အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း ၂၄၁ - တစ်ညတာ တည်းခိုခြင်း
ချီရွှမ်းစုက ပင်မခန်းမသို့ ရောက်သည့်အချိန်မှာ အိမ်ရှင်က သူ့ကို စောင့်ကြိုနေလေပြီ။ သိုးမွှေးအနွေးထည်ကို ဝတ်ဆင်ထားသည့် အသက်လေးဆယ်ခန့် သက်လတ်ပိုင်းအရွယ် စာပေသမားတစ်ဦးက ထိုနေရာမှာ ကြော့ရှင်းစွာဖြင့် ထိုင်နေသည်။
ချီရွှမ်းစုက သူ၏ ယင်ယန်မျက်လုံးများဖြင့် ထိုလူကို တစ်ချက်နှစ်ချက် အကဲခတ်ကြည့်လိုက်၏။ ထိုလူ၏ ယန်စွမ်းအင်က အားနည်းနေသော်လည်း သူ့ထံမှာ ယန်အလင်းသုံးခုက ငြိမ်းသေမည့် လက္ခဏာမရှိဘဲ တောက်ပနေဆဲဖြစ်၏။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ချီရွှမ်းစု၏ ယန်အလင်းသုံးခုသည် တစ်ချက်တိုက်ခတ်ရုံဖြင့် လုံးဝငြိမ်းသေမသွားနိုင်သည့် မီးပြင်းဖိုတစ်ခုနှင့်တူသည်။ ချီရွှမ်းစုအနားကို ချဉ်းကပ်လာရဲသည့် သာမန်တစ္ဆေများက မီးဖိုထဲ ဝင်တိုးသည့် ပိုးဖလံများကဲ့သို့ လောင်ကျွမ်းခံရပေလိမ့်မည်။
ထိုစဉ် အစေခံတစ်ဦးက သံဒယ်ပိုင်းမီးဖိုတစ်လုံးနှင့် လက်ဖက်ရည်ပူကို ယူဆောင်လာပြီး အစေခံတစ်ဦးက ချီရွှမ်းစု၏ ခြုံထည်ကို ကူ၍ ချွတ်ပေးလိုက်၏။
ခြုံထည်ကို ခွာချလိုက်သည့်အခါ ချီရွှမ်းစု ခါးပေါ်မှာ လက်နက်များက ပေါ်ထွက်လာ၏။ အထူးသဖြင့် နတ်နဂါးပစ္စတို ချင်းယွမ်နှင့် သင်္ဘောသားဓားနှစ်လက်ဖြစ်၏။
ချီရွှမ်းစုက တောင်းပန်သည့်အနေဖြင့် ပြုံးပြလိုက်၏။
“ကျုပ် တစ်ယောက်တည်း ခရီးသွားနေရတော့ လိုအပ်တဲ့အခါ အဆင်သင့်ဖြစ်အောင် လက်နက်တွေကို ဆောင်ထားရတယ်”
“ကျုပ် နားလည်ပါတယ်”
အိမ်ရှင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
ယခင် ဝေမင်းဆက်မှာ အရပ်ဘက်ဆိုင်ရာ အရာရှိများသည် စစ်ဘက်ဆိုင်ရာ အရာရှိများထက် ပို၍ ဩဇာအာဏာကြီးမားကြသည်။ သို့သော် မဟာရွှမ်မင်းဆက်က အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိများကို တန်းတူရည်တူ တန်ဖိုးထားလေသည်။ ထိုသို့ဖြင့် စစ်သည်များက ဆက်လက်၍ အထင်သေးမခံရတော့ပေ။
ချီရွှမ်းစုက သူ့ခါးမှ သင်္ဘောသားဓားနှစ်လက်ကို ဖြုတ်ပြီး ဘေးမှာချကာ ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်၏။
သူတို့နှစ်ယောက်က အလ္လာပသလ္လာပ ပြောဆိုလိုက်ကြသည်။
ချီရွှမ်းစုက သူ၏ နာမည်တု ဝေဝူကွေ့ကို အသုံးပြုထား၏။ သို့သော် သူသည် လောလန်ဗိုလ်မှူး ချင်ဝူပင်းထံ လူယုံတပ်သားတစ်ဦးအဖြစ် ထမ်းဆောင်နေပြီး ဝတ်ရုံနက်ဘက်တော်သားတစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်၏။
ပုံမှန်အားဖြင့် အဆင့်နိမ့်စစ်သည်များ သို့မဟုတ် အရာရှိများကို မည်သူကမှ အာရုံစိုက်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် ဤအဆင့်နိမ့်တပ်သားက ဗိုလ်မှူးတစ်ဦး၏ လူယုံတပည့်တစ်ဦး ဖြစ်နေမည်ဆိုလျှင်တော့ ကွဲပြားခြားနားသွားပေလိမ့်မည်။ အဲ့ဒါသည် ဧကရာဇ်၏ လူယုံမိန်းမစိုးများနှင့် တူလေသည်။ သူတို့၏ ရာထူးက မမြင့်မားသော်လည်း သူတို့သည် ဩဇာအာဏာရှိသူများနှင့် အနီးကပ်နေရသောကြောင့် မည်သူကမှ သူတို့ကို မလေးမစား ပြုမူရဲလိမ့်မည် မဟုတ်ပေ။
ဤအချက်ကြောင့် တရားဝင်ရာထူး သို့မဟုတ် အဆင့်မရှိခြင်းအတွက် ချီရွှမ်းစုကို ရှန့်ဂေဟာပိုင်ရှင်က အထင်သေးခြင်း မရှိပေ။
သူတို့ အပြန်အလှန်ပြောဆိုရင်း ရှန့်မိသားစုသည် မျိုးရိုးစဉ်ဆက် စာပေသမားမိသားစုဖြစ်သည်ကို သိရှိလိုက်ရ၏။ ကွယ်လွန်သွားသော ရှန့်သခင်ဟောင်းသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသော်လည်း တာဝန်ထမ်းဆောင်နေစဉ် ဖျားနာ၍ ကွယ်လွန်သွားခဲ့၏။
မိသားစု၏ လက်ရှိခေါင်းဆောင်ကို ရှန့်ရူလင်ဟုခေါ်သည်။ သူက ဤနေရာ၏ပိုင်ရှင် ကျူးယန်စာပေပညာရှင် ဖြစ်သော်လည်း ကျင်းရှီစာပေပညာရှင်ဖြစ်လာဖို့ အကဲဖြတ်စစ်ဆေးမှုမှာ မအောင်မြင်ခဲ့ပေ။ သို့သော် ရှန့်ရူလင်သည် မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာခဲ့ရာ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်စရာမလိုဘဲ သူ၏ နေ့ရက်များကို အေးအေးလူလူ ဖြတ်သန်းနိုင်၏။
သူတို့နှစ်ယောက် အလ္လာပသလ္လာပ ပြောဆိုပြီးနောက် ရှန့်ရူလင်က ချီရွှမ်းစုအတွက် ဂုဏ်ပြုစားပွဲ တည်ခင်းပေးလိုက်၏။
ဤနေရာက မြို့ကြီးမဟုတ်ရာ အရသာရှိသော စားကောင်းသောက်ဖွယ်ရာ များစွာမရှိချေ။ သို့သော် ရှန့်ရူလင်က အတော်လေး ရက်ရောပြီး အသားများစွာနှင့် ပူနွေးသော သေရည်ဖြင့် တည်ခင်းဧည့်ခံလေသည်။
နှင်းများ သည်းထန်စွာ ကျဆင်းနေသော ဤရာသီဥတုမှာ အဲ့ဒါကို အကောင်းဆုံး ဧည့်ခံမှုဟု ဆိုနိုင်သည်။
ချီရွှမ်းစုက ငြင်းဆန်ခြင်းမရှိဘဲ ယောကျ်ားနှစ်ယောက်က စိတ်ကျေနပ်အားရသည်အထိ သောက်စားလိုက်ကြ၏။
သေရည်သုံးလေးခွက် သောက်ပြီးနောက် ရှန့်ရူလင်က ချီရွှမ်းစု၏ လက်တိုလက်တောင်းကိစ္စအကြောင်း မသိမသာမေးမြန်းလိုက်၏။ မည်သို့ပင်ဆိုစေ ဝတ်ရုံနက်များက အပေါင်းအဖော်နှင့် သွားလာလှုပ်ရှားလေ့ရှိပြီး တစ်ယောက်တည်း တွေ့မြင်ရခဲသည်။
ချီရွှမ်းစု၏ ဇာတ်လမ်းဇာတ်ကွက် လုပ်ကြံဖန်တီးနိုင်စွမ်းက အစ်မချီပြီးလျှင် ဒုတိယနေရာမှာ ရှိနေ၏။ သူက ရှန့်ရူလင်ကိုမပြောနှင့်၊ ကျန်းယွဲ့လုကိုပင် အရူးလုပ်နိုင်ခဲ့၏။ ချီရွှမ်းစုက မူးနေသယောင် ဟန်ဆောင်၍ ချင်ဝူပင်း၏ မိသားစုနောက်ခံအကြောင်း အရင်စပြောလိုက်၏။ ထို့နောက် သူသည် ပြည်နယ်မင်းသားနှင့် တွေ့ဆုံ၍ ချင်ဝူပင်း သူ့အဖေအတွက် ပြင်ဆင်ပေးလိုက်သည့် လက်ဆောင်ကို ပေးရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို၏။ ချင်ဝူပင်းက မလိုအပ်ဘဲ လူစိတ်ဝင်စားမခံရချင်သောကြောင့် ဤတာဝန်အတွက် သူ၏ လူယုံတပ်သား ဝေဝူကွေ့ကိုသာ စေလွှတ်ကြောင်း ထပ်ပြောလိုက်၏။
ရှန့်ရူလင်က နောက်ထပ်မေးခွန်းများ ထပ်မေးလိုက်၏။ ချီရွှမ်းစုက မေးခွန်းတစ်ဝက်လောက်ကို တမင်သက်သက်ဖြေပေးပြီး ကျန်တစ်ဝက်ကို ထိန်ချန်ကာ ရှန့်ရူလင်ကို သူ့ဘာသာသူ ချိတ်ဆက်စေ၏။ ချီရွှမ်းစုက မူးယစ်နေသယောင် ဟန်ဆောင်ပြီး တစ်ခါတစ်ရံ ဣန္ဒြေပျက်ယွင်းစွာဖြင့် အော်ဟစ်နေတတ်၏။
ချီရွှမ်းစုက အကုန်လုံး ထုတ်ဖော်ပြောဆိုမည် မဟုတ်သည်ကို ရှန့်ရူလင်ကလည်း သိရှိထားပြီး ပြည်နယ်မင်းသားအတွက် ဘယ်လိုလက်ဆောင်ယူလာသလဲ မေးမြန်းခြင်း မရှိပေ။ သူက ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် အရင်တုန်းက သူတွေ့မြင်ဖူးသည့် စိတ်ဝင်စားစရာကိစ္စတချို့ကိုသာ ပြောဆိုလေသည်။
စားသောက်ပြီးနောက် ရှန့်ရူလင်သည် ချီရွှမ်းစုကို ဧည့်ခန်းဆီသို့ ပို့ပေးရန် အစေခံတစ်ယောက်ကို ကူတွဲခိုင်းလိုက်၏။ နောက်ထပ်အစေခံတစ်ဦးက ချီရွှမ်းစု၏ ခြုံထည်နှင့် ဓားနှစ်လက်ကို သယ်ပြီး နောက်ကနေ လိုက်လာကြ၏။ စူးစမ်းလိုစိတ်ကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ အစေခံတစ်ဦးက သင်္ဘောသားဓားတစ်လက်ကို ဓားအိမ်ထဲကနေ တိတ်တဆိတ် ဆွဲထုတ်ကြည့်လိုက်၏။ အစေခံက ချီကို ထည့်သွင်းခြင်း မရှိသော်လည်း ဓားသွားပေါ်ထွက်လာသည်နှင့် လေပူလှိုင်းက သူ့မျက်နှာကို လာရောက်ရိုက်ခတ်၏။ အစေခံက ထိတ်လန့်၍ ဓားကို လွှတ်ချမိမတတ်ဖြစ်သွား၏။
ဓားထုတ်သံကြား၍ ချီရွှမ်းစုက လှည့်ကြည့်လိုက်၏။
“ဒါက လူသတ်တဲ့ လက်နက်နော်... သားသတ်သမားရဲ့ ဓားမဟုတ်ဘူး”
ချီရွှမ်းစု၏ အသံက ခပ်ပေါ့ပေါ့ပင် ဖြစ်သော်လည်း တင်စီးနေဆဲဖြစ်၏။
“ဟုတ်ကဲ့ပါ လူကြီးမင်း”
အစေခံက ကြောက်လန့်သွားပြီး ဓားကို ဓားအိမ်ထဲသို့ မြန်မြန်ဆန်ဆန် ပြန်ထည့်လိုက်၏။
သူတို့က အိပ်ခန်းသို့ ရောက်သည့်အချိန်မှာ ချီရွှမ်းစုက သူ့ပစ္စည်းများကို စားပွဲပေါ်မှာ တင်ခိုင်းပြီး သူက ကုတင်ပေါ်မှာ ထိုင်လိုက်၏။
အစေခံတစ်ဦးက ခြေထောက်စိမ်ဖို့ သူ့ထံ ရေပူဇလုံတစ်လုံးကိုပင် ယူဆောင်လာပေး၏။
ချီရွှမ်းစုသည် အရင်တုန်းက စွန်းယုံဖုန့်၊ လင်းချွမ်ကျီတို့နှင့် ပြောခဲ့သည့်စကားကို အမှတ်ရသွား၏။ ထိုက်ဖျင်ဒင်္ဂါး သုံးလေးထောင်ရှိလျှင် သူက ခရိုင်ငယ်တစ်ခုမှာ လူချမ်းသာတစ်ဦး ဖြစ်နိုင်၏။ ဤကဲ့သို့ အေးအေးလူလူနေရသော ဘဝသည် လောကမှာ တစ်ယောက်တည်း လှည့်လည်သွားလာနေရသည်ထက် များစွာပိုကောင်းသည်။
အစေခံများက ထွက်ခွာဖို့ ပြင်လိုက်ကြ၏။
“လူကြီးမင်း... တစ်ခုခု လိုအပ်တာ ရှိရင် ကျုပ်တို့ကို ပြောပါ”
“ရတယ်... ကျေးဇူးပဲ”
ချီရွှမ်းစုက ခေါင်းညိတ်၍ သူ၏ ဖိနပ်များကို ချွတ်ကာ သူ့ခြေထောက်ကို ရေပူထဲ နှစ်လိုက်၏။
ရှန်းထျန်သက်ရှိများက ချွေးမထွက်၊ ဆံပင်မကျွတ်၊ အရေခွံမကွာ၍ ရေချိုးဖို့နှင့် အဝတ်လဲဖို့ မဖြစ်မနေ မလိုအပ်သော်လည်း အေးစက်သော ရာသီဥတုမှာ ရေပူစိမ်ရသည်က သက်တောင့်သက်သာ ရှိနေဆဲဖြစ်၏။
သို့သော် ရာသီဥတုက အေးစက်လွန်းပြီး သိပ်မကြာခင် ရေပူများက အေးသွားလေသည်။
ချီရွှမ်းစုက သူ့ခြေထောက်နှစ်ဖက်ကို မ၍ ဇလုံနှုတ်ခမ်းမှာ တင်ထားလိုက်၏။ ရုတ်တရက် သူက လက်ရှိအခြေအနေကို စဉ်းစားရင်း သက်ပြင်းချမိ၏။ ယခုအချိန်မှာ သူက ဟန်ချက်ထိန်းဖို့ ကြိုးစားရင်း လှေနံနှစ်ဖက် နင်းထားရ၏။ ဤလှေနှစ်စင်းက တာအိုဂိုဏ်းတော်နှင့် ချင်းဖျင်အသင်းတို့ ဖြစ်သည်။
ထိုနှစ်ခုကြား တာအိုဂိုဏ်းတော်က ပိုမိုကောင်းမွန်သော ရွေးချယ်စရာဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ သို့သော်လည်း ချီရွှမ်းစုက သူသေဆုံးကြောင်း အယုံသွင်းထားသောကြောင့် သူ တာအိုဂိုဏ်းတော်သို့ ဘယ်အချိန်မှာ ပြန်သွားနိုင်မလဲ မသိရပေ။
ချီရွှမ်းစုက ရေရွတ်လိုက်၏။
“ငါ့နှလုံးသားက တောက်ပတဲ့ လပြည့်ဝန်းဆီ ဦးတည်နေပေမဲ့… အားရား.. လရောင်က တခြားတစ်နေရာကိုပဲ ဖြာဆင်းပါ့လား”
နေရာလွတ်ကို ငေးကြည့်ရင်း ချီရွှမ်းစုသည် နံရံမှာ အမှတ်အသားတချို့ကို ရုတ်တရက် သတိထားမိသွား၏။
သူက ချက်ချင်းပင် နိုးနိုးကြားကြားဖြစ်၍ မတ်တတ်ထရပ်ပြီး ရေဇလုံထဲက ရေများကို ဖိတ်ကျသွားစေ၏။ သူက ခြေပြောင်ဖြင့် နံရံနားကို ကပ်ပြီး အနီးကပ် ကြည့်ရှုလိုက်၏။
အမှတ်အသားများက မှိန်ဖျော့နေသော်လည်း ခပ်ရေးရေးတွေ့မြင်ရဆဲဖြစ်၏။ နံရံအရောင်က ဘေးပတ်ဝန်းကျင်နှင့်ယှဉ်လျှင် အနည်းငယ် ကွာခြားနေ၏။
“ဒါက…”
ဤနံရံက နောက်မှ ထပ်ကပ်ထည့်ထားခြင်း ဖြစ်သည်ကို သူသိရှိလိုက်၏။ ယင်းက မူလနံရံ မဟုတ်ပေ။
ပုံမှန်ဆို ချီရွှမ်းစုက များစွာစဉ်းစားမိလိမ့်မည် မဟုတ်သော်လည်း ဤခြံဝန်းထဲသို့ စဝင်လာကတည်းက သူ့စိတ်ထဲ လေးလံနေသောကြောင့် ပတ်ဝန်းကျင်ကို ပို၍သတိထားနေ၏။ ခဏမျှ တွေဝေပြီးနောက် နံရံပေါ် လက်ချောင်းငါးချောင်းတင်ကာ အားအနည်းငယ် စိုက်ထုတ်လိုက်၏။
နံရံက စတင်၍ ပဲ့ကြွေပြီး အောက်ဘက်မှာ မီးခိုးရောင် အုတ်ခဲများ ပေါ်ထွက်လာ၏။
ဤအုတ်များပေါ်မှာ ရေးဆွဲထားသည့် အဆောင်အင်းများကို တွေ့မြင်သည့်ခဏမှာ ချီရွှမ်းစု၏ အမူအရာက တည်ကြည်လေးနက်သွားလေသည်။
ချီရွှမ်းစုသည် အဆောင်လက်ဖွဲ့ရေးဆွဲရာမှာ ကျွမ်းကျင်သည့် ဂမ္ဘီရဝိဇ္ဇာတစ်ဦး မဟုတ်သော်လည်း ဝမ်ရှန်းတာအိုအိုနန်းတော်မှ အခြေခံသင်ရိုးကြောင့် အဲ့ဒါကို ခွဲခြားနိုင်လေသည်။
ဤအဆောင်အင်းများက ဝေဝေဝါးဝါး ကောက်ကြောင်းများနှင့် မပြည့်စုံပေ။ တစ္ဆေသရဲများကို တားဆီးဖို့အတွက် သူတို့ကို အသုံးပြုပုံရ၏။ ဒါ့အပြင် ဤအဆောင်အင်းများကို အဆောင်စက္ကူပေါ်မှာ ရေးဆွဲထားခြင်း မဟုတ်ဘဲ သွေးဖြင့် အုတ်နံရံပေါ်မှာ ရေးဆွဲထားခြင်းဖြစ်၏။
ဤသည်မှာ ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခါ ဂမ္ဘီရဝိဇ္ဇာများ အသုံးပြုသည့် ပြုမူလှုပ်ရှားပုံတစ်ခုဖြစ်သည်။ သို့သော် ဂမ္ဘီရဝိဇ္ဇာသည် ယန်စွမ်းအင်အပြည့်ဖြစ်သော သူ့သွေးဖြင့် အဆောင်အင်းများကို အသည်းအသန် ရေးဆွဲခဲ့ရသည့်အတွက် အဲ့ဒါက သေရေးရှင်ရေး အခြေအနေတစ်ခုကို ညွှန်ပြနေ၏။
ချီရွှမ်းစုက ပင့်သက်ရှိုက်လိုက်၏။
“ငါ သားရဲမိစ္ဆာတွင်းထဲကို ဝင်လာမိတာလား”