အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) ကျားတုန်းရွှီ : ငါ့မိန်းမ ဘာလို့ ထိုင်ရယ်နေတာလဲ
သူ ထွက်ခွာသွားပြီးနောက်တွင် ဖြစ်သည်။
ထိုနေရာ၌ လူစုလူဝေးဖြင့် အုန်းအုန်းကျွတ်ကျွတ် ကြည့်ရှုနေကြသောသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် လူစုခွဲကာ ထွက်ခွာသွားကြသည်။
သို့သော်လည်း ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင် ခြံဝန်းကြီးအတွင်းရှိ လူအပေါင်းတို့၏ စိတ်ကူးများမှာလည်း အကုန်လုံး ပြောင်းလဲသွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားသည် မထင်မှတ်ဘဲ စီကျိုချန်မြို့က (ပေကျင်း)စက်ရုံမှူးဟောင်းကြီးကဲ့သို့သော အရာရှိကြီးတစ်ဦးနှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိနေသည်ကို သိရှိသွားကြသောကြောင့် ဖြစ်သည်။
ရွှီတမောင်းသည်လည်း ထိုတခဏ၌ မိမိ၏ မျက်နှာကို လက်ဖြင့် မရိုက်ဘဲ မနေနိုင်တော့ပေ။ သူသည် နောင်တရသောအမူအရာအပြည့်နှင့် ရေရွတ်သည်။
"ဒီချန်ကောဟွားက ဘယ်လိုမျိုး ခွေးချေးလို ကံတရားမျိုး ရသွားရတာလဲမသိဘူး။ စက်ရုံမှူးဟောင်းကြီးလို အရာရှိကြီးနဲ့တောင် သိကျွမ်းနိုင်ခဲ့တယ်ပေါ့လေ"
"အစတုန်းက ငါ ဘာလို့ ဒီလောက်တောင် စကားများခဲ့ရတာလဲ၊ သူတို့လင်မယားနှစ်ယောက်ကို ဘာလို့ သွားပြီး နောက်ပြောင်ခဲ့မိရတာလဲ"
"အခုတော့ အခြေအနေက ကိုင်တွယ်ရ ခက်ခဲသွားပြီ"
"မဖြစ်ဘူး။ ငါ နောက်ဆိုရင် သူ့ကို သေချာပေါက် ကောင်းကောင်း မျက်နှာလိုမျက်နှာရ လုပ်ရတော့မယ်။ နောက်နောင် သူ့ဆီကနေ အကူအညီ တောင်းရမယ့်ကိစ္စမျိုး ရှိလာနိူင်မလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
ဒုတိယဦးလေးအိမ်က ညီအစ်ကိုနှစ်ယောက်သည်လည်း ထိုအကြောင်းကို သိရှိသွားကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် စတင် ညည်းတွားကြတော့သည်။
"အဖေရဲ့ ဦးနှောက်ထဲမှာ ရွှံ့စေးတွေ ပြည့်နေတာလား မသိဘူး။ ဘာမဟုတ်တာလေးနဲ့ ကောဟွားအစ်ကိုကို ဘာလို့ သွားပြီး စိတ်ဆိုးအောင် လုပ်ရတာလဲ။ အခု သူက အရာရှိကြီးနဲ့ သိကျွမ်းနေပြီဆိုတော့ နောက်ဆိုရင် ဒီဆက်ဆံရေးကို ပြန်လည် ကောင်းမွန်အောင် လုပ်နိုင်ပါဦးမလား မသိဘူး"
"အိုင်း... ငါတို့အဖေကတော့ အလုပ်တစ်ခုကို အောင်မြင်အောင် မလုပ်နိုင်ဘဲ ဖျက်ဆီးတဲ့နေရာမှာတော့ ထိပ်တန်းပဲ။ တစ်နေ့တစ်နေ့ အရာရှိလုပ်ဖို့ပဲ တွေးနေတာ။ ရလဒ်အနေနဲ့ ခဲရာခဲဆစ် နောက်ခံရှိတဲ့လူနဲ့ ဆုံတွေ့ရတာကို ကောင်းကောင်း မျက်နှာလိုမျက်နှာရမလုပ်နိူင်တဲ့အပြင် သူ့ကိုပါ သွားပြီး စိတ်ဆိုးအောင် လုပ်ခဲ့သေးတယ်"
"ငါတို့ ကောဟွားအစ်ကိုနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာအောင် နည်းလမ်းတစ်ခုခုတော့ စဉ်းစားရမယ်။ ငါ့အဖေက ငါ့အဖေပဲ။ ငါက ငါပဲလေ။ ကောဟွားအစ်ကိုကို အထင်လွဲစေလို့ မဖြစ်ဘူး"
"ပြောတာ မမှားဘူး။ ငါတို့အဖေက အားကိုးလို့ မရဘူး။ တကယ်လို့ ဆက်ဆံရေးသာ ပြန်လည် ကောင်းမွန်လာမယ်ဆိုရင် အဲဒီအချိန်ကျရင် ကောဟွားအစ်ကိုကို အဖေအဖြစ် အသိအမှတ်ပြုဖို့ဆိုတာလည်း မဖြစ်နိုင်တာမှ မဟုတ်တာ"
..
ရီကျုံးဟိုင်ကမူ ဘေးနားတွင် စိတ်မပျော်မရွှင်ဖြင့် စီးကရက်ကို သောက်နေလေသည်။ သူ၏ မျက်နှာထားတွင် နောင်တရသောအရိပ်များဖြင့် ပြည့်နှက်နေသည်။
သူ့တွင် သားသမီး မရှိသဖြင့် အထီးကျန်လူအိုကြီးဖြစ်သည်။ထို့ကြောင့် သူ၏ အကြီးမားဆုံးသော ဆန္ဒမှာ မိမိ၏ အသက်ကြီးပိုင်းအရွယ်တွင် လုပ်ကျွေးပြုစုနိုင်မည့် နောက်လူတစ်ယောက်ကို အသိအမှတ်ပြုရန် ဖြစ်သည်။
သို့သော်လည်း သူသည် စောစောကတည်းက မိမိအား လုပ်ကျွေးမည့်သူအဖြစ် ရှားကျူးကိုသာ ရွေးချယ်သတ်မှတ်ထားခဲ့သဖြင့် ချန်ကောဟွားကိုမူ ဘယ်တုန်းကမှ မျက်လုံးထဲ ထည့်မကြည့်ခဲ့ဖူးပေ။
ရှားကျူးနှင့် ချင်ဟွိုင်ယွီတို့ ဆက်ဆံရေး ကောင်းမွန်ကြသဖြင့် သူသည်လည်း အနည်းနဲ့အများဆိုသလို ကျားမိသားစုဘက်သို့ ဘက်လိုက်ခဲ့မိသည်။
အထူးသဖြင့် လူတိုင်းကို ကျားမိသားစုအား ကူညီစောင့်ရှောက်ရန် တိုက်တွန်းခဲ့သည့်အပြင် ဤအဖြစ်အပျက်တွင် သူသည် ကျားကျန်းရှီဘက်သို့ အကြိမ်ကြိမ် ဘက်လိုက်ခဲ့မိသဖြင့် သဘာဝကျကျပင် ချန်ကောဟွားတို့ လင်မယားနှစ်ယောက်ကို မကြာခဏ နှိမ့်ချပြောဆိုခဲ့မိသည်။
သို့သော်လည်း ယခုအခါ ချန်ကောဟွားသည် စက်ရုံမှူးဟောင်းကြီးနှင့် သိကျွမ်းနေခဲ့ပြီ ဖြစ်သည်။
အများကြီး တွေးနေရန် မလိုပေ။ ချန်ကောဟွား၏ အနာဂတ် ဘဝသည် သေချာပေါက် ဟုန်းဟုန်းတောက် တောက်ပလာတော့မည် ဖြစ်သည်။ ဤအကြောင်းကို တွေးမိသည်နှင့် ရီကျုံးဟိုင်၏ ရင်ထဲတွင် နောင်တရလွန်းလှသဖြင့် အူမကြီးပင် ပြတ်လုနီးပါး ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် မိမိအား လုပ်ကျွေးပြုစုနိုင်မည့် ဤမျှလောက် ကောင်းမွန်သော လူတစ်ယောက်ကို မိမိကိုယ်တိုင်က တိုက်ရိုက် လွဲချော်ခဲ့မိစေသောကြောင့် ဖြစ်ရာ သူ၏ ရင်ထဲတွင် မည်သို့လျှင် မခံစားရဘဲ နေနိုင်ပါမည်နည်း။
ဘေးနားက ယန်ပုကွေ့ကမူ ရင်ထဲတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ ထိုတတိယဦးလေးသည် လူမှုဆက်ဆံရေးတွင် အတွက်အချက် အလွန်ဝါသနာပါသူ ဖြစ်သည်။
မိမိ၏ မိသားစုဝင်များအပေါ်တွင်ပင် ဂဏန်းပေါင်းစက်ကို တဒေါက်ဒေါက်နှင့် ရိုက်လျက် တွက်ချက်တတ်သူ ဖြစ်သည်။ထို့အပြင် သူကိုယ်တိုင်သည်လည်း ပြဿနာရှာတတ်သူတစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း သူသည် ချန်ကောဟွားကို ကပ်စေးနှဲသည်ဟု ပြောခဲ့ဖူးသည်မှအပ သူ့ကို တမင်တကာ ဖယ်ကြဉ်ခဲ့ခြင်းမျိုး မရှိခဲ့ပေ။
ထို့ကြောင့် သူကိုယ်တိုင် ယူဆသည်မှာ နောက်နောင်တွင် ချန်ကောဟွားနှင့် မိတ်ဆွေကောင်းအဖြစ် ဆက်ဆံနိုင်မည် ဖြစ်ကြောင်း ဖြစ်သည်။ ထို့ပြင် ချန်ကောဟွား၏ ကိုယ်ပေါ်မှ အကျိုးအမြတ်အချို့ကိုလည်း ရရှိနိုင်မည် ဖြစ်ကြောင်း တွေးတောနေခြင်း ဖြစ်သည်။
...
သေချာတာပေါ့…..
အကယ်၍ ထိုလူအချို့၏ ရင်ထဲတွင် နောင်တရရိပ်များ ဖြစ်ပေါ်နေခဲ့သည်ဆိုလျှင်
ကျားကျန်းရှီ၏ထံတွင် သူမကိုယ်တိုင်က အနည်းငယ်မျှပင် နောင်တမရချေ။
သူမ၏ ရင်ထဲတွင် ရှိနေခဲ့သည်မှာ နာကျည်းမုန်းတီးမှုများသာ ဖြစ်ပြီး အရိုးထဲအသည်းထဲက ထွက်ပေါ်လာသော အဆုံးစွန်သော နာကျည်းမုန်းတီးမှုမျိုး ဖြစ်သည်။
အထူးသဖြင့် ချန်ကောဟွားသည် စက်ရုံမှူးဟောင်းကြီးနှင့် သိကျွမ်းနေခဲ့သည်ကို ကြားရပြီးနောက် သူမကိုယ်တိုင်မှာ ပိုမို၍ ဒေါသထွက်လွန်းလှသဖြင့် သွားများပင် ကျိန်းစပ်လာခဲ့ရသည်။
အိမ်သို့ ပြန်ရောက်သောအခါ ကူးစက်ရောဂါတစ်ခု ကျရောက်လာသကဲ့သို့ ရှိနေခဲ့ပြီး စိတ္တဇဆန်သော စကားလုံးများကို တရစပ် ပြောဆိုနေခဲ့တော့သည်။
"ဒီတိရစ္ဆာန်ကောင်က ဘာလို့ စက်ရုံမှူးဟောင်းကြီးလို အရာရှိကြီးနဲ့ သွားပြီး သိကျွမ်းနေရတာလဲ"
"အတုပဲ၊ သေချာပေါက် အတုပဲ"
"သူ့ရဲ့ လမုန့်လက်မှတ်က သေချာပေါက် ခိုးလာတာ ဖြစ်ရမယ်။ အပေါ်က တံဆိပ်တုံးကလည်း သေချာပေါက် အတုပဲ ဖြစ်ရမယ်"
"ဒီေ-ချင်းဆိုးကောင်က နောက်ဆိုရင် သေချာပေါက် အဖမ်းခံရမှာ။ အထဲမှာ သေသွားပြီး အလောင်းလာကောက်မယ့်လူတောင် ရှိမှာ မဟုတ်ဘူး"
ကျားကျန်းရှီက တတွတ်တွတ် ကျိန်ဆဲနေခဲ့သည်။
ဘေးနားမှ ချင်ဟွိုင်ယွီက သူမကို အာရုံမရှိဘဲ ညစာကို ပြင်ဆင်နေသည်။
ယခုအချိန်တွင် သူမ၏ ဦးနှောက်ထဲ၌ ခုနက ချန်ကောဟွား သက်သေအထောက်အထားကို ထုတ်ယူလိုက်စဉ်က တည်ငြိမ်ခန့်ညားလှသော ပုံစံဖြင့် လုံးဝပြည့်နှက်နေသည်။ ထိုအခိုက်အတန့်တွင် သူမသည် မီးဖိုချောင်ဘေး၌ စိတ်ကူးများကို တရစပ် ယဉ်နေသည်။
အကယ်၍ ထိုစဉ်က မိမိ လက်ထပ်ခဲ့ရသူမှာ ကျားတုန်းရွှီ မဟုတ်ဘဲ ချန်ကောဟွားသာ ဖြစ်ခဲ့မည်ဆိုလျှင် ယခုအချိန်တွင် သူမ၏ ဘဝသည် မည်ကဲ့သို့ ဖြစ်နေမည်နည်းဟု စိတ်ကူးယဉ်နေမိခြင်း ဖြစ်သည်။
မိမိသည် သေချာပေါက် ကောင်းကောင်းမွန်မွန် စားသောက်ရပြီး ကောင်းကောင်းမွန်မွန် ဝတ်ဆင်ရမည်မှာ သေချာလှသည်။ ထို့ပြင် မိမိ၏ ယောကျာ်းကလည်း အရာရှိကြီးနှင့် သိကျွမ်းနေသေးသည်။ အနာဂတ်သည် အလွန်ပင် လင်းလက်တောက်ပလျက် ရှိနေသည်။
သူမကသာ သူ၏ မိန်းမ ဖြစ်လာနိုင်ခဲ့မည်ဆိုလျှင် အနာဂတ်တွင် သေချာပေါက် စည်းစိမ်ခံရမည်ဖြစ်သည်။ ဤကဲ့သို့သော ယောကျာ်းမျိုးနှင့် နေထိုင်ရမှသာ မျှော်လင့်ချက်ရှိသော ဘဝ ဖြစ်ပေလိမ့်မည်။
ယခုလက်ရှိ အခြေအနေကဲ့သို့ မဟုတ်ပေ။ သေလုမတတ် ရုန်းကန်နေရပြီး ဘဝသည် မည်သည့် မျှော်လင့်ချက်မျှ မရှိဘဲ ဒုက္ခရောက်နေသည်။
သို့သော်လည်း ချင်ဟွိုင်ယွီ၏ စိတ်ကူးယဉ်မှုများကို အားမရသေးခင်မှာပင် အမြဲတမ်း ညည်းတွားနေတတ်သော ကျားကျန်းရှီ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ပျောက်ကွယ်သွားရသည်။
"နင်က ဘာလို့ ငေးနေတာလဲ။ အမြန် ထမင်းမချက်ဘဲနဲ့ ငါတို့ကို အငတ်ထားချင်လို့လား"
မူလက လျှောက်ပြောလိုက်သော စကားလုံး ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ချင်ဟွိုင်ယွီကို ထိတ်လန့်သွားစေခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ ကျားကျန်းရှီသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသည်။ ထို့နောက်တွင် သူမသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ထပ်မံ၍ စကားကို ပြောဆိုလိုက်ပြန်သည်။
"ချင်ဟွိုင်ယွီ၊ နင် ငါ့ရဲ့ ကျားမိသားစုထဲကို လက်ထပ်ဝင်ရောက်လာခဲ့ရတာကို နောင်တရနေတာလား"
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချင်ဟွိုင်ယွီသည် အခန်းထဲက လေထုတစ်ခုလုံး တုန်လှုပ်ခြောက်ချားသွားသကဲ့သို့ ခံစားလိုက်ရပြီး ဖိအားများလွန်းလှသဖြင့် အသက်ပင် ပြင်းပြင်းမရှူဝံ့တော့ပေ။
"မ... မဟုတ်ပါဘူး။ ငါ... ငါက ဘယ်လိုလုပ်ပြီး..."
လွှဲဖယ်နေသော မျက်ဝန်းများနှင့် ထစ်ငေါ့နေသော စကားလုံးများက ကျားကျန်းရှီကို မိမိ ပြောလိုက်သည်မှာ ကွက်တိမှန်ကန်သွားခဲ့ပြီ ဖြစ်ကြောင်း ချက်ချင်းပင် အတည်ပြုနိုင်သွားစေ သည်။
ဤအရှက်မရှိသော မိန်းမသည် မိမိတို့အိမ်၏ အိမ်တစ်ဝက်ကို ရရှိထားခဲ့ရုံနှင့် မလောက်သေးဘဲ ယခုအချိန်တွင် ရင်ထဲ၌ နောင်တရစိတ်များပင် ဖြစ်ပေါ်နေခဲ့ပြီ ဖြစ်သည်။
ကုတင်ပေါ်တွင် အမြဲတမ်း လဲနေခဲ့သော ကျားတုန်းရွှီသည်လည်း ရှေ့မှောက်က ဤမြင်ကွင်းကို သတိပြုမိလိုက်သည်။
ချင်ဟွိုင်ယွီ၏ အပြစ်မကင်းသော မျက်နှာနှင့် လွှဲဖယ်နေသော မျက်ဝန်းများတွင် သရဲသဘတ် ရှိနေသည့် ပုံစံမျိုးကို သူ တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။ သူသည်လည်း ချက်ချင်းပင် သတိပြုမိလိုက်သည်မှာ မိမိ၏ ဇနီးသည် မိမိ၏ မိသားစုကို နှိမ့်ချဆက်ဆံနေခြင်း ဖြစ်ကြောင်း ဖြစ်သည်။
ကျားတုန်းရွှီ ကိုယ်တိုင်သည်လည်း လေဖြတ်နေခဲ့သော ဤအချိန်အတောအတွင်းတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာက စောစောကတည်းကပင် စိတ္တဇဆန်လာခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သော စိတ်ဓာတ်ပိုင်းဆိုင်ရာ စိတ္တဇဆန်မှုက သူ့အား တိုက်ရိုက်အကျဆုံးသော သက်ရောက်မှုမျိုး ယူဆောင်လာသည်။ ၎င်းမှာ အခြားလူများ ကောင်းမွန်သည်ကို လုံးဝ ကြည့်၍ မရခြင်း ဖြစ်သည်။
အခြားလူများ ကောင်းမွန်သည်ကို မြင်တွေ့ရရုံမျှဖြင့် သူသည် အကြောင်းပြချက် မရှိဘဲ ဒေါသအမျက် ချောင်းချောင်းထွက်လာတတ်သည်။ တစ်စုံတစ်ယောက်က သူ၏ အကျိုးအမြတ်များကို လုယူသွားသကဲ့သို့ပင် ဖြစ်သည်။
ချန်ကောဟွားသည် သူ့အား တွင်းတူးခဲ့ဖူးသောသူ ဖြစ်သဖြင့် သူသည် ချန်ကောဟွားက အနည်းငယ်မျှပင် ကောင်းမွန်နေသည်ကို ကြည့်၍ မရပေ။
ချန်ကောဟွား ကောင်းမွန်စွာ ဖြတ်သန်းနေရသည်ကို မြင်တွေ့ရခြင်းက သူ၏ အဖေ သေဆုံးသွားသည်ထက်ပင် ပိုမို၍ ရင်နာစရာ ကောင်းလှသည်။ ထို့ကြောင့် မိမိ၏ မိန်းမမှာ မထင်မှတ်ဘဲ နောင်တရနေပြီး၊ ပြောင်းပြန်အနေဖြင့် မိမိ၏ ရန်သူအပေါ်တွင် စိတ်ကူးယဉ်ဆန်သော ပုံစံမျိုး ဖြစ်ပေါ်နေသည်ကို သတိပြုမိလိုက်သောအခါ သူသည် ထိုအခိုက်အတန့်တွင် အရှက်ရ ဒေါသထွက်သွားပြီးနောက် ဆဲဆိုကြိမ်းမောင်းလိုက်တော့သည်။
"မင်းက ငါ့ကို ဒုက္ခပေးတဲ့ မိန်းမယုတ်ပဲ။ မင်း အခု နောင်တရနေတယ်ဆိုရင် ငါ မင်းကို အခုချက်ချင်း ကွာရှင်းပေးမယ်။ အမြန်သွားပြီး ချန်ကောဟွားဆိုတဲ့ ခွေးကောင်ရဲ့ မယားငယ် သွားလုပ်လိုက်ပါလား"
ယောကျာ်းဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့၏ ဆိုးရွားလှသော စကားလုံးများကို ကြားရသောအခါ ချင်ဟွိုင်ယွီသည် ထိတ်လန့်လွန်းလှသဖြင့် အကြိမ်ကြိမ်သာ ပြန်လည်ရှင်းပြနေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ရင်ထဲတွင် တကယ်ပင် အားကိုးရာ မရှိလှသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင်တော့ တစ်ယောက်တည်းသာ တရှုံ့ရှုံ့ ငိုကြွေးနေရတော့သည်။
ကျားကျန်းရှီတို့ သားအမိနှစ်ဦးမှာ ဤသည်ကို မြင်တွေ့ရသောအခါ နောက်ဆုံးတွင် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် နှစ်ဦးစလုံးမှာ ဒေါသပုံချရုံမျှသာ ဖြစ်ပြီး ချင်ဟွိုင်ယွီကို အလွန်အမင်း ဒေါသထွက်အောင် ပြုလုပ်ရန် မဖြစ်နိုင်သလို၊ သူမကို တကယ်တမ်း ထွက်ခွာသွားခွင့်ပြုရန်လည်း ပိုမို၍ မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် မိသားစုတစ်စုလုံးမှာ ချင်ဟွိုင်ယွီ၏ လုပ်ကျွေးမှုကို လိုအပ်နေခဲ့ပြီ ဖြစ်ရာ သူမကို ဆုံးမပြီးနောက်တွင်တော့ အခြားအရာများကို ထပ်မံ၍ မပြောဆိုကြတော့ပေ။