← Chapters

အလုံးစုံကောင်းကင် ဘက်မှ တန်ပြန်တိုက်ခိုက်မှု

Vol. 020 Ch. 968

အလုံးစုံကောင်းကင် ဘက်မှ တန်ပြန်တိုက်ခိုက်မှု

Vol. 020 Ch. 968

သွေးလုံးဆယ့်ရှစ်လုံး သက်ဆင်းလာသည့်အခိုက်တွင် ဖိနှိပ်မှုအော်ရာသည် ဤဧရိယာတွင် ခြုံလွှမ်းသည်။ထိုဖိနှိပ်မှုသည် အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများအပေါ်သို့ သက်ရောက်မှု မရှိပေ။

သို့သော် မဟာမိတ်ကျင့်ကြံသူများအတွက်မူ သူတို့၏ စိတ်များသည် တုန်ယင်သွားကြသည်။

ဤအခိုက်၌ မဟာမိတ်မှ ကျင့်ကြံသူများသည် အံ့မခန်းဖိအားတစ်ခုကို ခံစားမိ၏။သူတို့ခန္ဓာကိုယ်ထဲ၌ သွေးစီးဆင်းမှုသည် မြန်ဆန်လာသည်။သူတို့၏ နှလုံးခုန်သံသည် ခုန်ပေါက်နေ၏။

သူတို့၏အမြင်အာရုံပင် ဝေဝါးကုန်ကြသည်။

သွေးလုံးဆယ့်ရှစ်လုံးသည် ရှေးဟောင်းအချိန်တည်းက ရှိခဲ့သည့် မိသားစုနှစ်ခု နှစ်သောင်းနှင့်ချီ၍ စုဆောင်းထားသည့် သွေးဖြင့် ပြုလုပ်ထားခြင်းပင်။ထိုသွေးသည် များစွာ စတေး၍ တဖြည်းဖြည်း နှစ်ပေါင်းမြောက်များစွာ သန့်စင်မွန်းမံခဲ့ခြင်း ဖြစ်၏။

ထိုအရာမှာ ရှေးဟောင်းကျင့်ကြံခြင်းလောက၌ပင် အင်မတန်ကျော်ကြားခဲ့၏။

၎င်းသွေးလုံးများကို လျိုဖုဆယ့်ရှစ်ဟု အမည်တွင်၏။

လျိုဖုသည် ရှေးဟောင်းအချိန်များက ကျင့်ကြံခြင်းတောင် ဖြစ်ခဲ့၏။သို့သော် ညတစ်ညတွင် ထိုတောင်သည် ထူးဆန်းစွာ ပျက်စီးသွားပြီး ၎င်းတောင်ပေါ်ရှိ ကျင့်ကြံသူအားလုံး သေဆုံးခဲ့သည်။ထို သေဆုံးသူများ၏ သွေးများသည် စွန်းထင်းခဲ့၏။

သူတို့၏သွေးများသည် လျိုဖုတောင်၌ စုဝေးကာ ပေတစ်ရာလောက်ရှိသည့် သွေးလုံးတစ်လုံး ဖြစ်ပေါ်ခဲ့သည်။

ဤအရာမှာ လျိုဖု၏ မူလဇစ်မြစ် အကြောင်းပင်။သည့်နောက် ရှေးဟောင်းကျင့်ကြံသူတော်တော်များများသည် ၎င်းသွေးလုံးကို လေ့လာရန် လာရောက်ကြသည်။သူတို့သည် အကြောင်းရင်းကို နားမလည်နိုင်ခဲ့ကြသော်လည်း သွေးလုံးနှင့်ပတ်သတ်၍ နားလည်မှုဉာဏ်အလင်းတစ်ခု ရခဲ့သည်။ထို့ကြောင့် လျိုဖုသွေးလုံးအတွက် မန္တာန်တစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ထိုသွေးလုံးမှာ ရက်စက်လွန်းလှ၏။ယင်း သွေးလုံး ဖြစ်ပေါ်သည့်နှုန်းမှာလည်း မြင့်မားမနေခဲ့ပေ။၎င်းသွေးလုံးသည် ထူးဆန်းသည့်စွမ်းအားများ ရှိနေခဲ့သော်လည်း သန့်စင်မှု များစွာ မရှိခဲ့ချေ။

လျိုဖုဆယ့်ရှစ်၏ စွမ်းအားသည် သူတို့၏ဖိအားပင် ဖြစ်၏။လျိုဖေသွေးလုံးတစ်လုံးသည် ဖိအားအလွှာတစ်ခုကို ပေး၏။ထို့ကြောင့် လျိုဖုသွေးလုံးဆယ့်ရှစ်လုံးသည် အံ့မခန်းအဆင့်ဖိအားကို ပေးနိုင်တော့သည်။

သည့်အပြင် ကျင့်ကြံသူတစ်ယောက်သည် လျိုဖေဆယ့်ရှစ်ခု သွေးလုံးထဲသို့ သူတို့၏ သွေးအချို့ကို နစ်မြုပ်ပေါင်းစပ်နိုင်ပါက သူတို့သည် ဖိအား ပေးခံရခြင်း မရှိသည့်အပြင် သူတို့၏ကျင့်ကြံမှုပါ အချိန်တိုအတွင်း မြင့်တက်လာနိုင်သေး၏။

မိစ္ဆာနက်သူတော်စင်၏ အသွင်သည် သုန်မှုန်သွား၏။သူသည် လျိုဖုဆယ့်ရှစ်ကို ဖျက်စီးရန် ထိုးထွက်ဟန် ပြင်၏။သို့သော် ဤအခိုက်၌ သွေးနတ်ဘုရားသည် ဟင်းလင်းပြင်ထဲကနေ ပေါ်ထွက်လာကာ သူ့အား ရယ်မော၍ တားဆီးလေသည်။

အရှင်မီးတောက်၏ မျက်နှာသည် အမူအရာကင်းမဲ့နေ၏။ သူက နောက်သို့ လက်ပြန်ညွှန်သည်။ သူ့လက်ညွှန်မှုက လေဟာနယ်ကို ထွင်းဖောက်သွားသည်ဟု ထင်ရ၏။ ၎င်းက ဟင်းလင်းပြင်အက်ကြောင်းကို ဆုတ်ပြဲသွားစေပြီး အလုံးစုံကောင်းကင်နှင့် ချိတ်ဆက်ထားသည် လျှောက်လမ်းထဲသို့ ဝင်ရောက်သွား၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ သူတို့၏ ကျင့်ကြံမှုကို အသက်သွင်းထားကြသည့် ကျင့်ကြံသူ သောင်းချီ ရှိနေ၏။သူတို့ကြား၌ အရာဝတ္ထု တစ်ခု ရှိသည်။

ထိုအရာမှာ သစ်သားပိုင်းတစ်ခုပင်။ သို့သော် ထိုသစ်သားပိုင်းသည် ပေတစ်သိန်း ရှည်လျားကာ ပေတစ်ထောင် ဗြက်ကျယ်ရှိ၏။

ကောင်းကင်ဘုံထွင်းသစ်သား…။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ယင်းသစ်သားပိုင်းကို လွန်ခဲ့သော နှစ်သုံးသောင်းက ရှာတွေ့ခဲ့ခြင်းပင်။ပြောကြသည်က ၎င်းသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ထောက်ပံ့ပေးသော ကောင်းကင်ဘုံသစ်ပင် ဖြစ်သည်ဟူ၍။ မိုးကြိုးကောင်းကင်ဘုံနယ်မြေသာလျှင် သူတို့၏ ချိတ်ဆက်မှုကို ဆက်၍ ထိန်းထားနိုင်စွမ်း ရှိခဲ့သည်။အခြားကောင်းကင်ဘုံနယ်မြေသုံးခုမှာမူ ကောင်းကင်ဘုံနယ်မြေ ပျက်စီးခဲ့သည့်အချိန်အတွင်း သူတို့၏ကောင်းကင်ဘုံသစ်ပင်များကို ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် ၎င်းသစ်သားပိုင်းကို ရှာတွေ့ခဲ့ပြီးနောက် သိမ်းဆည်းထားခဲ့၏။ ခုချိန်မှ ထုတ်ယူကာ မဟာမိတ်အဖွဲ့ကို ပြင်းထန်သောတိုက်ခိုက်မှုအဖြစ် အသုံးချလာသည်။

ထိုသစ်သားပိုင်းကြီး ပတ်လည်ရှိ ကျင့်ကြံသူများစွာသည် သံပြိုင်ဟစ်ကြွေးလိုက်ကြသည်။ ထိုကျင့်ကြံသူများသည် ၎င်းသစ်သားပိုင်းကို ရှေ့သို့ ခပ်ကြမ်းကြမ်း တွန်းထုတ်၏။ ထိုသူများကြား၌ ရှောင်မိသားစုဘိုးဘေးနှင့် ကုန်စွန်းမိသားစုမှ သက်လတ်ပိုင်းလူ တို့ကဲ့သို့ မွန်းစတားအိုကြီးများပင် ပါဝင်သည်။ သူတို့၏ အကူအညီဖြင့် ထိုသစ်သားပိုင်းကြီးသည် ကြယ်အဖွဲ့အစည်းနှစ်ခုကြား လျှောက်လမ်းရှိရာသို့ မြည်ဟိန်းရင်း ရှေ့ရောက်လာသည်။ထိုသစ်သားပိုင်းကြီး၏ ထွင်းဖောက်နိုင်စွမ်းသည် အရှိန်ရလာသည်။ သည့်နောက် ၎င်းသစ်သားပိုင်းမှာ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေတွင် ပေါ်ထွက်လာ၏။

ထိုအခါ လေဟာနယ်အက်ကြောင်းအတားအဆီးများသည် ထိုသစ်သားပိုင်းကြီး၏ ဖိနှိပ်အားကို မခုခံနိုင်တော့ချေ။ မရေမတွက်နိုင်သော တုန်ဟီးသံများ ဆက်တိုက် ထွက်ပေါ်ရင်း လှိုင်းများစွာသည် အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့၏။ထိုလှိုင်းများ၏ ဗဟိုချက်ရှိ သစ်သားပိုင်းကြီးသည် ထိုးခွင်းရင်း လမ်းကြောင်းတစ်ခုကို ခပ်ကြမ်းကြမ်း ပွင့်စေသည်။

ထိုသစ်သားပိုင်းကြီးနောက်ကနေ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူမြောက်များစွာသည် မဟာမိတ်မှ ကျင့်ကြံသူများထံသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကပ်ပါလာကြသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကနေ တဆင့် ရောက်ရှိလာကြသည့် မဟာမိတ်မှ ကျင့်ကြံသူများ၏ အသွင်သည် ကြီးစွာ ပြောင်းလဲကုန်သည်။ သူတို့သည် ရှောင်လို၏။ သို့သော် ထိုသစ်သားပိုင်းကြီး၏ ဖိအားကြောင့် မရှောင်နိုင်ကြပေ။ သူတို့သည် အတော်ဝေးသည့်နေရာတွင် ရှိနေကြလျှင်ပင် သစ်သားပိုင်းကြီးကြောင့် ဖြစ်ပေါ်လာသည့် ခပ်ပြင်းပြင်းမုန်ုတိုင်း၏ ဆွဲငင်ခြင်းကို ခံရလေ၏။

ထိုသစ်သားပိုင်းနှင့် တိုက်ရိုက် ထိမှန်ကြသည့် ကျင့်ကြံသူအချို့လည်း ရှိသည်။သူတို့၏ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်များသည် ချက်ခြင်း ဖျက်စီးခံရကာ သွေးများ ပန်းထွက်၏။ သို့သော် ထိုသစ်သားပိုင်းကြီးနှင့် ယှဉ်ပါက ဤသွေးများသည် မထင်ရှား၊မသိသာလှပါ။

လျိုဖုဆယ့်ရှစ်သည် အလုံးစုံကောင်းကင်ကျင့်ကြံသူများ ကြိုပြင်ဆင်ထားသည့် ဦးဆုံး မဟာရတနာတစ်ခု ဖြစ်၏။ယခု သစ်သားပိုင်းကမူ ဒုတိယမြောက် ရတနာပင်။သို့သော် ထိုမျှနှင့် အဆုံးမသပ်သေးပေ။

ဧရာမသစ်သားပိုင်းကြီးက ဟင်းလင်းပြင်အက်ကြောင်းများကနေ ဖြစ်ပေါ်သည့် အတားအဆီးအလွှာကို ချိုးဖျက် ပွင့်သွားစေသည်။လှိုင်းများသည် ၎င်းအတားအဆီးတလျှောက် ပျံ့နှံ့နေရင်း ဟိန်းမြည်သံ တစ်ခုမှာ အနောက်ပိုင်းနယ်မြေတခွင်မှာ တုန်ခါလေ၏။

ထိုဟိန်းမြည်သံသည် မဟာမိတ်မှ ကျင့်ကြံသူများကို ပြင်းပြင်းထန်ထန် တုန်ယင်စေ၏။ အချို့သူများဆိုလျှင် သူတို့၏ခန္ဓာကိုယ်ဒွာရပေါက်များက‌နေ အသံလှိုင်းတုန်ခါမှုကြောင့် သွေးများစီးကျရသည်။

ကြယ်အဖွဲ့အစည်းနှစ်ခုကြား ချိတ်ဆက်ထားသည့် လျှောက်လမ်းထဲကနေ ဧရာမဂြိုဟ်ကြီးတစ်ခု ဆက်၍ ပေါ်လာသည်။၎င်းဂြိုဟ်မှာ အဖြူရောင်အခိုးငွေ့များနှင့် ခြုံလွှမ်း၍ ထူးဆန်းလွန်းလှသည်။

သည့်နောက် ၎င်းဂြိုဟ်၏ အလယ်နေရာကနေ အက်ကြောင်းတစ်ခု ပေါ်၏။ထိုဂြိုဟ်သည် ပွင့်ဟလာကာ မရေမတွက်နိုင်သော လက်တံများ ဆန့်ထုတ်လာ၏။ အမှန်တော့ ၎င်းဂြိုဟ်မှာ လမြွေနဂါးကြီး ဖြစ်သည်။

လမြွေနဂါးကြီး မျက်လုံးတို့သည် နီရဲတွတ်နေ၏။၎င်းက ဒေါသ အလွန် ထွက်နေသည်။၎င်း၏ လက်တံများမှာ အရူးအမူး ဝေ့ခါရင်း ထိုးထွက်သည်။

“ဝေါင်း…”

လမြွေနဂါး၏ ပါးစပ် ပွင့်လာ၏။၎င်း၏ အော်သံနှင့်အတူ ပြင်းထန်သောဖိအားတစ်ခု ထိုးထွက်လာသည်။ထိုအော်သံသည် မုန်တိုင်းတစ်ခုအသွင်ပြောင်း၍ တဟုန်ထိုး ရှေ့သို့ တိုးဝင်လာ၏။ချက်ခြင်းပင် ဟင်းလင်းပြင်အက်ကြောင်းများသည် နောက်သို့ လွင့်စင်ကုန်ရသည်။

သို့ရာတွင် ထိုဟိန်းသံသည် သစ်သားပိုင်းကြီးပေါ်သို့ နီးကပ်လာနေရင်း အဝါရောင်အလင်းတစ်ခု ပေါ်လာသည်။

လမြွေနဂါးကြီး၏ ဒေါသတကြီး အော်ဟစ်သံသည် ပြင်းထန်လှရာ ဟင်းလင်းပြင်ကိုပါ ပျက်စီးစေသည်။သစ်သားပိုင်းကြီး၏ ရှေ့ရှိ ဟင်းလင်းပြင်သည် တွန့်လိန့်ကာ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်သည် သနားစရာ အခြေအနေဖြင့် အတင်းအကြပ် ထွက်လာရတော့သည်။

သူ့မျက်နှာသည် သုန်မှုန်လှ၏။သူက လမြွေနဂါးကြီး လျှောက်လမ်းကနေ ထွက်ပေါ်လာသည်ကို တွေ့မြင်သည်နှင့် ချက်ခြင်းနောက်ဆုတ်ခဲ့၏။သို့သော် သည်အခိုက်၌ သစ်သားပိုင်းကြီး ရောက်ရှိလာခဲ့ခြင်းပင်။

ထိုအဘိုးအိုမှာ သူတော်စင်လေးပါးထဲမှ တစ်ယောက်ဖြစ်သူ ကောင်းကင်ဘုံမူလတာအို သူတော်စင် ဖြစ်နေသည်။သူသည် ခေါင်းယမ်းကာ သက်ပြင်းချ၍ နောက်သို့ အလျင်အမြန် ဆုတ်သည်။

သို့ရာတွင် သူ နောက်ဆုတ်သည်နှင့် ရှောင်မိသားစုဘိုးဘေးနှင့် ကုန်စွမ်းမိသား၏မှ သက်လတ်ပိုင်းလူတို့သည် သစ်သားပိုင်းကြီးထဲကနေ ထွက်၍ အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုရှိ တိုးဝင်လာကြသည်။

“ရောင်းရင်းမဟာမိတ် ကျင့်ကြံသူ…။သင် ဘာကြောင့် အလျင်လိုပြီး ထွက်သွားချင်ရတာလဲ…” ရှောင်မိသားစုဘိုးဘေးသည် ရယ်မောရင်း သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း၏။အနီရောင်လေပြင်းသည် မြန်ဆန်စွာ ပေါ်လာပြီး ပတ်ဝန်းကျင် ကီလိုမီတာငါးထောင်ကို လွှမ်းခြုံသည်။

အနောက်ပိုင်းနယ်မြေနှင့် မြောက်ပိုင်းနယ်မြေတို့တွင် မဟာတိုက်ပွဲကြီးတစ်ခု စတင်ကာ မြန်ဆန်စွာ ပျံ့နှံ့၏။ ထိုတိုက်ပွဲမှာ ကြမ်းတမ်းလှသည်။တိုက်ပွဲနယ်မြေ၌ လက်နက်ရတနာမျိုးစုံသည် တလက်လက် ဖြစ်နေကြသည်။

မန္တာန်လှိုင်းများသည် ပျံ့လွင့်ကာ မရေမတွက်နိုင်သော ဧရိယာများပေါ်သို့ သက်ရောက်၏။

သည် ပြင်းထန်သည့် သတ်ဖြတ်မှုကြီးအတွင်း မဟာမိတ်မှဖြစ်စေ၊အလုံးစုံကောင်းကင်မှဖြစ်စေ မည်သည့်အဖွဲ့အစည်းမှ ကျင့်ကြံသူမဆို ဂရုမစိုက်ပါက ချက်ခြင်း သေဆုံးရပေမည်။ဒေါမာန်ကြီးနေသည့် လမြွေနဂါးကြီး၏ တိုက်ခိုက်မှုများမှာ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများအပေါ်သို့ သက်ရောက်ခဲ၏။၎င်း၏တိုက်ခိုက်မှုအများစုမှာ မဟာမိတ်မှ ကျင့်ကြံသူများပေါ်သို့ ကျရောက်သည်။

ထို့အတွက်ကြောင့် မဟာမိတ်မှ ကျင့်ကြံသူများသည် အခြေအနေမလှ ဖြစ်ရသည်။

သည်အခိုက်၌ ဝမ်လင်းသည် အနောက်ပိုင်းနယ်မြေ၌ ရှိနေ၏။လိုင်ဂျီ၏ ခန္ဓာကိုယ်သည် ပေသုံးဆယ်လောက်ထိ သေးငယ်ထားရင်း လမ်းရှင်းပေးနေသည်။ခေါင်းကြီးကောင်လေးက သူ့နောက်တွင် ရှိနေ၏။ ထာရှန်ကမူ အေးစက်စက်အသွင်နှင့် သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်သည်။

ဝမ်လင်း၏ အကြည့်က တည်ငြိမ်လျက်ပင်။ လမ်းတစ်လျှောက်၌ သူသည် မဟာမိတ်မှ ကျင့်ကြံသူများကို တွေ့ကြုံခဲ့၏။ သူတို့သည် ဝမ်လင်းကို တွေ့မြင်သည့်အခါ ဝမ်လင်းတို့အုပ်စု၏ ကျင့်ကြံမှုအဆင့်ကြောင့် သူတို့၏အသွင်ဟန်ပန်များ ပြောင်းလဲသွားကြ၏။ သူတို့သည် နောက်လှည့်ကာ ချက်ခြင်း ပြေးတော့၏။

သို့သော်လည်း သူတို့ဘက်မှ လူများသည်ဟု တွေးကာ ဝမ်လင်းတို့အား တိုက်ခိုက်လာသည့် ကျင့်ကြံသူများလည်း ရှိကြသည်။သူတို့သည် ဝမ်လင်းတို့အုပ်စုကို လာရောက်တိုက်ခိုက်သည်နှင့် ဝမ်လင်း၏ သတ်ဖြတ်ခြင်းကို ခံရတော့သည်။

ဝမ်လင်းက ပို၍ ခပ်ဝေးဝေးသွားလေလေ မဟာမိတ်မှ ကျင့်ကြံသူများနှင့် ပိုတွေ့ဆုံမိလေ ဖြစ်နေ၏။ သို့သော် ထိုသူများထဲမှ အများစုသည် သူ့ကို မတိုက်ခိုက်လိုကြပေ။

သူတို့အုပ်စုက လမ်းတစ်လျှောက် သွားလာနေရင်း ဝမ်လင်းက ပတ်ဝန်းကျင်ကို ကြည့်နေ၏။သည်ပတ်ဝန်းကျင်ဧရိယာများသည် ပျက်စီးနေကာ ဟင်းလင်းပြင်အက်ကြောင်းများ လှိုင်းထနေ၏။ ထိုအရာများအားလုံးသည် အနောက်ပိုင်းနယ်မြေမှာ ပျက်စီးခြင်းဆိုက်နေသည်ကို ပြသ၏။ ဝမ်လင်းရှေ့ရှိ ဟင်းလင်းပြင်အက်ကြောင်းများသည် ဆန်းကြယ်သောအားတစ်ခုကြောင့် ဘေးတစ်ဖက်စီးသို့ ရွှေ့လျားကြရသည်။

နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိနေသည့် မွန်းစတားအိုကြီးများပင် ထိုအဖြစ်ကို တွေ့မြင်ပါက အံ့အားသင့်မိပေမည်။ထိုအရာမှာ ဥပဒေသကို ထိန်းချုပ်နိုင်သည့် အရိပ်လက္ခဏာ မဟုတ်လား။နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဥပဒေသကို နားလည်သော်လည်း နားလည်ခြင်းနှင့်ထိန်းချုပ်နိုင်ခြင်းတို့မှာ ကွာခြားလှသည် မဟုတ်လား။ဥပဒေသများကို ထိန်းချုပ်နိုင်ခြင်းသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသာ လုပ်နိုင်သည့်အရာ ဖြစ်၏။ သို့သော် ဝမ်လင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အကူအညီဖြင့် သူသည် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တူညီသော အော်ရာအမျှင်တန်းတစ်ခု ပိုင်ဆိုင်ထား၏။ ထိုအော်ရာမှာ အလွန်ဖျော့တော့သေးသည်။

ထိုအခိုက်အတန့်၌ ခရမ်းရောင်ဝတ်စုံနှင့် လှပသည့် အမျိုးသမီးသည် ကြယ်များကြား၌ ပျံသန်းလာနေ၏။သူမက ခါးသီးစွာ ပြုံးနေ၏။ သူမ၏ ဓားအလင်းသည် ဖျော့တော့နေသည်။ သူမနောက်ကနေ မဟာမိတ်မှ ကျင့်ကြံသူအုပ်စု လိုက်ပါလာနေ၏။ထိုအုပ်စုထဲမှ သက်လတ်ပိုင်းလူကြီးတစ်ယောက်သည် နှာခေါင်းရှုံ့ကာ သူမနောက်သို့ လျင်မြန်စွာ လိုက်ပါလာနေသည်။

“သူမပဲ…” ဝမ်လင်း၏နတ်ဘုရားအာရုံဖြင့် သူသည် အကွာအဝေးတစ်ခုရှိ ထိုအမျိုးသမီးကို ချက်ခြင်း တွေ့မြင်နိုင်စွမ်း ရှိပေသည်။

***

All Chapters