← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄ - အငြိုးကြီးတစ္ဆေ

ချီရွှမ်းစုက လက်မြှောက်၍ ခွန်အားတချို့ကို စိုက်ထုတ်လိုက်၏။ သူ၏ အင်္ကျီလက်အောက်မှ သွေးကြောများက ဖောင်းပွ၍ သူ၏ သွေးချီနှင့် ပင်ကိုယ်ချီက တလိပ်လိပ်ထိုးတက်လာပြီးနောက် မြွေအမြီးကို သူ့ခန္ဓာကိုယ်ပေါ်ကနေ ကော်ချလိုက်၏။

ချုပ်နှောင်မှုကနေ လွတ်ထွက်သည်နှင့် သူ့ခါးမှ သင်္ဘောသားဓားနှစ်လက်ကို ရွှမ်းခနဲထုတ်ကာ ချက်ချင်းပင် ပင်ကိုယ်ချီကို ထိုးသွင်းလိုက်၏။ ဓားသွားက ချက်ချင်းပင် မီးစွဲ၍ ညအမှောင်ထဲမှာ တဖျတ်ဖျတ်တလက်လက်ဖြစ်လာ၏။

ဒဏ်ရာအပြင်းအထန်ရရှိထားသော မြွေသားရဲက ဆက်လက်၍ ကြန့်ကြာမနေရဲဘဲ ချက်ချင်းပင် ထွက်ပြေးလေသည်။

ထိုအချိန်မှာ ညိုမည်းနေသောတိမ်စိုင်များက သာနေသောလကို ဖုံးအုပ်၍ လရောင်ကို ကွယ်ပျောက်သွားစေ၏။ နှင်းက အဆက်မပြတ် ကျဆင်းနေဆဲဖြစ်ပြီး မြေပြင်မှာ အဖြူရောင်ခြုံလွှာတစ်ထည်လွှမ်းနေ၏။

မြွေက လျှောထိုး၍ထွက်သွားပြီး နှင်းများပေါ်မှာ စွပ်ကြောင်းရာတစ်ခု ကျန်ရစ်ခဲ့လေသည်။

ချီရွှမ်းစုက မြွေသားရဲကို ထွက်ခွာခွင့်ပေးပြီး သူက ဤဂေဟာကနေ ထွက်ဖို့ နည်းလမ်းတစ်ခုရှာသင့်သည်။ သို့သော် ချင်းယွမ်က မြွေသားရဲ၏ ခန္ဓာမှာ တန်းလန်းစိုက်ပါသွားသည်။ ချင်းယွမ်က သူ့ဆရာချန်ခဲ့သည့် အမွေဖြစ်ရာ သူ့အတွက် အဓိပ္ပါယ်ရှိလေသည်။

ထိုသို့ဖြင့် ချီရွှမ်းစုက မြွေသားရဲနောက်သို့ ဆက်လိုက်သွား၏။ သူ အခန်းထဲကနေ ထွက်၍ နှင်းမုန်တိုင်းထဲ ပြေးဝင်သွားသည်နှင့် ပြင်းထန်ကြမ်းတမ်းသော ယင်စွမ်းအင်က သူ့မျက်နှာကို လာရောက်ရိုက်ခတ်ကာ အသက်ရှူမှားသွားစေ၏။

သို့သော် ချီရွှမ်းစုက သတိတင်ထားပြီဖြစ်၏။ သူက နောက်တစ်ဖန်ဟိန်းဟောက်၍ သွေးချီပေါက်ကွဲအားကို တစ်ဖန်ထုတ်ဖော်လိုက်၏။

ကိုယ်ခံပညာသိုင်းသမား၏ သွေးချီက ဂမ္ဘီရဝိဇ္ဇာ၏ အစီအရင်ကို ချေဖျက်နိုင်ရုံသာမက တစ္ဆေယင်စွမ်းအင်ကိုလည်း ချုပ်ထိန်းနိုင်လေသည်။ ဂမ္ဘီရဝိဇ္ဇာများသည်လည်း တစ္ဆေအင်မော်တယ်လမ်းစဉ်မှ ဖြစ်ရာ ယင်စွမ်းအင်နှစ်ခုက အတော်လေးဆင်တူသောကြောင့်ဖြစ်သည်။

ချီရွှမ်းစုသည် သူ၏ ဟိန်းဟောက်သံဖြင့် ယင်စွမ်းအင်ကို ပျက်ပြယ်သွားစေ၏။ ထိုမျှသာမက ကျဆင်းနေသောနှင်းများနှင့် မြေပြင်ပေါ်က နှင်းများသည် တုန်ခါလှိုင်းများဖြင့် တိုက်ခတ်ခံရပြီး သူ့ရှေ့မှာ ပြောင်ရှင်းနေသော မြေကွက်လပ်တစ်ခု ကျန်ခဲ့၏။

သူက ဆက်ပြေးရင်း မြွေသားရဲကို လိုက်မီလုနီးပါးဖြစ်လာ၏။ သင်္ဘောသားဓားကို ဝင့်လိုက်သည်နှင့် သူ့ရှေ့မှ သည်းထန်သော ဆီးနှင်းလိုက်ကာက တွန့်လိမ်သွား၏။ ဓားချီနှင့်မြွေကို နောက်ကနေ တိုက်ခိုက်ရမည့်အစား သင်္ဘောသားဓားသည် တည်နေရာခုန်ကူးသွားသည့်အလား မြွေသားရဲ၏ ရှေ့မှာ ပေါ်ထွက်လာ၏။ အထင်ကြီးစရာကောင်းသော ဤလှုပ်ရှားကွက်သည် ကျန်းယွဲ့လုထံမှ သူသင်ယူထားသော တာယန်စိတ်ဝိညာဉ်ဓားသိုင်းဖြစ်သည်။

သင်္ဘောသားဓား၏ လှုပ်ရှားရာလမ်းကြောင်းကို ခန့်မှန်းဖို့ခက်ရာ ပြိုင်ဘက်ကို မကြာခဏ အငိုက်ဖမ်းနိုင်သည်။

မြွေသားရဲက စူးစူးဝါးဝါးအော်၍ မြေပြင်ပေါ်ကို လဲကျသွား၏။ ၎င်းက မသေသော်လည်း ပြင်းထန်စွာလူးလိမ့်၍ နှင်းများနှင့် မီးခိုးများကို တထောင်းထောင်းထသွားစေ၏။ မြွေအမြီးရိုက်ခတ်ရာနေရာတိုင်းမှာ မြေပြင်က အက်ကွဲ၍ တံတိုင်းများက ပြိုကျသွား၏။

ဤအချိန်မှာ အငြိုးကြီးတစ္ဆေက တဟုန်ထိုး ယင်စွမ်းအင်နှင့် လွင့်မျောလာကာ ၎င်းဖြတ်သွားရာနေရာတိုင်းမှာ နှင်းများကို ဖွာလန်ကျဲသွားစေ၏။ အဲဒါက အတော်လေးနားလည်ရခက်သော မြင်ကွင်းဖြစ်သည်။ ယင်ယန်မျက်လုံးများနှင့်ပင် ချီရွှမ်းစုသည် သူ့ထံသို့ ကြောက်စရာကောင်းသော အလျင်အဟုန်နှင့် ပြေးဝင်လာနေသည့် အရိပ်တစ်ခုကိုသာ ခပ်ရေးရေးတွေ့မြင်ရသည်။ ချီရွှမ်းစုသည် ကျားမာအဆောင်နှင့်ပင်လျှင် ထိုအလျင်အဟုန်ကို လိုက်မမီနိုင်ပေ။

သို့သော် ချီရွှမ်းစုအနေဖြင့် ဤတစ္ဆေနှင့် အရှိန်အဟုန်ချင်း ယှဉ်နေစရာမလိုပေ။ အငြိုးကြီးတစ္ဆေက ပေများစွာ ပျံသန်းနိုင်စဉ် ချီရွှမ်းစုက သူ့လက်ကိုမြှောက်ရုံသာလိုအပ်သည်။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ချီရွှမ်းစုကက ပိုမိုမြန်ဆန်နေဆဲဖြစ်၏။

ချီရွှမ်းစုက သူ၏ သင်္ဘောသားဓားနှစ်လက်ကို စေညွှန်၍ အငြိုးကြီးတစ္ဆေထံ ပစ်ဝင်သွားစေ၏။

ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ပုံရသော ချီရွှမ်းစုသည် ယင်ယန်မျက်လုံးကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွမ်းရည်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု အငြိုးကြီးတစ္ဆေက ထင်မှတ်မထားပေ။ မည်သို့ပင်ဆိုစေ ကိုယ်ခံပညာသိုင်းသမားများနှင့် မှော်စွမ်းအားက တသီးတခြားစီဖြစ်သည်။

တစ္ဆေသည် သူ့ကိုလည်း ထိခိုက်စေနိုင်သည့် စိတ်ဝိညာဉ်ဓားသွားမှ မီးတောက်များနှင့် ပစ်တိုက်လုမတတ်ဖြစ်၏။ ရုတ်တရက် တစ္ဆေက ရပ်တန့်၍ ကွေ့ပတ်ပြီး သင်္ဘောသားဓားများကို ပွတ်ကာသီကာရှောင်တိမ်းလိုက်၏။ သို့သော် ချီရွှမ်းစုက နောက်တစ်ဖန်တိုက်ခိုက်ပြန်၏။ တစ္ဆေအများစုမှာ လူများကို ဒုက္ခပေးရန် ပုံရိပ်ယောင်များနှင့် ပူးကပ်သိမ်းပိုက်ခြင်းဟူ၍ နည်းလမ်းနှစ်ခုသာရှိသည်။ ပုံရိပ်ယောင်များသည် လူတို့၏ အနက်ရှိုင်းဆုံးအကြောက်တရားကို နှိုးဆွပေးနိုင်ရာ သူတို့ကို စိတ်ပိုင်းဆိုင်ရာပြိုလဲမှု ဖြစ်စေနိုင်လေသည်။ တစ်ဘက်မှာ ပူးကပ်သိမ်းပိုက်ခြင်းကတော့ တစ္ဆေသရဲများအား သားကောင်၏ ကိုယ်ကာယခန္ဓာကို ထိန်းချုပ်ခွင့်ပေးပေလိမ့်မည်။

ဂမ္ဘီရဝိဇ္ဇာများ အသုံးပြုနေကျ ဤနည်းလမ်းများသည် အစီအရင်ချေဖျက်သွေးချီကြောင့် ကိုယ်ခံပညာသိုင်းသမားများအပေါ် ထိရောက်မှုမရှိပေ။ ဒါ့အပြင် အသွေးအသားနယ်ပယ်မှ ကိုယ်ခံပညာသိုင်းသမား၏ ခန္ဓာနှင့်ဝိညာဉ်က တစ်သားတည်းကျ ပေါင်းစည်းသွားပေလိမ့်မည်။ ထို့ကြောင့် တစ္ဆေတစ်ကောင်က ကိုယ်ခံပညာသိုင်းသမားတစ်ယောက်၏ ခန္ဓာကို ပူးကပ်သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ပေ။

လူအများစု၏ ဝိညာဉ်နှင့်ခန္ဓာသည် လှေသမားနှင့် လှေကဲ့သို့ဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကို ပူးကပ်သိမ်းပိုက်ဖို့အတွက် တစ္ဆေသည် လှေသမားကို မောင်းထုတ်ပြီး လှေကို မောင်ပိုင်စီးရမည်ဖြစ်၏။ သို့သော် ကိုယ်ခံပညာသိုင်းသမားကို ဤကဲ့သို့ မယူဆနိုင်ပေ။ ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် လှေမပါဘဲ ကူးခတ်နေသည့် ရေကူးသမားတစ်ဦးနှင့်ပိုတူသည်။ ထို့ကြောင့် တစ္ဆေက သူတို့ကို ပူးကပ်သိမ်းပိုက်နိုင်မည် မဟုတ်ပေ။

သို့သော် ချီရွှမ်းစုက အစစ်အမှန် ကိုယ်ခံပညာသိုင်းသမားတစ်ဦး မဟုတ်ပေ။ သူ၏ သွေးချီကို လက်သီးစိတ်ဆန္ဒအဖြစ် စုဖွဲ့နိုင်မှသာလျှင် တစ္ဆေများအပေါ် သူလုပ်နိုင်သည့် ပျက်စီးထိခိုက်မှုက သူ၏ ပင်ကိုယ်ချီကိုသုံး၍ ဤမီးတောက်များထွန်းညှိခြင်းထက် များစွာပိုမိုသာလွန်ပေလိမ့်မည်။

ဤအချိန်မှာ သူက ခံစစ်မှသာပိုစွမ်းပြီး တိုက်ခိုက်နိုင်စွမ်းလျော့ကျနေ၏။ ထျန်ကန်းခန်းမသည် တစ္ဆေ၊ သရဲများကို ကိုင်တွယ်ဖို့အတွက် အထူးတလည်ပုံဖော်ထားသော မက်မွန်သစ်သားဓားများကို ထုတ်ပေးထားသည်။ ကံဆိုးစွာဖြင့် ထိုဓားက ကျောက်စိမ်းနေပြည်တော်က သူ့အိမ်မှာ ကျန်ခဲ့လေသည်။

ချီရွှမ်းစုသည် အတွေးများထဲ နစ်မျောသွားလျှင်တောင် သူ၏ လှုပ်ရှားမှုများက တစ်စက္ကန့်မျှ ရပ်တန့်မသွားခဲ့ပေ။ သူက ဓားနှစ်လက်ကို ခွဲထုတ်ပြီး အဆက်မပြတ် ခုတ်ပိုင်းကာ ဓားသွားများပေါ်ရှိ မီးတောက်များက နှင်းများကြားမှာ လူလိမ့်နေသော မီးနဂါးများကဲ့သို့ ကခုန်နေ၏။ ဆီးနှင်းပွင့်များက အနားကိုမကပ်ခင် သူတို့က ပြင်းထန်ကြမ်းတမ်းသောအပူရှိန်ကြောင့် အရည်ပျော်ကျသွားသည်။

တစ္ဆေက ထိခိုက်ဒဏ်ရာမရရှိဘဲ ချီရွှမ်းစု၏ သင်္ဘောသားဓားများကိုရှောင်တိမ်းနိုင်သော်လည်း ယင်းက ချီရွှမ်းစုကို ထိခိုက်အောင်လုပ်ဖို့ လုံလောက်သည့် အနားကို မကပ်နိုင်သေးပေ။ နှစ်ဦးနှစ်ဖက်က မျှခြေတစ်ခုမှာ ကျရောက်သွား၏။

ထူးဆန်းသည်မှာ ချီရွှမ်းစုသည် မြွေသားရဲနှင့် အငြိုးကြီးတစ္ဆေနှင့် ပြင်းထန်ကြမ်းတမ်းစွာ အဆက်မပြတ်တိုက်ခိုက်နေပြီးတာတောင် ရှန့်ဂေဟာက တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်းက တိုက်ခိုက်နေသည့်အသံများကို မကြားရသည့်အလား နေရာက တိတ်ဆိတ်၍ မှောင်မည်းနေလေသည်။

ချီရွှမ်းစုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ၏ အမြင်အာရုံကို သည်းထန်သော ဆီးနှင်းများက ပိတ်ဖုံးထားသော်လည်း သူ၏ ယင်ယန်မျက်လုံးက တစ္ဆေ၏ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

တစ္ဆေက မြန်ဆန်လွန်းသောကြောင့် ချီရွှမ်းစုအနေဖြင့် လှည့်ထွက်ပြေးလို့လည်း မရပေ။

သူက မတတ်သာဘဲ ထိပ်တိုက်ရင်ဆိုင်ရသည်။ သို့သော် သူက တစ္ဆေကို ထိခိုက်အောင် ဘာမှမလုပ်နိုင်သည့်အတွက် စွမ်းအားမဲ့နေသလို ခံစားနေရ၏။

ထို့ကြောင့် တစ္ဆေသရဲများနှင့် ကိုင်တွယ်ရာမှာ ဂမ္ဘီရဝိဇ္ဇာများက ကျွမ်းကျင်ပညာရှင်များအဖြစ် ကျော်ကြားခြင်းဖြစ်၏။ လင်းချွမ်ကျီသာ ဤနေရာမှာရှိမည်ဆိုလျှင် သူက အဆောင်အင်းများကိုသုံး၍ ဝင်္ကပါတစ်ခုခင်းကျင်းပြီး ကန့်သတ်ထားသော ဧရိယာတစ်ခုအတွင်းမှာ တစ္ဆေကို ဘောင်ခတ်နိုင်မည်ဖြစ်၏။ နောက်ဆုံးမှာတော့ တစ္ဆေသည် လှောင်အိမ်ထဲက ငှက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ဤသည်မှာ ဂမ္ဘီရဝိဇ္ဇာများ၏ အထူးပြုကျွမ်းကျင်မှုဖြစ်သည်။

ဤအချိန်မှာ ဤထူးဆန်းသော ကိုယ်ခံပညာသိုင်းသမားက သူ့ကိုမြင်နိုင်သည်ကို တစ္ဆေကလည်း နားလည်သဘောပေါက်လာ၏။ ပုံမှန်ဆို ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် တစ္ဆေများကိုမမြင်နိုင်ဘဲ တစ္ဆေ၏ တည်နေရာကို ခန့်မှန်းဖို့ သူတို့၏ အာရုံခံစိတ်ကိုသာ မှီခိုရသည်။ ထို့ကြောင့် တစ္ဆေသည် ကိုယ်ခံပညာသိုင်းသမားအနားကို အရမ်းမကပ်သရွေ့ ကိုယ်ခံပညာသိုင်းသမားသည် သူတို့၏ လက်သီးစိတ်ဆန္ဒဖြင့် ဘယ်နေရာကို တိုက်ခိုက်ရမလဲ သိလိမ့်မည်မဟုတ်ပေ။

ထူးဆန်းသော ဤကိုယ်ခံပညာသိုင်းသမားက သူ၏ လှုပ်ရှားမှုများကို မြင်ရဲ့သားနှင့် လက်သီးစိတ်ဆန္ဒကို ဘာ့ကြောင့်မသုံးသလဲ တစ္ဆေက မသိပေ။ တစ္ဆေက ချီရွှမ်းစုအနားကို သိပ်မကပ်သည်မှာ ထိုလက်သီးစိတ်ဆန္ဒကို စိုးရိမ်နေသောကြောင့်လည်းဖြစ်၏။

အချိန်တိုအတွင်းမှာ ချီရွှမ်းစု၏ ခန္ဓာကိုယ်ကို ဆီးနှင်းတစ်လွှာက ဖုံးအုပ်လာလေပြီ။

ဤအချိန်အတောအတွင်း တစ္ဆေသည် သူ့ကို အတန်ကြာအောင်မတိုက်ခိုက်ဘဲ အဝေးကနေ သူ၏အပြုအမူကိုသာ လေ့လာနေသည့်အတွက် တစ္ဆေမှာ အသိစိတ်ရှိမည်ဟု ချီရွှမ်းစုက ခန့်မှန်းမိလာ၏။ ဤတစ္ဆေသည် လူရူးများကဲ့သို့ ပြုမူတတ်သော အခြား အငြိုးကြီးတစ္ဆေများနှင့်မတူဘဲ အသိဉာဏ်ရှိနေ၏။

ချီရွှမ်းစုက ခဏမျှတွေဝေနေပြီးနောက် မေးလိုက်၏။

“ဟေး… မင်း ငါပြောတာကို ကြားရတယ်မလား”

တစ္ဆေက တုံ့ပြန်ခြင်းမရှိချေ။

ချီရွှမ်းစုက ဆက်ပြောလိုက်၏။

“ငါက ဖြတ်သွားဖြတ်လာပဲ… မင်းတို့သာ ငါ့ကို အရင်စပြီးမတိုက်ခိုက်ရင် ငါမင်းတို့နှစ်ယောက်ကို ဘာမှလုပ်မှာမဟုတ်ဘူး… အခု ငါတို့က သူမသာကိုယ်မသာအခြေအနေမှာ ရောက်နေပြီဆိုတော့ နှစ်ဖက်စလုံး နောက်ဆုတ်ပေးရအောင်… ငါမင်းတို့ကို မသတ်ဘူး… မင်းတို့လည်း ငါ့ကို ထိခိုက်အောင်မလုပ်နဲ့… ငါ့ရဲ့ ဓားတိုကိုသာပြန်ပေးလိုက်… ငါဒီနေရာကနေ ထွက်သွားမယ်… ပြီးရင် ဘာမှမဖြစ်ခဲ့သလိုနေကြမယ်”

တစ္ဆေက တုံ့ပြန်မှုမရှိသေးပေ။

ချီရွှမ်းစုသည် တိတ်ဆိတ်ငြိမ်သက်နေသော မြွေသားရဲကို သူ၏ မျက်ဝန်းထောင့်ကနေ တစ်ချက်ကြည့်လိုက်၏။ သူ့အသံက ပိုမိုအေးစက်လာ၏။

“ငါက မင်းတို့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို တွေ့မြင်ထားတဲ့အတွက် မင်းတို့က ငါ့ကို နှုတ်ပိတ်ချင်နေတဲ့ပုံပဲ… အေးပေါ့လေ… မင်းတို့က ငါ့ကို ဘယ်ထွက်ခွာခွင့်ပေးပါ့မလဲ.. ဘာပဲပြောပြော ငါက ဝတ်ရုံနက်ဘက်တော်သားဆိုတော့ ဒီကိစ္စကို ငါ့ရဲ့အထက်လူကြီးတွေဆီ တင်ပြလိုက်တာနဲ့ မင်းတို့တွေအားလုံးက ဒုက္ခရောက်တော့မှာကိုး”

သူ့စကားမဆုံးသေးခင် အငြိုးကြီးတစ္ဆေနှင့် မြွေသားရဲက ချီရွှမ်းစုရှိရာသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြပြီဖြစ်၏။ သူတို့က ချီရွှမ်းစု မရှောင်နိုင်လောက်အောင် မြန်ဆန်ကြလေသည်။

ပြင်းထန်သောလေအဟုန်က သူတို့၏ ဘေးပတ်လည်မှာရှိသောနှင်းများကို နောက်ထပ်ဖွာလန်ကြဲသွားစေ၏။

အရေးကြီးသော အခိုက်အတန့်မှာ ချီရွှမ်းစုက မြွေသားရဲကို အရင်ကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်၏။ ၎င်းမှာ ကိုယ်ကာယခန္ဓာတစ်ခုရှိနေသည်။ ဒါ့အပြင် သူ၏ သွေးချီက အငြိုးကြီးတစ္ဆေကို အတိုင်းအတာတစ်ခုအထိ ခုခံထားနိုင်ဆဲဖြစ်ရာ မြွေသားရဲကို အရင်ဆုံးသတ်ဖြတ်သည်က အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ချီရွှမ်းစုက သူ၏သင်္ဘောသားဓားနှစ်လက်ကို ကိုင်မြှောက်၍ ရှေ့သို့ခုန်ပြီး မြွေသားရဲကို ခုတ်ပိုင်းချလိုက်၏။ သို့သော် ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏ နောက်ကျောကို အငြိုးကြီးတစ္ဆေ ကောင်းကောင်းတိုက်ခိုက်နိုင်ရန် ဖွင့်ပေးထားသလိုဖြစ်သွား၏။ အငြိုးကြီးတစ္ဆေက အလျင်အဟုန်အပြည့်ဖြင့် ချီရွှမ်းစု၏ နောက်ကျောသို့ ပြေးဝင်သွား၏။ သူ၏ ယင်စွမ်းအင်များကို တစ်နေရာတည်းမှာ စုစည်း၍ အစစ်အမှန်ဖြစ်လုနီးပါး ထက်ရှသောဓားတစ်လက်ကို စုဖွဲ့လိုက်၏။

သွေးချီနှင့်အစီအရင်များက မီးနင့်ရေကဲ့သို့ဖြစ်၏။ ရေက မီးကိုငြှိမ်းသတ်နိုင်သလို မီးက အားကောင်းလွန်းမည်ဆိုလျှင်လည်း ရေကို အငွေ့ပြန်စေနိုင်သည်။

နောက်ခဏ၌ ယင်စွမ်းအင်ကနေ စုဖွဲ့ထားသော တစ္ဆေဓားက ချီရွှမ်းစု၏ နှလုံးနောက်ဘက်ကို ဆင်းသက်၍ သူ၏ ချီဒိုင်းကာကို ထိုးဖောက်ကာ သူ၏ သွေးချီကို လွှမ်းမိုးလိုက်၏။

ဤအချိန်မှာ ချီရွှမ်းစု၏ ခန္ဓာကိုယ်ကနေ အနက်ရောင်အလင်းတစ်ခု ဖျတ်ခနဲလက်သွားသည်။

အငြိုးကြီးတစ္ဆေက ထိန့်လန့်တကြား စူးစူးဝါးဝါးတစ်ချက်အော်ဟစ်ပြီးနောက် တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားတော့၏။

All Chapters