အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း ၂၄၂ - စောင်လာပို့သော အမျိုးသမီး
ချီရွှမ်းစုက ထိတ်လန့်သွားသော်လည်း အိပ်ရာဆီ တည်တည်ငြိမ်ငြိမ် ပြန်သွား၍ ဖိနပ်စီးကာ သူ၏ ဓားများကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။ ရှန့်ဂေဟာထဲသို့ သူဝင်ရောက်လာကတည်းက နတ်နဂါးပစ္စတိုနှင့် ချင်းယွမ်က ကိုယ်နှင့်မကွာ ရှိနေခဲ့သည်။ ဤဓားနှစ်လက်ကိုသာလျှင် အခြားသော အစေခံများက ထိခဲ့ကြ၏။
ဓားများမှာ မည်သည့်ပြဿနာမှ မရှိသည်ကို ချီရွှမ်းစု အတည်ပြုပြီးနောက် အဆိပ်ဖြေဆေးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်၏။
အဆိပ်ဖြေဆေး သောက်ပြီးနောက် ချီရွှမ်းစုက အနည်းငယ် သက်သောင့်သက်သာ ရှိသွား၏။
တကယ်ဆို အစစ်မှန်အပြင်လောကမှာ အသုံးပြုနေကျ တိတ်တိတ်ပုန်း လှည့်ကွက်များကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။
တစ်မျိုးက စိတ်အခြေအနေကို နှောင့်ယှက်ဖျက်ဆီးနိုင်သည့် ဆေးဝါးဖြစ်သည်။ ဆေးခတ်ခံရပြီးနောက် သားကောင်က အိပ်မောကျခြင်း သို့မဟုတ် ထင်ယောင်ထင်မှား စိတ်အာရုံချောက်ချားခြင်းတို့ ဖြစ်နိုင်သည်။ ဤနည်းလမ်းက ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများအပေါ်မှာ ထိရောက်မှု သိပ်မရှိပေ။
ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို ဒုက္ခပေးနိုင်လောက်အောင် လိုအပ်သည့် ဆေးပမာဏက အတော်လေး များပြားသောကြောင့်ဖြစ်၏။ ဥပမာ သေရည်ထဲမှာ ဆေးထည့်ရောမည်ဆိုလျှင် ကိုယ်ခံပညာသိုင်းသမားတစ်ဦးကို အောင်အောင်မြင်မြင် ဆေးခတ်နိုင်ဖို့ သေရည်လီတာ တစ်ဆယ်ကျော် အသုံးပြုရပေလိမ့်မည်။ အဲ့ဒါက သိပ်ပြီး လက်တွေ့မဆန်ပေ။
တစ်ဖက်မှာတော့ ဂမ္ဘီရဝိဇ္ဇာများသည် သူတို့၏ ခန္ဓာကိုယ်က ပျော့ခွေ၍ ခွန်အားမရှိတော့လျှင်တောင် သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကို ခွဲထုတ်နိုင်ကြသည်။
နောက်ထပ် တိတ်တိတ်ပုန်းနည်းလမ်းမှာ ပြင်းထန်သောအဆိပ် တိုက်ကျွေးခြင်းဖြစ်၏။ သို့သော် နတ်သက်ကြွေအင်မော်တယ်များ၊ ချီသန့်စင်သူများနှင့် လေလွင့်ကျင့်ကြံသူများသည် သူတို့၏ ပင်ကိုယ်ချီကို သုံး၍ အဆိပ်ကို ယာယီဖိနှိမ်နိုင်ကြသည်။
တကယ်တော့ ကောင်းကင်သက်ရှိတစ်ဦးပင် ခံနိုင်ရည်မရှိသည့် အခြားသော နည်းလမ်းများလည်း ရှိလေသည်။ သို့သော် ဤကဲ့သို့သော အဆိပ်များက အလွန်တရာ ဈေးကြီးပြီး သာမန်လူများက မတတ်နိုင်ကြပေ။ ယင်းသည် တည်းခိုခန်းမှ လုပ်ကြံသတ်ဖြတ်သူတစ်ဦးကို ငှားရမ်းသည်ထက်ပင် ပို၍ ကုန်ကျစရိတ်များနိုင်သည်။
သူ့မှာ ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ကိုယ်ကာယရှိပြီး အဆိပ်ဖြေဆေး ကြိုသောက်ထားသောကြောင့် သူက သာမန်ဆေးဝါးများကို ခံနိုင်ရည်ရှိမည်ဟု ချီရွှမ်းစု တွေးမိ၏။ မည်သို့ပင်ဆိုစေ ဤနေရာက ရွာငယ်တစ်ရွာသာဖြစ်ပြီး အရင်းအမြစ်များက အကန့်အသတ်ရှိပေလိမ့်မည်။
ချီရွှမ်းစုက ဤနေရာကို အကဲဖြတ်မှားပြီး လူမြင်ကွင်းကနေ ပုန်းရှောင်နေသည့် ပညာရှင်တချို့ တကယ်ပဲ ရှိနေမည်ဆိုလျှင် ထိုကဲ့သို့ ညစ်ပတ်သော လှည့်ကွက်များကို အသုံးပြုစရာလိုလိမ့်မည် မဟုတ်ပေ။ သူ့ကို တစ်ခါတည်း အသေရိုက်သတ်လိုက်ခြင်းက ပိုမိုလွယ်ကူပေလိမ့်မည်။
ချီရွှမ်းစုက သူ၏ အဝတ်အစားကို သေသပ်အောင် ပြင်ဆင်၍ သင်္ဘောသားဓားနှစ်လက်ကို ခါးမှာချိတ်ပြီး လက်နက်များကို ရေတွက်ကြည့်လိုက်၏။
လက်နက်စာရင်းမှာ…
ချင်းယွမ်
နတ်နဂါးပစ္စတို
သင်္ဘောသားဓားနှစ်လက်
(ခ)အဆင့် အမှတ်စဉ်-၂ နဂါးမျက်လုံးကျည်ဆန် ၇တောင့်
(ခ)အဆင့် အမှတ်စဉ်-၃ နဂါးမျက်လုံးကျည်ဆန် ၁၅တောင့်
(ခ)အဆင့် အမှတ်စဉ်-၃ ဖီးနစ်မျက်လုံးကျည်ဆန် ၂တောင့်
သာမန် ချပ်ဝတ်ဖောက်ကျည်ဆန် အတောင့် ၂၀ တို့ ဖြစ်သည်။
ဤအရာများသည် လူသတ်ဖို့အတွက် စွမ်းအားကြီးမားသော လက်နက်များဖြစ်သော်လည်း တစ္ဆေသရဲများအပေါ်မှာ ထိရောက်မှု သိပ်မရှိပေ။
ဤနေရာမှာ အဆောင်လက်ဖွဲ့နှင့် အင်းတို့ကို ရေးဆွဲနိုင်သည့် ဂမ္ဘီရဝိဇ္ဇာတစ်ဦးက ပို၍ အားသာချက်ရှိနေ၏။
ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သွေးချီက တစ္ဆေသရဲနှင့် စိတ်ဝိညာဉ်တို့ကို ချုပ်ထိန်းနိုင်သော်လည်း အဲ့ဒါကို ခံစစ်အတွက်သာ အသုံးပြုနိုင်၏။
လေလွင့်ကျင့်ကြံသူများက အရာရာတိုင်းမှာ နည်းနည်းစီ နှံ့စပ်သော်လည်း မည်သည့်အရာတွင်မှ ကျွမ်းကျင်ပိုင်နိုင်မှု မရှိချေ။
ချီရွှမ်းစုက အသက်တစ်ချက်ရှိုက်ပြီး ဤနေရာကနေ ချက်ချင်းထွက်ခွာဖို့ တွေးလိုက်၏။ သို့သော် ရန်သူကို သတိဝင်သွားစေမည်ကိုလည်း စိုးရိမ်ရသည်။ သူက ဤတစ်ည ရှင်သန်ချင်ရုံသာဖြစ်ပြီး ဘာတွေပဲဖြစ်လာဖြစ်လာ မသိကျိုးကျွံပြုကာ နောက်နေ့ မနက်စောစောမှာ ထွက်ခွာသွားနိုင်၏။
အကျိုးဆက်ကတော့ ချီရွှမ်းစု မအိပ်စက်နိုင်ပေ။ သူက မီးအိမ်ကို ငြှိမ်းသတ်၍ သူ့လက်နက်များကို တင်းတင်းဆုပ်ကိုင်ပြီး ကုတင်ပေါ်မှာ ထိုင်နေ၏။ ထို့နောက် မျက်လုံးနှစ်ဖက်ကို မှိတ်ကာ အနားယူလိုက်၏။
ညသန်းခေါင်လောက်မှာ ပြတင်းပေါက်ကနေ ခပ်ဖျော့ဖျော့ အသံတစ်ခု ဝင်ရောက်လာပြီး ချီရွှမ်းစုက သူ့မျက်လုံးနှစ်ဖက်ကို ဆတ်ခနဲ ဖွင့်လိုက်၏။
ဤတရှဲရှဲအသံက ပို၍ နီးကပ်လာနေ၏။ ယင်းသည် လူသားခြေသံနှင့် လုံးဝမတူပေ။
သိပ်မကြာခင် ပြတင်းပေါက်အပြင်ကနေ လူရိပ်တစ်ခု ပေါ်ထွက်လာ၏။ လသာနေသောကြောင့် အခန်းက အပြင်ထက် ပို၍ မှေးမှိန်နေ၏။ ထို့ကြောင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကို သူ ခပ်ရေးရေး တွေ့မြင်ရသည်။
ချီရွှမ်းစုက သူ၏ ယင်ယန်မျက်လုံးများကို အသုံးပြုထားပြီဖြစ်ပြီး အပြင်ဘက်မှာရှိသော လူရိပ်က တစ္ဆေမဟုတ်သည်ကို သိရှိလိုက်၏။ ထိုပုံရိပ်ကနေ ပြင်းထန်ကြမ်းတမ်းသော ယန်စွမ်းအင်ပင် ဖြာထွက်နေ၏။ ဤအချက်မှာ သူက အနည်းငယ် စိတ်ပေါ့သွားသော်လည်း သတိကို တင်ထားဆဲဖြစ်၏။
ဘယ်လောက် ထူးဆန်းလဲ… ဒီနေရာမှာ တစ္ဆေသရဲ မရှိဘူးဆိုရင် တစ်ယောက်ယောက်က တစ္ဆေကို တားဆီးဖို့ ဒီအခန်းထဲက နံရံမှာ အဆောင်အင်းတွေကို ဘာလို့ ရေးဆွဲထားခဲ့တာလဲ…
ဤအချိန်မှာ အပြင်ဘက်က လူက လက်မြှောက်၍ ပြတင်းပေါက်ကို ညင်သာစွာ ခေါက်လိုက်၏။
ချီရွှမ်းစုက ခဏမျှ အသံတိတ်နေပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်စေဖို့ ကြိုးစားလိုက်၏။ သူက ယခုမှ နိုးလာသယောင် ဟန်ဆောင်ကာ အိပ်ချင်မူးတူးအသံဖြင့် မေးလိုက်၏။
“ဘယ်သူလဲဟေ့”
“လူကြီးမင်း... ရှင်အိပ်တာလား”
ပြတင်းပေါက်ကနေ နူးညံ့သိမ်မွေ့သော အသံတစ်သံ ဝင်ရောက်လာ၏။
ချီရွှမ်းစုက အဝတ်အစား ဝတ်နေသည့် အသံမျိုးထွက်အောင် ကုတင်ဘေးမှာ တမင်သက်သက် လှုပ်ရှားလိုက်၏။ သူက အသံကိုမြှင့်ကာ ထပ်မေးလိုက်၏။
“ဘာကိစ္စရှိလို့လဲ”
ပြတင်းပေါက် အပြင်ဘက်က အမျိုးသမီးက တုံ့ပြန်ပြောဆိုလိုက်၏။
“ဒီညက အတော်လေး အေးနေလို့လေ... သခင်ရှန့်က ရှင် အေးနေမှာစိုးလို့ နွေးနွေးထွေးထွေး အိပ်နိုင်အောင် နောက်ထပ် ဂွမ်းစောင်တွေ ပို့ခိုင်းလိုက်လို့ပါ”
ချီရွှမ်းစုက အမျိုးသမီး၏ မျက်နှာကို မတွေ့မြင်ရသော်လည်း သူမ၏ အသံမှာပင် ရမ္မက်ဖြာနေ၏။
ယခုက ညနက်သန်းခေါင်ဖြစ်ပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် မိန်းကလေးတစ်ဦးက အခန်းဆီသို့ ဂွမ်းစောင်လာပို့ပေးနေ၏။ ဤကဲ့သို့သော အခြေအနေမှာ လူငယ်တစ်ဦးအနေဖြင့် စိတ်ရိုင်းများ ဝင်လာဖို့ လွယ်ကူပေလိမ့်မည်။
သို့သော် ထိုအမျိုးသမီးမှာ ရည်ရွယ်ချက်ပါလာသည်ကို သိထားသောကြောင့် ချီရွှမ်းစုမှာ စိုးရိမ်ပူပန်စိတ်သာ ရှိသည်။
ချီရွှမ်းစုက ခဏမျှ နှုတ်ဆိတ်ပြီးနောက် သူမ၏ ကမ်းလှမ်းမှုမှာ စိတ်ပါလာသယောင် ဟန်ဆောင်လိုက်၏။
“ငါက ရွက်ဖျင်တဲထဲမှာ နေသားကျနေလို့ တံခါးကို ဘယ်တုန်းကမှ မင်းတုပ်ချလေ့မရှိဘူး... မင်း ဒီတိုင်း ဝင်လာလို့ရတယ်”
“ကောင်းပါပြီ လူကြီးမင်းရှင့်”
တံခါးအပြင်ဘက်က အမျိုးသမီးက ကနွဲ့ကလျအသံဖြင့် ညင်သာစွာ တုံ့ပြန်လိုက်၏။ ထို့နောက် နောက်ထပ် တရှဲရှဲအသံ ထွက်ပေါ်လာပြီး အမျိုးသမီးက တံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်ရောက်လာ၏။
အခန်းက မှောင်နေရာ အမျိုးသမီးက ကုတင်ပေါ်မှာ ထိုင်နေသော ချီရွှမ်းစုကို ခပ်ရေးရေးသာ တွေ့မြင်ရသည်။
“လူကြီးမင်း... ရှင်ဘာလို့ အမှောင်ထဲမှာ ထိုင်နေတာလဲ”
အမျိုးသမီးက ကြီးမားသော တစ်ခုခုကို ကိုင်ထားပြီး အခန်းထဲကို ဝင်ရောက်လာပြီးနောက် ယင်းကို ဘေးမှာချလိုက်၏။
ချီရွှမ်းစုက ပြောလိုက်၏။
“ဘာလို့ မီးထွန်းနေမှာလဲ... အဲ့ဒါမျိုးဆိုတာ အမှောင်ထဲမှာ လုပ်ရတာ ပိုကောင်းတယ် မလား”
“အို... လူကြီးမင်း… ရှင်ရယ်…”
အမျိုးသမီးက ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ချိုသာစွာဖြင့် တခစ်ခစ် ရယ်လိုက်၏။
“ရှင်က တော်တော် ရှေးဆန်တာပဲ”
“ကျွန်မကတော့ မီးအလင်းရောင်အောက်မှာ လုပ်ရတာက ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းမယ် ထင်တယ်”
ပြောရင်း အမျိုးသမီးက မီးအိမ်ကို သွားထွန်းလိုက်၏။
ချီရွှမ်းစုက သူမကို တားဆီးခြင်း မရှိချေ။ မှောင်နေသော အခန်းက ချက်ချင်းပင် လင်းထိန်သွား၏။
သို့သော် မြင်လိုက်ရသောအရာက အမျိုးသမီးကို တုန်လှုပ်သွားစေ၏။
အဝတ်အစားအပြည့် ဝတ်ဆင်ထားသော ယောကျ်ားတစ်ဦးက လက်နှစ်ဖက်ဖြင့် သူ့ခါးပေါ်က လက်နက်များကိုကိုင်ပြီး ကုတင်ပေါ်မှာ ထိုင်နေ၏။ သူ့အကြည့်က စူးရှ၍ သတ်ဖြတ်လိုစိတ် ပါဝင်နေလေသည်။