မဟာမိတ်၏ ပုံစံ
Vol. 020 Ch. 967
စိတ်ဝိညာဉ်ဆယ်သန်းအလံထဲ၌ စိတ်ဝိညာဉ်အစိတ်အပိုင်းမြောက်များစွာ ရှိလေ၏။ ၎င်းစိတ်ဝိညာဉ်များသည် ငရဲအလွှာဆယ့်ရှစ်ထပ်ထဲသို့ တရကြမ်းတိုးဝင်သွားကြသည်။ ထိုအရာ ငရဲအလွှာဆယ့်ရှစ်ထပ်ထဲရှိ မကျေမချမ်းမှုသည် ဆက်လက် တိုးတက်လာ၏။၎င်းတို့၏ အော်ဟစ်ငြီးငြူသံများမှာ ကြက်သီးထဖွယ်ကောင်းလှ၏။
ကျင့်ကြံသူတစ်ယောက်၏ စိတ်ပင် ထိုအော်ဟစ်သံများကြောင့် တုန်ခါသွားနိုင်၏။
သည်စိတ်ဝိညာဉ်အပိုင်းအစများထဲ၌ သွေးဘိုးဘေး၊ကောင်းကင်ဘုံသားများ၊ယောင်မိသားစုဝင်များနှင့် အခြား စွမ်းအားကောင်းသည့် ကျင့်ကြံသူများစွာ ပါဝင်ကြပေ၏။ထိုသူများသည် စိတ်ဝိညာဉ်အပိုင်းအစများသာ ဖြစ်၍ အရင်အသက်ရှိစဉ်ကလောက် အစွမ်းမထက်ကြလျှင်ပင် သူတို့အားလုံး၏ စွမ်းအားသည် သာမန်ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့် အရာ မဟုတ်ပါ။
စိတ်ဝိညာဉ်ဆယ်သန်းအလံထဲ၌ မူလစိတ်ဝိညာဉ်များသာ ကျန်ရစ်ခဲ့တော့၏။ ဝမ်လင်းသည် ထိုအလံကို ပြန်သိမ်းဆည်းသည်။ ထိုအလံမှ သွန်းထျန်သူ့အား လက်ဆောင်ပေးခဲ့သည့်အလံ မဟုတ်ပါက သူသည် ၎င်းအလံကိုပါ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်ထဲသို့ ထည့်သွင်းပစ်ပေမည်။
ဝမ်လင်းသည် သည်နေရာတွင် မတ်တပ်ရပ်နေရင်း သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ သန်းနေ၏။ သူက အော်ပြောသည်။ “ဒါက ငါ့ပြန်လည်မွေးဖွားခြင်းစက်ဝန်းရဲ့ ငရဲအလွှာဆယ့်ရှစ်ထပ်ပဲ…”
သူ့အသံ ထွက်ပေါ်လာသည်နှင့် ငရဲအလွှာဆယ့်ရှစ်ထပ်မှ အော်ငြီးသံများမှာ ပို၍ ကျယ်လောင်လာ၏။ထိုအော်သံများသည် ဂြိုဟ်တစ်ခုလုံးကို ခြုံလွှမ်းလေသည်။
သည်နေရာရှိ သားရဲများမှာ ၎င်းငြီးတွားသံအော်ဟစ်သံများကို တောင့်မခံနိုင်ကြပါ။ ဝမ်လင်းသည် ထိုအော်ဟစ်သံများကို ထိန်းချုပ်ထားခြင်း မရှိိပါက ၎င်းသားရဲများသည် ချက်ခြင်း သေဆုံးသွားနိုင်သည်။
ခေါင်းကြီးကောင်လေးမှာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ငရဲအလွှာဆယ့်ရှစ်ထပ်ကို မင်သက်စွာ စူးစိုက်ကြည့်ရင်း ပင့်သက်ရှိုက်မိ၏။သူ့ကျင့်ကြံမှုအဆင့်ကြောင့် သူသည် ထိုရတနာမှာ သာမန်မဟုတ်မှန်း ချက်ခြင်း သိလိုက်သည်။
လိုင်ဂျီ၏မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။ငရဲအလွှာဆယ့်ရှစ်ထပ်ကို ရင်ဆိုင်ရချိန်၌ သူ့စိတ်နှလုံးအောက်ခြေမှ ကြောက်ရွှံ့မှုကို ခံစားမိ၏။
ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ အလင်းလုံးနှစ်လုံးကို ထုတ်ယူ၏။ ထိုအလင်းလုံးများမှာ မူလစိတ်ဝိညာဉ်များ ဖြစ်ကြသည်။သူတို့ထဲမှ တစ်ယောက်သည် အလောင်းကောင်ကလန်၏ မကျေမချမ်းဒုခန်းမသခင်၏ မူလစိတ်ဝိညာဉ် ဖြစ်ပြီး အခြားတစ်ခုမှာ ထိုဒုခန်းမသခင် ဝမ်လင်းကို ပေးခဲ့သည့် မူလစိတ်ဝိညာဉ် ဖြစ်၏။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည ငရဲအလွှာဆယ့်ရှစ်ထပ်ထဲသို့ ၎င်းတို့ကို ထည့်သွင်းခြင်းမပြုဘဲ သူ့ သိုလှောင်အိတ်ထဲသို့သာ ပြန်သိမ်းဆည်းထားလိုက်သည်။ သည်နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် မူလစိတ်ဝိညာဉ်များသည် ကျင့်ကြံခြင်းကို ပြန်ကုစားဖို့အတွက် အရေးကြီးလှပေ၏။သူက ၎င်းတို့ကို အနာဂတ်တွင် အသုံးပြုရန်လိုလာမည့်အချိန်အတွက် သိမ်းဆည်းထားခြင်းပင်။
သည်အခိုက်အတန့်၌ သူသည် မတ်တပ်ထရပ်ကာ ကောင်းကင်ထက်သို့ စူးစိုက်ကြည့်၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ညွှန်သည်။၎င်းက ကျုံ့သွားပြီးနောက် ဝမ်လင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့၏။
“သွားကြစို့…” ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်းကာ သည်ဂြိုဟ်ကနေ ထွက်ခွာသွားတော့၏။လိုင်ဂျီနှင့်ကျန်သည့်သူများသည် သူ့နောက်ကနေ မြန်ဆန်စွာ လိုက်ပါလာကြသည်။
သည်အခိုက်အတန့်၌ အနောက်ပိုင်းနယ်မြေတစ်ခုလုံးသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၏ သိမ်းပိုက်ခြင်းကို ခံထားရသည်။အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် ကြယ်အဖွဲ့အစည်းနှစ်ခုကြား လျှောက်လမ်းကနေ ဖြတ်ကျော်လာရင်း ဂြိုဟ်များတစ်ခုပြီးတစ်ခုကို သိမ်းပိုက်လာကြ၏။ထို့ကြောင့် သည်နေရာမှာ အလုံးစုံကောင်းကင်၏ အစိတ်အပိုင်းတစ်ခု ဟု ယူ၍ ရလာ၏။
မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေကို သိမ်းပိုက်ပြီးသည့်နောက် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၏ လွှမ်းမိုးနိုင်မှုသည် ပိုအားကားလာ၏။အနောက်ပိုင်းနယ်မြေ၌ အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးမှ ရှိမနေဘဲ အဆင့်ခြောက်ကျင့်ကြံခြင်းဂြိုဟ်များသာ ရှိနေ၏။ထိုအရာက ထူးဆန်းလွန်းနေသည်။
သို့ရာတွင် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများသည် စိတ်ထဲ၌ သံသယများ ရှိနေကြသော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏အောက်၌ ဒုတိယအကြိမ်တိုက်ခိုက်မှုများကို စတင်လာကြသည်။သူတို့၏ပစ်မှတ်က မြောက်ပိုင်းနယ်မြေတည်း။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအုပ်စုများသည် မြောက်ပိုင်းနယ်မြေသို့ ခရီးနှင်နေကြ၏။
သူတို့ထံ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပြည့်နေကြရင်း ရှေ့သို့ ဆက်တိုးလာကြသည်။
အရှင်မီးတောက်၏ ခြေထောက်အောက်၌ မီးလုံးတစ်ခု ရှိနေ၏။သူ့ပတ်လည်၌လည်း ကျင့်ကြံသူအုပ်စုတစ်ခု ရှိသည်။သူ့အသွင်က သုန်မှုန်နေ၏။သူတို့သည် မဟာမိတ်ကြယ်အဖွဲ့အစည်း၌ သတ်ဖြတ်မှုများ ပြုလုပ်နေသည့်အချိန်အတွင်း သူသည် ဆိုးရွားသည့်အာရုံကို ခံစားမိနေ၏။ သူသည် မည်သို့ ဖြစ်ပျက်လာနိုင်သည်ကို ကြိုထောက်လှမ်းဖို့ ကြိုးစားသည့်အခါတွင်း သူ့အား သွေးရောင်အလင်းတစ်ခုက တားဆီးထား၍ အရာရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင် ဖြစ်ရသည်။
သူတို့က မြောက်ပိုင်းနယ်မြေသို့ ဆက်၍ တိုက်ခိုက်ဖို့ လာရောက်ရခြင်းမှာ သူတို့ အနောက်ပိုင်းနယ်မြေ၌ ရှိနေသည်မှာ အချိန်ကြာလှနေပြီ ဖြစ်သောကြောင့်တည်း။ သူတို့သည် မတိုက်ခိုက်ဘဲ နောက်ပြန်မဆုတ်နိုင်ကြချေ။ထို့ကြောင် သူသည် မဟာမိတ်အဖွဲ့အစည်းသည် အကြံအစည် ရှိမည်ကို သိနေလျှင်ပင် ရှေ့သို့ ဆက်တိုးဖို့ရန်သာ ရှိတော့သည်။
“အကြံအစည်ရှိနေရင်တောင် ဒီအဘိုးအိုက မစိုးရိမ်ဘူး။ မဟာမိတ်အဖွဲ့အစည်းကသာ ဝှက်ဖဲတွေ၊အကြံအစည်တွေ ရှိနေကြတာ မဟုတ်ဘူးလေ။ငါ့လည်း မဟာမိတ်အဖွဲ့အစည်းရဲ့ တန်ပြန်လာနိုင်တဲ့ အကြံအစည်တွေအပေါ် သေသေချာချာ တွက်ချက် စီစဉ်ထားခဲ့ပြီးပြီး…” အရှင်မီးတောက်၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။
မဟာမိတ်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူမြောက်များစွာသည် ဓားစွမ်းအင်များပေါ်တွင် စီးနင်းရင်း အနောက်ပိုင်းနယ်မြေကနေ မြောက်ပိုင်းနယ်မြေရှိရာသို့ ရောက်ရှိလာကြ၏။
အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ မြောက်ပိုင်းနယ်မြေသို့ ရောက်ရှိလာနေရင်း ရှေးဟောင်းအော်ရာတစ်ခုသည် အလုံးစုံကောင်းကင်မှ သိမ်းပိုက်ထားသည့် အနောက်ပိုင်းနယ်မြေရှိ ဂြိုဟ်များထဲမှ တစ်ခုပေါ်၌ ပေါက်ကွဲထွက်လာ၏။ချက်ခြင်းပင် ထိုဂြိုဟ်ထံမှ အဖျက်အစီးအားတစ်ခု ထွက်ပေါ်လာသည်။
ထိုဂြိုဟ်ပေါ်၌ ကျင့်ကြံသူ ရာချီ ရှိိနေကြ၏။ သူတို့သည် ကြောက်လန့်တကြား ထွက်ပြေးကြ၏။ သူတို့ ထွက်ပြေးနေကြရင်း သူတို့တွေ့မြင်လိုက်ရသည့်အရာမှာ သူတို့ နောက်ဆုံးမြင်ရသည့်အရာ ဖြစ်သွားကြသည်။
ဂြိုဟ်တစ်ခုလုံးသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ထိုဂြိုဟ်၏ ရှင်သန်ခြင်းဓာတ်များ ကုန်ဆုံးသွားသည့်အလား သေဆုံးခြင်းအော်ရာနှင့် ပြည့်နှက်လာသည်။ပို၍ ထိတ်လန့်ဖွယ်မှာ ၎င်းဂြိုဟ်သည် ကျုံ့လာနေခြင်းပင်။
မြန်ဆန်စွာပင် ၎င်းဂြိုဟ်၏ အရွယ်အစားမှာ မူလအရွယ်အစား၏ ဆယ်ရာခိုင်နှုန်းမျှသာ ရှိတော့သည်။
ချက်ခြင်းပင် အဖျက်အစီးအော်ရာတစ်ခု အရူးအမူး ထွက်ပေါ်လာပြီး အနှီဂြိုဟ်မှာ ရုတ်တရက် ပျက်စီးပြိုပျက်သွား၏။ထိုပျက်စီးမှုသည် ပြင်းထန်သောအဖျက်အစီးအားကို အရူးအမူးပျံ့လွင့်စေသည်။
ထိုဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူရာချီသည် ရှောင်ရန်ပင် အချိန်မရလိုက်ဘဲ ထိုအဖျက်အစီးလှိုင်း၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။ သူတို့၏မူလစိတ်ဝိညာဉ်များပါ ပျက်စီးသွားခဲ့ရသည်။
ထိုပျက်စီးပြိုပျက်နေသည့်ဂြိုဟ်သည် သွေးညှီနံ့နှင့် ပြည့်လာကာ ဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံး ပျောက်ကွယ်သွားကြသည်။ထိုအရာမှာ သာမန်ကျင့်ကြံသူတစ်ယောက် ပြုလုပ်နိုင်သည့်အရာ မဟုတ်ပါ။ရက်စက်လူမဆန်လွန်းသည့် ကျင့်ကြံသူတစ်ယောက်သာ ဂြိုဟ်တစ်ခုကို ဤကဲ့သို့ ပြုလုပ်ပေလိမ့်မည်။
ပေါက်ကွဲမှုများ ပဲ့တင်ထပ် မြည်ဟိန်းနေ၏။ အဖျက်အစီးလှိုင်းသည် ပျံ့လွင့်နေရင်း ၎င်းဖြတ်သန်းသွားရာ ဟင်းလင်ပြင်ထဲ၌ လေဟာနယ်အက်ကြောင်းများ ပေါ်လာသည်။
ထိုဂြိုဟ်နှင့် ကီလိုမီတာသောင်းချီအတွင်းရှိ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအားလုံးပေါ်သို ၎င်းအဖျက်အစီးလှိုင်းသက်ရောက်သွားရာ သူတို့၏ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့သည် ဖျက်စီးခြင်းခံရတော့သည်။
ချက်ခြင်းပင် ထိုသို့အဖြစ်အပျက်မှာ ဤဂြိုဟ်တစ်ခုတည်းပေါ်တွင် မဟုတ်ပေ။
အနောက်ပိုင်းနယ်မြေရှိ ကျင့်ကြံခြင်းဂြိုဟ်အားလုံး အရူးအမူး ပျက်စီးလာကြရင်း ရူးသွပ်ဖွယ်တုန်ခါလှိုင်းတစ်ခုသည် အနောက်ပိုင်းနယ်မြေ၌ ပြည့်နှက်နေသည်။
ယခုလိုကြီးကြီးမားမား လှုပ်ရှားမှုသည် ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ကသာ လုပ်ဆောင်မည့် အရာ ဖြစ်၏။
“မင်းတို့ အလုံးစုံကောင်းကင်ရဲ့ ကျင့်ကြံသူတွေ ဒီနေရာကို ရောက်လာမှတော့ ငါက အနောက်ပိုင်းနယ်မြေမှာ မင်းတို့ကို သေဆုံးစေမယ်…”
အနောက်ပိုင်းနယ်မြေ၏ သက်ရှိများအားလုံးကို လစ်လျူရှုကာ မဟာမိတ်အဖွဲ့အစည်းမှ သူများသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများကို သတ်ဖြတ်ဖို့ တုန်လှုပ်ဖွယ်အစီအစဉ်တစ်ခု စတင်လေပြီ။
ရူးသွပ်ဖွယ်ပျက်စီးပြိုပျက်မှုများသည် အနောက်ပိုင်းနယ်မြေ၌ အားကောင်းလာ၏။ဂြိုဟ်များ ပျက်စီးနေရင်း ထိုပျက်စီးမှုကနေ မုန်တိုင်း ဖြစ်စေကာ ဒေသတစ်ခွင် ခြုံလွှမ်းသည်။ထိုမုန်တိုင်းကြောင့် ဟင်းလင်းပြင်အက်ကြောင်းများစွာ ပေါ်လာခဲ့ပြီး ၎င်းအက်ကြောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကြသည်။
မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေတစ်ခုလုံးသည် ကမ္ဘာပျက်သည့်အလား ဖြစ်နေ၏။
ကျင့်ကြံခြင်းမဟာမိတ်မှ ကျင့်ကြံသူ၏ အဖျက်အစီးမုန်တိုင်းကြောင့် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအများစုသည် နောက်မဆုတ်နိုင်ခင်မှာပင် အသတ်ခံရသည်။
လောဟာနယ်အက်ကြောင်းများသည် အရွယ်ကြီးမာလာနေရင်း ၎င်းတို့ထဲမှ လေအေးများ ပိုမို ထွက်ပေါ်လာကာ ထိုအဖျက်အစီးမုန်တိုင်းနှင့် ပေါင်းစည်းပြီး ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်သည်။ထိုဝဲကတော့မှာ အနောက်ပိုင်းနယ်မြေအများစုကို ခြုံလွှမ်းထားနိုင်သည့်အထိ ကြီးမားလှ၏။၎င်းဝဲကတော့သည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ သွားလာနိုင်သည့်လျှောက်လမ်းကိုပါ ဖြတ်တောက်ပစ်သည်။
ထိုမုန်တိုင်းဝဲကတော့ လွင့်ပြယ်ခါနီးအချိန်၌ မရေမတွက်နိုင်သော ပုံရိပ်များ ပေါ်လာသည်။တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ထိုအစီအရင်များထဲမှ လှမ်းထွက်လာကြ၏။
“သတ်…” မြေကမ္ဘာပင် ကွဲအက်စေမည့် ဟစ်အော်သံသည် ကြယ်များကြား၌ မြည်ဟိန်းသည်။
အရှင်မီးတောက်၏မျက်လုံးသည် နီရဲနေ၏။သူသည် အရာအားလုံးကို ကြိုတွေးထားခဲ့၏။ သို့သော် သည်မဟာမိတ်အဖွဲ့မှာ အနောက်ပိုင်းနယ်မြေကို ဖျက်စီး၍ သည်လိုသက်ရောက်ဖိသိပ်မှုမျိုး ဖန်တီးလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
တချိန်တည်းမှာပင် မဟာမိတ်မှ ကျင့်ကြံသူများ ရောက်ရှိလာချိန်၌ ဓားအလင်းတန်းများသည် မြောက်ပိုင်းနယ်မြေတွင် ဖြတ်၍ ပျံသန်းနေကြသည်။သူတို့သည် ထွက်ပြေးရန် ကြိုးစားနေကြသည့် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ ရှိရာသို့ ဦးတည်လာကြ၏။
မြောက်ပိုင်းနယ်မြေ၌ မဟာမိတ်အဖွဲ့အစည်းမှ စစ်တပ်ကြားတွင် လှိုင်းတွန့်တစ်ခု ပေါ်လာ၏။ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ သူ့ရယ်သံသည် သူ့ ခြေလှမ်းနှင့်အတူ လောက၌ မြည်ဟိန်းသည်။
“အရှင်မီးတောက်…မတွေ့ရတာကြာပြီ။ မင်းက ဒီအဘိုးအို မိစ္ဆာနက်သူတော်စင်ကို မှတ်မိသေးရဲ့လား…”
အရှင်မီးတောက်၏ မျက်လုံးသည် အနီရောင်တောက်ပလာ၏။သူ့အသွင်၌ မည်သည့်ခံစားမှုမှ ရှိမနေပေ။ သူသည် တည်ငြိမ်စွာ ဆိုသည်။ “ဒီတော့ ဒါက မင်း အစီအစဉ်ပေါ့။ သိပ်ကောင်းတယ်။ ငါ့အလုံးစုံကောင်းကင်က ကျင့်ကြံသူတွေရဲ့ မန္တာန်တွေကို မင်းကို ပြခွင့်ပြုရတာပေါ့…”
အရှင်မီးတောက်သည် သူ့ညာလက်ကို ပင့်မြှောက်ကာ အထက်သို့ ညွှန်သည်။ အက်ကြောင်းကြီးတစ်ခုသည် တိတ်တဆိတ် ပွင့်ဟလာ၏။ ထိုအက်ကြောင်းမှာ ကြီးမားလှကာ ကောင်းကင်ထက်၌ မြစ်ကြီးတစ်စင်း ဖုံးလွှမ်းထားသည့်အလား။
တချိန်တည်းမှာပင် ၎င်းအက်ကြောင်းအတွင်းမှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာသည်။ ပေတစ်ရာကျော် ကျယ်ဝန်းသည့် သွေးလုံး ဆယ့်ရှစ်လုံးသည်လည်း သက်ဆင်းလာသည်။
“မင်းတို့ မဟာမိတ်ကြယ်အဖွဲ့အစည်းက အနောက်ပိုင်းနယ်မြေကို ဖျက်စီးဝံ့မှတော့ ငါ့အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကလည်း ဘာလိုလုပ် မတုန့်ပြန်ဘဲ နေလို့ရမလဲ။မင်းတို့က ငါ့ဘက်က လူအချို့ကို သတ်ခဲ့တယ်။ငါကလည်း မင်းတို့ဘက်က လူအချို့ကို သတ်ပစ်ရတာပေါ့…”
အရှင်မီးတောက်၏အသံသည် ယုံကြည်မှုနှင့် ပြည့်နေ၏။
***