← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

ချန်ကောဟွားတို့ ဇနီးမောင်နှံနှစ်ဦးက ချိုမြိန်သာယာနေကြစဉ်တွင် အခြားတစ်ဖက်၌ ကျားကျန်းရှီ မိသားစုမှာမူ အေးချမ်းမနေခဲ့ပေ။

"ဘာလဲ၊ အဲ့ဒီတိရစ္ဆာန်က ညည်းမျက်စိရှေ့တင် ဝက်သားကို တမင်သက်သက် လွှင့်ပစ်လိုက်တယ်ဟုတ်လား"

"ခြေထောက်နဲ့တောင် နင်းခြေပြီးတော့ ခွေးကျွေးရင်ကျွေးမယ် ငါတို့ ပန့်ကန့်ကိုတော့ မကျွေးဘူးလို့ ပြောတယ် ဟုတ်စ"

ကျားကျန်းရှီသည် ချင်ဟွိုင်ယွီက ဆားချက်ကာ ပြောပြသော အကြောင်းအရာများကို ကြားရပြီးနောက် ဒေါသကြောင့် နှာခေါင်းပင် ကွေ့ကောက်လုမတတ် ဖြစ်သွားရသည်။ထို့နောက်တွင် သူမက ဆဲဆိုကျိန်ဆဲတော့သည်။

"တိရစ္ဆာန်ထက်တောင် ယုတ်မာတဲ့ကောင်ပဲ"

"ငါတို့ ကျားမိသားစုကို ဒီလောက်တောင် ပစ်မှတ်ထားနေရတယ်လို့"

"သူ ချန်ကောဟွား ဘာလို့ စောစောစီးစီး မသေသေးတာလဲ"

စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားသော ကျားကျန်းရှီသည် အတိုင်းအဆမရှိ အော်ဟစ်ဆဲဆိုတော့သည်။သူမ ဒေါသတကြီး ဆဲဆိုနေသည်များကို ကုတင်ပေါ်တွင် လှဲနေသော ကျားတုန်းရွှီကလည်း ရှင်းရှင်းလင်းလင်း ကြားနေရသည်။

သို့သော် သူသည် မိခင်ဖြစ်သူ ဒေါသထွက်ကာ ခုန်ပေါက်နေသည်ကို ကြည့်ပြီး ကုတင်ပေါ်၌ လှဲလျက်သာ ဘာမျှမတတ်နိုင်ဘဲ အချည်းနှီး ဒေါသထွက်နေရုံသာ တတ်နိုင်သည်။

"ဒီခွေးမွေးတဲ့ ချန်ကောဟွား၊ ငါ့သားကို ဒီလိုတောင် လုပ်ရဲတယ်ပေါ့"

"ဒါက ငါ အဖြစ်ဆိုးနဲ့ ကြုံနေရလို့၊ ငါ့ခန္ဓာကိုယ်သာ ဘာမှမဖြစ်ရင် ငါတို့ ကျားမိသားစု အသားတစ်တုံးကြောင့်နဲ့ သူ ချန်ကောဟွားရဲ့ အနိုင်ကျင့်တာကို ခံရပါ့မလား"

ကျားကျန်းရှီ မိုးမွှန်အောင် ဒေါသထွက်ပြီး ကျားတုန်းရွှီ ဘာမျှမတတ်နိုင်ဘဲ ဒေါသပေါက်ကွဲနေပြီးနောက် ချင်ဟွိုင်ယွီ စိတ်ထဲတွင် တကယ်ပင် ပင်ပန်းနွမ်းနယ်လှပြီ ဖြစ်သည်။

တကယ်လို့ အစောပိုင်းက ချန်ကောဟွားကို ဦးဆောင်ပြီး ဝိုင်းပယ်မထားခဲ့ရင် အခုအချိန်မှာ အခြေအနေတွေက ဘာလို့ ဒီလိုဖြစ်လာရမှာလဲ။

ပြီးတော့ ဒီကျားမိသားစု သားအမိက အိမ်ထဲမှာပဲ အာကျယ်အာကျယ် လုပ်တတ်တဲ့ အရည်အချင်းကလွဲရင် တခြားဘာအရည်အချင်းများ ရှိသေးလို့လဲ။

လုံးဝမရှိဘူး။

အထူးသဖြင့် ကျားတုန်းရွှီ ဖြစ်သည်။ လေဖြတ်ပြီးကတည်းက ယောက်ျားတစ်ယောက်ရဲ့ အောက်ပိုင်းစွမ်းဆောင်ရည်တွေ ပျောက်ဆုံးသွားရုံတင်မကဘဲ ယောက်ျားတစ်ယောက် မဆုံးရှုံးသင့်ဆုံးဖြစ်တဲ့ သိက္ခာတောင် ပျောက်ဆုံးသွားခဲ့ပြီ။

အိမ်ထဲမှာတင် ကိစ္စတွေပြီးမှ ဆရာကြီးလုပ်တဲ့ စကားတွေပဲ ပြောတတ်တော့သည်။

အဲ့ဒီလိုပြောရင် သူတပါးက သူ့ကို အထင်ကြီးလိမ့်မယ်လို့ ထင်နေတုန်းပဲ။ တကယ်တော့ ဒီလိုယောက်ျားမျိုးကမှ အသုံးမကျဆုံး ခြင်ကောင်၊ ပုရွက်ဆိတ်ကောင်…

သို့ရာတွင် အစောပိုင်းက ချန်ကောဟွားက နူးညံ့သော လေသံနှင့် ဝက်သားတစ်ပန်းကန် ချေးနိုင်တယ်လို့ ပြောခဲ့တာကို တွေးမိလိုက်သည်။

ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်လျင် ကျားတုန်းရွှီက အစအဆုံး အသုံးမကျသည့် လူဖျင်းလူအိုကြီး ဖြစ်နေသည်အား ပို၍သာ ခံစားရစေသည်။

ဒါပေမဲ့ ချန်ကောဟွားက သူမကို ထောက်ပံ့ကူညီဖို့ မဖြစ်နိုင်တော့ဘူး၊ အဲ့ဒါဆို သားဖြစ်သူရဲ့ အလိုကို ဘယ်လိုဖြည့်ဆည်းပေးရမလဲ။

ချင်ဟွိုင်ယွီ ဤသို့ တွေးတောနေစဉ်မှာပင် တံခါးဝမှ တံခါးခေါက်သံ အချို့ ထွက်ပေါ်လာသည်။

ရှားကျူး ဖြစ်သည်။ရှားကျူး လက်ထဲတွင် အမဲသား အသားစ အချို့ ပါလာသည်။

အိမ်ထဲသို့ လှမ်းဝင်လာပြီး အခြားသူများကို ဂရုမစိုက်ဘဲ ချင်ဟွိုင်ယွီကို တိုက်ရိုက် ကြည့်ကာ ပြောလိုက်သည်။

"ဟွိုင်ယွီ၊ မင်းလည်း ချန်ကောဟွားကို ဒေါသထွက်မနေပါနဲ့၊ သူနဲ့ ဒေါသထွက်ရင် ကိုယ့်ခန္ဓာကိုယ်ပဲ ထိခိုက်မှာ၊ ဒါက ငါ့စက်ရုံက ပေးတဲ့ အသားတွေ၊ ငါတစ်ယောက်တည်းလည်း ဒီလောက်အများကြီး မစားနိုင်ပါဘူး၊ မင်း ကလေးတွေကို မြိန်မြိန်ယှက်ယှက် ချက်ကျွေးလိုက်ပါဦး"

သူက ပြောပြီးသည်နှင့် အသားကို ချထားခဲ့သည်။

ချင်ဟွိုင်ယွီမှာ ရှားကျူး၏ အကူအညီများကို အထူးအဆန်း မဖြစ်တော့သည်မှာ ကြာပြီဖြစ်သည်။သို့သော် ရှားကျူးက မိမိကို အစဉ်တစိုက် ကူညီချင်နေရခြင်းမှာ မိမိအပေါ် စိတ်ကူးရှိနေ၍ ဖြစ်ကြောင်းလည်း သူမ သိသည်။ထို့ကြောင့် အသားကို လက်ခံပြီးနောက် သူမလည်း ထရပ်ကာ သူ့ကို လိုက်ပို့ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ကျားတုန်းရွှီ၏ မျက်နှာထက်၌ ဒေါသရိပ်များ ပြည့်နှက်သွားသည်။သူသည် ဟယ်ယွီကျူးကို မူလကတည်းက သဘောမကျပေ။

သူ စားနေရသော အစားအစာ အတော်များများမှာ ရှားကျူး ပေးထားခြင်း ဖြစ်သော်လည်း ယောက်ျားတစ်ယောက်အနေဖြင့် ရှားကျူးက မိမိဇနီးကို ကြည့်သည့် အကြည့်များမှာ လုံးဝမရိုးသားကြောင်း သူ စောစောစီးစီးကပင် ရိပ်မိထားသည်။

အောက်ပိုင်းကိစ္စသာ မရှိရင် သူ ရှားကျူးက ဒီလောက် စိတ်ကောင်းရှိပါ့မလား။

အခု ငါမသေသေးဘူး၊ ငါ့အိမ်ထဲကို ပြောင်ပြောင်တင်းတင်း ဝင်လာပြီး ငါ့မိန်းမကို လာရှာရဲတယ်ပေါ့။

ဒါက ပြောနေစရာတောင် မလိုဘူး။

ငါသာ သေသွားရင်…

ရှားကျူးကတော့ ချင်ဟွိုင်ယွီကို အပိုင်သိမ်းမှာ အသေအချာပဲ။

အဲ့ဒီအချိန်ကျရင် ငါ့အိမ်ရဲ့ အနည်းဆုံး တစ်ဝက်က သူ့ဟာဖြစ်သွားမယ်၊ ငါ့မိန်းမက သူ့မိန်းမ ဖြစ်သွားမယ်၊ ငါ့သားကတောင် ရှားကျူးကို အဖေလို့ ခေါ်ရလိမ့်မယ်။

ထို့ကြောင့် ချင်ဟွိုင်ယွီက ရှားကျူးကို လိုက်ပို့ရန် ကိုယ်တိုင် ရှေ့တိုးသွားသည်ကို မြင်သောအခါ ကျားတုန်းရွှီ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားတော့သည်။

သူက လက်ဖြင့် ကုတင်ကို အားပြင်းပြင်း တစ်ချက် ရိုက်လိုက်ပြီးနောက် အလွန်အမင်း ဒေါသထွက်နေသော လေသံဖြင့် ကြိမ်းမောင်းတော့သည်။

"ချင်ဟွိုင်ယွီ၊ သားလည်း ဆာနေပြီ၊ ငါ့ကို ထမင်းသွားမချက်ပေးသေးဘဲနဲ့၊ ဟိုဟယ်ယွီကျူး က ခြေလက်အစုံအလင်နဲ့ကို မင်းက လိုက်ပို့ပေးဖို့ လိုသေးလို့လား၊ မင်းကိုယ်မင်း တကယ်ပဲ အရေးပါလှပြီ ထင်နေတာလား"

ဒေါသတကြီး ကြိမ်းမောင်းသံက ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချင်ဟွိုင်ယွီ သည် ထိုစကားများကို ကြားရပြီးနောက် ကျားတုန်းရွှီ ဒေါသထွက်သွားသည်ကို သိလိုက်သည်။ထို့ကြောင့် သူမသည် ပဋိပက္ခများ ပိုမိုမကြီးထွားလာစေရန် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တစ်ဖက်လူကို စိတ်မသက်မသာဖြင့် ကြည့်နေမိသည်။

ရှားကျူးက ဘာမျှပိုမပြောသော်လည်း ကျားတုန်းရွှီ ကို အထင်သေးသလို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

ကျားတုန်းရွှီက ကုတင်ပေါ်မှာ လှဲနေရလွန်း၍ စိတ်ပွေ စိတ်ကောက် ဖြစ်နေကြောင်း သူသိသဖြင့် အရေးလုပ်ပြီး ငြင်းခုံမနေချင်တော့ပေ။

သူ ထွက်ခွာသွားပြီးနောက် ချင်ဟွိုင်ယွီက အသားကို ယူပြီး ထမင်းချက်ရန် ပြင်ဆင်တော့သည်။

ကျားကျန်းရှီသည် ချင်ဟွိုင်ယွီက အသားကိုယူ၍ ထမင်းချက်ရန် ပြင်သည်ကို မြင်သောအခါ မနေနိုင်ဘဲ ညည်းညူမြည်တမ်းတော့သည်။

"ဒီ ရှားကျူးကလည်း တကယ်ပဲ အသုံးမကျလိုက်တာ"

"အသားတစ်ပိဿာတောင် မပေးနိုင်ဘဲနဲ့ ဒီမှာ လာပြီး လူကောင်းလုပ်နေသေးတယ်"

"ပြီးတော့ အသားပေးတတ်ရင် ဆန်နည်းနည်းပါးပါး ပေးဖို့ မသိဘူးလား၊ ငါတို့ ဆန်အိုးထဲမှာ ဆန်တစ်စေ့တောင် မရှိတော့ဘူး၊ ဒီည အသားစားရင် ပြောင်းဖူးမုန့်နဲ့ပဲ တွဲစားရတော့မယ်"

ကျားတုန်းရွှီ ဤစကားကို ကြားသောအခါ ရင်ထဲတွင် အလွန်အမင်း နာကျည်းပိတ်ဆို့မှုကို ခံစားလိုက်ရသည်။

ယောက်ျားတစ်ယောက်ဖြစ်ပြီး မိမိချစ်ရသော အမျိုးသမီးကို မဆွဲဆောင်နိုင်သည်မှာ ထားလိုက်ဦး၊ အခြေခံအကျဆုံး ရိက္ခာကိုပင် မိသားစုအတွက် မရှာဖွေပေးနိုင်သောအခါ မိမိကိုယ်ကိုယ် ယောက်ျားတစ်ယောက်အနေဖြင့် တကယ်ပင် အဓိပ္ပာယ်မရှိလှဟု ခံစားမိသည်။

ဤသို့ ကောက်ကျစ် ပုံပျက်ပန်းပျက်ဖြစ်နေသော စိတ်အခြေအနေအောက်တွင် ကျားတုန်းရွှီ ကဲ့သို့သော အသုံးမကျသည့် ယောက်ျားမျိုးသည် ပို၍ပင် ပြင်းထန်သော ကြီးစိုးလိုစိတ်များ ရှိတတ်ကြသည်။

သူ ကြီးစိုးချုပ်ကိုင်နိုင်ခြေ အရှိဆုံးအရာမှာ အိမ်တွင် မိမိထက်ပင် အဆင့်အတန်းနိမ့်ပါးသော ချင်ဟွိုင်ယွီသာ ဖြစ်သည်။

ဤစိတ်အခြေအနေဖြင့် သူက အရှက်မရှိ နှိမ်ချဆဲဆိုတော့သည်။

"မင်းလို -ာသည်မက တကယ် အသုံးမကျတာပဲ"

"လင်ငယ်ဆီက အသားတောင်းဖို့ကျ သိပြီး အိမ်မှာ ဆန်မရှိတာကျ သူ့ဆီက နည်းနည်းပါးပါး ရှာလာဖို့ မသိဘူးလား"

"ဘာကြည့်နေတာလဲ၊ မင်းကို ပြောလို့တောင် မရတော့ဘူးလား"

"ငါ့ကို နောက်တစ်ချက် ထပ်ကြည့်ရဲကြည့်၊ ငါ မင်းလို ကောင်မကို ရိုက်သတ်ပစ်မယ်"

ကျားတုန်းရွှီ၏ အောက်ခြေလွတ်သော နှိမ်ချစော်ကားမှုကို ကြားလိုက်ရသောအခါ မူလကတည်းက ချန်ကောဟွားထံတွင် မခံချင်စိတ် ဖြစ်နေသော ချင်ဟွိုင်ယွီသည် ချက်ချင်းပင် စိတ်အာရုံများ ပြိုလဲပျက်စီးသွားတော့သည်။

တစ်ခဏချင်းမှာပင် သူမ၏ မျက်ဝန်းအိမ်တွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

အပြင်မှာ အနိုင်ကျင့်ခံရတာကို ထားလိုက်ဦးတော့၊ အခု အိမ်ထဲမှာပါ ဒီလောက်အထိ ဖိနှိပ်ချုပ်ချယ်တာကို ခံနေရရင် ဒီဘဝက ဘာမျှော်လင့်ချက် ရှိတော့မှာလဲ။

သို့သော် သူမ ရင်ထဲတွင် မည်မျှပင် နာကျင်ပါစေ၊ ကွာရှင်းရန်တော့ မတွေးရဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်က လက်ထပ်စဉ်အခါက သူမ ရွေးချယ်မှု မှားယွင်းခဲ့သဖြင့် ဘဝက တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုးရွားလာသော ရလဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

တကယ်လို့ ကွာရှင်းလိုက်ရင် ဒီအိမ်ရဲ့ တစ်ဝက်ကို ခွဲဝေရနိုင်ပါ့မလားဆိုတာ မသေချာတာ ထားလိုက်ဦး…

ယနေ့ ချန်ကောဟွား၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူက မိမိကို လုံးဝ ကူညီလိမ့်မည်မဟုတ်ကြောင်း သူမ သိသည်။ ထို့အပြင် မိမိဘေးတွင် ကလေးသုံးယောက်လည်း ရှိနေသေးသဖြင့် ကွာရှင်းပြီးနောက်တွင် ပို၍ပင် အာမခံချက် ရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် လက်ရှိတွင် အောင့်အည်းသီးခံရန်သာ ရွေးချယ်နိုင်တော့သည်။

ဤသို့ အောင့်အည်းသီးခံနေရခြင်းကြောင့်ပင် ရင်ထဲရှိ ကျားကျန်းရှီ သားအမိနှစ်ဦးအပေါ် ထားရှိသော အဆိုးမြင်စိတ်အားလုံးသည် အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီး မည်သည့်အချိန်တွင် ပေါက်ကွဲထွက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ထို့ကြောင့် ဤအခြေအနေအောက်တွင် ချင်ဟွိုင်ယွီ သည် စဉ်းတီတုံးပေါ်တွင် အသားတစ်တုံးစီကို လှီးဖြတ်နေရင်း ရင်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။

ကျားကျန်းရှီနှင့် ကျားတုန်းရွှီ နှစ်ယောက်လုံး တစ်နေ့မှာ စောစောစီးစီး သေချင်းဆိုးနဲ့ သေပါစေလို့ ဆုတောင်းနေမိသည်။

ယုတ်မာကောက်ကျစ်သော အတွေးများက သူမ၏ ရင်ထဲ အစဉ်မပြတ် ရှင်သန်ကြီးထွားလာနေသည်။

ကျားကျန်းရှီတို့သားအမိနှစ်ဦးသာ အရင်မသေလျင် တစ်နေ့တွင် မိမိကိုယ်တိုင် မအောင့်နိုင်ဘဲ သူတို့ကို ကိုယ်တိုင်လက်စတုံးပြီး ယမမင်းဆီ ပို့မိလိမ့်မည်ဟု ပိုပိုပြီး ခံစားလာရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အစားအစာများ ပြင်ဆင်ပြီးသွားသောအခါ ဘေးတွင် အလကားနေရင်း ပျင်းနေသော ကျားကျန်းရှီက တောင်းဆိုချက် ထုတ်ပြန်လာပြန်သည်။

"ကဲ၊ အိမ်က ဆန်လည်း သိပ်မကျန်တော့ဘူး၊ မနက်ဖြန် ညည်း ငါနဲ့အတူတူ သွားပြီး နည်းနည်းပါးပါး ရှာဦးမှ"

ရှာမှာလား…

ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ချင်ဟွိုင်ယွီသည် မသိစိတ်အရ ငြင်းဆန်ချင်စိတ် ဖြစ်ပေါ်လာသည်။အဘယ်ကြောင့်ဆိုသော် ဆန်အနည်းငယ် ရှာဖွေခြင်းဆိုသည်မှာ ပိုက်ဆံမကုန်ခြင်းကို ဆိုလိုသောကြောင့် ဖြစ်သည်။

သို့သော် အိမ်တွင် ထမင်းအိုးတည်ဖို့တောင် ခက်ခဲနေပြီဖြစ်ကြောင်း တွေးမိလိုက်သောအခါ…

ထို့ကြောင့် လက်ခံသဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။

……

တစ်ချိန်တည်းမှာပင်။

ချန်ကောဟွား၏ အိမ်ခန်းထဲ၌ ဖြစ်သည်။ပြင်းပြသော နှီးနှောမှုများ ပြီးနောက်တွင် ချင်းကျင်းယွီသည် အနားယူနေရင်း ချန်ကောဟွား၏ လက်ထဲမှ အဆင့်မြင့်ဆန်လက်မှတ်တစ်ရွက်ကို လှမ်းယူလိုက်သည်။

သူမက ချက်ချင်းပင် အံ့ဩသွားရတော့သည်။

" တော်လိုက်တာ၊ ဒီ‌ေလာက်အဆင့်မြင့်တဲ့ ရိက္ခာကိုတောင် ရအောင် ရှာနိုင်တယ်"

ချင်းကျင်းယွီ၏ ချီးမွမ်းစကားကို ကြားသောအခါ ချန်ကောဟွားကတော့ တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့်သာ ရှိနေသည်။

ထိုအမူအရာက သူ့မှာ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ မင်းလည်း မြင်ဖူးတာပဲ မဟုတ်လားဟု ပြောနေသည့်အလား။

သို့သော် သူ ချင်းကျင်းယွီကို ရိက္ခာလက်မှတ် ပေးသည်မှာ ကြွားဝါချင်၍ မဟုတ်ပေ။

ထမင်းချက်သည့်အချိန်တွင် အိမ်ရှိ ရိက္ခာများ မလောက်မင ဖြစ်နေသည်ကို သတိပြုမိသောကြောင့် ဖြစ်သည်။ထို့ကြောင့် ဇနီးဖြစ်သူကို အခြေခံစားကုန်အရောင်းဆိုင်သို့ သွားရောက်ကာ ရိက္ခာအချို့ လဲလှယ်လာစေရန် သူ ရည်ရွယ်ခြင်း ဖြစ်သည်။

"မိန်းမ၊ မှတ်ထားနော်၊ ဒါက အဆင့်မြင့်ဆန်လက်မှတ်၊ ငါတို့မှာ အခု ပိုက်ဆံရှိတယ်၊ စားရင် အကောင်းဆုံးဆန်ကိုပဲ စားရမယ်၊ ပိုက်ဆံကိုတော့ နှမြောမနေနဲ့ဦးနော်"

ပြောပြီးနောက် ချင်းကျင်းယွီက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

All Chapters