အခန်း ၁၃၈
Vol. 14 Ch. 138
🍄 Chapter 138
နှစ်စဉ်နှစ်တိုင်း ကျိုးရွှယ်ချင်း၏မိသားစုက ဆင်းရဲကြောင်း ငိုယိုပြောဆိုလေ့ရှိသောကြောင့် အလွန်နှလုံးသားနူးညံ့သော ချန်တကုန်းသည် မြို့ပေါ်သို့ ဂျုံမှုန့်နှင့် ပြောင်းဖူးမှုန့် အိတ်များကို ပို့ပေးလေ့ရှိပြီး ကလေးများကိုမူ ခါးပတ်ကြိုး တင်းကျပ်စွာစည်းကာ အခက်အခဲများကို ခံစားစေခဲ့သည်။
သို့သော် သူမသည် လူသိပ်မသိလှချေ။ ယန်ပင်းကမူ သွားလိုစိတ် ပြင်းပြနေသော်လည်း သူသည် ပို၍ပင် မသင့်တော်ပေ။
ယန်ရှီရှန်းနှင့် ပူးပေါင်းကာ တိတ်တဆိတ်ငွေရှာရန်သာ ကြိုးစားပေလိမ့်မည်။
ယန်ကျောက်က ဆက်ပြောလာ၏။
“ငါတို့ ဆက်ရှာကြည့်ကြတာပေါ့၊ ရှီရှန်းက လူဆိုးကြီးမဟုတ်ပေမယ့် လူကောင်းတစ်ယောက်လည်း မဟုတ်ဘူးလေ”
ယန်ရှီရှန်းအကြောင်း ပြောရာတွင် သူ၏လေသံမှာ မလွှဲမရှောင်သာ ကြမ်းတမ်းနေတော့သည်။
“ဖေဖေ”
အဝေးသို့ ပြေးထွက်သွားသော ယွမ်ယွမ်သည် ယခု ပြန်လည်ရောက်ရှိလာပြီး ပြောလိုက်၏။
“ဖေဖေ့အတွက် လက်ဆောင်ပြင်ဆင်ထားတယ်”
ထိုကလေးမလေးသည် ယန်ကျောက်အတွက်ဝယ်လာသော လက်ဆောင်ကို အနီရောင်စက္ကူဖြင့် သပ်ရပ်စွာ ထုပ်ပိုးရန်အတွက် အိမ်သို့ တကူးတက ပြေးသွားခဲ့ခြင်းဖြစ်သည်။
သူမက လက်ဆောင်ကို ကမ်းပေးရင်း ဆိုလိုက်၏။
“ဖွင့်ကြည့်လိုက်ပါဦး”
ယန်ကျောက်သည် ယွမ်ယွမ်က သူ့အတွက် လက်ဆောင်ဝယ်ပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကလေးများ၏ မိဘများအပေါ်ထားရှိသော ခံစားချက်များမှာ ကွဲပြားခြားနားပြီး သွေးသားရင်းချာ ဆက်နွယ်မှုကို ဖြတ်တောက်ရန် ခက်ခဲလှသည်။
ရှောင်ဝမ်သည် ကျိုးရွှယ်ချင်း ပစ္စည်းများ ဖုံးကွယ်ရာတွင် ကူညီပေးတတ်ပြီး ယွမ်ယွမ်၏ နှလုံးသားထဲမှ အရေးကြီးဆုံးသောနေရာတစ်နေရာမှာ ရှီရှန်းအတွက် သီးသန့်ဖယ်ချန်ထားခြင်း ခံရသည်။
လှည့်ကြည့်လိုက်သောအခါ ချန်မေ့လန်သည် ပြုံးနေပြီး ယနေ့တွင် အထူးတလည် ပျော်ရွှင်နေကာ သူမ၏အကြည့်တို့က ရေကဲ့သို့ နူးညံ့နေ၏။
ယန်ရှီရှန်းက သူမကို နောက်ဆုံးတွင် ရှယ်ယာများ ပေးအပ်လိုက်သောကြောင့်ဟု ယန်ကျောက် ထင်မှတ်ထားခဲ့သော်လည်း ယခုအခါ သူ သိပ်မသေချာတော့ချေ။
သူမဖခင်အရင်းဖြစ်သူမှာ အစိမ်းရောင် ဦးထုပ်ကို ရရှိခဲ့ပြီး ဖခင်သစ်မှာမူ သားရေပိုက်ဆံအိတ် တစ်လုံးကို ရရှိခဲ့သည်။
၎င်းမှာ တစ်ဖက်လှန် ပိုက်ဆံအိတ် မဟုတ်ဘဲ လူကြိုက်အများဆုံးဖြစ်သော နှစ်ဖက်လှန် ပိုက်ဆံအိတ်ဖြစ်ပြီး ယန်ကျောက် အနှစ်သက်ဆုံး အရောင်ဖြစ်သော အနက်ရောင်လေးဖြစ်သည်။ အတွင်းတွင် ပစ္စည်းများစွာ ထည့်သွင်းနိုင်သော အလွှာများလည်း ပါရှိ၏။
ထိုသို့သော ပိုက်ဆံအိတ်မျိုးမှာ ယခုအခါ ငါးယွမ် တန်ဖိုးရှိပြီး ယန်ကျောက်သည် တစ်ခါက သူ၏ ပိုက်ဆံအိတ်ကို လဲလှယ်လိုခဲ့သော်လည်း ဈေးကြီးလွန်းသဖြင့် မဝယ်ရက်ခဲ့ချေ။
ယန်ကျောက်က ဖွင့်ဟလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ ဖေဖေ အရမ်းကြိုက်တယ်”
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက ထပ်မံပြောဆိုလာသည်။
“ဒီည မင်းဘာသာမင်း လာခဲ့နော်၊ မဟုတ်ရင် ငါကိုယ်တိုင် လာချီခေါ်ရလိမ့်မယ်”
သူ၏ နားရွက်များမှာ နီရဲနေဆဲဖြစ်ပြီး အထိအတွေ့ကလည်း အလွန်နူးညံ့နေမည်မှာ သေချာသည်။
ဤခွေးကောင်သည် အမြဲတမ်း အခက်ခဲဆုံးသောစကားများကို အကြမ်းတမ်းဆုံး လေသံဖြင့် ပြောဆိုတတ်သော်လည်း အဘယ်ကြောင့် ဤမျှ နူးညံ့သော နားရွက်များကို ပိုင်ဆိုင်ထားရသနည်း။
ချန်မေ့လန်သည် ထိုကိစ္စနှင့်ပတ်သက်၍ ကြီးကျယ်သောအတွေ့အကြုံမျိုး တစ်ခါမျှမရှိခဲ့ဖူးချေ။
သူမ၏ ယခင်ဘဝက ထိုကိစ္စကြောင့် အမျိုးသားနှစ်ဦးနှင့် ရုန်းကန်ခဲ့ရဖူးသည်။
ယန်ရှီရှန်းသည် အရှက်အကြောက်ကင်းမဲ့ပြီး အလွန်ကပ်ဖားတတ်ကာ ညဉ့်နက်သန်းခေါင်တွင် မကြာခဏ ရန်ဖြစ်လေ့ရှိပြီး ပြတင်းပေါက်များ ရိုက်ခွဲရသည်ကို နှစ်သက်၏။
ထို့ကြောင့် ချန်မေ့လန်သည် အိပ်ရာဝင်ချိန်တိုင်း ခေါင်းအုံးအောက်တွင် ဓားမတစ်ချောင်းကို အမြဲ ဆောင်ထားလေ့ရှိသည်။
သို့သော် ယွမ်ယွမ်အတွက်မူ အလွန်ခက်ခဲလှသည်။
သူမသည် ညသန်းခေါင်ယံတွင် မိဘများ ရန်ဖြစ်ကြသည်ကို အကြိမ်များစွာ မြင်တွေ့ခဲ့ရပြီး အမြဲတမ်း ကြောက်လန့်တုန်ယင်နေခဲ့ရရှာသည်။
လုကျင်းယွီနှင့် အတူရှိစဉ်ကမူ ချန်မေ့လန်သည် နာခံတတ်ရန် သင်ယူခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူမသည် လုကျင်းယွီကို မည်သည့်အခါမျှ ထိပ်တိုက်ရင်မဆိုင်ခဲ့ဘဲ ကလေးသုံးယောက်ကို ပြုစုစောင့်ရှောက်ခြင်း၊
သူ၏ ဆောက်လုပ်ရေးအဖွဲ့အတွက် ထောက်ပံ့ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ ဘဏ္ဍာရေးကို စီမံခန့်ခွဲခြင်းနှင့် စာရင်းအင်းများကို ထူးချွန်စွာ လုပ်ဆောင်ခြင်းတို့ကိုသာ ပြုလုပ်ခဲ့သည်။
သူတို့သည် ဇနီးမောင်နှံဖြစ်ကြသော်လည်း ရဲဘော်ရဲဘက်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုတူကြ၏။
သူ လွယ်လွယ်ကူကူ မစွန့်ပစ်ရဲသော၊ သူ မရှိမဖြစ် လိုအပ်သော ညာလက်ရုံးတစ်ဦး ဖြစ်လာစေရန် သူမ ကြိုးစားအားထုတ်ခဲ့သည်။
လုကျင်းယွီတွင် မယားငယ်များစွာ ရှိနေချိန်၌ပင်။
အချို့က သူနှင့် ကလေးရကာ သူမ၏နေရာကို ယူလိုချိန်၌ပင် ထိုသူများအားလုံးကို လုကျင်းယွီကိုယ်တိုင် သတိထား၍ ရှင်းလင်းပစ်ခဲ့သည်။
လုကျင်းယွီသည် အပြင်ဘက်တွင် မိမိကိုယ်ကို မြှင့်တင်ပြီး သူမကို နှိမ့်ချလေ့ရှိချိန်၌ပင် သူသည် သူမကို ကွာရှင်းရန် မ၀ံ့ရဲခဲ့သလို မကွာရှင်းခဲ့ချေ။
အိမ်တွင်လည်း သူသည် ပြည့်စုံကောင်းမွန်သောခင်ပွန်းတစ်ဦးအဖြစ် ဟန်ဆောင်နေရဆဲ ဖြစ်သည်။
သူမ လုပ်ဆောင်ခဲ့သော အရာများကြောင့် သူ၏ ချမ်းသာကြွယ်ဝမှုနှင့် ဘုန်းတန်ခိုးများကို သူမ ခံစားထိုက်ပေသည်။
သူ၏ ကုမ္ပဏီမှ အဖွဲ့ဝင်ဟောင်းများက သူမကိုသာ သူဌေးကတော်အဖြစ် အသိအမှတ်ပြုထားကြသည်။
ယန်ကျောက်က ခြွင်းချက်တစ်ခုဖြစ်လာမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သူ့တွင် ထိုလိုအပ်ချက်ရှိနေသောကြောင့် ချန်မေ့လန်သည် တမင်သက်သက် ရှောင်လွှဲနေမည်မဟုတ်ပေ။ မိသားစု သဟဇာတဖြစ်မှုအတွက် သူမက တက်ကြွစွာ ဖြည့်ဆည်းပေးမည်ဖြစ်သည်။
ဤနေရာတွင် အတည်ငြိမ်ဆုံးမဟုတ်သောအချက်မှာ ညဘက် ဆီးသွားတတ်သော ရှောင်လန်ပင်ဖြစ်သည်။
အကယ်၍ သူ ဆီးသွားချင်လာပါက သူမ ပျောက်ဆုံးနေသည်ကို တွေ့ရှိသွားမည်ဖြစ်သည်။
ရှောင်လန်ကို သူငယ်တန်းမှ ကြိုလာပြီးနောက် ချန်မေ့လန်သည် သူ့ရေဘူးလေးကို သိမ်းဆည်းထားလိုက်၏။
သူ ရေအများကြီးသောက်ပြီး ညဘက် ဆီးသွားချင်လာမည်ကို ကာကွယ်ရန်ဖြစ်၏။
သို့သော် မမျှော်လင့်ထားသော ကိစ္စများမှာ အမြဲတမ်း ရှိနေတတ်သည်။
ယနေ့တွင် ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့သည် ကြောက်ရွံ့တတ်ပြီး ပိန်ချုံးကာ အာဟာရချို့တဲ့နေပုံရသော ဧည့်သည်လေးတစ်ဦးကို အိမ်သို့ ခေါ်ဆောင်လာခဲ့ကြသည်။
ရှောင်ဝမ်က မိတ်ဆက်ပေးလိုက်၏။
“မေမေ၊ ဒါ သားရဲ့အတန်းဖော် မာရှောင်ကန်းတဲ့”
ထိုကလေးမှာ ခေါင်းဆောင်မာ၏မြေး ဖြစ်နေသည်။ ရှောင်ဝမ် မိတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် ကောင်လေးသည် ရုတ်တရက် ဖောက်ခနဲ အသံနှင့်အတူ နှပ်ပူပေါင်းလေး တစ်ခုကို အမှန်တကယ် မှုတ်ထုတ်လိုက်လေရာ သူ့ကို “နှပ်ပူပေါင်း” ဟု နာမည်ပြောင် ပေးထားသည်မှာ အံ့သြစရာ မဟုတ်တော့ချေ။
ချန်မေ့လန်က ဖိတ်ခေါ်လိုက်၏။
“မြန်မြန်အထဲဝင်လာခဲ့၊ သားရဲ့ မိသားစုက ဘယ်အချိန် လာကြိုမှာလဲ”
မာရှောင်ကန်းသည် ရှောင်ဝမ်ကို ရှက်ရွံ့စွာ ကြည့်လိုက်ရာ ရှောင်ဝမ်က လက်ယမ်းပြရင်း ဖြေလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သားအဖေက သားနဲ့ အတူမအိပ်ပါဘူး၊ ဒီည သားနဲ့ အတူအိပ်မယ်လို့ သူကပြောတယ်၊”
ချန်မေ့လန်သည် ယန်ကျောက်ကို တစ်ချက်ကြည့်လိုက်ရာ သူက အကြည့်လွှဲသွားလေသည်။
သူက ကလေးနှစ်ယောက်ကို သွားကြိုခဲ့သူဖြစ်ရာ သူမ၏ အပြစ်မဟုတ်ချေ။ သူသာလျှင် ဧည့်သည်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ချန်မေ့လန်သည် ယနေ့တွင် သိုးသားနှင့် ကြက်သွန်နီအဆာသွတ်ကာ မုန့်ညက်ဖြင့် ထုပ်ထားသော အသားလိပ်လေးများကို ပြုလုပ်ထားသည်။
သိုးသားလိပ်များကိုလမီးအရှိန်ပြင်းပြင်းဖြင့် အိုးအစွန်းတွင် ပေါင်းထားပြီးနောက် ဝက်နံရိုးကြော်၊ အသားဟင်းနှစ်၊ မှိုခြောက်နှင့် ပန်းခြောက်တို့ဖြင့် အိုးတစ်လုံးထဲတွင် ချက်ပြုတ်ထားသည်။
ဟင်းရည်ကျက်သွားသောအခါ အောက်ခြေ ရွှေအိုရောင်သန်းနေသော သိုးသားလိပ်များလည်း ကျက်သွားပြီဖြစ်သည်။
ဟင်းရည်ထဲတွင် စိမ်ထားသဖြင့် နူးညံ့အိစက်နေကာ စားလိုက်လျှင် ကြွပ်ရွမွှေးကြိုင်နေလေ၏။
မာရှောင်ကန်းသည် အသားလိပ်နှစ်ပန်းကန်ကို တိတ်တဆိတ် စားသောက်လိုက်ပြီး မဝသေးဟန် ရှိနေသည်။
နည်းနည်းသာစားေလ့ရှိသော ယွမ်ယွမ်သည် သူမ စားလက်စ အသားလိပ်တစ်ဝက်ကို ကမ်းပေးလိုက်ရာ မာရှောင်ကန်းသည် ထပ်မံစားသောက်နေပြန်သည်။
ဖုန်းမြည်လာသဖြင့် ချန်မေ့လန် သွားရောက်ကိုင်လိုက်ရာ ရှောင်ဝမ်လည်း အပြေးအလွှား လိုက်ဝင်လာ၏။
မစ္စမာ၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏။
“ဟလို၊ မေ့လန်လား၊ ရှောင်ကန်းက သမီးတို့အိမ်ကို အလည်သွားတယ်လို့ ပြောတယ်၊ အန်တီ့မြေးက အစားသိပ်မစားချင်ဘူးကွယ်...”
ရှောင်ဝမ်သည် ဖုန်းခွက်ကို လုယူကာ ပြောလိုက်သည်။
“သူ သားတို့အိမ်မှာ ပန်းကန်ကြီးနှစ်ပန်းကန်နဲ့ အသားလိပ် အသေးနှစ်ခု စားသွားတယ်”
မစ္စမာ၏ အသံမှာ စူးရှသွား၏။
“တကယ်လား”
သို့သော် အရာရှိကတော်တစ်ဦးဖြစ်ရာ သူမသည် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပြီး ခဏတာ ရယ်မောလိုက်သည်။ ထို့နောက် ရှောင်ဝမ်ကို ချန်မေ့လန်အား ဖုန်းပြန်ပေးရန် အချက်ပြလိုက်ပြီး ပြောဆိုလာ၏။
“၂၅ ရက်နေ့ကျရင် တင်ဒါတင်ဖို့ မမေ့နဲ့နော်”