← Chapters

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅

Vol. 25 Ch. 245

အခန်း ၂၄၅ - ယူဆချက်

ဤအချိန်မှာ မြွေသားရဲသည် သူ၏ အစစ်အမှန်ပုံစံကို လုံးလုံးလျားလျား ထုတ်ဖော်လိုက်ပြီဖြစ်၏။ ယင်းသည် ပေသုံးရာနီးပါးရှိသော ကြောက်စရာကောင်းသည့် ဧရာမမြွေကြီးတစ်ကောင်ဖြစ်ပြီး ရန်မူကြမ်းကြုတ်သောပုံစံဖြင့် ရစ်ခွေကာ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေ၏။ ဧရာမမြွေ၏ ဦးခေါင်းတွင် စောစောက ချီရွှမ်းစု ဆုတ်ဖြဲလိုက်သော ပါးစပ်ပေါ်မှ အမှတ်အသားများရှိနေ၏။

ဧရာမမြွေက ၎င်း၏ ပါးစပ်ကိုဖွင့်ဟပြီး ချီရွှမ်းစုကို ပေါက်ချလိုက်၏။

ချီရွှမ်းစုသည် စောစောက သူ့နောက်ကျောကနေ တိုက်ခိုက်ဖို့ကြိုးစားနေသော အငြိုးကြီးတစ္ဆေကို သတိမထားမိပုံရ၏။ သူက အပေါ်ကိုခုန်တက်၍ တစ်ချိန်တည်းမှာ သင်္ဘောသားဓားနှစ်လက်ကို ကိုင်မြှောက်လိုက်၏။ ခုန်အားကုန်၍ မြေဆွဲအားဖြင့် ပြန်ကျလာသည့်အချိန်မှာ သူက ပြင်းပြင်းထန်ထန်ခုတ်ပိုင်းချလိုက်၏။ မြွေဦးခေါင်းပေါ်တွင် နောက်ထပ် အရိုးထိအောင်နက်သော ဓားဒဏ်ရာနှစ်ခုပေါ်ထွက်လာသည်။ သို့သော် ချီရွှမ်းစုသည်လည်း မြွေအဆိပ်ငွေ့များဖြင့် ပက်ဖြန်းခံလိုက်ရပြီး မူးဝေထုံထိုင်းသွားသည်။ ကံကောင်းစွာဖြင့် သူက အဆိပ်ဖြေဆေးကြိုသောက်ထားရာ ခန္ဓာကိုယ်ထဲက အဆိပ်ကို လျင်မြန်စွာတွန်းထုတ်ပြီး သူ့စိတ်က ပြန်လည်ရှင်းလင်းလာ၏။

တစ္ဆေပျောက်သွားသည့်အတွက် ချီရွမ်းစုက အံ့အားသင့်သွားနေသော်လည်း အရေးလုပ်မနေနိုင်ပေ။ သူက ဧရာမမြွေထံ တတ်နိုင်သမျှမြန်မြန်ပြေးသွား၏။ သင်္ဘောသားဓားပေါ်က မီးတောက်များက ရူးသွပ်စွာကခုန်၍ အဆက်မပြတ် မျဉ်းနှစ်ကြောင်းဖြစ်ပေါ်လာ၏။ ထို့နောက် သွေးနှင့်ကြေးခွံတို့က မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။

မြွေသားရဲက နာကျင်စွာဖြင့် ထွန့်ထွန့်လူး၍ ၎င်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ် လူးလှိမ့်ကာ သံမဏိကျာပွတ်တစ်ခုကဲ့သို့ ၎င်း၏ အမြီးကို လွှဲယမ်းနေ၏။ အနီးနားမှာရှိသော အုတ်တံတိုင်းများက ပြိုကျကုန်လေ၏။

ချီရွှမ်းစုက နောက်ကိုဆုတ်၍ သူ၏ ဓားနှစ်လက်ကိုသိမ်းဆည်းပြီး နတ်နဂါးပစ္စတိုကို ထုတ်လိုက်၏။ သူက (ခ) အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန်ကို ထည့်ပြီး ဧရာမမြွေ၏ သေကွင်းသေကွက်ကို ချိန်ရွယ်ကာ မောင်းတံကို ဖိချ၏။

သူ ခလုတ်ကိုကုတ်ဆွဲလိုက်သည်နှင့် ပြင်းထန်သော မီးတောက်တိမ်စိုင်တစ်ခုနှင့် မီးခိုးများက သေနတ်ပြောင်းဝမှာ ပေါက်ကွဲထွက်သွား၏။ ပြင်းထန်သောကန်အားကြောင့် သေနတ်ကိုင်ထားသည့် ချီရွှမ်းစု၏ လက်က တုန်ခါသွားလေသည်။

ပစ်ထုတ်လိုက်သောကျည်ဆန်က ပြောင်းရစ်ကနေ လျင်မြန်စွာ လည်ထွက်ပြီး ဧရာမမြွေ၏ ခန္ဓာကိုယ်ကို ချက်ချင်းပင်ထိခတ်သွားသည်။ မြွေသားရဲ၏ အရွယ်အစားအရ သာမန်ချပ်ဝတ်ဖောက်ကျည်ဆန်များက မည်သည့်ပျက်စီးထိခိုက်မှုကိုမှ ဖြစ်စေလိမ့်မည်မဟုတ်ပေ။ သို့သော် နဂါးမျက်လုံးကျည်ဆန်ကို ထိတွေ့သည်နှင့် ပေါက်ကွဲအောင် ပုံစံဖော်ထားသည်။ ထို့ကြောင့် မြွေခန္ဓာမှာ ကြီးမားသော တွင်းပေါက်တစ်ပေါက် ပွင့်ထွက်သွား၏။ သားရဲသွေးများက လေထဲကိုဖြာထွက်ပြီး နှင်းများဖုံးအုပ်ထားသည့် မြေပြင်ပေါ်သို့ မိုးပေါက်များလို ကျဆင်းလာ၏။

ချီရွှမ်းစုက နောက်ထပ် (ခ) အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန်ကိုဖြည့်ပြီး တစ်ဖန်ပစ်ခတ်ကာ မြွေခန္ဓာတွင် နောက်ထပ် သွေးသံရဲရဲအပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။

နတ်ဘုရားလက်နက်တိုက်သည် နဂါးမျက်လုံး အမှတ်စဉ်ကျည်ဆန်များ၏ ကြီးမားသော ပေါက်ကွဲအားကို ခံနိုင်ရည်ရှိစေရန် နတ်နဂါးပစ္စတိုကို တစ်တောင့်ချင်းသာပစ်ခတ်ရန် ပုံစံဖော်ထားသည်။ ထို့ကြောင့် ယင်းကို နတ်နဂါးပစ္စတိုဟု ခေါ်ဆိုလေသည်။ နဂါးမျက်လုံးကျည်ဆန်၏ ပြင်းထန်ကြမ်းတမ်းသောပေါက်ကွဲအားကြောင့် ၎င်းကို အဆက်မပြတ်ပစ်ခတ်ဖို့က မဖြစ်နိုင်သလောက်ပင်။

မြွေသားရဲက ပြင်းထန်ကြမ်းတမ်းစွာ ခါယမ်းနေ၏။

ချီရွှမ်းစုက လျင်မြန်စွာ နောက်သို့ခုန်ဆုတ်၍ မြေပြင်ပေါ်မှာ လှိမ့်ထွက်ပြီး ယမ်းခါနေသော မြွေခန္ဓာကို ရှောင်တိမ်းလိုက်၏။ ထို့နောက် ကျည်ကို အဆက်မပြတ်ဖြည့်ပြီး (ခ) အဆင့်၊ အမှတ်စဉ် ၃ နတ်နဂါးမျက်လုံးကျည်ဆန် နောက်ထပ် ၅ တောင့်ကို ပစ်ခတ်လိုက်လေသည်။

မြွေသားရဲက ခေါင်းမော့၍ စူးစူးဝါးဝါးအော်ဟစ်ပြီးနောက် ဧရာမခေါင်းက မြေပြင်ပေါ်ကို ဘုန်းခနဲပြုတ်ကျသွား၏။ နောက်ဆုံးမှာတော့ မြွေက ဆက်လက်၍ မလှုပ်ရှားနိုင်တော့ပေ။

ချီရွှမ်းစုက သူ၏ ကျည်ဆန်များကို ရေတွက်ကြည့်ရာ သူ့မှာ (ခ)အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန် ၅ တောင့်နှင့် (ခ) အဆင့် အမှတ်စဉ် ၃ ကျည်ဆန် ၁၀ တောင့်သာ ကျန်တော့သည်ကို တွေ့လိုက်ရ၏။ ယခု သူ၏ တာအိုသရုပ်သကန်ကို ဆုံးရှုံးထားရာ ထျန်ကျိခန်းမကနေ ထိုခဲယမ်းများကို ပြန်လည်ဖြည့်တင်းနိုင်မည် မဟုတ်ပေ။ သူ၏ တာအိုသရုပ်သကန်ကို မဆင်မခြင်အသုံးပြုမည်ဆိုလျှင်ပင် သူ့လို အဆင့် ၇ တာအိုဆရာတစ်ဦးအနေဖြင့် ကျန်းယွဲ့လု၏ အကူအညီမပါဘဲ နဂါးမျက်လုံး အမှတ်စဉ်ကျည်ဆန်များနှင့် ဖီးနစ်မျက်လုံး အမှတ်စဉ် ကျည်ဆန်များကို ဝယ်ယူဖို့ မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ဤကျည်ဆန်များကို အသုံးပြုတိုင်း သူ့ခမျာ အနည်းငယ်ရင်နာရလေသည်။

မြွေသားရဲနှင့် ပြင်းထန်ကြမ်းတမ်းစွာတိုက်ခိုက်ပြီးနောက် ချီရွှမ်းစုသည် နောက်ဆုံးမှာ အငြိုးကြီးတစ္ဆေကို ပြန်လည်အမှတ်ရသွား၏။

ထိုကြောက်စရာကောင်းသည့်တစ္ဆေက ဘယ်ရောက်သွားတာလဲ။

တကယ်တော့ အငြိုးကြီးတစ္ဆေနှင့် မြွေသားရဲမှာ ချီရွှမ်းစုကို အနိုင်ယူနိုင်မည့် အခွင့်အရေးရှိခဲ့လေသည်။ မြွေသားရဲ၏ ကိုယ်ကာယခွန်အားသည် ချီရွှမ်းစု တွေးထင်ထားသည်ထက် များစွာပိုနေပြီး ၎င်းကိုသတ်ဖြတ်ဖို့ အတော်လေး ကြိုးစားအားထုတ်လိုက်ရ၏။ ၎င်းမှာ ချီရွှမ်းစုကို အားနည်းလာစေမည့် အဆိပ်ငွေ့များလည်းရှိနေ၏။

ချီရွှမ်းစုက မြွေသားရဲနှင့် ဗျာများနေစဉ် အငြိုးကြီးတစ္ဆေက ဤအခွင့်အလမ်းကိုချိန်ဆကာ သူ့ကို ချောင်းမြောင်းတိုက်ခိုက်နိုင်သည်။ ထိုသို့ဆိုလျှင် ချီရွှမ်းစုသည် သေရေးရှင်ရေး အသည်းအသန်အခြေအနေတစ်ခုသို့ ကျရောက်သွားပေလိမ့်မည်။ သို့သော် အငြိုးကြီးတစ္ဆေက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပျောက်ကွယ်သွားခဲ့၏။ ၎င်းက မြွေသားရဲကို သစ္စာဖောက်ပြီး ကိုယ်လွတ်ရုန်းပြေးသွားတာလား။

ဤအချိန်မှာ ချီရွှမ်းစုက တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရသွား၏။ သူက ကိုယ်နှင့်မကွာဆောင်ထားသည့် မရဏရွှမ်ကျောက်စိမ်းကိုထုတ်ယူပြီး လရောင်အောက်မှာ ထောင်ကာ ဂရုတစိုက်စစ်ဆေးကြည့်လိုက်၏။ အထဲမှာ ရူးသွပ်စွာကူးခတ်နေသော်လည်း ရုန်းမထွက်နိုင်သည့် သေးငယ်သော အနက်ရောင်အရိပ်သစ်တစ်ခုကို တွေ့ရှိလိုက်ရ၏။

ချီရွှမ်းစုက အနည်းငယ်တွေဝေရှုပ်ထွေး၍ အံ့အားသင့်နေ၏။

ဒီအနက်ရောင်အရိပ်က အဲဒီအငြိုးကြီးတစ္ဆေများလား။

မရဏရွှမ်ကျောက်စိမ်းသည် ပရလောကကို ထိန်းချုပ်နိုင်သည်ဟု အစ်မချီက ပြောခဲ့သည်။ အဲဒါက အမှန်ဖြစ်နေသည့်အတွက် ချီရွှမ်းစုက အံ့အားသင့် မှင်တက်သွားရ၏။

အလောင်းများ မွေးမြူကျင့်ကြံခြင်းနှင့် တစ္ဆေသရဲများကို ဖမ်းဆီးခြင်းက ဂမ္ဘီရဝိဇ္ဇာများ၏ အထူးပြုကျွမ်းကျင်မှုများဖြစ်သည်။ ယခု မရဏရွှမ်ကျောက်စိမ်းမှာလည်း ဤကဲ့သို့သော ထူးခြားအံ့မခန်း မှော်စွမ်းအားများရှိနေပုံရသည်။

စိတ်ကို ငြိမ်သက်စေပြီးနောက် ချီရွှမ်းစုက ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သိရှိသွား၏။ အသက်ဓာတ်ရွှမ်ကျောက်စိမ်းသည် သူ့အား ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ပြန်လည်ကုသနိုင်စွမ်းကိုပေးပြီး မရဏရွှမ်ကျောက်စိမ်းက သူ့အား ဂမ္ဘီရဝိဇ္ဇာတစ်ဦး၏ လျှို့ဝှက်ဆန်းကြယ် စွမ်းပကားများကို ပေးနေလေသည်။

ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများလို အသက်ဓာတ်နှင့် မရဏက ဆန့်ကျင်ဘက်ဖြစ်၏။ ကိုယ်ခံပညာသိုင်းသမားများသည် လူသားအင်မော်တယ်လမ်းစဉ်မှဖြစ်ပြီး ဝိညာဉ်နှင့်ခန္ဓာ ပေါင်းစည်းမှုနောက်သို့ အဆုံးစွန်ထိ လေ့လာလိုက်စားရသည်။ လူသားအင်မော်တယ်တစ်ဦးမှာ သူတို့၏ ဦးခေါင်းက ပုံမပျက်ရှိနေသေးသရွေ့ အသစ်စက်စက်ခန္ဓာကိုယ်တစ်ခုကို လျင်မြန်စွာ ပြန်လည်ထုတ်ဖော်နိုင်သည့် မယုံနိုင်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းရှိနိုင်ကြ၏။ ဤသည်က အသက်ဓာတ်၏ အဆုံးစွန်ပြယုဂ်ဖြစ်၏။

တစ်ဘက်မှာတော့ ဂမ္ဘီရဝိဇ္ဇာများသည် တစ္ဆေအင်မော်တယ်လမ်းစဉ်မှဖြစ်ပြီး ဝိညာဉ်နှင့်ခန္ဓာ ခွဲထုတ်ခြင်းနောက်သို့ အဆုံးစွန်လေ့လာလိုက်စားရသည်။ တစ္ဆေအင်မော်တယ်တစ်ဦးအတွက်တော့ ဉာဏ်ကွန့်မြူးမှုတစ်ခုသည် သူ့ကိုယ်ပွားတစ်ခုကို ကိုယ်စားပြုနိုင်လေသည်။ သူတို့၏ အစစ်အမှန်ခန္ဓာများကို စွန့်ခွာ၍ အခြားသူများ၏ ခန္ဓာများကို ပူးကပ်သိမ်းပိုက်နိုင်ကြသည်။ လောကီဘုံသားများအတွက်တော့ ခန္ဓာထဲကနေ ဝိညာဉ်ထွက်သွားခြင်းက သေဆုံးခြင်းဖြစ်၏။ ထို့ကြောင့် ဤသည်မှာ သေဆုံးခြင်း၏ အဆုံးစွန်ပြယုဂ်ဖြစ်သည်။

ဒါက တိုက်ဆိုင်မှုပဲလား... ဒါမှမဟုတ် ပိုပြီးတော့ လေးနက်တဲ့အဓိပ္ပါယ်ရှိနေသလား။

လူသားအင်မော်တယ်နှင့် တစ္ဆေအင်မော်တယ်များအပြင် မြေကမ္ဘာအင်မော်တယ်၊ နတ်ဘုရားအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များလည်းရှိလေသည်။ ချီရွှမ်းစုသည် ဝမ်ရှန်းတာအိုနန်းတော်မှာ ရှိစဉ်က ဤအင်မော်တယ်လမ်းစဉ်ငါးခု၏ လျှို့ဝှက်ဆန်းကြယ်စွမ်းပကားများကို မှတ်သားခဲ့ရဖူးသည်။

မြေကမ္ဘာအင်မော်တယ်သည် တောင်တန်းများ၊ မြစ်များကို ရွှေ့ပြောင်းနိုင်စွမ်းရှိသည့် အလွန်တရာစွမ်းအားကြီးမားသော လျှို့ဝှက်ဆန်းကြယ်စွမ်းပကားငါးမျိုးကို ပိုင်ဆိုင်ထားသည်။ ရွှမ်အရှင်မြတ်သည် တစ်ခါက ဤစွမ်းအားများထဲမှ တစ်ခုကို သုံး၍ ယွင်ကျင်းတောင်၏ မြေကမ္ဘာစွမ်းအင်ကို ဖြတ်တောက်ကာ ထိုနေရာမှာရှိသော တောင်တန်းများကို အသွင်ပြောင်းလဲသွားစေခဲ့၏။ ယနေ့အချိန်ထိ ကျန်းယီဂိုဏ်းက ဤပျက်စီးထိခိုက်မှုများကို ပြုပြင်နေရဆဲဖြစ်သည်။

နတ်ဘုရားအင်မော်တယ်သည် လောကီဘုံမှာ ဂမ္ဘီရတိုင်းပြည်တစ်ခုကို ဖန်တီးနိုင်သည်။ သူတို့က သေဆုံးသွားမည်ဆိုလျှင်ပင် သူတို့၏ ဂမ္ဘီရတိုင်းပြည် ဖျက်ဆီးမခံရသရွေ့ ပြန်လာကာ ပြန်လည်မွေးဖွားနိုင်သေးသည်။ ထို့ကြောင့်ပင် ကိုယ်ခန္ဓာသေဆုံးခြင်း၊ စိတ်ဝိညာဉ်သေဆုံးခြင်းနှင့် အမြုတေသေဆုံးခြင်းဟူ၍ သေဆုံးခြင်းသုံးမျိုးပေါ်ထွက်လာခြင်းဖြစ်သည်။

ကောင်းကင်အင်မော်တယ်များက ပို၍ လျှို့ဝှက်ဆန်းကြယ်ကြသည်။ သူတို့က စိတ်ရှိတိုင်း ဘုံလောကများကနေ ထွက်ခွာနိုင်ကြ၏။

လောကကို ကြီးမားသော သစ်ပင်ကြီးတစ်ပင်အဖြစ် တင်စားမည်ဆိုလျှင် သစ်သီးတစ်လုံးချင်းစီက သုခဘုံများဖြစ်လေသည်။ မြေကမ္ဘာအင်မော်တယ်များသည် ဤသစ်ပင်မှာ တွယ်ကပ်နေသည့် ပိုးကောင်များဖြစ်ပေလိမ့်မည်။ သူတို့က အတော်လေး စွမ်းအားကြီးမားပြီး သစ်ပင်များ၊ အပေါက်များဖောက်ကာ သစ်သီးများကို ကိုက်ဖြဲ၍ ပင်စည်ထဲမှာ သွားလာနိုင်ကြသည်။ သို့သော်လည်း မြေကမ္ဘာအင်မော်တယ်သည် ကြီးမားသော ဤသစ်ပင်ကနေ မထွက်ခွာနိုင်ပေ။

သို့သော် ကောင်းကင်အင်မော်တယ်များကတော့ ကွဲပြားခြားနားသည်။ သူတို့သည် သစ်ပင်ကနေ ပျံသန်းထွက်ခွာနိုင်သည့် လိပ်ပြာများကဲ့သို့ ဖြစ်၏။ လိပ်ပြာများသည် စွမ်းအားကြီးမားသော ပိုးကောင်များကို အနိုင်ရချင်မှရလိမ့်မည်ဖြစ်သော်လည်း အဝေးကို ပျံသန်းနိုင်ကြသည်။ ထိုသို့ဖြင့် သူတို့သည် သစ်ပင်ကြီးမှာ အသီးများသီးလာအောင် ဝတ်မှုံကူးပေးနိုင်ကြသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော သုခဘုံများ ပေါ်ထွက်လာပေလိမ့်မည်။

လောကမှာ အကြီးမားဆုံးလိုဏ်ဂူသည် ခွန်လွင်လိုဏ်ဂူဖြစ်ပြီး ရှေးဦးမူလ တာအိုဘိုးဘေး ဖန်တီးခဲ့ခြင်းဖြစ်၏။

ကောင်းကင်အင်မော်တယ်များနှင့် မြေကမ္ဘာအင်မော်တယ်များကြား ပတ်သက်ဆက်စပ်မှုသည် ပိုးအိမ်များနှင့် လိပ်ပြာများအကြား ပတ်သက်မှုနှင့်တူလေသည်။ မြေကမ္ဘာအင်မော်တယ်များသည် သူတို့ဘဝ၏ အဆုံးသတ်မှာ ပိုးအိမ်များဖြစ်လာ၍ လိပ်ပြာအဖြစ် အသွင်ပြောင်းလဲကာ ဤလောကကနေ ထွက်ခွာသွားကြသည်။ အဲဒါကို တက်လှမ်းခြင်းဟု ခေါ်ဆိုလေသည်။

ပိုးကောင်များကဲ့သို့ ဤလောကမှာ တွယ်ကပ်နေချင်သည့် မြေကမ္ဘာအင်မော်တယ်တချို့လည်းရှိပြီး သူတို့ကိုယ်သူတို့ အဆက်မပြတ် မွမ်းမံမြှင့်တင်ဖို့အတွက် ကောင်းကင်အင်မော်တယ်များနှင့် နတ်ဘုရားအင်မော်တယ်များကို အမဲလိုက်ကြသည်။ သူတို့အတွက်တော့ လူသားအင်မော်တယ်များနှင့် တစ္ဆေအင်မော်တယ်များက သူတို့၏ ယှဉ်ပြိုင်မှုမှာ မပါဝင်ပေ။ ဤလောကမှာ နေထိုင်ဖို့အတွက် ပေးဆပ်ရသောတန်ဖိုးသည် နှစ်တစ်ရာတိုင်းမှာ ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို ဖြတ်ကျော်ရခြင်းဖြစ်ပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်ကြမ်းတမ်း၍ နောက်ဆုံး တစ်နေ့မှာ သူတို့က လုံးဝအပြတ်အသတ် ချေမှုန်းသုတ်သင် ခံရပေလိမ့်မည်။

မှတ်တမ်းများအရ ရှေးဦးမူလတာအိုဘိုးဘေးသာလျှင် ကောင်းကင်ဘုံကပ်ဘေးသုံးခုကို ရင်ဆိုင်ပြီးမှ ဤလောကကနေ ထွက်ခွာကာ တက်လှမ်းသွားခဲ့သည်။ အဲဒါကို အထင်ကြီးစရာကောင်းသည်ဟုဆိုနိုင်ပြီး သာမန်မြေကမ္ဘာအင်မော်တယ်အများစုက ကောင်းကင်ဘုံကပ်ဘေးတစ်ကြိမ်ကိုပင် အနိုင်နိုင်တောင့်ခံရသည်။ အများစုက နှစ်တစ်ရာဘဝသက်တမ်းကုန်ဆုံးပြီးနောက် ချက်ချင်းပင် သေဆုံးသွားကြပေလိမ့်မည်။

ထို့ကြောင့်လည်း မျိုးဆက်တိုင်းမှာ တာအိုဂိုဏ်းတော်၏ မဟာအကြီးအကဲများက ကောင်းကင်ဘုံသို့ တက်လှမ်းကြခြင်းဖြစ်၏။ ထို့ကြောင့်ပင် တာအိုဂိုဏ်းတော်သည် မဟာအကြီးအကဲ၏ အသက်အရွယ်ကို တင်းကျပ်စွာ ကန့်သတ်ထားခြင်းဖြစ်သည်။ တစ်ယောက်ယောက်က အသက်ကိုးဆယ်မှာ မဟာအကြီးအကဲဖြစ်လာမည်ဆိုလျှင် သူတို့က မတက်လှမ်းခင် နှစ်အနည်းငယ်သာ အုပ်ချုပ်ခွင့်ရပေလိမ့်မည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် အနည်းဆုံး ဆယ်စုနှစ်အနည်းငယ် အုပ်စိုးနိုင်စေရန် အသက် ၆၀ အရွယ် ပါရမီရှင်များကို မဟာအကြီးအကဲအဖြစ် တင်မြှောက်လိုကြခြင်းဖြစ်သည်။

တကယ်တော့ တက်လှမ်းခြင်းမှာ ခြွင်းချက်များလည်းရှိသည်။ ဥပမာအားဖြင့် ဆဋ္ဌမမျိုးဆက် မဟာအကြီးအကဲသည် ဘဝသက်တမ်းနှစ်တစ်ရာမတိုင်ခင် ကောင်းကင်ဘုံသို့ တက်လှမ်းသွားခဲ့သည်။ အကြောင်းအရင်းအတိအကျကို မည်သူကမှ မသိရှိသော်လည်း ဆဋ္ဌမမျိုးဆက်မဟာအကြီးအကဲသည် ဤလောကမှာ ဆက်လက်၍ မနေလိုတော့တာ ဖြစ်ကောင်းဖြစ်ပေမည်။

အရင်တုန်းက ချီရွှမ်းစုသည် ဝမ်ရှန်းတာအိုနန်းတော်မှာ ဤအကြောင်းအရာများကို ကြားသိခဲ့ရစဉ်က ဤအရာများက သူနှင့်လက်လှမ်းမမီခဲ့ပေ။ ထို့ကြောင့် ဒဏ္ဍာရီ ပုံပြင်ဇာတ်လမ်းများအဖြစ် သဘောထား၍သာ နားထောင်ခဲ့သည်။

အရင်တုန်းက သူ လေ့လာသင်ယူခဲ့သည့် သတင်းအချက်အလက်များကို ပြန်လည်စဉ်းစားရင်း ချီရွှမ်းစုမှာ ရဲတင်းသော ခန့်မှန်းချက်တစ်ခုရရှိလာ၏။

ကောင်းကင်၊ မြေကမ္ဘာ၊ လူသား၊ နတ်ဘုရားနှင့် တစ္ဆေအင်မော်တယ်များကို ကိုယ်စားပြုသည့် တာအိုလမ်းစဉ်ကြီးငါးခုရှိသည်ကို အစ်မချီပြောခဲ့ဖူးသည်။ ရွှမ်အရှင်မြတ်သည် ထိုလမ်းစဉ်ငါးခု၏ ကျင့်ကြံရေးလမ်းကြောင်းများကို စနစ်တကျ ခွဲခြားပြုစုပေးခဲ့ခြင်းသာဖြစ်သည်။ သူက ထိုအရာများကို ဖန်တီးခဲခြင်းမဟုတ်ပေ။ ရွှမ်အရှင်မြတ် မတိုင်ခင်ကတည်းက ဤလမ်းစဉ်ငါးခုသည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပြီး စည်းစနစ်မရှိခဲ့ရုံသာဖြစ်၏။

ဤလမ်းစဉ်များ အားလုံးထဲမှာ လေလွင့်ကျင့်ကြံသူလမ်းစဉ်သည် တာအိုဂိုဏ်းတော်ကနေ အတင်းအကျပ်ဖန်တီးခဲ့သည့် တစ်ခုတည်းသော လူလုပ်လမ်းစဉ်ဖြစ်သည်။ မူလရည်ရွယ်ချက်သည် လယ်ယာစိုက်ပျိုးသလို နတ်သက်ကြွေအင်မော်တယ်များကို အလုံးအရင်းနှင့် မွေးထုတ်ပေးရန်ဖြစ်သည်။

ရလဒ်က မအောင်မြင်ခဲ့သော်လည်း လုံးလုံးလျားလျား ကျရှုံးခဲ့ခြင်းမဟုတ်ပေ။ အကြောင်းအခွင့်များ၏ ထူးဆန်းသော ပေါင်းစပ်မှုကြောင့် လေလွင့်ကျင့်ကြံသူလမ်းစဉ်ကို ဖန်တီးမိပြီး အင်မော်တယ်လမ်းစဉ်ငါးခုသို့ မလိုက်နိုင်သည့်သူများအတွက် နှစ်သိမ့်စရာဖြစ်လာသည်။

အစ်မချီပြောပုံအရ လေလွင့်ကျင့်ကြံသူများသည်လည်း နတ်သက်ကြွေအင်မော်တယ်များဖြစ်လာနိုင်သည်။ သို့သော် လေလွင့်ကျင့်ကြံသူများသည် သူတို့၏ မွေးရာပါအားနည်းချက်ကို ဖာထေး၍ သူတို့၏ ဖွဲ့စည်းပုံကိုပြောင်းလဲဖို့ အလွန်တရာအဖိုးတန်သော ပစ္စည်းတစ်ခုကို လိုအပ်လေသည်။

နတ်သက်ကြွေအင်မော်တယ်များက အစစ်အမှန်နဂါးများကဲ့သို့ဖြစ်ပြီး လေလွင့်ကျင့်ကြံသူများကတော့ အစစ်အမှန်နဂါးများနှင့် အတော်လေးဆင်တူသော်လည်း လုံးလုံးလျားလျား အသွင်ပြောင်းလဲဖို့အတွက် နောက်ဆုံးစုတ်ချက်ကို လိုအပ်နေသည့် ပုံစံငယ်နဂါးများဖြစ်သည်။

အလွန်တရာအဖိုးတန်သော ထိုအရာက နောက်ဆုံးစုတ်ချက်ဖြစ်သည်။

တာအိုဂိုဏ်းတော်က ထိုနောက်ဆုံးစုတ်ချက်ကို ထောက်ပံ့ပေးနိုင်သော်လည်း အဲဒါက ကုန်ကျစရိတ်များလွန်းလေသည်။ ဖန်တီးလိုက်သော နတ်သက်ကြွေအင်မော်တယ်က ဖြစ်စဉ်တစ်လျှောက် သေဆုံးခြင်းမရှိလျှင်ပင် သူတို့၏ ကုန်ကျစရိတ်ကို ကာမိရန် ခက်သည်။ အလွန်ဆုံး ဘဲစားဘဲချေမျှသာဖြစ်ပေလိမ့်မည်။ ဖန်တီးလိုက်သော နတ်သက်ကြွေအင်မော်တယ်က အရွယ်မတိုင်ခင် သေဆုံးသွားမည်ဆိုလျှင် သူတို့က လုံးဝဆုံးရှုံးနစ်နာရပေလိမ့်မည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် ဤစမ်းသပ်ချက်ကို နောက်ဆုံးမှာဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။

ရွှမ်ကျောက်စိမ်းက နောက်ဆုံးစုတ်ချက်ဖြစ်နေမလား ချီရွှမ်းစုတွေးမိ၏။

ဤကောက်ချက်မှာ စစချင်း သူက တုန်လှုပ်သွားသော်လည်း စဉ်းစားရင်း အဲဒါက ယုတ္တိတန်သည်ဟု ပိုပို၍ ခံစားမိလာသည်။ သူ့ယူဆချက်ကို အတည်ပြုနိုင်ဖို့ ရှေ့လျှောက် နောက်ထပ် ရွှမ်ကျောက်စိမ်းများကို စုဆောင်းဖို့ရန်လိုအပ်နေသည်။

All Chapters