အခန်း ၄၆
Vol. 5 Ch. 46
ငါးဆားနယ် ကိုယ်လုပ်တော်
အပိုင်း ၄၆
"ဒါတင်မကသေးဘူး..."
ယွမ်ဟွေ့ရုန်၏ မျက်လုံးများ ပြူးသွားရသည်။ ထပ်ရှိသေးတယ် ဟုတ်လား။
"သူမ နောက်ထပ် ဘာလုပ်ခဲ့သေးလဲ"
မိဖုရားခေါင်ကြီးက သိမ်မွေ့စွာ ပြုံးလိုက်၏။ "သူမက ရွှံ့စေးစာလုံးရိုက်နှိပ်စနစ် တီထွင်မှုထက် မနည်းတဲ့ ကောင်းမှုကုသိုလ်တစ်ခုကို ယူဆောင်လာပြီး အဲဒါနဲ့ ငါ့ကို ကာကွယ်ဖို့ ကြိုးစားခဲ့တာ"
"သတိပေးရမယ်ဆိုရင် မြို့စားချင်ကိုပဲ သတိပေးသင့်တယ်လို့ သူက ပြောသေးတယ်"
ယွမ်ဟွေ့ရုန်သည် ဤနေရာတွင် မရှိသော ဟွေ့ဖေးအား စိတ်ထဲကနေ လက်မထောင်၍ ချီးကျူးလိုက်မိသည်။
ယွီမြောင်ဟွာသည် တကယ့် ရဲရင့်သူဖြစ်ပြီး မိဖုရားခေါင်ကြီးအတွက် ဤမျှအထိ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သူမ လုံးဝဥဿုံ ရှုံးနိမ့်သွားခဲ့ပြီပင်။
သူမက ထိုသို့ အထင်လွဲခဲ့မိခြင်းအတွက်—သေထိုက်လှပေသည်။ ဟွေ့ဖေး အဲဒီလောက် ဒေါသထွက်တာ မဆန်းပါဘူး။ သူမသာဆိုလျှင်လည်း ဤမျှလွယ်လွယ်နှင့် ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
ဟွေ့ဖေးက တကယ့်ကို စိတ်သဘောထား ကောင်းလှသည်။
ယွီမြောင်ဟွာကိုယ်တိုင် မသိလိုက်ဘဲ သူမသည် ယွမ်ဟွေ့ရုန်၏ စိတ်ထဲတွင် "လူကောင်းတစ်ယောက်" အဖြစ် သတ်မှတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
"အာ... သူမရဲ့ စိတ်နေသဘောထားနဲ့ဆိုရင် တခြားလူတွေရဲ့ အမြတ်ထုတ်တာကို ခံရဖို့ လွယ်တာပေါ့" ယွမ်ဟွေ့ရုန် စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
မိဖုရားခေါင်ကြီးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။ "ငါတို့ သူမကို ပိုပြီး စောင့်ရှောက်ပေးရမှာပေါ့"
ထိုသို့ဖြင့် သူတို့နှစ်ဦးသည် ယွီမြောင်ဟွာအပေါ် စောင့်ရှောက်ရန် သဘောတူညီချက်တစ်ခု ရရှိသွားခဲ့ကြသည်။
"ဘာပဲဖြစ်ဖြစ်... လာမဲ့ရက်အနည်းငယ်အတွင်း ငါ ကျန်းမာရေး ပြန်လည်ထူထောင်နေတယ်လို့ပဲ ပြောထားမယ်။ သတင်းတွေ အပြင်ကို မပေါက်စေနဲ့"
ယွမ်ဟွေ့ရုန်က ပြောလိုက်သည်။ "စိတ်ချပါ မိဖုရားခေါင်ကြီး... ချန်ချဲ့ မအပါဘူး"
"အန်းနင်ကိုတောင် ငါ မပြောဘူး" သူမက ဆို၏။ အန်းနင်သည် ယွမ်ဟွေ့ရုန်၏ အယုံကြည်ရဆုံး အစေခံဖြစ်ပြီး သူမ ဧကရာဇ်နှင့် လက်ထပ်စဉ်က မိဘများက ခန်းဝင်ပစ္စည်းအဖြစ် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။
မိဖုရားခေါင်ကြီး စိတ်အေးသွားခဲ့ရသည်။ ဟွေ့ရုန်သည် အလွန်အမင်း ထက်မြက်သူမဟုတ်သော်လည်း လျှို့ဝှက်ချက်ကိုမူ ထိန်းသိမ်းနိုင်စွမ်း ရှိပေသည်။
.....
ကွမ်ကျွီ နန်းဆောင်သို့ ပြန်ရောက်သောအခါ ယွီမြောင်ဟွာ စောစောက မှာထားခဲ့သော စားသောက်ပွဲကြီးမှာ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မီးဖိုကြောင့် ထွက်လာသော သူမ၏ နဖူးပေါ်က ချွေးများကို သုတ်ရင်း သက်ပြင်းချလိုက်မိသည်—ဒီနေ့လယ်စာကတော့ တကယ့်ကို ခရီးရောက်လှပေသည်။
"ကဲ... အားလုံး စားကြရအောင်"
သူမ ထိုင်လိုက်သောအခါ သူမ၏မိခင်နှင့် ညီမတို့၏ မျက်နှာပေါ်ရှိ ဖုံးကွယ်မရသော စိုးရိမ်မှုများကို သတိပြုမိလိုက်သဖြင့် ယွီမြောင်ဟွာက ပြုံးပြလိုက်၏။ "စိတ်အေးအေးထားကြပါ၊ ကွေ့ဖေးနဲ့ သမီးကြားက အထင်လွဲတာတွေ အကုန်ပြေလည်သွားပါပြီ"
"သူမက မြောက်ပင်း အတွက် ကြာပန်းပုံစံ ပိုးပန်းလေးတွေတောင် လုပ်ပေးမယ်လို့တောင် ကတိပေးခဲ့သေးတယ်"
ယွီမြောင်ပင်းမှာ အံ့အားသင့်ဝမ်းသာသွားရသည်။ "ညီမအတွက်လဲ ပါတာလား"
ယွီမြောင်ဟွာက ခေါင်းညိတ်လိုက်၏။ "ညီမလေး ကြာပန်းကြိုက်တယ်လို့ ပြောလိုက်တော့ သူမက သဘောတူခဲ့တာပဲ"
သူမ၏ သမီးငယ်မှာ ကွေ့ဖေး၏ မျက်စိထဲတွင် အရေးပါသူမဟုတ်ကြောင်း ဝမ်ယနျဉ် သိသည်။ ကွေ့ဖေးကိုယ်တိုင် ပိုးပန်းလုပ်ပေးရန် လိုလားခြင်းက သူမ၏ စစ်မှန်သော နောင်တကို ပြသနေခြင်း ဖြစ်ပေသည်။
မြောင်ဟွာနှင့် ကွေ့ဖေးတို့အကြား ပဋိပက္ခဖြစ်မည်ကို စိုးရိမ်ခဲ့ရသော စိုးရိမ်စိတ်များမှာ နောက်ဆုံးတွင် ကင်းစင်သွားခဲ့ရတော့သည်။
ယွီမြောင်ဟွာက ပြောလိုက်သည်။ "အမေ... ဒီ 'ရတနာရှစ်မျိုး ကြက်ကင်' ကို မြည်းစမ်းကြည့်ပါအုံး။ အတွင်းက အစာသွတ်က အကောင်းဆုံးပဲ၊ သိပ်ကို မွှေးတာ"
ယွီမြောင်ပင်းကမူ သိုးနံရိုးကင်ကို အားရပါးရ စားနေခဲ့ပြီ ဖြစ်သည်။ ထိုနံရိုးများမှာ သိုးပေါက်ကလေးထံမှ ရရှိသဖြင့် နူးညံ့ပြီး အနံ့အသက်ကင်းကာ၊ နန်းတွင်းစားဖိုမှူး၏ လျှို့ဝှက်အမွှေးအကြိုင်များနှင့် ယွီမြောင်ဟွာ၏ ငရုတ်သီးများ ပါဝင်သဖြင့် တစ်လုပ်စားရုံနှင့်တင် လူကို နတ်စည်းစိမ် ခံစားရသကဲ့သို့ ဖြစ်စေသည်။
သူမ၏အစ်မကဲ့သို့ပင် ယွီမြောင်ပင်းသည်လည်း စပ်သောအရသာကို နှစ်သက်သည်။ "အစ်မ... ဒီငရုတ်သီးတွေက တကယ့်ကို ကောင်းတာပဲ"
ဝမ်ယနျဉ်ကမူ စပ်သောအစားအစာကို မစားနိုင်သဖြင့် မစပ်သော နံရိုးများကိုသာ ရွေးချယ်စားသုံးခဲ့၏။
ယွီမြောင်ဟွာက ပြောလိုက်သည်။ "ဒီအစေ့အချို့ကို အိမ်သယ်သွားပြီး စိုက်ကြည့်လိုက်။ သုံးလလောက်ဆိုရင် အသီးသီးပြီ"
"ဟုတ်ကဲ့" ယွီမြောင်ပင်းက သူမကိုယ်တိုင် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်၏။
နေ့လယ်စာ စားပြီးနောက် ယွီမြောင်ဟွာသည် အစာကြေစေရန် နန်းဆောင်ပတ်လည်တွင် လမ်းအနည်းငယ်လျှောက်ပြီး ပုံမှန်အတိုင်း နေ့လယ်အိပ်စက်ရန် ပြင်ဆင်လိုက်သည်။
သူမ မအိပ်စက်မီတွင် ယွမ်ဟွေ့ရုန်သည် မိမိပစ္စည်းများကို လာရောက်ယူဆောင်ရုံသာမက စာလုံးအလှရေးနည်းများနှင့် ပန်းချီကားချပ် အချို့ကိုပါ ယူဆောင်လာခဲ့သည်—၎င်းတို့အားလုံးမှာ မြို့တော်ရှိ အိမ်ကြီးအိမ်ကောင်းတစ်လုံးနှင့်ပင် လဲလှယ်နိုင်လောက်သော အဖိုးတန် လက်ရာမွန်များ ဖြစ်ကြသည်။
ယွမ်ဟွေ့ရုန်ကဲ့သို့သော စာပေမျိုးရိုးမှ ဆင်းသက်လာသူသာလျှင် ယခုကဲ့သို့သော ရတနာများကို တောင်းပန်ခြင်းအဖြစ် လွယ်လွယ်ကူကူ ပေးနိုင်ခြင်း ဖြစ်၏။ သူမသည် ဤတစ်ကြိမ်တွင် တကယ်ကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သည်။
ထိုအထဲတွင် ယွီမြောင်ဟွာသည် ကျော်ကြားသော ပန်းချီဆရာ ဝမ်ရွှမ်း၏ ပန်းချီကားကို တွေ့လိုက်ရရာ ၎င်းမှာ သူမဖခင် အနှစ်သက်ဆုံး ပန်းချီဆရာ ဖြစ်သည်။ သို့ဖြစ်၍ သူမ၏မိခင်အား ဖခင်အတွက် ယူဆောင်သွားခိုင်းရန် ဆုံးဖြတ်လိုက်၏။
လက်ဆောင်များကို သိုလှောင်ခန်းထဲ ထည့်ပြီးနောက် ယွီမြောင်ဟွာသည် အေးချမ်းစွာ လှဲလျောင်းလိုက်သည်။
ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များမှာ တစ်ပတ်စာထက်ပင် ပို၍ များပြားလှသဖြင့် သူမ၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေကာ အိပ်ပျော်ရန် မဖြစ်နိုင်ခဲ့ချေ။
ဇာတ်လမ်းတွဲတွေ ကြည့်ရမယ့်အချိန်ပဲ။
နေပါဦး—
ဖုန့်ယီ နန်းဆောင်မှ ထွက်လာကတည်းက နန်းတွင်းလုပ်ကြံမှုစနစ်သည် ပုံမှန်မဟုတ်အောင် တိတ်ဆိတ်နေခဲ့ကြောင်း ယွီမြောင်ဟွာသတိပြုမိလိုက်သည်။
သြော်... ဟုတ်သားပဲ။ ဒီနေ့ စနစ်က အဆင့်မြှင့်တင်ထားတာပဲ။
[စနစ်... မင်း ဘာလုပ်ဆောင်ချက်အသစ်တွေ ရခဲ့လဲ] ဟု သူမက မေးလိုက်၏။
တိတ်ဆိတ်နေဆဲပင်။
ယွီမြောင်ဟွာ စိတ်ပျက်သွားရသည်။ အသံတစ်ချက်မျှ ထွက်မလာသည်မှာ မဆန်းတော့ချေ။
[ငါက မင်းကို အဆင့်တက်အောင် ကြိုးကြိုးစားစား ကူညီပေးခဲ့တာကို၊ အဆင့်မြှင့်ပြီးတော့ ဘာအကျိုးကျေးဇူးမှ မရဘူးလို့တော့ မပြောနဲ့နော်]
စနစ်၏ လေသံမှာ အပြစ်မကင်းသလို ထွက်ပေါ်လာခဲ့သည်။
[Host ရဲ့ ပိတ်ပင်ခွင့် အခွင့်အရေးတွေ တိုးလာပါတယ်။ အခုဆိုရင် တစ်ရက်ကို ငါးကြိမ်အထိ ပိတ်ထားလို့ရပြီး တစ်ကြိမ်ကို နှစ်နာရီကြာပါတယ်]
ယွီမြောင်ဟွာမှာ နှာခေါင်းသာ ရှုံ့လိုက်ချင်တော့၏။
[အဲဒီလုပ်ဆောင်ချက်ကို ငါသိပြီးသား! တခြားကော ဘာရှိသေးလဲ]
[ကျွန်တော့်ရဲ့ စာလုံးအရောင်လေး အခု ဘယ်လောက်လှလဲဆိုတာ Host သတိမထားမိဘူးလား]
[ဒါက အရမ်းတောက်လွန်းလို့ ငါ့မျက်စိတောင် ကျိန်းတယ်!]
သူမမှာ စနစ်၏ အရသာမရှိသော အမြင်အပေါ် လုံးဝ စိတ်ပျက်သွားခဲ့ရသည်။
[ဒါဆို... တခြား လုပ်ဆောင်ချက်အသစ်တွေ လုံးဝမပါဘူးပေါ့]
[Host ရေ... ကျွန်တော် မနေ့က ထန်ဟွာ (တတိယအဆင့် စာပေပညာရှင်)နဲ့ စစ်သူကြီးငယ်တို့ရဲ့ အလွန်လှပတဲ့ ဓာတ်ပုံအချို့ကို ရိုက်ထားတယ်။ ကြည့်လိုက်ပါအုံး! ကြည့်လိုက်ပါအုံး!]
ယွီမြောင်ဟွာသည်လည်း သူမ၏ အခွင့်အရေးများကို လက်လွတ်မခံချင်ပေ။ လွန်ခဲ့သော နှစ်ရက်အတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် ထန်ဟွာနှင့် အခြားလူများအကြောင်းကို မေ့နေခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့တာတွေ ပြီးပါပြီဖြစ်ရာ၊ သူမအနေဖြင့် ထိုအရာများကို ထပ်ပြီး မတွေးတောတော့ဘဲ—လက်ရှိအချိန်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရန်သာ အရေးကြီးဆုံး ဖြစ်ပေသည်။
စနစ်၏ ဓာတ်ပုံရိုက်ကူးမှု အရည်အချင်းမှာ တကယ့်ကို ထိပ်တန်းအဆင့် ဖြစ်သည်။ ပုံတစ်ပုံချင်းစီတိုင်းမှာ အဆင့်မြင့် မဂ္ဂဇင်းမျက်နှာဖုံးများကဲ့သို့ပင် လှပလွန်းလှ၏။
ဝန်ခံရလျှင် ထန်ဟွာ၏ ရုပ်ရည်မှာ သူမ၏ အကြိုက်နှင့် ကွက်တိပင် ဖြစ်သည်—ရှေးရိုးဆန်ဆန် ခန့်ညားပြီး၊ စူးရှထင်ရှားသော မျက်နှာသွင်ပြင်နှင့် အရပ်ရှည်ကာ ပခုံးကျယ်ပြီး ခါးသေးသော အပြစ်ပြောစရာမရှိသည့် ကိုယ်လုံးကိုယ်ထည် ရှိသည်။ နန်းတွင်းဝတ်စုံကပင် သူ့အတွက် သီးသန့်ချုပ်လုပ်ထားသကဲ့သို့ ဖြစ်နေ၏။
စစ်သူကြီးငယ်မှာမူ လုံးဝကွဲပြားခြားနားသော ဆွဲဆောင်မှုမျိုး ရှိသည်—သူ၏ စူးရှသော အကြည့်များနှင့် မြင့်မြတ်သော အရှိန်အဝါက အေးစက်လှပသော အရသာကို ပေးစွမ်းနေခဲ့သည်။
စနစ်သည် ထိုနှစ်ဦးတည်းသာမက အိမ်ရှေ့မင်းသားနှင့် ဒုတိယမင်းသားတို့၏ ဓာတ်ပုံများကိုပါ မြောက်မြားစွာ ရိုက်ကူးထားခဲ့၏။
အဆင့်အတန်းကို ဖယ်ထားလျှင် ထန်ဟွာ၊ စစ်သူကြီးငယ်နှင့် အိမ်ရှေ့မင်းသားတို့ အားလုံးသည် သူမ သဘောကျသော ရုပ်ရည်နှင့် အရှိန်အဝါမျိုး ရှိကြသည်ဟု ယွီမြောင်ဟွာဝန်ခံရပေမည်။
တစ်လအတွင်း သူမအနေဖြင့် အချစ်ရေးအတွက် ပစ်မှတ်သုံးဦးကို အတည်ပြုရမည် ဖြစ်သည်။ ထို့အပြင် အတည်ပြုပြီးနောက် တကယ် လိုက်၊ မလိုက်ဆိုသည်မှာမူ သူမ၏ သဘောသာ ဖြစ်၏။
ယွီမြောင်ဟွာသည် အခွင့်အရေးကို အသုံးချကာ စနစ်အား မေးခွန်းအချို့ မေးလိုက်သည်။
[အကယ်၍ ငါ ဘေးထွက်တာဝန်တစ်ခုကို ဖွင့်လိုက်ရင်၊ ဆုလာဘ်တွေရဖို့ ဘယ်လောက်အထိ တိုးတက်အောင် လုပ်ရမလဲ]
သူမ စိတ်ဝင်စားသည်ကို မြင်သောအခါ စနစ်က ၎င်း၏ လုပ်ဆောင်ချက်များကို တက်ကြွစွာ ရှင်းပြတော့သည်။
[ဆုလာဘ်ရနိုင်တဲ့ လမ်းကြောင်း သုံးခု ရှိပါတယ်။ ပထမတစ်ခုကတော့ နှစ်သက်မှုအဆင့်ပေါ် မူတည်ပြီး အမြင့်ဆုံး ရမှတ်က ၁၀၀ ပါ။ အဆင့် ၂၀၊ ၃၀၊ ၅၀၊ ၇၀၊ ၉၀ နဲ့ ၁၀၀ ရောက်ရင် ဆုလာဘ်တွေ ရပါလိမ့်မယ်]
[နောက်တစ်ခုကတော့ ဘေးထွက်တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြစ်ပြီး အဲဒါတွေကတော့ ကျပန်းပေါ်လာမှာပါ]
[နောက်ဆုံးတစ်ခုကတော့ CG စုဆောင်းခြင်း ဖြစ်ပါတယ်—ထူးခြားတဲ့ မြင်ကွင်းတွေကို ဖွင့်နိုင်ရင်လဲ အဖိုးတန် ဆုလာဘ်တွေ ရမှာပါ]
ရုတ်တရက် ယွီမြောင်ဟွာ တစ်ခုခုကို သတိရသွားခဲ့သည်။
[ဒါဆို... အကယ်၍ ပစ်မှတ်ရဲ့ မူလနှစ်သက်မှုက ၅၀ ရှိနေရင်၊ ငါ အတည်ပြုလိုက်တာနဲ့ ၂၀၊ ၃၀၊ ၅၀ ရဲ့ ဆုလာဘ်တွေကို ချက်ချင်း ရနိုင်တာပေါ့ ဟုတ်လား]
[မှန်ပါတယ်!]
[ငါ သူတို့ရဲ့ နှစ်သက်မှုအဆင့်ကို ကြည့်လို့ရမလား]
[နှစ်ပတ်မှာ တစ်ကြိမ် စစ်ဆေးလို့ ရပါတယ်]
ယွီမြောင်ဟွာ စိတ်ကျေနပ်သွားခဲ့ရသည်။ စနစ်ထံမှ အကျိုးအမြတ်အားလုံးကို ညှစ်ထုတ်ယူခြင်းက မဆိုးလှပေ။ သူမ အတည်ပြုရမည့် နေ့မတိုင်မီ တစ်ရက်အလိုတွင် နှစ်သက်မှုအဆင့် အမြင့်ဆုံးရှိသော သုံးဦးကိုသာ ရွေးချယ်လိုက်ရုံပင် ဖြစ်သည်။
တကယ့်ကို ပါးနပ်သော အကွက်တစ်ခု ဖြစ်၏။
နောက်ပိုင်းတွင် ပေါ်လာမည့် တာဝန်များအတွက်မူ—သူမ စိတ်ပါမှသာ လုပ်ဆောင်ပေမည်။
ရွေးချယ်မှု မပြုလုပ်မီ တစ်လအလိုတွင် သူမ၏ လျာထားသူများ၏ လက်ရှိ နှစ်သက်မှုအဆင့်ကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
သူမက စနစ်အား ဆက်လက် မေးမြန်းလိုက်၏။
[လျာထားတဲ့လူတွေ အားလုံးကို အတည်ပြုပြီးပြီလား]
[မပြီးသေးပါဘူး။ သတ်မှတ်ရက် မတိုင်ခင်အထိ စံနှုန်းနဲ့ ကိုက်ညီတဲ့လူနဲ့ တွေ့ရင် စာရင်းထဲ ထပ်ထည့်လို့ ရပါသေးတယ်]
ယွီမြောင်ဟွာ အကြမ်းဖျင်း နားလည်သွားခဲ့ပြီပင်။ သူမသည် လျာထားသူအားလုံး၏ နှစ်သက်မှုအဆင့်ကို ကြည့်ရှုသည့် ခလုတ်ကို နှိပ်လိုက်၏။
ထူးဆန်းသည်မှာ အဓိကပစ်မှတ်ဖြစ်သော ဧကရာဇ်၏ နှစ်သက်မှုအဆင့်မှာ မပေါ်ဘဲ ရှိနေပြီး မည်မျှပင် မြင့်မားပါစေ ဆုလာဘ်များ ပေးအပ်ခြင်း မရှိချေ။ မတရားလိုက်တာဟု ဆိုရပေမည်။
ချက်ချင်းဆိုသလိုပင် လျာထားသူ တစ်ဦးချင်းစီ၏ အမည်အောက်တွင် ဂဏန်းများ ပေါ်လာခဲ့သည်။
"အမလေးလေး—!"
မြင်လိုက်ရသော အရာကြောင့် ယွီမြောင်ဟွာ လုံးဝ အံ့အားသင့်သွားရ၏။
အနိမ့်ဆုံးမှာ ဒုတိယမင်းသား ဖေးချီယောင် ဖြစ်ပြီး နှစ်သက်မှုအဆင့်မှာ -၂၀ ရှိကာ—စာရင်းထဲတွင် တစ်ဦးတည်းသော အနှုတ်လက္ခဏာ ရမှတ် ဖြစ်သည်။ အေးစက်လှပုံရသော စစ်သူကြီးငယ်ပင်လျှင် သူမအပေါ် ၅ မှတ် ရှိနေခဲ့သေးသည် မဟုတ်ပါလား။
သူမသည် သူ့ကို တစ်နည်းနည်းဖြင့် စိတ်ငြိုငြင်အောင် လုပ်ခဲ့မိလို့လား။ ဒါက ကွေ့ဖေး၏ အုပ်စုက ကွယ်ရာတွင် သူမအပေါ် မကောင်းကြံနေခြင်းကို ဆိုလိုတာလား။
ဒီအချိန်အထိ ကွေ့ဖေးက သူမရှေ့မှာ နူးညံ့တဲ့ အစ်မကြီးလို ဟန်ဆောင်နေခဲ့တာပဲ။ ဒါတွေအားလုံးက သရုပ်ဆောင်ချက်တွေပေါ့! သူမ လှည့်စားခံလိုက်ရပြီ။
ဟွန့်... ယွီမြောင်ဟွာသည် ထိုနေရာတင်ပဲ ဆုံးဖြတ်လိုက်သည်—ဖေးချီယောင်အား စာရင်းထဲမှ လုံးဝ ဖြုတ်ပစ်လိုက်တော့မည်။
သူမ တော်တော်လေး သဘောကျသော ထန်ဟွာမှာမူ နှစ်သက်မှုအဆင့် ၁၀ ရှိနေခဲ့၏။
သူမ အံ့ဩမနေခဲ့ပေ။ ရွှံ့စေးစာလုံးရိုက်နှိပ်စနစ်တွင် သူမ၏ ပါဝင်ကူညီမှုကြောင့် စာပေပညာရှင်များအကြား သူမ၏ ဂုဏ်သတင်းမှာ တော်တော်လေး ကောင်းမွန်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် အကြီးမားဆုံး အံ့အားသင့်စရာမှာ အိမ်ရှေ့မင်းသား ဖြစ်နေခဲ့၏—သူ၏ နှစ်သက်မှုအဆင့်မှာ အမြင့်ဆုံး ၂၀ ဖြစ်နေပြီး ပထမဆုံး ဆုလာဘ်အဆင့်ကို ရယူရန် လုံလောက်နေသည်။ သို့သော်လည်း သူက သူမ၏ အတိတ်က စိတ်ကူးယဉ်ခဲ့ဖူးသူကို သတိရစေသောကြောင့် သူမသည် သူ့ကို စိတ်ထဲတွင် မကြာခဏဆိုသလို လှောင်ပြောင်ခဲ့မိသည်။
ယခုတော့ ယွီမြောင်ဟွာတစ်ယောက် အိပ်၍ မပျော်နိုင်တော့ချေ။
အား... သူမ စိတ်ထဲတွင် အနည်းငယ်တော့ အပြစ်မကင်းသလို ခံစားလိုက်ရ၏။
……
နန်းတော်ဟူသည် အကြားအမြင် ထက်မြက်သူများနှင့် ပြည့်နှက်နေသည့် နေရာဖြစ်ရာ၊ အထူးသဖြင့် မွန်းတည့်ချိန်က ဟွေ့ဖေး၏ ပြဇာတ်ခင်းမှုအပြီးတွင် ပို၍ ဆိုးဝါးလာခဲ့သည်။
အာရုံစိုက်မှုအားလုံးသည် ယခုအခါ မိဖုရားခေါင်ကြီး၏ နန်းဆောင်၊ ကွေ့ဖေး၏ နန်းဆောင်နှင့် ဟွေ့ဖေး၏ နန်းဆောင်တို့ဆီသို့ ရောက်ရှိနေပြီး ကောလာဟလများမှာလည်း တောမီးပမာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်၏။
အချို့က မိဖုရားကြီးမှာ နေမကောင်းဖြစ်ခြင်း မဟုတ်ဘဲ သူမ၏ မိသားစု ပြုလုပ်ခဲ့သော အမှားများကြောင့် အကျဉ်းချခံထားရခြင်း ဖြစ်သည်ဟု ပြောကြသည်။
အခြားလူများကမူ ဟွေ့ဖေးကသာ တကယ့် တရားခံဖြစ်ပြီး—သူမက ဧကရာဇ်၏ စိတ်ကို မှိုင်းတိုက်ကာ အိမ်ရှေ့မင်းသား၏ ဂုဏ်သိက္ခာကိုပင် ငဲ့ကွက်ခြင်းမရှိဘဲ မိဖုရားကြီးအား အပြစ်ပေးရန် လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြ၏။
ကွေ့ဖေးသည် မိဖုရားခေါင်ကြီးအတွက် ဟွေ့ဖေးနှင့် ပြင်းထန်စွာ အချေအတင် စကားများခဲ့သော်လည်း၊ အမြဲတမ်း ရန်ပွဲကို ဖြန်ဖြေတတ်သော မိဖုရားခေါင်ကြီးကသာ ကွေ့ဖေးအား မာနကို လျှော့ချပြီး ဟွေ့ဖေးကို စိတ်ကျေနပ်အောင် လုပ်ရန် တိုက်တွန်းခဲ့သည်ဟူသော ကောလာဟလများပင် ရှိနေခဲ့သည်။
ထို့ထက်ပို၍ ရဲတင်းသော ကောလာဟလများလည်း ရှိသေးသည်—ရာထူးတိုးမြှင့်ခံရခါစ ဟွေ့ဖေးသည် သူမတွင် ကိုယ်ဝန်ရှိနေသောကြောင့် မိဖုရားခေါင်ကြီးအား ရဲရဲဝံ့ဝံ့ ပစ်မှတ်ထားဝံ့ခြင်း ဖြစ်သည်ဟူ၍ ဖြစ်၏။
ဖေးချီယန်သည် သူ၏ လက်အောက်ငယ်သားများက ဤရယ်စရာကောင်းသော ပုံပြင်များကို လာရောက် သတင်းပို့နေသည်ကို မည်သည့်အမူအရာမျှမပြဘဲ နားထောင်နေခဲ့သည်။
ဒါတွေက ဘာလျှောက်ပြောနေကြတာလဲ။
သူသည် အခွန်ဝန်ကြီးဌာနတွင် တာဝန်များကို ပြီးဆုံး၍ အရှေ့နန်းဆောင်သို့ ပြန်ရောက်ခါစတွင်ပင် မိဖုရားခေါင်ကြီး၏ နန်းဆောင် ပိတ်ထားရကြောင်း သိလိုက်ရခြင်း ဖြစ်သည်။ တရားဝင်အားဖြင့် ကျန်းမာရေးအခြေအနေကြောင့်ဟု ဆိုသော်လည်း၊ ၎င်းက အကျဉ်းချထားခြင်းကို သိမ်မွေ့စွာ အသုံးအနှုန်း ပြောင်းထားခြင်းသာ ဖြစ်သည်မှာ ထင်ရှားလှ၏။
ထင်ရှားသည်မှာ သူ၏ဖခင်သည် သူ့အား ဤကိစ္စနှင့် ဝေးဝေးတွင် ရှိနေစေရန် အစောကတည်းက အခွန်ဝန်ကြီးဌာနသို့ စေလွှတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
ဖေးချီယန်သည် အခြေအနေကို စုံစမ်းရန် သူ၏လူများကို ဆင့်ခေါ်ခဲ့သော်လည်း သတင်းများကို ကြားရလေလေ၊ သူ၏ ခေါင်းမှာ ပို၍ ကိုက်ခဲလာလေလေ ဖြစ်၏။
ခဏမျှ စဉ်းစားပြီးနောက် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဒီအတိုင်း လျှောက်တွေးနေမည့်အစား တကယ့် အရင်းအမြစ်ဖြစ်သော—သူ၏ မိဘများထံသို့ တိုက်ရိုက် သွားရောက်မေးမြန်းခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ဖေးချီယန်သည် ပထမဦးစွာ ဧကရာဇ်၏ နန်းဆောင်ဆီသို့ ဦးတည်သွားခဲ့သည်။
ကိစ္စရပ်များမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သဖြင့် ဖေးလင်ယွဲ့တွင် အမှန်တရားကို ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိတော့ချေ။ သူသည် အိမ်ရှေ့မင်းသားကို လက်ခံတွေ့ဆုံကာ တိုက်ရိုက်ပင် မိန့်ကြားလိုက်၏။
"ဒါက မင်းရဲ့ မယ်တော်နဲ့ ငါနဲ့ အတူတူ သရုပ်ဆောင်ခဲ့တဲ့ ပြဇာတ်တစ်ခုပဲ။ ကျောက်ဖေးက လုံးဝ နေကောင်းပါတယ်"
ထိုစကားကို ကြားရသောအခါ ဖေးချီယန် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ သူသည် မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့် ချက်ချင်းပင် ဆက်စပ်တွေးတောလိုက်၏။
"ဒါက ယန် မိသားစုကို ဆုံးမဖို့အတွက်လား "
ဖေးလင်ယွဲ့ သဘောကျသွားခဲ့သည်။ သူ၏သားဖြစ်သူသည် ရှင်းပြရန် မလိုဘဲ အခြေအနေကို သဘောပေါက် နားလည်နိုင်ခဲ့သည် မဟုတ်ပါလား။
"အတိအကျပဲ။ သူတို့က ကျန်းရဲ့ အနောက်ဆောင်ကိစ္စတွေထဲအထိ ဝင်စွက်ဖက်ပြီး နယ်ကျွံလာကြတယ်—သိပ်ကို မောက်မာလွန်းတယ်"
သခင်မလုနှင့် ယန်ကျောက်ရုန်တို့မှာ စည်းကမ်းထိန်းသိမ်းရေးဌာနတွင် ဖမ်းဆီးခံထားရဆဲ ဖြစ်၏။ ဖေးလင်ယွဲ့သည် သူတို့အား နောက်ထပ် ရက်အနည်းငယ်ခန့် ထပ်မံ ဒုက္ခရောက်စေရန် စီစဉ်ထားသည်။
ဖေးချီယန် မျက်မှောင်ကြုတ်လိုက်၏။ "အဘိုးရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို ရုပ်သိမ်းလိုက်တာက ပိုပြီး မကောင်းဘူးလား"
သူ၏ အဘိုးတွင် မည်သည့် ထူးခြားသော စွမ်းဆောင်ရည်မျှ မရှိခဲ့ဘဲ—သူ၏ နယ်စားဘွဲ့မှာလည်း မိဖုရားခေါင်ကြီးကြောင့်သာ တည်ရှိနေခြင်း ဖြစ်ပေသည်။
ဤကိစ္စအတွက်ကြောင့် သူ၏မယ်တော်အား အဘယ်ကြောင့် ကောလာဟလများကို ခံစားစေရပါသနည်း။
သားဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို မြင်သောအခါ ဖေးလင်ယွဲ့ စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားလိုက်ရ၏။
ကောင်းပြီလေ... ဒါတွေအားလုံးကလည်း တာဝန်ရဲ့ ဆုလာဘ်တွေအတွက်ကြောင့်ပဲဥစ္စာ။