဝင်သည့် အကြောင်းအရာများကို အလွန်တင်းကျပ်စွာ စစ်ဆေးလေ့ရှိသည်။ အယ်ဒီတာချုပ်တစ်ဦးအနေဖြင့် မဂ္ဂဇင်းတွင် ပါဝင်မည့်အရာများကို ဆုံးဖြတ်ရသဖြင့် သူ၏တာဝန်မှာ အလွန်ကြီးမားလှသည်။
မကြာမီ အယ်ဒီတာတစ်ဦး အခန်းထဲသို့ အလျင်အမြန် ဝင်လာပြီး ကမ်းဘဲလ်၏ စာပွဲပေါ်သို့ စာတမ်းတစ်စောင် တင်လိုက်သည်။
"အယ်ဒီတာချုပ်... ဒါက တရုတ်နိုင်ငံက ပို့လိုက်တဲ့ စာတမ်းပါ"
"တရုတ်ကလား"
ကမ်းဘဲလ်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ စိတ်အခံတွင် တရုတ်နိုင်ငံက ဘယ်လို စာတမ်းကောင်းမျိုး ထုတ်နိုင်မှာလဲဟု တွေးမိလိုက်သည်။ "ဘာအကြောင်း ရေးထားတာလဲ" ဟု ကမ်းဘဲလ်က စာတမ်းကို လှည့်ပင်မကြည့်ဘဲ မေးလိုက်သည်။
"မိုးလေဝသ ကြိုတင်သတိပေးချက်ဆိုင်ရာ သုတေသနပါ"
"ရာသီဥတု သတိပေးချက် ဟုတ်လား" ကမ်းဘဲလ် စိတ်ဝင်စားသွားပြီး စာတမ်းကို ကောက်ယူဖတ်ရှုလေတော့သည်။ စာတမ်းကို သေချာဖတ်ပြီးနောက် သူက ဘေးသို့ ပစ်ချလိုက်ပြီး ပြောသည်။
"ရယ်စရာကောင်းတဲ့ တရုတ်တွေပဲ... စိတ်ကူးယဉ်တာကို သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုလို့ ထင်နေကြတာ။ အရင်စာတမ်းတွေလိုပဲ အသုံးမဝင်တဲ့အရာတွေနဲ့ ပြည့်နေတာပဲ၊ အချက်အလက်အခြေခံလည်း မရှိဘူး၊ ဘာမှ သုံးစားလို့ မရဘူး။"
"ဒါဆို ပယ်ချလိုက်ရမလား" ဟု စာတမ်းလာပို့သည့် အယ်ဒီတာက မေးသည်။
"ပြန်ပို့လိုက်" ဟု ကမ်းဘဲလ်က ပြတ်ပြတ်သားသားပင် ဆိုလေတော့သည်။
လင်းဖန်သည် စာတမ်းပယ်ချခံရသည့် အကြောင်းကြားစာကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ စာတမ်းပို့ပြီး တစ်ရက်မျှသာ ရှိသေးသော်လည်း ပယ်ချခံလိုက်ရခြင်းမှာ အမှန်ပင် မြန်ဆန်လှသည်။
"ဒါဆို ပြည်တွင်းက Nature နဲ့ Science မဂ္ဂဇင်းတွေဆီပဲ ပို့လိုက်တော့" ဟု လင်းဖန်က ခိုင်းလိုက်သည်။
"သူဌေး... ပို့ပြီးလို့ ထပ်ပြီး ပယ်ချခံရရင် ဘာလုပ်မလဲ" ဟု ရှုံ့တာက မေးသည်။
"ပယ်ချရင်လည်း ပြန်ရုပ်သိမ်းလိုက်ပေါ့၊ ဘာလုပ်ရဦးမှာလဲ" လင်းဖန်က ရှုံ့တာ၏ အမေးကို ရယ်မောရင်း "စာတမ်းပယ်ချခံရရင် ငါ့ဘာသာငါပဲ ထုတ်ဝေလိုက်မယ်။ သိပ္ပံမဂ္ဂဇင်းတွေဆိုတာ ပညာရှင်အသိုင်းအဝိုင်းအတွက် လမ်းကြောင်းတစ်ခုပဲဥစ္စာ" ဟု ဆိုသည်။
နှစ်ရက်ခန့် ကြာပြီးနောက် လင်းဖန်သည် ပယ်ချစာ နှစ်စောင်ကို ကြည့်ရင်း ဆွံ့အသွားခဲ့သည်။ ရှုံ့တာ ပြောခဲ့သလိုပင် စာတမ်းမှာ ထပ်မံပယ်ချခံရပြန်သည်။ ယခုခေတ်တွင် ဩဇာရှိသော မဂ္ဂဇင်းများမှတစ်ဆင့် သိပ္ပံစာတမ်းများ ထုတ်ဝေရန် ဤမျှပင် ခက်ခဲနေပြီလော။
သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် သူသည် ဤနယ်ပယ်တွင် ဩဇာရှိသော ကျွမ်းကျင်သူ သို့မဟုတ် နာမည်ကြီး ပညာရှင်တစ်ဦး မဟုတ်သဖြင့် ဤကဲ့သို့သော သီအိုရီစာတမ်းမျိုး အတည်ပြုချက်ရရန် ခက်ခဲသည်မှာ သဘာဝပင် ဖြစ်သည်။
"စာတမ်းကို ကုမ္ပဏီရဲ့ တရားဝင်ဝဘ်ဆိုက်မှာပဲ တင်လိုက်တော့" ဟု လင်းဖန်က ပြောလိုက်သည်။
ဩဇာရှိသော လမ်းကြောင်းများမှတစ်ဆင့် ထုတ်ဝေခြင်းမှာ လူအများ ပိုမိုအသိအမှတ်ပြု လက်ခံလာစေရန် ဖြစ်သည်။ ထိုလမ်းကြောင်းမှ အယ်ဒီတာများက အသိအမှတ်မပြုလျှင်လည်း သူက အတင်းအဓမ္မ မျက်နှာချိုသွေးနေရန် မလိုတော့ချေ။
"တင်ပြီးပါပြီ သူဌေး။" ရှုံ့တာက ဆိုသည်။
ချန်မင်းရှင်းသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက် နောက်ခံစနစ်ကို ရံဖန်ရံခါ စစ်ဆေးနေသည်။ သူသည် ဝဘ်ဆိုက်လည်ပတ်ရေး တာဝန်ခံဖြစ်ပြီး သူ၏နေ့စဉ်အလုပ်မှာ ဝဘ်ဆိုက်ပေါ်တွင် အကြောင်းအရာများ တင်ပေးရခြင်း ဖြစ်သည်။
သူ ဝဘ်ဆိုက်ကို ထပ်မံစစ်ဆေးလိုက်သောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဝဘ်ဆိုက်ပေါ်တွင် ဆောင်းပါးအသစ်တစ်ခု တိုးလာနေသည် မဟုတ်ပါလား။
ဤကဲ့သို့သော ဖြစ်ရပ်မျိုးသည် ရံဖန်ရံခါ ဖြစ်တတ်သည်၊ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီအတွင်း၌ အကြီးအကဲဖြစ်သူ လင်းဖန် တင်လိုသည့် မည်သည့်ကြေညာချက်မဆို အောက်ခြေဝန်ထမ်းများကို ဖြတ်သန်းရန် မလိုဘဲ တိုက်ရိုက်တင်နိုင်သောကြောင့် ဖြစ်သည်။ ဆီလီကွန်ပုံဆောင်ခဲပစ္စည်းများ၊ တရုတ်စာလုံး ပရိုဂရမ်မင်းဘာသာစကား စသည်တို့အားလုံးကို အကြီးအကဲကိုယ်တိုင် တိုက်ရိုက်တင်ခဲ့ခြင်း ဖြစ်သည်။
'မိုးလေဝသ ကြိုတင်သတိပေးချက်ဆိုင်ရာ သုတေသန' တဲ့လား... ချန်မင်းရှင်းသည် လက်မှတ်ကို မြင်လိုက်ရုံဖြင့် အကြီးအကဲ၏ လက်ရာမှန်း ချက်ချင်းသိလိုက်သည်။ စာတမ်းကို ပရင်တာဖြင့် ထုတ်ပြီးနောက် ချန်မင်းရှင်းသည် မဆိုင်းမတွဘဲ အမှုဆောင်အရာရှိချုပ် (CEO) ရုံးခန်းသို့ အပြေးအလွှား သွားခဲ့သည်။ အထက်မှ ညွှန်ကြားချက်အရ အကြီးအကဲ တင်သမျှသော ဆောင်းပါးမှန်သမျှကို မိမိအထက်လူကြီးအား ကျော်လွန်၍ CEO ထံသို့ ချက်ချင်း အစီရင်ခံရမည် ဖြစ်သည်။
"မမကျန်း... ဥက္ကဋ္ဌက တရားဝင်ဝဘ်ဆိုက်ပေါ်မှာ စာတမ်းတစ်စောင် တင်လိုက်ပြန်ပြီ" ဟု ချန်မင်းရှင်းက စာရွက်များကို ကျန်းဖုန်း၏ စာပွဲပေါ်သို့ တင်ရင်း ပြောလိုက်သည်။
"ဒီလူဆန်းကြီး... တကယ့်ကို လူဆန်းကြီးပဲ" ကျန်းဖုန်းက စာတမ်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မမကျန်း... ဥက္ကဋ္ဌက အနာဂတ်ကနေ အတိတ်ကို ပြန်ရောက်လာတဲ့ လူသားတစ်ယောက် ဖြစ်နိုင်မလားဟင်"
"ငါလည်း အဲဒီလိုပဲ ထင်တယ်" ကျန်းဖုန်းက သက်ပြင်း ထပ်ချလိုက်သည်။ ဆီလီကွန်ပုံဆောင်ခဲ စာတမ်း၊ တရုတ်စာလုံး ပရိုဂရမ်မင်းဘာသာစကားနှင့် ဉာဏ်ရည်တု စသည်တို့၏ စာတမ်းများကို ကြည့်ခြင်းအားဖြင့် လင်းဖန်သည် ပညာရပ်ပိုင်းဆိုင်ရာတွင် နောက်ပြောင်လေ့မရှိသည်ကို ကျန်းဖုန်း သိထားသည်။
ရိုဘော့များကို သူ၏ဓာတ်ခွဲခန်းထဲတွင် ထားရှိပြီး ဓာတ်ခွဲစမ်းသပ်မှုများ ကူညီလုပ်ဆောင်ပေးနေစေသည်။ အထက်ရှိ ဓာတ်ခွဲခန်းမှ စက်ပစ္စည်းများသည် အစုံလင်ဆုံး မဟုတ်သေးသော်လည်း သူ သုတေသနပြုလုပ်နေသည့်အရာများမှာမူ ကမ္ဘာ့အဆင့်မြင့်ဆုံး နည်းပညာများ ဖြစ်ကြသည်။ လင်းဖန်သည် ဥဥနိုင်သော ကြက်မတစ်ကောင်ကဲ့သို့ပင်... ဤစာတမ်းများနှင့် သုတေသနများသည် တစ်နေ့တစ်လုံး ကျလာသည့် ရွှေဥများနှင့် တူလှတော့သည်။
အကယ်၍ လင်းဖန်သာ ကျန်းဖုန်း၏ စိတ်ထဲတွင် မိမိအား ကြက်မတစ်ကောင်နှင့် နှိုင်းယှဉ်နေမှန်း သိသွားပါက ဒေါသပေါက်ကွဲသွားမည်မှာ အသေအချာပင် ဖြစ်တော့သည်။
...............................................................