အခန်း ၃၃၃
Vol. 34 Ch. 333
အပိုင်း ၃၃၃
တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်သည့် လုံထန်သည် တစ်ကမ္ဘာလုံးရှိ မီဒီယာများ၏ အမြဲမပြတ် စောင့်ကြည့်ခြင်းကို ခံနေရသည့်အပြင် ဝါရင့် တရုတ်မီဒီယာများလည်း ချွင်းချက်မဟုတ်ပေ။ ရှူမင်းယန်သည်လည်း ထိုသတင်းထောက်များထဲမှ တစ်ဦး ဖြစ်သည်။
ထိုနေ့တွင် သူသည် မိမိစာပွဲ၌ ပျင်းရိငြီးငွေ့စွာ ထိုင်နေရင်း လုံထန်ဂရု၏ တရားဝင်ဝဘ်ဆိုက်ထဲသို့ မတော်တဆ နှိပ်မိသွားခဲ့သည်။ သူသည် လုံထန်ဂရု၏ သတင်းများကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်တတ်သူ ဖြစ်သဖြင့် ထိပ်တန်းသတင်းများကို အမြဲဦးဦးဖျားဖျား ရရှိလေ့ရှိသည်။ ယခုအခါ သူသည် ရာထူးတိုးသွားပြီဖြစ်၍ ယခင်ကလို အပြင်သို့ ခဏခဏ အပြေးအလွှား သွားနေစရာ မလိုတော့ချေ။
သူ သတိထားမိသည့် ပုံစံတစ်ခုရှိသည်။ လုံထန်ဂရု၏ ကြီးမားသော သတင်းအတော်များများသည် တရားဝင်ဝဘ်ဆိုက်မှတစ်ဆင့်သာ ထွက်ပေါ်လာလေ့ရှိသဖြင့် လုံထန်၏ ဝဘ်ဆိုက်သည် သတင်းထောက်များစွာ၏ အဓိကအာရုံစိုက်ရာနေရာ ဖြစ်လာခဲ့သည်။
၎င်းအပြင် အင်တာနက်ညီလာခံ ပြီးဆုံးသွားသည်မှာ မကြာသေးဘဲ ရိုဘော့များ၏ ရေပန်းစားမှုက ရှိနေဆဲဖြစ်ရာ လူအများအပြားမှာ ဤနေရာကို စိတ်ဝင်တစား စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ ရိုဘော့များသည် အနာဂတ်ကို ကိုယ်စားပြုပြီး လုံထန်ဂရု၏ ဉာဏ်ရည်တုနည်းပညာမှာလည်း ထိပ်တန်းသို့ ရောက်ရှိနေပြီ မဟုတ်ပါလော။ လုံထန်ဂရုအနေဖြင့် မည်သည့်အချိန်တွင် နောက်ထပ် ဗုံးတစ်လုံး ထပ်ခွဲဦးမည်ကို မည်သူမျှ ခန့်မှန်း၍မရချေ။
ရုတ်တရက် ဝဘ်ဆိုက်၏ ကြေညာချက်အသစ်ကို မြင်လိုက်ရသောအခါ ရှူမင်းယန် ဆွံ့အသွားခဲ့သည်။
"'မိုးလေဝသ ကြိုတင်သတိပေးချက်ဆိုင်ရာ သုတေသန' တဲ့လား။ ဒါ စာတမ်းတစ်စောင်လား။ လင်းဖန် ရေးထားတာလား။"
စာကြောင်းအနည်းငယ်အတွင်းမှာပင် ရှူမင်းယန်သည် အဓိကသော့ချက်စာလုံးကို ချက်ချင်း ဖမ်းဆုပ်မိသွားသည်။ မိုးလေဝသ ကြိုတင်သတိပေးချက် ဟုတ်လား။ ဤစကားလုံး လေးလုံးသည် လူသားတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ယှဉ်ရလောက်အောင် အလွန်ပင် အလေးဂရုပြုရမည့် အရာဖြစ်သည်။ လင်းဖန်က မိုးလေဝသ ကြိုတင်သတိပေးချက် စာတမ်းကို ထုတ်ဝေလိုက်တာလား။
အကယ်၍သာ ဤအရာသည် အမှန်တကယ် ဖြစ်လာပါက လူသားတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကြီးများကို တော်လှန်ပုန်ကန်ရာတွင် ပထမဆုံးသော ခြေလှမ်းဖြစ်လာမည်ဖြစ်ပြီး သဘာဝတရားကြီးကို ရင်ဆိုင်ရာ၌ ကြီးမားသော တိုးတက်မှုနှင့် စစ်မှန်သော ကုသိုလ်ထူး ဖြစ်လာပေလိမ့်မည်။
သူသည် စာတမ်းကို ဆုံးအောင်ပင် မဖတ်ရသေးဘဲ ဆောင်းပါးကို အမြန်ကူးယူလိုက်ပြီး "လုံထိန်မှ မိုးလေဝသ ကြိုတင်သတိပေးချက်ဆိုင်ရာ သုတေသနစာတမ်းတစ်စောင် ထုတ်ပြန်လိုက်ပြီ" ဟူသော ခေါင်းစဉ်ဖြင့် အမြန်တင်လိုက်တော့သည်။ မည်သို့ပင်ဆိုစေ စာတမ်းသည် အစစ်ဖြစ်စေ၊ အတုဖြစ်စေ ချီးမွမ်းခြင်း၊ ဝေဖန်ခြင်းက သူ့အလုပ်မဟုတ်ချေ။ သူသည် မီဒီယာသမားတစ်ဦးသာ ဖြစ်သဖြင့် သတင်းကို မှန်မှန်ကန်ကန် အစီရင်ခံရန်မှာ သူ၏တာဝန်သာ ဖြစ်သည်။
ရှူမင်းယန်၏ သတင်းတက်လာသည်နှင့်အမျှ ဝင်ရောက်ဖတ်ရှုသူ အရေအတွက်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ လုံထန်ဂရုသည် မီဒီယာများ၏ အချစ်တော် ဖြစ်သည်နှင့်အညီ တစ်မိနစ်အတွင်းမှာပင် ဝင်ရောက်ကြည့်ရှုသူ တစ်ထောင်ကျော်သွားခဲ့ရာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်။ ရှူမင်းယန်သာမက အခြားသော မီဒီယာများကလည်း ဤသတင်းကို အလုအယက် ပြန်လည်ကူးယူ ဖော်ပြကြတော့သည်။ လုံထန်၏ သတင်းအခွင့်အရေးကို ရလိုက်ပြီဖြစ်ရာ မည်သူကမျှ လက်လွတ်ခံမည် မဟုတ်ပေ။ စာတမ်းထွက်လာပြီး ငါးမိနစ်ပင် မပြည့်သေးမီ မီဒီယာပေါင်း ဒါဇင်ကျော်က ကူးယူဖော်ပြပြီး ဖြစ်နေလေပြီ။
ရိုဘော့များ၏ ရေပန်းစားမှု ဂယက်မငြိမ်သေးမီမှာပင် ယခုအခါ မိုးလေဝသ ကြိုတင်သတိပေးချက် သတင်းက ထပ်မံထွက်ပေါ်လာပြန်သည်။ ဤအချက်က လင်းဖန်သည် လက်ရှိတွင် ထိုသုတေသနလုပ်ငန်းများကို လုပ်ကိုင်နေကြောင်း ပြသနေသည်။ ယခုအခါ လုံထန်သည် ခေတ်ရှေ့ပြေးဆုံး ကုမ္ပဏီများထဲတွင် ပါဝင်နေပြီဖြစ်ရာ ဤကဲ့သို့သော ကုမ္ပဏီမှ ထွက်ပေါ်လာသည့် မည်သည့်ကိစ္စမဆို သတင်းကြီး ဖြစ်လာတော့သည်။ အကယ်၍ လင်းဖန်၏ သီအိုရီအတိုင်းသာ အမှန်တကယ် သုတေသနပြု အောင်မြင်သွားခဲ့လျှင် လင်းဖန်သည် ကမ္ဘာတည်သရွေ့ သမိုင်းတွင်ကျန်ရစ်မည့် သူရဲကောင်းကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်။ လူသားတို့၏ ဆင့်ကဲပြောင်းလဲမှု သမိုင်းကြောင်းဆိုသည်မှာ သဘာဝတရားကြီးကို အစဉ်အမြဲ တော်လှန်အနိုင်ယူခဲ့သည့် ဖြစ်စဉ်တစ်ခု မဟုတ်ပါလော။
လူသားများသည် တိုင်ဖုန်းမုန်တိုင်းများကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြပြီ ဖြစ်သော်လည်း လက်ရှိတွင် အကြီးမားဆုံးသော သဘာဝဘေးအန္တရာယ်မှာ မိုးလေဝသနှင့် ကမ္ဘာမြေကြီး၏ ရုတ်တရက် ပြောင်းလဲမှုများပင် ဖြစ်သည်။
သို့သော် လင်းဖန်၏ စာတမ်းထွက်လာပြီး မကြာမီမှာပင် ဆန့်ကျင်ဘက် အသံအချို့ ထွက်ပေါ်လာခဲ့သည်။ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်သတိပေးနိုင်ခြင်းက အလွန်ပင် အံ့အားသင့်စရာကောင်းပြီး အတိုင်းအဆမရှိ ကြီးမားလှသော ကုသိုလ်ထူး ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သိပ္ပံပညာရှင်များနှင့် မိုးလေဝသပညာရှင် မြောက်မြားစွာသည် မိုးလေဝသ ကြိုတင်သတိပေးချက်များအတွက် သီးသန့်လေ့လာခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုကြောင့် သတိပေးချိန်ကို စက္ကန့်ပိုင်းမျှသာ ကြိုတင်သိရှိနိုင်ခဲ့ပြီး ၎င်းမှာလည်း အလွန်တိကျမှု မရှိသေးချေ။
ယခုအခါ လင်းဖန်က ၎င်းကို သုတေသနပြုလုပ်နိုင်ခဲ့ပြီဟု ဆိုလာသောအခါ ထိုပညာရှင်ကြီးများ၏ မျက်နှာကို ဘယ်နားသွားထားရမည်နည်း။ ထို့အပြင် ဤစာတမ်းသည် သီအိုရီသက်သက်သာ ပြောထားခြင်း ဖြစ်သည်။
"စိတ်ကူးစိတ်သန်းတွေကတော့ အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ သိပ္ပံပညာဆိုတာ အလွန် တိကျသေချာရတဲ့ ဘာသာရပ်တစ်ခုပါ။ လက်တွေ့စမ်းသပ်ချက် အထောက်အထားတွေ မပါတဲ့ သီအိုရီတွေဟာ ဟာသသက်သက်ပဲ ဖြစ်လိမ့်မယ်။ ဒီစာတမ်းတစ်ခုလုံးမှာ ဘယ်အချက်အလက် (Data) မှ မပါဘဲ သီအိုရီတွေချည်းပဲ ရေးထားတာ၊ ဘယ်လိုလုပ် သက်သေပြမလဲ။ လင်းဖန်က ကွန်ပျူတာပါရမီရှင်တစ်ယောက်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမဲ့ အစုံရပါရမီရှင်တော့ မဟုတ်ပါဘူး။ လူငယ်တွေအနေနဲ့ အောင်မြင်မှု အနည်းငယ်ရရုံနဲ့ မောက်မာမသွားသင့်ဘူး၊ နောက်ထပ် 'ဖန့်ကျန့်ယုံ'တစ်ယောက် မဖြစ်ပါစေနဲ့။ ခြေလှမ်းမှန်မှန်နဲ့ မြေပြင်ပေါ် ခြေချနေတာကမှ မင်းတို့ရဲ့ အနာဂတ် ဖြစ်လိမ့်မယ်။"
ပထမဆုံး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက ဝေဖန်စကားဆိုပြီးနောက် ပညာရှင်များစွာကလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။ လူတိုင်း၏ သဘောထားမှာ အံ့ဩစရာကောင်းလောက်အောင် တူညီနေကြပြီး ဤသီအိုရီစာတမ်းအပေါ် လုံးဝ အကောင်းမမြင်ကြချေ။ လင်းဖန်သည် ကွန်ပျူတာနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်ပြီး ပစ္စည်းအစိတ်အပိုင်းနည်းပညာနယ်ပယ်တွင်လည်း တစ်ဝက်တစ်ပျက် ကျွမ်းကျင်သူဟု သတ်မှတ်နိုင်သော်လည်း မိုးလေဝသ ပညာရပ်နှင့်ပတ်သက်၍မူ လင်းဖန်သည် တစ်ခါမျှ ထိတွေ့ဖူးခြင်းမရှိသဖြင့် သူသည် အသုံးဝင်သော သီအိုရီများ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြချေ။
ဩဇာရှိသော ကျွမ်းကျင်သူများစွာက ကန့်ကွက်လာကြပြီး အင်တာနက်အသုံးပြုသူအများအပြားကလည်း လှောင်ပြောင်လာကြသည်။ လင်းဖန်ဘက်မှ ရပ်တည်ပေးသူမှာ တစ်ဆယ်ရာခိုင်နှုန်းပင် မရှိဘဲ အားပေးသည့် စကားလုံးများမှာ လှောင်ပြောင် သရော်စာများအောက်တွင် နစ်မြုပ်သွားခဲ့ရသည်။
"ဘုရားသခင်က ပြောတယ်... 'အိုင်ယာ... ငါ စိတ်ဆိုးတိုင်း လင်းဖန်က သိနေတော့မှာပဲ' တဲ့။"
"ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေလည်း မငိုဘူး၊ သရဲတစ္ဆေတွေလည်း မအော်ဘူး၊ လင်းဖန်လေးကတော့ တကယ့်ကို ရယ်စရာကောင်းနေပြီ။ အောက်က လင့်ခ်မှာ ဝင်ရောက်မှတ်ချက်ပေးကြပါဦး။"
"ဒါဟာ မဖြစ်နိုင်မှန်း သိကြပေမဲ့ ဆိချွမ်း (Sichuan) က ပြည်သူတွေကတော့ လင်းဖန်ကို မျှော်လင့်ချက်အနည်းငယ်နဲ့ အားပေးနေကြတုန်းပဲ။ သူ တကယ်ပဲ သူရဲကောင်းတစ်ယောက် ဖြစ်လာပါစေလို့ ဆုတောင်းပါတယ်။"
"ရာသီဥတုဆိုတာ ကမ္ဘာမြေကြီးက သူ့ရဲ့ မကျေနပ်ချက်တွေကို လူသားတွေဆီ တစ်ပြိုင်နက်တည်း ပြန်ဆပ်တာပဲ။ ဂျပန်မှာ ဘာလို့ ငလျင် ခဏခဏ လှုပ်တာလဲ။ ဗီဒီယိုအတိုတွေ အရမ်းများလို့ပေါ့။ ဒီကျိုးကြောင်းဆင်ခြင်မှုက တကယ့်ကို မိမိုက်သွားပြီ။"
စိတ်ကူးယဉ်ဆန်ပြီး ထူးဆန်းလှောင်ပြောင်တတ်သည့် မှတ်ချက်မျိုးစုံနှင့် သရော်စာများမှာ အင်တာနက်စာမျက်နှာများအပြင် လုံထန်၏ တရားဝင် ဝေဘို ပေါ်တွင်ပါ ပြည့်နှက်လာခဲ့သည်။ ဤကိစ္စသည် ကဲ့ရဲ့ရှုံ့ချမှုများကြားတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ရသည်။
ဤအချက်သည်ပင် လင်းဖန်အနေဖြင့် အစပိုင်းတွင် မိမိစာတမ်းကို ဩဇာရှိသော မဂ္ဂဇင်းများမှတစ်ဆင့် အဘယ်ကြောင့် ထုတ်ဝေချင်ခဲ့ရသနည်းဟူသော အကြောင်းရင်းပင် ဖြစ်သည်။ တရားဝင် လမ်းကြောင်းများမှတစ်ဆင့် ထုတ်ဝေပါက ကျွမ်းကျင်သူများ၏ အတည်ပြုချက်ကို ရရှိနိုင်သဖြင့် သာမန်လူများ၏ အငြင်းပွားမှုများကို ရှောင်လွှဲနိုင်ပြီး ပိုမိုသက်ရောက်မှု ရှိစေသည်။ တရားဝင်မဟုတ်သော လမ်းကြောင်းများမှ တင်ပါက လူအများစုက ၎င်းကို ပြက်လုံးတစ်ခုကဲ့သို့သာ သဘောထားကြပေလိမ့်မည်။
လင်းဖန်သည်လည်း ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင်ကြောင့် ဤမျှအထိ ဂယက်ထသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် ခေါင်းစဉ်မှာ အလွန် ထိလွယ်ရှလွယ်ဖြစ်ပြီး အရာရာနှင့် ပတ်သက်ဆက်နွှဲနေသည်။ လူတို့သည် ဘေးအန္တရာယ်များစွာကို ကြုံတွေ့ခဲ့ဖူးသဖြင့် ဤကဲ့သို့သော သတင်းများကို သဘာဝကျကျပင် အလွန်အမင်း အာရုံစိုက်ကြခြင်း ဖြစ်သည်။
စာတမ်းထုတ်ဝေပြီး နောက်တစ်ရက်တွင် လုံထန်ဂရု၏ တံခါးဝ၌ နယ်ပယ်အသီးသီးမှ သတင်းထောက်များ ထပ်မံဝိုင်းအုံလာကြပြီး လင်းဖန်ကို အင်တာဗျူးရန်နှင့် သူ၏ အဖြေများကို တောင်းဆိုရန် စောင့်ဆိုင်းနေကြသည်။
"သူဌေး... တစ်ခုခု ပြန်လည်တုံ့ပြန်ချင်လား"
ကျန်းဖုန်းသည် လင်းဖန်၏ ဘေးတွင်ရပ်ရင်း ကုမ္ပဏီအပြင်ဘက်မှ သတင်းထောက်များကို လှမ်းကြည့်ကာ မေးလိုက်သည်။ ယခုအခါ သူမလည်း ခေါင်းကိုက်နေရပြီဖြစ်သည်။ ဤသူဌေး၏ သတင်းဖန်တီးနိုင်စွမ်းမှာ သာမန်မဟုတ်ချေ။ သူပေါ်လာသည်နှင့် သံလိုက်တစ်ခုကဲ့သို့ နယ်ပယ်ပေါင်းစုံ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ စာတမ်းတစ်စောင်၏ သက်ရောက်မှုမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
"ကိစ္စကို ပိုကြီးအောင် လုပ်လိုက်ရမလား"
လင်းဖန်က အပြင်ဘက်မှ သတင်းထောက်များကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ငါ အကြီးအကျယ် လောင်းကြေးထပ်လိုက်မယ်။ ယွမ်တစ်ဘီလျံလောက် လောင်းကြေးထပ်ပြီး ငါ ရာသီဥတုစောင့်ကြည့်ကိရိယာကို ထုတ်လုပ်နိုင်မလား၊ မထုတ်လုပ်နိုင်ဘူးလား ဆိုတာကို လောင်းလိုက်မလား။"
"သူဌေးက ကမ္ဘာမြေကြီးက လူမဟုတ်ဘူး ထင်တယ်နော်။ ကျွန်မက ကိစ္စကြီးကို သေးအောင် လုပ်ချင်တာ၊ ကမ္ဘာကြီးကို ပေါက်ကွဲအောင် လုပ်ချင်တာ မဟုတ်ဘူး။"
ကျန်းဖုန်းက လင်းဖန်ကို စကားမဲ့စွာ ကြည့်လိုက်သည်။ အကယ်၍ လင်းဖန်၏ ဆန္ဒအတိုင်းသာ လျှောက်လုပ်ပါက ကုမ္ပဏီအပေါ် သက်ရောက်မှုက အလွန်ကြီးမားသွားလိမ့်မည်။ ဤကိစ္စမှာ နောက်ပြောင်ရမည့်အရာ မဟုတ်ချေ။
"ဘယ်လိုလုပ် သေးအောင် လုပ်မှာလဲ" လင်းဖန်က ဆိုသည်။ "စာတမ်းကို ပြန်ရုပ်သိမ်းလိုက်ရမလား။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ ထွက်လာတုန်းကလည်း သူများတွေရဲ့ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါဘူး။ အချိန်ကပဲ အကောင်းဆုံး အဖြေပေးသွားလိမ့်မယ်။"
"စာတမ်းကို ပြန်ရုပ်သိမ်းခိုင်းတာ မဟုတ်ပါဘူး။"
ယခုအချိန်တွင် လင်းဖန်သည် သီအိုရီဆိုင်ရာ ယူဆချက်များကို လက်တွေ့မပြရသေးချေ။ အကယ်၍သာ ပြန်ရုပ်သိမ်းလိုက်ပါက လုံထန်ဂရုတွင် အပြစ်ရှိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထို့နောက်တွင် ပိုမိုဆိုးရွားသော လှောင်ပြောင်မှုများ မုချ ရောက်ရှိလာပေလိမ့်မည်။
အင်တာနက်အကြမ်းဖက်မှုဆိုသည်မှာ လုံထန်ဂရုစတင်ဖွံ့ဖြိုးတိုးတက်လာကတည်းက ရှိနေခဲ့ပြီး ယနေ့တိုင် ဆက်ရှိနေဆဲ ဖြစ်သည်။ အချို့သောသူများသည် လုံထန်ဂရုတွင် အမှားအယွင်းတစ်ခုခု ပေါ်ပေါက်လာရန် ဆာလောင်မွတ်သိပ်စွာ စောင့်ဆိုင်းနေကြပြီး အခွင့်အရေးရသည်နှင့် ခေါင်းပြူထွက်ကာ အသားတစ်ဖဲ့လောက် ကိုက်ဖြတ်စားရန် ပြင်နေကြသည်။ ထိုလုပ်ငန်းစုကြီးများအတွက်မူ လုံထန်သည် ဂြိုဟ်သားတစ်ဦးကဲ့သို့ပင်... အသားစား ဝံပုလွေအုပ်စုကြီးသည် သူတို့ကို အမြဲတစေ စိုက်ကြည့်နေကြသည်။ စာတမ်းတစ်စောင်က ဤမျှအထိ ဂယက်ထသွားရခြင်းမှာ လူတိုင်း၏ အာရုံစိုက်မှုအပြင် နောက်ကွယ်မှ မြှောက်ပင့်ပေးနေသူတစ်ဦး မုချ ရှိနေရပေမည်။
...............................................................