အခန်း ၃၃၅
Vol. 34 Ch. 335
အပိုင်း ၃၃၅
"တကယ်တော့ နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်"
ဘေးတွင်ရှိနေသော မိုရှင်းယာက စကားစလိုက်သည်။
"ပြောကြည့်ပါဦး" လင်းဖန်က မိုရှင်းယာကို လှည့်ကြည့်ကာ ဆိုသည်။
"မိုးလေဝသဇုန်ရှိတဲ့ သမုဒ္ဒရာထဲမှာ သွားပြီးစမ်းသပ်မလား။ မိုးလေဝသဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားတတ်တဲ့ ပင်လယ်ရေအောက်ကြမ်းပြင်မှာ စက်ပစ္စည်းကို သွားချထားလိုက်ပေါ့။ ဒါပေမဲ့ ဒီစက်ကို ပြန်ဆယ်ယူဖို့ကျတော့ နည်းနည်း အလုပ်ရှုပ်လိမ့်မယ်" ဟု မိုရှင်းယာက ရှင်းပြသည်။
လင်းဖန်က "ဒါလည်း ဖြစ်နိုင်ခြေရှိတာပဲ။ ဒါပေမဲ့ ပင်လယ်ရေအောက် အခြေအနေက အရမ်းရှုပ်ထွေးတော့ စက်ကို နည်းပညာပိုင်းဆိုင်ရာ အနည်းငယ် ပြန်ပြင်ဖို့ လိုလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရေအောက်ကြမ်းပြင်က ကုန်းမြေပေါ်နဲ့ မတူဘူးလေ" ဟု ဆိုသည်။
ကျန်းဖုန်းက ထိုစက်ပစ္စည်းကို လက်ညှိုးထိုးပြရင်း "ဒီအရာကြီးကို ရေအောက်ထဲမှာ ဘယ်လိုသွားတပ်ဆင်မှာလဲ" ဟု မေးသည်။
"နည်းပညာပိုင်းဆိုင်ရာကတော့ ကျွန်တော့်မှာ အဖြေရှိပြီးသားပါ။ အခု လောလောဆယ် ရာသီဥတုစောင့်ကြည့်ကိရိယာ ဆယ်လုံးစာအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လူတွေကို အမြန်ပြင်ဆင်ခိုင်းလိုက်ပါ၊ ကျန်တဲ့ ဆက်စပ်ကိစ္စတွေကို ကျွန်တော်ပဲ စီစဉ်လိုက်မယ်။"
ကျန်းဖုန်းနှင့် မိုရှင်းယာတို့ ထွက်သွားပြီးနောက် လင်းဖန်သည် ရုံးခန်းသို့ ပြန်လျှောက်လာခဲ့သည်။
နောင်တွင် ဤရာသီဥတုစောင့်ကြည့်ကိရိယာကို သမုဒ္ဒရာထဲသို့ မည်သို့သယ်ဆောင်ပြီး သတ်မှတ်ထားသောနေရာသို့ အရောက်ပို့ရမည်ဆိုသည့် ပြဿနာ ရှိနေသေးသည်။ ယခုအချိန်တွင် သူ စဉ်းစားမိသည့် တစ်ခုတည်းသော လမ်းကြောင်းမှာ ဒုံးဖန်ရန်သာ ဖြစ်သည်။
"ရှုံ့တာ... ဒုံးဖန်ရန်ဆီ ဖုန်းခေါ်လိုက်။" လင်းဖန်က ခိုင်းလိုက်သည်။
"ဟုတ်ကဲ့ပါ သူဌေး။"
နာရီဝက်ခန့် ကြာပြီးနောက် ဒုံးဖန်ရန်သည် လုံထန်ဂရု၏ ရုံးချုပ်အဆောက်အအုံကြီးကို လှမ်းကြည့်နေမိသည်။ လုံထန်ဂရုအနေဖြင့် ဤမျှတိုတောင်းသော အချိန်ကာလအတွင်း ယခုကဲ့သို့ အလျင်အမြန် မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
လင်းဖန်ကို ပါရမီရှင်တစ်ဦးဟု အဓိပ္ပာယ်ဖွင့်ဆိုရုံဖြင့် မလုံလောက်တော့ချေ။ ထိုလူငယ်သည် နှစ်တစ်ရာမှ တစ်ယောက်သာ ပေါ်ထွန်းဖူးသည့် လူဆန်းကြီး ဖြစ်သည်။
သူ သတင်းအချက်အလက်များ ပိုမိုသိရှိလာရလေလေ၊ ပို၍ ထိတ်လန့်တုန်လှုပ်မိလေလေ ဖြစ်သည်။ သူ ရရှိထားသည့် အချက်အလက်များအရ လုံထိန်ရိုဘော့စနစ်၊ Intelligent Assistant နည်းပညာနှင့် ဆီလီကွန်ပုံဆောင်ခဲ ပစ္စည်းများအားလုံးမှာ လင်းဖန်၏ ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤလူငယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဉာဏ်ပညာ ရှိနေသည်။
လင်းဖန်က သူ့ကို တိုက်ရိုက်ဆက်သွယ်လာသဖြင့် သူ အံ့ဩသွားခဲ့ရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက စာတမ်းဂယက်ပြဿနာကို ကူညီဖြေရှင်းပေးရန် ဆက်သွယ်လာခြင်း ဖြစ်မလားဟု တွေးမိသော်လည်း ထိုအတွေးကို သူ ချက်ချင်းပင် ပြန်ဖျက်လိုက်သည်။
လင်းဖန်၏ စာတမ်းကို မိုးလေဝသဗျူရိုမှ ကျွမ်းကျင်သူများ ဖတ်ရှုပြီး ဖြစ်သည်။ စကားလုံးများမှာ ပညာရပ်ဆန်သော်လည်း သီအိုရီသက်သက်သာ ဖြစ်ပြီး လက်တွေ့စမ်းသပ်ချက် အချက်အလက်များ မပါရှိသဖြင့် မည်သူ့ကိုမျှ ယုံကြည်လာအောင် မလုပ်နိုင်ချေ။ ထိုပညာရှင်များက အကောင်းမမြင်ကြသော်လည်း သူ၏ စိတ်ထဲတွင်မူ မျှော်လင့်ချက်အနည်းငယ် ရှိနေဆဲ ဖြစ်သည်။
သူ့အမြင်အရ လင်းဖန်သည် ရည်ရွယ်ချက်မရှိဘဲ လျှောက်လုပ်တတ်သည့် လူစားမျိုး လုံးဝမဟုတ်ချေ။ မိမိကိုယ်ကိုယ် စိတ်ရှုပ်အောင် မည်သည့်အကြောင်းရင်းမှမရှိဘဲ စာတမ်းအလွတ်တစ်ခုကို တင်ပြီး ပြဿနာရှာမည့်သူ မဟုတ်ဟု တွေးမိသည်။
သို့သော် ဤတစ်ကြိမ်တွင် လင်းဖန်က သူ့ကို အဘယ်ကြောင့် တိုက်ရိုက်လာရှာရသနည်း။ ဒုံးဖန်ရန်သည် သံသယစိတ်များဖြင့် လုံထန်ဂရု အဆောက်အအုံထဲသို့ လျှောက်လှမ်းခဲ့သည်။
"မစ္စတာဒုံးဖန်... ဥက္ကဋ္ဌက စောင့်နေပါတယ်၊ ကျွန်မနောက်ကို လိုက်ခဲ့ပါရှင့်။"
ဒုံးဖန်ရန် လုံထန်ဂရု၏ အဝင်ဝသို့ ရောက်သည်နှင့် ရိုဘော့တစ်ရုပ်က သူ့ရှေ့တွင် ရပ်တန့်ကာ အလေးပြုနှုတ်ဆက်သည်။ သူ ဤရိုဘော့ကို မြင်ဖူးသည်၊ အင်တာနက်ပြပွဲတုန်းက ပြသခဲ့သည့် လုံထန်ဂရု၏ စုန်းမရိုဘော့ပင် ဖြစ်သည်။ ထိုစဉ်က သတင်းများတွင် ဤရိုဘော့အကြောင်း တွေ့လိုက်ရသောအခါ သူလည်း ထိတ်လန့်သွားခဲ့ရသည်။ လုံထန်ဂရုအနေဖြင့် ဤမျှအထိ ပိုက်ဆံအကုန်အကျခံကာ ကုမ္ပဏီဧည့်ခန်းတွင် ဧည့်ကြိုအဖြစ် ဤရိုဘော့ကို ထားရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ဧည့်သည်များကို ကြိုဆိုရန်အတွက် ဤကဲ့သို့ အဆင့်မြင့်ဉာဏ်ရည်တု နည်းပညာဆန်းကို အသုံးပြုခြင်းမှာ လုံထန်ဂရု တစ်ခုတည်းသာ လုပ်နိုင်မည့် ကိစ္စမျိုး ဖြစ်သည်။
"ကောင်းပါပြီ။"
ဒုံးဖန်ရန် ခေါင်းငြိမ့်လိုက်သည်နှင့် ရိုဘော့သည် သူ့ကို ဓာတ်လှေကားဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ ရိုဘော့၏ လမ်းပြမှုဖြင့် သူသည် လင်းဖန်၏ ရုံးခန်းသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
"ကြိုဆိုပါတယ်" လင်းဖန်က ဒုံးဖန်ရန်ကို မြင်သည်နှင့် နှုတ်ဆက်လိုက်သည်။
"ညီလေးလင်းဖန်... ဒီတစ်ခါ ငါ့ကိုလာရှာဖို့ အဝေးကြီးကနေ လေယာဉ်စီးပြီး လာခဲ့ရတာ။ အရေးကြီးတဲ့ ကိစ္စရှိလို့လား" ဒုံးဖန်ရန်က အားနာနာဖြင့်ပင် လင်းဖန်၏ မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး လက်ဖက်ရည်ကို ကောက်သောက်လိုက်သည်။
"အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း အစ်ကို့ကို သိပ်ပြီး အလုပ်မရှုပ်စေချင်ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ထားတဲ့ စာတမ်းအကြောင်း အစ်ကို သိပြီးသား ဖြစ်မှာပါ" လင်းဖန်က တိုက်ရိုက်ပင် လိုရင်းစကားကို ဆိုလိုက်သည်။
"သတင်းကြည့်တဲ့သူတိုင်း သိတာပဲလေ" ဒုံးဖန်ရန်က ပြုံးလျက် "ဒါပေမဲ့ မင်းက ဒီလို ကောလာဟလ ဝေဖန်မှုလေးတွေကြောင့်နဲ့တော့ ငါ့ကို လာရှာမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား" ဟု မေးသည်။
"ဝေဖန်မှုတွေ ဟုတ်လား။ သူများတွေ ကျွန်တော့်အပေါ် ဘယ်လိုထင်လဲဆိုတာ ကျွန်တော် တစ်ခါမှ ဂရုမစိုက်ဖူးပါဘူး၊ ဂရုစိုက်နေရင် စိတ်ရူးပေါက်ပြီး သေသွားလိမ့်မယ်" လင်းဖန်က ဆက်လက်၍ "ဒီတစ်ခါ အစ်ကို့ကို လာရှာတာက ကျွန်တော့်ရဲ့ စာတမ်းကိစ္စကြောင့်ပဲ" ဟု ဆိုသည်။
"အော်... ပြောပါဦး။" ဒုံးဖန်ရန်က ကိုယ်ကိုမတ်ကာ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော့်စာတမ်းက အစစ်အမှန် ဖြစ်တယ်ဆိုတာ အစ်ကို ယုံသလား" လင်းဖန်က ပြုံးလျက် မေးသည်။
"ငါက ပညာရှင်တစ်ယောက် မဟုတ်တော့ ဆုံးဖြတ်ရခက်တယ်" ဒုံးဖန်ရန်က ဆိုသည်။ "ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရရင်တော့ သူတပါးတွေက မင်းကို ရူးနေတယ်လို့ လှောင်ကြောင်နေကြပေမဲ့၊ မင်းကတော့ သူတို့တွေကို အမှန်တရားကို မမြင်နိုင်ကြဘူးလို့ ပြန်ပြီး ရယ်မောနေသလိုမျိုး ဖြစ်နေမှာပေါ့။"
"ကျွန်တော် အစ်ကို့ကို အရာတစ်ခု ပြမယ်။"
လင်းဖန်က ထိုင်နေရာမှ ထရပ်ကာ ဒုံးဖန်ရန်ကို ဓာတ်ခွဲခန်းထဲသို့ ခေါ်ဆောင်သွားသည်။ ဒုံးဖန်ရန်လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ကနေ လိုက်လာခဲ့သည်။ မော့ရှင်းယာနှင့် ကျန်းဖုန်းအပြင် ဒုံးဖန်ရန်သည် လင်းဖန်၏ ဓာတ်ခွဲခန်းထဲသို့ ပထမဆုံး ဝင်ခွင့်ရသည့် ပြင်ပလူ ဖြစ်သည်။
ဓာတ်ခွဲခန်းအတွင်း၌ စမ်းသပ်ကိရိယာများအပြင် ရိုဘော့သုံးရုပ်နှင့် ဓာတ်ခွဲခန်း၏ အထင်ရှားဆုံးနေရာတွင် ထားရှိထားသော ဆလင်ဒါပုံစံ စက်ပစ္စည်းတစ်ခုသာ ရှိသည်။ ထိုရိုဘော့သုံးရုပ်ကို မြင်လိုက်ရသောအခါ သူ ထပ်မံထိတ်လန့်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်အေးချလိုက်သည်။ လင်းဖန်၏ ဓာတ်ခွဲခန်းတွင် အသေးအဖွဲကိစ္စများကို လုပ်ဆောင်ရန် အကူအညီအဖြစ် ရိုဘော့အချို့ ထားရှိခြင်းမှာ သဘာဝကျလှသည်။ လင်းဖန်အနေဖြင့် အရေးကြီးသောအရာများကို ဝှက်ထားပုံရပြီး ရိုဘော့များအပြင် လင်းဖန် ဘာတွေ သုတေသနပြုနေသည်ကို သူ မသိရှိချေ။
"ဒါက ရိုဘော့ရဲ့ စွမ်းအင်ဗဟိုလား" ဒုံးဖန်ရန်က ပြုံးလျက် မေးသည်။
"တစ်ရုပ်ကို သန်းနှစ်ဆယ်ပေးရင် ဝယ်မလား" လင်းဖန်က ရယ်မောရင်း မေးလိုက်သည်။
"မဝယ်နိုင်ပါဘူး" ဒုံးဖန်ရန်က အလျင်အမြန် ခေါင်းခါလိုက်ရင်း "ဒါပေမဲ့ အင်ဂျင်နီယာအကယ်ဒမီက လူတော်တော်များများကတော့ မင်းရဲ့ ရိုဘော့ကို စိတ်ဝင်စားကြတယ်။ ငါ ပြန်ရောက်ရင် သူတို့ ဝယ်ချင်၊ မဝယ်ချင် မေးပေးမယ်။ ဖြစ်နိုင်ရင်တော့ မင်းဆီကနေ ဝယ်ဖို့ စီစဉ်ပေးပါ့မယ်" ဟု ဆိုသည်။
"သာမန်လူတွေအတွက်တော့ တန်ဖိုးနဲ့ စွမ်းဆောင်ရည်က သိပ်မမျှတော့ အများအပြား ထုတ်လုပ်ဖို့ မလိုပါဘူး။ ကျွန်တော်ကတော့ အကူအညီအဖြစ်ပဲ သုံးတာပါ။ ဒါပေမဲ့ ဒီနေ့ ပြောမယ့်အကြောင်းအရာက ရိုဘော့မဟုတ်ဘူး၊ ဒါကြီး..."
လင်းဖန်က ရာသီဥတုစောင့်ကြည့်ကိရိယာအနားသို့ လျှောက်သွားပြီး ၎င်းကို ပုတ်ပြလိုက်သည်။
"ဒါက ကျွန်တော့်စာတမ်းရဲ့ အခြေခံမူတွေပေါ်မှာ မူတည်ပြီး ထုတ်ထားတဲ့ ရာသီဥတုစောင့်ကြည့်ကိရိယာပဲ" ဟု လင်းဖန်က ဆိုသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဒုံးဖန်ရန်သည် အသက်ရှူရပ်မတတ် ဖြစ်သွားပြီး ဤရိုးရှင်းလှသော စက်ပစ္စည်းကို အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။ လင်းဖန်၏ စာတမ်းသည် ရာသီဥတု ကြိုတင်သတိပေးချက်အကြောင်း ပြောထားသဖြင့် အပြင်ကမ္ဘာက တညီတညွတ်တည်း လှောင်ပြောင်ခဲ့ကြသော်လည်း ရလဒ်အနေဖြင့် သီတင်းပတ်နှစ်ပတ်အတွင်းမှာပင် လင်းဖန်က စက်ပစ္စည်းကို ထုတ်လုပ်ပြီးနေပြီ ဖြစ်သည်။ သို့သော် ၎င်းကို ကြည့်ရသည်မှာ ထူးထူးခြားခြားပုံစံတော့ မရှိချေ။
"ဒါက ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတာ အစ်ကို ယုံသလား"
"အမှန်အတိုင်း ပြောရရင်တော့ မယုံဘူး။"
ဒုံးဖန်ရန်က ခေါင်းခါလိုက်သည်။ ဤအရာက ကြည့်ရသည်မှာ ထူးခြားမှု မရှိချေ။ အကယ်၍ ရာသီဥတုစောင့်ကြည့်ကိရိယာ ပြုလုပ်ရသည်မှာ ဤမျှအထိ လွယ်ကူနေပါက ကမ္ဘာပေါ်တွင် ပြဿနာ ရှိပါတော့မည်လော။
"ဒါကြောင့်ပဲ မင်း ငါ့ကို ဒီတစ်ခါ လာရှာတာလား"
"ဒီစက်ပစ္စည်းက တကယ်ပဲ အလုပ်လုပ်၊ မလုပ် စမ်းသပ်ဖို့ လိုအပ်နေလို့ပါ။ ပြည်တွင်းတင်မကဘဲ ဂျပန်အနီးက မာရီယာနာ မိုးလေဝသဇုန်မှာ သွားပြီး တပ်ဆင်ချင်တာ၊ အဲဒီနေရာက ရာသီဥတု လှုပ်ရှားမှု အားကောင်းတော့ ဆုံးဖြတ်ချက်ချဖို့အတွက် အချက်အလက်တွေ စုဆောင်းရတာ လွယ်ကူလိမ့်မယ်။ ကျွန်တော် သတ်မှတ်ထားတဲ့ နေရာကို ဒီစက်ပစ္စည်း သယ်ဆောင်သွားနိုင်ဖို့ အစ်ကို့ရဲ့ အကူအညီကို လိုချင်ပါတယ်" ဟု လင်းဖန်က မေးလိုက်သည်။
ဒုံးဖန်ရန် တုံ့ဆိုင်းသွားပြီး လင်းဖန်၏ စက်ပစ္စည်းကို သေသေချာချာ လှည့်ပတ်ကြည့်ရှုသည်။ မည်သို့ပင် ကြည့်ပါစေ၊ အကြောင်းရင်းကို သူ ရှာမတွေ့ချေ။ အကယ်၍သာ ဤစက်က ရာသီဥတုကို အမှန်တကယ် ကြိုတင်ခန့်မှန်းနိုင်ပါက ဤကိရိယာသည် ကမ္ဘာပေါ်တွင် ခေတ်ရှေ့ပြေးဆုံး အဆင့်မြင့်နည်းပညာ ဖြစ်လာမည်မှာ သေချာသည်။ သို့သော် မည်သို့ပင် နားထောင်ရသည်မှာ စိတ်ကူးယဉ်ဆန်လွန်းနေသည်။
အကယ်၍ သူ လင်းဖန်ကို မကူညီပါက ပူးပေါင်းဆောင်ရွက်မှုများ ပြတ်တောက်သွားနိုင်ပြီး ၎င်းမှာ သူတို့၏ အကျိုးစီးပွားကို ထိခိုက်စေမည် ဖြစ်သည်။ ထို့အပြင် လင်းဖန်သည် အင်ဂျင်နီယာအကယ်ဒမီ၏ အဖွဲ့ဝင်တစ်ဝက် ဖြစ်နေသဖြင့် မည်သည့်အချက်ကိုကြည့်ကြည့် သူ ငြင်းပယ်၍မရချေ။
ဤစက်ပစ္စည်းကို ပင်လယ်ထဲသို့ သယ်ဆောင်သွားခြင်းမှာ လင်းဖန်အတွက် အလုပ်ရှုပ်နိုင်သော်လည်း သူတို့အတွက်မူ အသေးအဖွဲမျှသာ ဖြစ်သည်။ အကယ်၍ အမှန်တကယ် အောင်မြင်သွားခဲ့လျှင် ဤနည်းပညာသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် သက်ရောက်မှု ရှိလာပေလိမ့်မည်။ တရုတ်နိုင်ငံသည် မိုးလေဝသကြောင့် ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ရသည့် နိုင်ငံဖြစ်သဖြင့် ဤနည်းပညာသာ အစစ်အမှန် ဖြစ်လာပါက လင်းဖန်သည် သမိုင်းတွင်ကျန်ရစ်မည့် သူရဲကောင်းကြီးတစ်ဦး မုချ ဖြစ်လာပေတော့မည်။
............................................................