← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

🍄 Chapter 133

နာမည်ကြီး ကြယ်ပွင့်များနှင့်အတူ သီချင်းဆိုမည့် သူ၏သမီးလေးပင် ဖြစ်သည်။

ကျောက်မီးသွေးတွင်းများကို ကျောင်းတိ၏အမည်ပေါက်အဖြစ် လွှဲပြောင်းပေးခြင်းဖြင့်သာ သူသေဆုံးသွားလျှင်ပင် မိုင်းတွင်းများသည် ယန်မိသားစု၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

ယန်ရှီရှန်းသည် ဤသဘောတရားကို ယခုအချိန်မှသာ နားလည်သဘောပေါက်သွားတော့သည်။

သူသည် လောကဓမ္မတာကို ထိုးထွင်းသိမြင်ပြီး ရှင်ခြင်းနှင့် သေခြင်းတရားကိုပင် ကျော်လွန်ရှုမြင်နိုင်သူ တစ်ဦး၏အမူအရာမျိုးဖြင့် ချန်မေ့လန်၏ ပခုံးကို နှစ်ချက်ခန့် ပုတ်လိုက်ကာ မျက်ရည်အချို့ကိုပင် ညှစ်ထုတ်လိုက်သေးသည်။

အိပ်ခန်းထဲမှ ထွက်လာသောအခါ အမြဲတမ်း တည်တည်ငြိမ်ငြိမ်နေတတ်သော ယန်ရှီရှန်းသည် ဟူရှောင်မေကို ဖက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်၏။

ဟူရှောင်မေသည် ယန်ရှီရှန်း၏လည်ပင်းကို ဖက်တွယ်ထားရင်း ချန်မေ့လန်အား လှည့်ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုရှန်း၊ ပိုက်ဆံကကော ဘယ်လိုလုပ်မလဲ၊ ရခဲ့ပြီလား”

ယန်ရှီရှန်းက ချက်ချင်းပင် အဖြေပေးလိုက်၏။

“ရခဲ့ပြီ”

ဟူရှောင်မေက သူ့အိတ်ကပ်များကို စမ်းသပ်ကြည့်လိုက်သည်။

“ဒါပေမယ့် အစ်ကို့ဆီမှာ ပိုက်ဆံမှ မပါတာ၊”

ယန်ရှီရှန်းသည် လိမ်ညာရာတွင် တကယ်ကို ကျွမ်းကျင်လှသည်။ သူသည် အပြုံးတစ်ပွင့်ကိုပင် ဖန်တီးကာ လိမ်ညာပြောဆိုလိုက်၏။

“ဘဏ်စာအုပ်ထဲမှာ ရှိတယ်လေ”

ဟူရှောင်မေသည် ဤစကားကို ကြားရသောအခါ ဝမ်းသာသွားသည်။ ထို့နောက် သူမက ထပ်မေးပြန်၏။

“သဘောတူညီချက် စာရွက်ကကော၊ သူ အဲဒါကို မီးရှို့လိုက်ပြီလား”

……..

ဒုန်းခနဲ အသံနှင့်အတူ ယန်ရှီရှန်းသည် ကျောက်မီးသွေးခြံ ဂိတ်တံခါးရှေ့တွင် ဟူရှောင်မေကို ပစ်ချလိုက်လေသည်။

တကယ်ကို ဒုန်းခနဲအသံကြီး ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟူရှောင်မေ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်နှင့် ရိုက်မိသွားသည်။

ဟူရှောင်မေသည် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသလို အောက်ခံကြမ်းပြင်မှာလည်း ဘိလပ်မြေကြမ်းပြင်ဖြစ်နေသည်။

သူမ၏ ကျောရိုးပင် ကျိုးသွားလောက်ပေသည်။

ယန်စန်းယဲ့က သတိပေးစကား ဆိုလာသည်။

“ရှီရှန်း၊ သတိထားလေ၊ ရှောင်မေက ကိုယ်ဝန်နဲ့ဟာကို”

ရှီရှန်းက ရှောင်မေအား ပြန်မထူပေးသည်ကို မြင်သောအခါ သူက ထပ်မံဖြည့်စွက်ပြောဆိုလိုက်၏။

“ယန်ကျောက်ရဲ့ အားကောင်းမောင်းသန် ခန္ဓာကိုယ်ကြီးကို ကြည့်စမ်းပါဦး၊ ပြီးတော့ ပုစွန်ဆိတ်လေးလို ပိန်လှီပြီး အားအင်ဆိုလို့ တစ်စက်မှမရှိတဲ့ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး”

ကြည့်ရှုနေသူများအားလုံး ဝိုင်းဝန်းရယ်မောလိုက်ကြလေသည်။

(T/N…….. ဒီနားမှာ ဟူရှောင်မေနဲ့ ယန်ရှီးရှန်တို့က ချန်မေ့လန်အိမ်က ပြန်သွားပါပြီ၊ ကြားထဲကဟာတွေကို မူရင်းစာရေးဆရာက ကျော်ချထားပါတယ်၊ နောက်ပိုင်းပြန်ပါလာနိုင်သလို ဖြည့်တွေးပုံစံလည်း ဖြစ်နိုင်ပါတယ်၊ ဖတ်နေရင်း နားမလည်ကျမှာဆိုးလို့ မှတ်ချက်ထည့်ပေးထားပါတယ်)

လူအများသည် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲအခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်သော်လည်း တံခါးရှေ့တွင်မူ မည်သူမျှ ပြုံတိုးနေခြင်းမရှိတော့ချေ။

ကလေးငယ် သုံးဦးသည် အိမ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသူများပမာ ကြောက်ရွံ့တုံ့ဆိုင်းစွာဖြင့် လက်ချင်းချိတ်ကာ အပြင်ဘက်မှ လျှိုဝင်လာကြသည်။

အိမ်တွင်ရန်ပွဲများ ဖြစ်ပွားသောအခါ ကလေးများသည် အထူးသဖြင့် ကြောက်ရွံ့တတ်ကြသည်။

ဖခင်ဖြစ်သူမှာ ခြံဝင်းအတွင်းရှိ စီးကရက်တိုများကို ရှင်းလင်းနေသည်။ ပြီးစီးသွားသောအခါ ဟူရှောင်မေ ထိုင်ခဲ့သော ကုလားထိုင်ကို ကောက်ယူကာ တံခါးအပြင်ဘက်သို့ ပစ်ထုတ်လိုက်လေ၏။

ယွမ်ယွမ်နှင့် ရှောင်လန်တို့သည် ခွေးခြေခုံလေးများ ကိုယ်စီယူဆောင်လာကာ မီးဖိုချောင်အတွင်း ဝင်ထိုင်လိုက်ကြသည်။

ရှောင်လန်ပင်လျှင် အနည်းငယ် ကြောက်ရွံ့နေဟန်ရှိသည်။

ကလေးများသည် မိဘများ စိတ်မချမ်းမသာ ဖြစ်နေချိန်တွင် သူတို့ကို ပျော်ရွှင်စေရန် တစ်ခုခု ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ပေးခြင်းတို့ကို အလွန်လိုလားတတ်ကြသည်။

ကလေးငယ်က ရုတ်တရက် လှမ်းပြောလိုက်၏။

“မေမေ၊ သားသွားကို ကြည့်ပါဦး၊ ကျွတ်ထွက်လာတော့မယ်”

မည်သို့ပင်ဖြစ်စေ ချန်မေ့လန်တွင်လည်း သူမ၏ ကိုယ်ပိုင်စိုးရိမ်ပူပန်မှုများ ရှိနေပြီး ကျောက်မီးသွေးတွင်းနှင့် ပတ်သက်၍ တွေးတောနေဆဲဖြစ်သည်။

ယန်ရှီရှန်းက ရှယ်ယာ ၉၉.၉ ရာခိုင်နှုန်းကို လွှဲပြောင်းပေးလိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

ဆိုလိုသည်မှာ ယန်ရှီရှန်း၏ ကျောက်မီးသွေး ကုမ္ပဏီတစ်ခုလုံးသည် သူမ၏အမည်ပေါက် ဖြစ်လာတော့မည်ဖြစ်ရာ ၎င်းမှာ ကြီးမားသော ပိုင်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။

သို့သော် ပိုင်ဆိုင်မှုများဆိုသည်မှာ တာဝန်ယူမှုလည်း ပါဝင်ပေသည်။

အကယ်၍ ယန်ရှီရှန်းက ပြစ်မှုများကို ထပ်မံကျူးလွန်ဝံ့လျှင် သို့မဟုတ် ကျောက်မီးသွေးတွင်း ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပါက သူမတွင် တာဝန်ရှိမည်ဖြစ်သည်။

သတိမထားပါက သူမပါ ထောင်ကျသွားနိုင်လေသည်။

ကျောက်မီးသွေးတွင်းကို ရယူရုံဖြင့် မလုံလောက်ပေ။

ယန်ရှီရှန်းကို တရားဥပဒေနှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လာစေရန် ဖန်တီးရဦးမည်ဖြစ်ရာ ထိုအရာက ပို၍ပင်ခက်ခဲလှသည်။

အဆုံးစွန်ပြောရလျှင် ယန်ရှီရှန်းသည် တရားဥပဒေချိုးဖောက်မှု၏ အစွန်းတစ်ဖက်တွင် ဒစ္စကို ကပြနေကျလူမျိုး ဖြစ်သည်။

သူ့ကို ဥပဒေ မချိုးဖောက်ရန် တောင်းဆိုခြင်းမှာ ဝံပုလွေတစ်ကောင်ကို သက်သတ်လွတ်စားခိုင်းနေသကဲ့သို့ပင်။

ရှောင်လန်၏ ကလေးဆန်ဆန် အော်ခေါ်သံကို ကြားလိုက်ရမှသာ သူမ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာတော့သည်။

ရှောင်လန်က သွားကိုညွှန်ပြကာ ပြုံးဖြီးဖြီးဖြင့်ဆိုလာ၏။

“အဖြူရောင်သွားလေး၊ မြင်လားဟင်”

တကယ်တော့ ၎င်းမှာ သူ၏သွားကြားတွင် ညှပ်ထားသော ဂွမ်းစတစ်ခုသာ ဖြစ်သည်။ ထိုကလေးငယ်က သူမကို ပျော်ရွှင်စေရန် ကြိုးစားနေခြင်းသာ။

သို့သော် ချန်မေ့လန် ခေါင်းငုံ့လိုက်သည်နှင့်တစ်ပြိုင်နက် ကလေးငယ်သည် သူမ၏မျက်နှာကို ရုတ်တရက်ဖက်ကာ နမ်းလိုက်ပြီး သူမ၏လည်ပင်းကို လက်များဖြင့် ရစ်သိုင်းကာ ချွဲနွဲ့လိုက်၏။

“မေမေ စိတ်မဆိုးပါနဲ့၊ မေမေ့မှာ ရှောင်လန်ရှိတယ်လေ”

တစ်ခါက ကျိုးရွှယ်ချင်းသည် ရှောင်လန်က သူမကို ဘယ်တော့မှမဖက်ကြောင်း၊ မနမ်းကြောင်း ကျိုးချောင်ဖန်ထံသို့ ညည်းတွားခဲ့ဖူးသည်။

ကျိုးချောင်ဖန်ကမူ ကလေးမှာ ငယ်စဉ်ကတည်းက နို့ဘူးသာ သောက်ခဲ့ရသောကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။

မိခင်နို့ အရသာကို တစ်ခါမျှ မမြည်းစမ်းဖူးဘဲ နို့မှုန့်သာ သောက်သုံးခဲ့ရသော ကလေးများသည် သဘာဝအရ မိခင်အပေါ် ထိုမျှလောက် ချစ်ခင်တွယ်တာမှု မရှိတတ်ကြပေ။

ရှောင်လန်သည် တကယ်တမ်းတွင် ယွမ်ယွမ်က သူ့ကို နမ်းလျှင်ပင် ထိုနေရာကို အလိုအလျောက် သုတ်ပစ်တတ်သော်လည်း ယခုလေးတင် သူမကို အလိုလိုနေရင်း နမ်းရှိုက်ခဲ့လေသည်။

သူ၏ဖခင်ဖြစ်သူပင် မနမ်းရသေးချိန်တွင် ရှောင်လန်က သူမကို နမ်းခဲ့သည်လော။

ယွမ်ယွမ်လည်း အပြေးအလွှား ရောက်လာကာ သူမကို ဖက်လိုက်၏။

“မေမေ၊ စိတ်မဆိုးနဲ့နော်၊ ဟုတ်ပြီလား”

ချန်မေ့လန်က ကလေးနှစ်ဦးကို သူမရှေ့တွင် မတ်မတ်ထိုင်စေရန် တွန်းပေးလိုက်ရင်း ပြုံးချင်စိတ်ကို မနည်းထိန်းချုပ်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်၏။

“မင်းတို့ နှစ်ယောက်လုံး မတ်မတ်ထိုင်စမ်း၊ ဒီည ဘာစားချင်ကြလဲ”

ရှောင်လန်က ခဏတာ တွေဝေသွားသည်။ သူက ဖက်ထုပ် စားချင်နေ၏။

အဘယ်ကြောင့်ဆိုသော် ယောင်းမဟွမ်က သူ့ကို ဖက်ထုပ်ကျွေးမည်ဟု ကတိပေးကာ သူမအိမ်တွင် ဆက်နေရန် ဖြားယောင်းသွေးဆောင်ထားခဲ့သောကြောင့် ဖြစ်သည်။

ယွမ်ယွမ်ကမူ ခဏစဉ်းစားလိုက်ပြီး ဟင်းချက်ရသည်မှာ မိခင်ဖြစ်သူအတွက် ပင်ပန်းကြောင်း သိထားသဖြင့် လွယ်ကူမည့်အရာကို ရွေးချယ်လိုက်၏။

“ခေါက်ဆွဲပြုတ် ရိုးရိုးလေးပဲစားမယ်၊ သမီး အဲဒါကိုကြိုက်တယ်”

ချန်မေ့လန်က ယွမ်ယွမ်၏မျက်နှာကို လှည့်ကာ ကြက်စာဆိတ်သကဲ့သို့ ရှစ်ချက်ခန့် နမ်းလိုက်ရင်း ကြေညာလိုက်၏။

“ဒီည မေမေ ဖက်ထုပ်လုပ်မယ်၊ အခု ယွမ်ယွမ်ကို ၈ ခါ နမ်းလိုက်ပြီဆိုတော့ ယွမ်ယွမ်က ဖက်ထုပ် ၈ ခု စားရမယ်၊ ရှောင်လန်ကကော ဘယ်နှစ်ခုစားချင်လဲ”

ရှောင်လန်က သူ၏လက်ချောင်းလေးများကို ရေတွက်လိုက်သည်။ သူသည် သူငယ်တန်းတွင် ဆယ်အထိသာ ရေတွက်တတ်သေးရာ လက်ချောင်း ဆယ်ချောင်းလုံးကို အသုံးပြုကာ စိတ်လှုပ်ရှားစွာဖြင့် ဖြေလိုက်၏။

“ဆယ်ခု”

ချန်မေ့လန်က ရှောင်လန်၏မျက်နှာလေးကို ဆွဲယူကာ နမ်းရှိုက်ရင်း ဆိုလိုက်၏။

“ဒါဆိုရင် အနမ်း ၁၀ ခါပေးမယ်၊ ပြီးရင် ရှောင်လန်က ဖက်ထုပ် ၁၀ ခု စားရမယ်”

ရှောင်လန်သည် အလွန်စိတ်လှုပ်ရှားသွားပြီး သူ့နဖူးကို ညွှန်ပြကာ တောင်းဆိုပြန်၏။

“ဒီမှာလည်း နမ်းဦး”

နမ်းပြီးသွားသောအခါ သူ၏ နားရွက်များကို ညွှန်ပြကာ ထပ်တောင်းဆိုပြန်သည်။

“ဒီမှာလည်း နမ်းဦး”

သူ၏ ပါးစပ်ပေါ်တွင်လည်း အနမ်းများစွာ ရလိုသေးသည်။ ချန်မေ့လန် နမ်းပြီးသွားသောအခါ သူက နောင်တရစွာဖြင့် ညည်းတွားပြန်၏။

“မေမေ၊ သားက အများကြီး ထပ်စားချင်သေးတယ်၊ နောက်တစ်ခါ ထပ်နမ်းပါဦး”

ချန်မေ့လန်က သဘောတူလိုက်၏။

“ဒါဆို နောက်တစ်ခါ ထပ်နမ်းမယ်၊ ပြီးရင် နောက်တစ်ခု ထပ်စားလို့ရပြီ၊ ဟုတ်ပြီလား”

ရှောင်လန်သည် အလေးအနက် စဉ်းစားလိုက်ပြီး မလုံလောက်သေးဟု ခံစားရသဖြင့် ထပ်မံပူဆာပြန်၏။

“သားက အများကြီး ထပ်လိုချင်တာ”

ချန်မေ့လန်က ပြန်လည်မေးခွန်းထုတ်လိုက်၏။

“ဒါဆိုရင် မေမေ့ကို ပြောပြ၊ ဆယ်ခုထက် တစ်ခုပိုရင် ဘယ်လောက်လဲ”

ရှောင်လန်တွင် လက်ချောင်း ဆယ်ချောင်းသာ ရှိရာ ချွေးသံတရွှဲရွှဲဖြင့် ရေတွက်နေသော်လည်း ဆယ်ဂဏန်းကျော်သွားပါက မည်သို့ရေတွက်ရမည်ကို သူ မသိတော့ချေ။

All Chapters