အခန်း ၄၂
Vol. 5 Ch. 42
ငါးဆားနယ် ကိုယ်လုပ်တော်
အပိုင်း ၄၂
ယန်ကျောက်ဖေး အတွင်းခန်းထဲကို ဝင်သွားပြီး ဝင်ပေါက်က ကာထားတဲ့ လိုက်ကာက သူမကို သေချာ ဖုံးကွယ်ထားပေးလေသည်။ သူမ ထိုင်လိုက်သည်နှင့် ခြေသံတွေကို ကြားလိုက်ရပြီး ယွီမြောင်ဟွာ၏ အသံကို ကြားလိုက်ရ၏။
"ချန်ချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်!" ဟွေ့ဖေးလား။ သူက ဘာလို့ ဧကရာဇ်ဆီ လာတာလဲ။ ဒါကြောင့်ပဲ ဧကရာဇ်က သူမကို ခေါ်လိုက်တာလား။
"အရှင်မင်းကြီး၊ ကျွန်မကြောင့် မိဖုရားခေါင်ကြီးကို အပြစ်ပေးလိုက်တာလား။ အဲဒါဆိုရင်တော့ ဒါဟာ သူမအပေါ် မတရားရာ ရောက်ပါလိမ့်မယ်။" ဒီစကားကို ကြားတော့ မိဖုရားခေါင်ကြီး ထိတ်လန့်သွားပြီး အသံမထွက်အောင် သူမရဲ့ ပါးစပ်ကို အမြန် အုပ်လိုက်မိ၏။
ဟွေ့ဖေးက တကယ်ကို သတ္တိရှိတာပဲ။ ဧကရာဇ်က ဒေါသထွက်ပြီး သူမကိုပါ အပြစ်ပေးမှာကို မကြောက်ဘူးလား။ သူမက... သူ့အတွက် ပြောပေးနေတာလား။ ဒါဆိုရင် သူ့ရဲ့ အပြစ်ပေးခံရမှုက ဟွေ့ဖေးနဲ့ လုံးဝ မသက်ဆိုင်ဘူးပေါ့။ သူမ လူအကဲခတ် မမှားခဲ့ချေ။ မိဖုရားခေါင်ကြီး၏ နှုတ်ခမ်းမှာ မသိမသာ အပြုံးလေးတစ်ခု ပေါ်လာပြီး ရင်ထဲမှာလည်း နွေးထွေးသွားခဲ့ရ၏။
သို့သော် လိုက်ကာအပြင်ဘက်၌ ယွီမြောင်ဟွာမှာ ယန်ကျောက်ဖေး ထင်သလောက် သတ္တိရှိမနေပေ။ သူမ စကားပြောနေတုန်းမှာ လက်ထဲက စာအုပ်နှစ်အုပ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ခြေထောက်များ တုန်နေခဲ့လေ၏။ အဆိုးဆုံးက သူမ စကားပြောပြီးသွားတာတောင် ဧကရာဇ်က ဘာမှပြန်မပြောဘဲ သူမကို စိုက်ကြည့်နေတာပင်။၊ ဒါကြောင့် သူမ ရင်တွေ တုန်နေခဲ့ရသည်။ သူ တစ်ခုခု ပြန်ပြောသင့်တာ မဟုတ်ဘူးလား။
သူမရဲ့ စနစ်တောင် မခံနိုင်တော့ချေ။ [Host၊ ဒီလောက် ကြောက်နေတာကို ဘာလို့ ပြောလိုက်တာလဲ?]
[မင်းနဲ့ မဆိုင်ဘူး! ငါ ခဏလေး သတ္တိနည်းသွားတာ။ ဒါနဲ့ မင်းရဲ့ စနစ်မှာ သတ္တိကောင်းတဲ့ ဆေးတွေ ဘာလို့ မရောင်းတာလဲ? မင်း ဘာလို့ ဒီလောက် အသုံးမကျတာလဲ?] သူမ စိတ်အေးသွားအောင် စနစ်နှင့် စကားပြောနေမိသည်။ စနစ်က အသုံးမကျပေမဲ့ လက်ထဲက စာအုပ်နှစ်အုပ်၏ နွေးထွေးမှုက သူမကို အားအင်အနည်းငယ် ပေးနေခဲ့၏။
ဖေးလင်ယွဲ့ကတော့ ရယ်ချင်စိတ်နှင့် စိတ်ပျက်တဲ့စိတ် ကြားမှာ ဝေခွဲမရဖြစ်နေသည်။ တစ်ဖက်မှာ ဟွေ့ဖေးက မိဖုရားခေါင်ကြီးအတွက် ပြောပေးရဲလောက်အောင် သတ္တိရှိသော်လည်း ပြောပြီးတာနဲ့ ချက်ချင်းပင် သတ္တိတွေနည်းသွားပြီး သတ္တိကောင်းတဲ့ဆေးကိုတောင် တောင့်တနေသေးလေ၏။ ဒီလိုမျိုး သတ္တိရှိလိုက် ကြောက်လိုက်နဲ့ ဖြစ်နေတာကို သူ နားမလည်နိုင်ချေ။ "ဟွေ့ဖေး၊ မိဖုရားခေါင်ကြီးအတွက် တရားမျှတမှု တောင်းပေးနေတာလား။ ဒါ မင်းအတွက် ငါ လက်စားချေပေးနေတာဆိုတာ သိရဲ့လား"
ဒီစကားကို ကြားတော့ ယွီမြောင်ဟွာ နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ "အရှင်မင်းကြီး ကျွန်မကို ဂရုစိုက်တာကို ကျွန်မ သိပါတယ်၊ အဲဒါကြောင့်လဲ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ဒါပေမဲ့ ကျွန်မကြောင့် အပြစ်မရှိတဲ့လူတစ်ယောက် အပြစ်ပေးခံရတာကိုတော့ ကျွန်မ မကြည့်ရက်ပါဘူး။ အမှားလုပ်ခဲ့တာက မိဖုရားခေါင်ကြီးရဲ့ အမျိုးတွေပါ၊ မိဖုရားခေါင်ကြီး မဟုတ်ပါဘူး။ ကျွန်မကြောင့် သူမ မတရားခံရမယ်ဆိုရင် ကျွန်မ စိတ်အေးနိုင်မှာ မဟုတ်ပါဘူး။"
[Host က မိဖုရားခေါင်ကြီးကို တကယ်ပဲ သဘောကျတာပဲနော်။]
[ငါက သူ့ကို လေးစားတာပါ၊ ဒါပေမဲ့ ငါ ဒီကိုလာတာ ဒါတစ်ခုတည်းအတွက်တော့ မဟုတ်ဘူး။ မိဖုရားခေါင်ကြီးက ဒီနှစ်တွေတစ်လျှောက် အလုပ်တွေ အများကြီး လုပ်ခဲ့တာ— သူ့မှာ ထူးခြားတဲ့ အောင်မြင်မှု မရှိရင်တောင် ကြိုးစားအားထုတ်မှုတော့ ရှိတာပဲ။ ဧကရာဇ်က ငါ့လို အသစ်ရောက်လာတဲ့သူအတွက်နဲ့ သူမကို ဒီလို လုပ်မယ်ဆိုရင် ပျော်မဲ့အစား ကြောက်ပဲ ကြောက်မိမှာ။ မင်း နားလည်လား] သူ ဒီနေ့ သူ့အတွက် ဒါမျိုး လုပ်ပေးနိုင်ရင် မနက်ဖြန် တခြားသူတစ်ယောက်အတွက်လည်း ဒါမျိုး လုပ်နိုင်တာပဲလေ။
ဖေးလင်ယွဲ့တစ်ယောက် ယွီမြောင်ဟွာ၏ အမြင်ကို စတင် နားလည်လာခဲ့ရသည်။ သူသည် အမြင့်ဆုံးနေရာမှာ နေရတာ ကျင့်သားရနေတာကြောင့် မိဖုရားခေါင်ကြီး၏ နစ်နာမှုကို နောက်မှ ပြန်ပေးဆပ်လို့ ရတယ်လို့ ထင်ခဲ့ခြင်းပင်။ သို့သော် အမှန်တရားကို မသိတဲ့သူတွေအတွက်တော့ သူဟာ ဇနီးသည်ထက် ကိုယ်လုပ်တော်ကို ပိုအလိုလိုက်တဲ့၊ သွေးအေးတဲ့ အုပ်ချုပ်သူတစ်ယောက်လို မြင်နေကြမှာ အသေအချာပင်။ ခဏစဉ်းစားပြီးနောက် သူက ပြောလိုက်၏။
"ကျန်း စောစောက လိမ်လိုက်တာ။ ဒါက မင်းအတွက် လုပ်တာ မဟုတ်ဘူး။ ငါ အနားယူနေတုန်း စဉ်းစားမိလေ စိတ်တိုလေ ဖြစ်လာလို့ လုပ်လိုက်တာပါ"
ယွီမြောင်ဟွာမှာ မနေနိုင်ဘဲ လွှတ်ခနဲ ပြောမိသွားသည်။ "ဒါဆိုရင် မြို့စားမင်းကိုပဲ တိုက်ရိုက် အပြစ်မပေးတာလဲ" ဘာလို့ မိဖုရားခေါင်ကြီးကို အပြစ်ပေးရတာလဲ။
အထဲမှာတော့ မိဖုရားခေါင်ကြီးက ရယ်ချင်စိတ်ကို အောင့်ထားရင်း ပါးစပ်ကို ပြန်အုပ်လိုက်မိ၏။ ဟွေ့ဖေးက... တကယ်ကို ချစ်စရာကောင်းတာပဲ။
ပြောပြီးသည်နှင့် ယွီမြောင်ဟွာတစ်ယောက် နောင်တရသွားပြီး မျက်နှာကို အသာလွှဲလိုက်မိသည်။ အား... ဒါတွေအားလုံးက အရက်ချက်နည်းနဲ့ စက္ကူထုတ်လုပ်နည်းတွေကြောင့်ပဲ— ဒါတွေက သူမကို သတ္တိတွေ အများကြီး ပေးလိုက်တာကိုး!
ဖေးလင်ယွဲ့ ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "မင်း ပြောတာ မှန်တယ်။ ဒီကိစ္စမှာ ငါ မှားသွားတယ်။ ငါ မင်းကိုရော၊ မိဖုရားခေါင်ကြီးကိုပါ တောင်းပန်ဖို့ လိုအပ်တယ်" တစ်ယောက်က သူ့ရဲ့ ဇနီးသည်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ တချီနိုင်ငံအတွက် လက်ဆောင်တွေ ပေးနိုင်တဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲလေ။ သူအနေနှင့် ထိုသူတို့ကို ပိုပြီး လေးစားမှု ပြသသင့်လေသည်။ သို့သော် အဆင့်မြှင့်ထားတဲ့ စက္ကူထုတ်လုပ်နည်းက အရမ်းကို ဆွဲဆောင်မှုရှိနေတာကြောင့် သူတောင် အသည်းအသန် ဖြစ်သွားမိခြင်း ဖြစ်၏။
ယွီမြောင်ဟွာ၏ ရင်ထဲတွင် ရှုပ်ထွေးနေခဲ့ရသည်။ ဧကရာဇ်က တကယ်ပဲ တောင်းပန်လိုက်တာကြောင့် သူမ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရ၏။ ဒါက တကယ်ကို မတရားသလိုပဲ။ ဧကရာဇ် ဖြစ်ရတာ တကယ်ပဲ အားသာချက်ရှိတာပဲ— သူ နည်းနည်းလောက် လေသံပျော့လိုက်တာနဲ့တင် လူတွေက သူ့ကို ခွင့်လွှတ်ချင်လာကြတာကိုး။ ဖေးလင်ယွဲ့၏ အကြည့်ကမူ ယွီမြောင်ဟွာလက်ထဲက စာအုပ်နှစ်အုပ်ဆီကို ရောက်သွားလေသည်။ "ဟွေ့ဖေး၊ မင်း ယူလာတဲ့ စာအုပ်တွေက ဘာတွေလဲ"
ယွီမြောင်ဟွာ သတိပြန်ဝင်လာပြီး အာရုံစိုက်လိုက်၏။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ စာကြည့်တိုက်နဲ့ မင်တဲ့ နားနေဆောင်ထဲမှာ နောက်ထပ် ရတနာတွေ တွေ့ခဲ့သေးတယ်! ဒီမနက်တင် တွေ့တာ!" သူမ၏ ရည်ရွယ်ချက်အရ လည်ချောင်းတစ်ချက် ရှင်းလိုက်သည်။ "ဒါတွေက မိဖုရားခေါင်ကြီးကို ပေးဖို့ ကောင်းကင်ဘုံက ရည်ရွယ်ထားတာ ဖြစ်မှာပါ"
ဖေးလင်ယွဲ့ - "..." ယွီမြောင်ဟွာက ဒီစာအုပ်တွေကို သုံးပြီး သူ့ကို စိတ်ပြေအောင် လုပ်မယ်လို့ ထင်ထားခဲ့မိ၏။ သို့သော် အခုအခါ သူမက ဒါတွေကို သုံးပြီး မိဖုရားခေါင်ကြီးအတွက် ပြောပေးနေလေ၏။
'သူမက မိဖုရားခေါင်ကြီးကို တကယ်ပဲ သဘောကျနေတာပဲ။ သူမ၏ရင်ထဲမှာ သူက မိဖုရားခေါင်ကြီးရဲ့ အောက်မှာ ရောက်နေတာများလား။ နောက်တစ်ခါ အောင်မြင်တဲ့ နိမိတ်တွေ တွေ့ရင် သူမက မိဖုရားခေါင်ကြီးနဲ့ မယ်တော်ကြီးကိုပဲ ခေါ်သွားတော့မှာလား။' ဖေးလင်ယွဲ့တစ်ယောက် အနည်းငယ် မနာလိုဖြစ်သွားရ၏။
"ဒါဆိုရင် မင်းက ဒါတွေကို သုံးပြီး မိဖုရားခေါင်ကြီးအတွက် အပြစ်လျှော့ပေးဖို့ တောင်းဆိုချင်တာလား"
ယွီမြောင်ဟွာ၏ မျက်လုံးများက တောက်ပသွားလေသည်။ "တကယ်ပဲ ရနိုင်တာလား"
ဖေးလင်ယွဲ့ ခက်ခက်ခဲခဲနဲ့ ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ မိဖုရားခေါင်ကြီးက နေမကောင်းလို့ အနားယူရမယ်လို့ ကိုယ်တော် ကြေညာပြီးသွားပြီ။"
ယွီမြောင်ဟွာ ခဏစဉ်းစားလိုက်ပြီး စာအုပ်တွေကို အသာလေး လှုပ်ပြလိုက်၏။ "ဒါကြောင့် ကျွန်မ ဆေးကို ယူလာတာပေါ့— မိဖုရားခေါင်ကြီးရဲ့ ရောဂါကို ပျောက်အောင် လုပ်ပေးလိုက်ရင် သူမ အနားယူဖို့ မလိုတော့ဘူး မဟုတ်လား" ဆုလာဘ်တွေက လက်ထဲမှာ ရှိနေတာဆိုတော့ ပြန်ယူလို့ မရတော့ဘူးလေ။
ဖေးလင်ယွဲ့ အခုတော့ နားလည်သွားပြီပင်။ မိဖုရားခေါင်ကြီးက အရေးကြီးတယ်၊ သူ့ရဲ့ ဂုဏ်သိက္ခာကတော့ သိပ်အရေးမကြီးဘူးပေါ့။ ဒါပေမြဲ သူသာ ငြင်းလိုက်ရင် သူဟာ ရက်စက်တဲ့ အုပ်ချုပ်သူတစ်ယောက်လို ဖြစ်သွားလိမ့်မည်။ ကောင်းပြီ၊ သူမက မိဖုရားခေါင်ကြီးအတွက် ဒီလောက်အထိ လုပ်ပေးချင်နေမှတော့ သူ ဘာလို့ တားနေရမှာလဲ။ မိဖုရားခေါင်ကြီး အပြစ်က လွတ်အောင် ယွီမြောင်ဟွာတစ်ယောက် အသည်းအသန် ကြိုးစားနေတာကို ကြည့်ပြီး ဖေးလင်ယွဲ့အနေဖြင့် သူ့ကိုယ်သူ ချစ်သူတွေကို ခွဲပစ်တဲ့ လူဆိုးကြီးတစ်ယောက်လို ခံစားနေရ၏။
"ငါ နားလည်ပြီ" သူက ဆိုလိုက်၏။ ယွီမြောင်ဟွာ မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေတုန်းမှာပင် ဧကရာဇ်က အတွင်းခန်းဘက်ကို လှည့်ပြီး စကားပြောလိုက်သည်။ "မိဖုရားခေါင်ကြီး၊ မင်း အကုန်ကြားတယ် မဟုတ်လား
ယွီမြောင်ဟွာ အံ့သြသွားရ၏။ နေပါအုံး... မိဖုရားခေါင်ကြီးက ဒီမှာ ရှိနေတာလား။ နောက်တစ်ခဏမှာတော့ မိဖုရားခေါင်ကြီးက အတွင်းခန်းထဲကနေ ထွက်လာတာကို သူမ မြင်လိုက်ရသည်၊ သူမ၏ မျက်နှာ၌ သိမ်မွေ့တဲ့ အပြုံးလေး ရှိနေပြီး မျက်လုံးလေးတွေတောင် အနည်းငယ် နီနေခဲ့၏။
မိဖုရားခေါင်ကြီးကမူ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ချေ။ ဟွေ့ဖေးက သူမအတွက် ပြောပေးတာတင် မဟုတ်ဘဲ အခုတော့ သူမကိုပါ အမှတ်ရအောင် လုပ်ပေးနေလေသည်။ သူမက ဟွေ့ဖေးကို ချစ်စရာကောင်းလို့ ဂရုစိုက်ခဲ့တာပင်။ အခုတော့ ဟွေ့ဖေးက သူမ၏ ကျေးဇူးကို သိရုံတင်မကဘဲ ဧကရာဇ်၏ အမျက်တော်ကိုတောင် မကြောက်ဘဲ သူမအတွက် ရပ်တည်ပေးခဲ့လေ၏။
မယ်တော်ကြီး ဘာလို့ သူမကို ဒီလောက် ချစ်လဲဆိုတာ အခုတော့ မိဖုရားခေါင်ကြီး နားလည်သွားပြီပင်။ သူမ ယွီမြောင်ဟွာဆီကို လမ်းလျှောက်သွားလိုက်သည်။ "ဟွေ့ဖေး၊ ကျေးဇူးတင်ပါတယ်" ဒီမြင်ကွင်းကို ကြည့်ပြီး ဖေးလင်ယွဲ့တစ်ယောက် တွေးနေမိသည်။ ' ငါ ဒီမှာ ရှိနေတာက ပိုနေတာလား။ ဧကရာဇ်ဖြစ်တဲ့ ငါကပဲ သူတို့နှစ်ယောက် စကားပြောနိုင်အောင် ဖယ်ပေးလိုက်ရမှာလား။'
သူ့ကိုယ်သူ ဒီလိုပဲ ဖြေသိမ့်လိုက်ရသည်။ အနည်းဆုံးတော့ မိဖုရားခေါင်ကြီးက ဟွေ့ဖေးအပေါ် ဘယ်တော့မှ စိတ်ဆိုးမှာ မဟုတ်တော့ချေ။ ဘယ်သူကပဲ သူတို့ကြားမှာ ပြဿနာရှာရှာ မိဖုရားခေါင်ကြီးက ယွီမြောင်ဟွာကို ပိုချစ်မြတ်နိုးပြီး သူမ၏လူလိုပင် ကာကွယ်ပေးပါလိမ့်မည်။ တစ်ဖက်ကကြည့်ရင်တော့ သူ့ရဲ့ ရည်မှန်းချက် အောင်မြင်သွားတာပေါ့။ သူ့အနေဖြင့် ပျော်သင့်သော်လည်း ဘာလို့ ရင်ထဲမှာ ရှုပ်ထွေးနေတာလဲ မသိတော့ပေ။
တစ်ဖက်မှာလည်း ယွီမြောင်ဟွာကတော့ မိဖုရားခေါင်ကြီးရဲ့ ကျေးဇူးတင်စကားကြောင့် အရမ်းကို ရှက်နေခဲ့ရသည်။ [အား... မိဖုရားခေါင်ကြီးက ဘာလို့ ဒီရောက်နေတာလဲ!]
[Host၊ ဒါက သိသာနေတာပဲလေ။ ဧကရာဇ်က Host ကို အထင်မမှားအောင် လုပ်ပေးတာ။ သူ Host ကို တကယ်ပဲ ချစ်တာပဲ— ငါတောင် မျက်ရည်ကျချင်လာပြီ! Host ပျော်သင့်တာပေါ့၊ မိဖုရားခေါင်ကြီးက Host ကို အထင်မမှားတော့ဘူးလေ။]
[ဒါမှမဟုတ် မင်းကပဲ အသုံးမကျလို့ ဖြစ်မှာပါ! အဆင့်မြှင့်ပြီးတာတောင် ဘာမှ အပိုမပါလာဘဲ ငါ့ကိုလဲ ကြိုသတိမပေးဘူး!] မိဖုရားခေါင်ကြီးမှာ ယွီမြောင်ဟွာ၏ ခေါင်းပေါ်၌ ပေါ်နေသော စာသားတွေကို ကြည့်ပြီး အံ့သြနေခဲ့ရသည်။ "ဟွေ့ဖေး၊ မင်းရဲ့ ခေါင်းပေါ်မှာ တစ်ခုခု—"
ဒါကို ကြားတော့ ဖေးလင်ယွဲ့ချက်ချင်း သတိဝင်လာပြီး မိဖုရားခေါင်ကြီးရဲ့ စကားကို ဖြတ်ပြောလိုက်သည်။ "မိဖုရားခေါင်ကြီး၊ ငါကိုယ်တော် မင်းနဲ့ ဆွေးနွေးစရာ ရှိတာ သတိရလိုက်လို့။ ငါ့နောက်ကို လိုက်ခဲ့။”
ယွီမြောင်ဟွာမှာ ဧကရာဇ်က မိဖုရားခေါင်ကြီးကို ခေါ်ဆောင်သွားသည်ကို ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။
[မိဖုရားခေါင်ကြီးက ဘာကို ပြောချင်နေတာပါလိမ့်။]
[Host သာ စိတ်ဖတ်နိုင်တဲ့ စွမ်းရည်ကို လဲလှယ်လိုက်မယ်ဆိုရင် အဲဒါကို သိရမှာပဲ]
ယွီမြောင်ဟွာ ထိုအသံကို လျစ်လျူရှုထားလိုက်သည်။ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးတို့ မည်သည့်အချိန်တွင် ပြန်လာမည်ကို သူမ မသိရသလို၊ ဒီအတိုင်းကြီး ထွက်သွားရန်မှာလည်း မသင့်တော်သဖြင့် ထိုနေရာမှာပင် စောင့်နေရန်သာ တတ်နိုင်တော့သည်။
ခဏမျှ မတ်တပ်ရပ်နေပြီးနောက် ချိုင်ရှို့က ပြန်ရောက်လာပြီး ပြောလိုက်၏။ "မယ်မယ်... ကျေးဇူးပြုပြီး ထိုင်ပါအုံး။ စားချင်တာ တစ်ခုခုရှိရင် စားဖိုဆောင် ဝန်ထမ်းတွေကို ပြောလိုက်ပါ၊ သူတို့ ချက်ချင်း ပြင်ဆင်ပေးပါလိမ့်မယ်"
ယွီမြောင်ဟွာ ခေါင်းညိတ်ပြကာ ထိုင်လိုက်သည်။ သူမသည် အပေါ်ယံ အရှက်အကြောက် ထိန်းသိမ်းရန်အတွက်နှင့် မိမိကိုယ်ကိုယ် ပင်ပန်းခံမည်မဟုတ်ပေ။
သူမ အားနာမနေဘဲ သူမအကြိုက်ဆုံး လက်ဖက်ရည်နှင့် မုန့်အချို့ကို မှာယူလိုက်၏။ မုန့်များပြင်ဆင်ရန် အချိန်အနည်းငယ် ပိုကြာသော်လည်း ချမ့်ယွမ် နန်းဆောင်ရှိ နန်းတွင်းဝန်ထမ်းအားလုံးမှာ ဧကရာဇ်၏ နှလုံးသားထဲတွင် ဤကိုယ်လုပ်တော်၏ အဆင့်အတန်းကို သိရှိထားကြသဖြင့် မည်သူမျှ သူမကို စောင့်မနေစေဝံ့ကြချေ။
မကြာမီမှာပင် ပူပူနွေးနွေး ဟင်းလျာများကို သယ်ဆောင်လာကြရာ ထိုအထဲတွင် အငွေ့တထောင်းထောင်းထနေသော ပုစွန်ကိတ်ခြင်းတောင်းလည်း ပါဝင်သည်။ ပုစွန်များကို အရုဏ်မတက်မီကမှ ဖမ်းဆီးထားခြင်း ဖြစ်ပြီး မှို၊ ဆောင်းဦး ဝါးမြစ်တို့နှင့် ပေါင်းစပ်ထားသဖြင့် လျှာပေါ်တွင် အရည်ပျော်သွားစေလောက်အောင် လတ်ဆတ်သော အရသာကို ပေးစွမ်း၏။ မုန့်ဖတ်များမှာလည်း အနေတော် ကျစ်လျစ်လှသည်။
တစ်ဖက်တွင်မူ မိဖုရားခေါင်ကြီးသည် ဧကရာဇ်၏ ထူးထူးခြားခြား ရုတ်တရက်ဆန်ပြီး ရိုင်းပျသော အပြုအမူကြောင့် ထိတ်လန့်သွားခဲ့ရသည်။ စိတ်ကို ပြန်လည်စုစည်းပြီးနောက် သူမသည် ဖြစ်ပျက်သမျှကို စတင်ချိတ်ဆက် စဉ်းစားကြည့်တော့၏။
ဖေးလင်ယွဲ့မှာ မိဖုရားခေါင်ကြီး ယန်ကျောက်ဖေးကို စာကြည့်ဆောင်သို့ ခေါ်ဆောင်သွားပြီး ကျန်ရှိသောသူအားလုံးကို အပြင်သို့ ထွက်သွားစေခဲ့လိုက်သည်။
ယန်ကျောက်ဖေးသည် လိုရင်းကို တိုက်ရိုက်ပင် မေးလိုက်၏။ "အရှင်မင်းကြီး... ဟွေ့ဖေးရဲ့ ခေါင်းပေါ်မှာ ပေါ်နေတဲ့ စာလုံးတွေကို အရှင်မင်းကြီး တကယ်ပဲ မြင်နေရတာလား"
ထိုအသံများထဲမှ တစ်ခုမှာ ဟွေ့ဖေး၏ အသံနှင့် တူနေသည်။ သူမသည် ဟွေ့ဖေး ဘာတွေ တွေးနေသည်ကို ရုတ်တရက် မြင်တွေ့နိုင်သွားခြင်းလော။
ဧကရာဇ်၏ မျက်နှာအမူအရာက ထိုအချက်ကို အတည်ပြုပေးလိုက်သည်။ "မိဖုရားခေါင်ကြီးလဲ အခု အဲဒါကို မြင်နိုင်သွားပြီ ထင်တယ်"
"သူက သူ့ကိုယ်သူ ပြန်ပြောနေတာလား၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်နဲ့လား" မိဖုရားခေါင်ကြီးက မအောင့်နိုင်ဘဲ မေးလိုက်သည်။ ဧကရာဇ်၏ လေသံအရ သူသည် အစကတည်းက မြင်နေခဲ့ပုံရ၏။ ထိုသူသည် အဆိုပါကိစ္စကို သေချာစွာ ဖုံးကွယ်ထားခဲ့ခြင်းပင်။
နဂိုက ဟွေ့ဖေးကို ရွံရှာမုန်းတီးခဲ့သော မယ်တော်ကြီးက နောက်ပိုင်းတွင် အမူအရာ ပြောင်းလဲသွားကာ သူမကို အဖိုးတန်သကဲ့သို့ အလွန်အမင်း အလိုလိုက်လာခဲ့သည်ကို ပြန်လည်သတိရရင်း ယန်ကျောက်ဖေး တစ်ယောက် အားလုံးကို နားလည်သွားရခဲ့သည်။
"မယ်တော်လဲ မြင်ရတာလား"
ယခုအခါ မိဖုရားခေါင်ကြီးကိုယ်တိုင် မြင်တွေ့သွားပြီ ဖြစ်သဖြင့် ဖေးလင်ယွဲ့သည် အမှန်တရားကို ဆက်၍ ဖုံးကွယ်မထားတော့ပေ။
"ဟွေ့ဖေးက သူ့ကိုယ်သူ စကားပြောနေတာ မဟုတ်ဘူး။ သူ့ကို နတ်ဘုရားက ကောင်းချီးပေးထားတယ်လို့ ကိုယ်တော် ပြောခဲ့တာ အလကား ပြောခဲ့တာ မဟုတ်ဘူး။ တကယ်တော့ သူက နတ်ဘုရားတစ်ပါးနဲ့ ဆက်သွယ်နေတာ"
"အဲဒီ နတ်ဘုရားက သူ့ကို ခဏခဏ တာဝန်တွေ ပေးလေ့ရှိတယ်၊ ပြီးမြောက်သွားရင်တော့ ဆုလာဘ်တွေ ရတာပေါ့" ဖေးလင်ယွဲ့က လွန်ခဲ့သော တာဝန်များနှင့် ဆုလာဘ်အချို့ကို ပြောပြရင်း ရှင်းပြသည်။ သူ၏ လေသံထဲတွင် အနည်းငယ် စိတ်ပျက်ဟန် ပါဝင်နေကာ ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ဟွေ့ဖေးက အဲဒီတာဝန်တွေကို လုပ်ဖို့ ခဏခဏ ငြင်းဆန်နေတတ်တယ်"
ဧကရာဇ်၏ စကားများကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က မိဖုရားခေါင်ကြီး၏ သံသယများမှာ နောက်ဆုံးတွင် ရှင်းလင်းသွားခဲ့လေပြီ။
ဧကရာဇ်က ဟွေ့ဖေးကို ဘာကြောင့် ရုတ်တရက် အလိုလိုက်လာသည်ဆိုသည်မှာ မဆန်းတော့ပေ၊ အားလုံးမှာ ထိုတာဝန်များနှင့် ဆက်စပ်နေသော ဆုလာဘ်များကြောင့်ပင်။
ဟွေ့ဖေးက ထိုတာဝန်များကို လုပ်ဆောင်ရန် ဘာကြောင့် ဝန်လေးနေသည်မှာလည်း နားလည်နိုင်လေသည်။ ထိုတာဝန်များက သူမကို အမြင့်ဆုံး ရာထူးနေရာသို့ တွန်းပို့နေသလိုဖြစ်ပြီး သူမ၏ စိတ်ရင်းကို သစ္စာဖောက်ကာ တခြားသူများကို နစ်နာအောင် လုပ်ရန်ပင် လိုအပ်နေသောကြောင့် ဖြစ်၏။
ဟွေ့ဖေးမှာ လူတွေကို နာကျင်အောင် လုပ်မည့်သူမျိုး မဟုတ်ဘဲ လိမ္မာရေးခြားရှိပြီး အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ သို့မဟုတ်ပါက သူမ အစွပ်စွဲခံရပြီး အအေးနန်းဆောင်သို့ အပို့ခံရချိန်တွင် ထိုနေရာ၌ လက်လျှော့ကာ စိုက်ပျိုးရေး လုပ်နေမည် မဟုတ်ပေ။
ဟွေ့ဖေး မလုပ်ချင်သော အရာများကို အတင်းအကျပ် ခိုင်းစေနေခြင်းမှာ တကယ့် နတ်ကောင်းနတ်မြတ်လား၊ ဒါမှမဟုတ် နတ်ဆိုးတစ်ပါးလား။
မဟုတ်ဘူး... ပေးသနားသော ဆုလာဘ်များမှာ စစ်မှန်ပြီး တန်ဖိုးရှိလှသဖြင့် ဧကရာဇ်၏ စိတ်ထဲတွင်မူ ဤနတ်ဘုရားမှာ တရားမျှတသော နတ်ဘုရားတစ်ပါး ဖြစ်ရပေမည်။
"ဒါဆို အရှင်မင်းကြီးက ဟွေ့ဖေးရဲ့ တာဝန်တွေ ပြီးမြောက်ဖို့ ကိုယ်တိုင် ကူညီပေးခဲ့တာပေါ့" ယန်ကျောက်ရုန်ကမူ သိနားလည်သော အပြုံးဖြင့် မေးလိုက်သည်။ အမှန်တရား အလုံးစုံကို သိလိုက်ရပြီးနောက် သူမ ခံစားခဲ့ရသော မကျေနပ်ချက်များမှာ နေရောင်အောက်မှ ဆီးနှင်းများကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
တိုင်းပြည်၏ မိဖုရားခေါင်ကြီးတစ်ပါးအနေဖြင့် သူမ၏ ခံစားရမှုများက ဤကဲ့သို့သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်မည်ဆိုပါက သူမ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်။
ထို့အပြင်... ဟွေ့ဖေးသည် သူမ၏ ကိုယ်ပိုင်အကျိုးစီးပွားကို စတေးပြီး သူမအတွက် ရပ်တည်ပေးရန်ပင် ဆန္ဒရှိခဲ့သည်။ ယန်ကျောက်ဖေး ရုတ်တရက် မြင်တွေ့လိုက်ရသော ဟွေ့ဖေးနှင့် နတ်ဘုရားတို့ ဆက်သွယ်နေမှုမှာ ကောင်းကင်ဘုံက ပေးလိုက်သော နိမိတ်တစ်ခုပင် ဖြစ်ရမည်။
မိဖုရားခေါင်ကြီး၏ စိုက်ကြည့်နေမှုအောက်တွင် ဖေးလင်ယွဲ့မှာ အကြောင်းပြချက်မရှိဘဲ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရ၏။ သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။ "ကျောက်ဖေး... မင်း ငါ့ရဲ့ အခက်အခဲတွေကို နားလည်တယ် မဟုတ်လား"
ယန်ကျောက်ဖေး၏ နှုတ်ခမ်းထောင့်တွင် အပြုံးနုလေးတစ်ခု ပေါ်လာသည်။ "ချန်ချဲ့ကတော့ အရှင်မင်းကြီးရဲ့ အခက်အခဲတွေကို နားလည်ပါတယ်၊ ဒါပေမဲ့ ဟွေ့ဖေးက ရိုးသားပြီး ခေါင်းမာတတ်တော့ သူမ ဒီအရာတွေကို အပြည့်အဝ နားမလည်နိုင်လောက်ဘူး"
တကယ်တော့ ဟွေ့ဖေး၏ နှလုံးသားထဲတွင် သူမ၏ နေရာမှာ ဧကရာဇ်ထက်ပင် သာလွန်နေနိုင်သေး၏။
ဤအချက်ကို တွေးမိသောအခါ ယန်ကျောက်ဖေးမှာ ပူပြင်းသော နွေရာသီတွင် အေးမြသော ဖျော်ရည်ကို သောက်လိုက်ရသကဲ့သို့ ပျော်ရွှင်ကြည်နူးသွားရသည်။
••••••
ဧကရာဇ်မင်းမြတ် - ငါ့ရဲ့အဆင့်အတန်းက လူဘယ်နှစ်ယောက်ရဲ့နောက်ကိုတောင် ရောက်နေပြီလဲ။