အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း ၂၄၆ - အမှုကိုတင်ပြခြင်း
ချီရွှမ်းစုက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်၏။
အငြိုးကြီးတစ္ဆေက မရဏရွှမ်ကျောက်စိမ်းထဲမှာ ပိတ်မိနေသော်လည်း မြွေသားရဲ၏ ကြီးမားသောရုပ်အလောင်းက မြေပြင်ပေါ်မှာ ကျန်ရှိနေပြီး ကြေးခွံများနှင့် သွေးများက ပြန့်ကျဲနေ၏။
ခဏနေပြီးနောက် သွေးသံရဲရဲမြင်ကွင်းကို အဖြူရောင်နှင်းများက ဖုံးလွှမ်းသွားသည်။
ဒဏ္ဍာရီအရ သားရဲများမှာ သားရဲဆေးလုံးဟုခေါ်ဆိုသည့် စုဖွဲ့ထားသော အမြုတေတစ်ခုရှိသော်လည်း ချိရွှမ်းစု တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။ သူက ဧရာမမြွေခန္ဓာဘေးကို သွား၍စစ်ဆေးကြည့်ကာ ၎င်း၏ ပါးစပ်ကို ဖြဲလိုက်၏။ ထိုအခါမှ အစိမ်းရောင်ပုတီးလုံးတစ်လုံးက အထဲကနေ လိမ့်ကျလာ၏။
သူ ခန့်မှန်းတာ မှန်မည်ဆိုလျှင် ဤအစိမ်းရောင်ပုတီးလုံးသည် မြွေသားရဲ၏ အဆိပ်ရည်တည်ရာနေရာဖြစ်ပေမည်။
သားရဲဆေးလုံးက မကြီးမားဘဲ ကြက်ဥအရွယ်ထက် အနည်းငယ်ပိုသေးသည်။ မြွေသားရဲသည် သူ့အခန်းထဲကို ဝင်လာစဉ်က သေတ္တာငယ်တစ်လုံးပါလာသည်ကို ချီရွှမ်းစုအမှတ်ရသွား၏။ ထိုသို့ဖြင့် သူက အခန်းထဲကို ပြန်သွားလိုက်၏။ ထင်မှတ်ထားသည့်အတိုင်း သေတ္တာက စားပွဲပေါ်မှာ ပုံမပျက်ရှိနေဆဲပင်။
ချီရွှမ်းစုက သေတ္တာကို ဖွင့်လိုက်သည်နှင့် မီးခိုးငွေ့များက သူ့မျက်နှာကို လာရောက်ရိုက်ခတ်၏။
သို့သော် ချီရွှမ်းစုက အသက်အောင့်၍ နောက်သို့ခုန်ဆုတ်လိုက်၏။
ချီရွှမ်းစုသည် စောစောက မြွေသားရဲ၏ အလှမှာ ကြွေဆင်းပြီး သတိလက်လွတ်ဖြစ်သွားခဲ့လျှင် သူက အဆိပ်မိ၍ ယခုအချိန်မှာ အလောင်းတစ်လောင်းဖြစ်နေပေလိမ့်မည်။
“တော်တော်ဉာဏ်များတာပဲ”
ချီရွှမ်းစုက သေတ္တာကို ယူကြည့်ရာ အထဲတွင် ပိုးထည်စတစ်စကို တွေ့မြင်ရ၏။၊ ဤသေတ္တာက မီးခိုးငွေ့များကို ထိန်းထားနိုင်သောကြောင့် အသုံးဝင်မှုရှိရပေမည်။ ချီရွှမ်းစုက ပိုးထည်စကို ဆွဲထုတ်ပြီး အစိမ်းရောင်ပုတီးစေ့ကို အထပ်ထပ်ရစ်ပတ်ကာ သူ၏ ဘေးလွယ်အိတ်ထဲထည့်လိုက်၏။
ထို့နောက် ချီရွှမ်းစုက လည်ချောင်းရှင်းပြီး သံကုန်ခြစ်ကာ အော်ဟစ်လိုက်၏။
“ကူညီကြပါဦး”
သူ့အသံက ရှန့်ဂေဟာတစ်ခုလုံးမှာ ဟိန်းထွက်သွားပြီး မှောင်မည်းတိတ်ဆိတ်နေသောဂေဟာက နောက်ဆုံးမှာ လင်းထိန်လာ၏။
. . . . . .
ချင်းရွှေဘုရားကျောင်းသည် ချင်းရွှေရပ်နားဂိတ်အနီးမှာ တည်ရှိပြီး လျန်ကျိုးတာအိုစံအိမ်၏ အုပ်ချုပ်မှုအောက်မှာရှိလေသည်။
ပြည်နယ်အဆင့် တာအိုစံအိမ်များသည် စီရင်စုနှင့် ခရိုင်အဆင့် တာအိုစံအိမ်များနှင့်ယှဉ်လျှင် ပို၍ ဩဇာညောင်းသည်။ စီရင်စု တာအိုဘုရားကျောင်းတစ်ကျောင်းနှင့် ခရိုင်တာအိုဘုရားကျောင်းတစ်ကျောင်းကြား ကွာခြားချက်သည် အရွယ်အစားမျှသာဖြစ်သည်။ တာအိုအဖွဲ့အစည်းမှလူများက ထိုနှစ်ခုကို အလွယ်တကူခွဲခြားနိုင်သော်လည်း တာအိုဆရာမဟုတ်သူများက တာအိုစံအိမ်များသည် အခြားသောတာအိုစံအိမ်၏ အမိန့်ကို ဘာ့ကြောင့်နာခံရသလဲ နားလည်ကြမည် မဟုတ်ပေ။
ချင်းရွှေဘုရားကျောင်းက ခရိုင်အဆင့် တာအိုဘုရားကျောင်းတစ်ကျောင်းဖြစ်သည်။ သို့သော် အင်ပါယာနန်းတော်၏ ခရိုင်ဝန်ရုံးနှင့်မတူသည်မှာ တာအိုဘုရားကျောင်းသည် အရပ်သားကိစ္စများမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ သူတို့သည် အဓိကအားဖြင့် မိစ္ဆဝါဒများဖြန့်ဝေ၍ ဒုက္ခပေးတတ်သော အယူဝါဒမိစ္ဆာများကိုသာ ပစ်မှတ်ထားကြသည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်သည် မည်သည့်ပဋိပက္ခမှမရှိဘဲ နှစ်ပေါင်းများစွာ အတူယှဉ်တွဲရှိလာခဲ့ခြင်းဖြစ်သည်။
ချင်းရွှေဘုရားကျောင်းက အမှုဆောင်ကျိုးကို စည်ပင်ထွန်းကားမှုသိပ်မရှိသော လျန်ကျိုးမှာ အတော်အတန်ဩဇာညောင်းသည်ဟု ဆိုရပေမည်။ ဤနေရာဒေသမှာ လျှို့ဝှက်အသင်းအဖွဲ့များလှုပ်ရှားလေ့မရှိသောကြောင့် သူက သက်သောင့်သက်သာ နေနိုင်သည်။ မည်သို့ပင်ဆိုစေ လျှို့ဝှက်အသင်းအဖွဲ့များသည် နောက်ထပ် ယုံကြည်သူများကို ခေါ်ယူစုဆောင်းနိုင်ရန် ပို၍ စည်ပင်ထွန်းကားသော ကျန်းနန်ဒေသတို့ကို ပို၍ နှစ်သက်သဘောကျသည်။
တာအိုဂိုဏ်းတော်မှာသာ အကျင့်ပျက်ခြစားနေခြင်း မဟုတ်ပေ။ လျှို့ဝှက်အသင်းအဖွဲ့များစွာကလည်း အကျင့်ပျက်ခြစားနေပြီး ယုံကြည်သူများထံမှ ရသမျှ နှိုက်ယူ၍ သူတို့၏ အိပ်ကပ်ထဲကို အရထည့်ကြသည်။ တချို့က ယုံကြည်သူများ၏ ဇနီးမယားနှင့် သမီးများအပေါ်ပင် အခွင့်အရေးယူတတ်ကြသည်။ ဤအကျင့်ပျက်လျှို့ဝှက်အသင်းအဖွဲ့ဝင်များသည် ဘုရင်တစ်ပါးလို ဇိမ်ကျကျနေထိုင်ကြပြီး ရှေးဟောင်းအင်မော်တယ်များကို အမှန်တကယ်မယုံကြည်ကြပေ။
ကျိကွမ်းလျှို့ဝှက်အသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်းနှင့် လင်းရှန်စုန်းကဝေဂိုဏ်းအပါအဝင် လျှို့ဝှက်အသင်းအဖွဲ့များစွာမှာ ဤကဲ့သို့သော ပြဿနာများရှိနေ၏။ အထူးသဖြင့် ကောင်းကင်ဘုံနန်းတော်ဖြစ်သည်။ ကောင်းကင်ဘုံနန်းတော်ကို များပြားလှစွာသော နောက်လိုက်များနှင့် အတော်လေးအင်အားကြီးမားသည်ဟု ဆိုနိုင်သော်လည်း သူတို့က အတွင်းပိုင်းမှာ အကျင့်ပျက်ခြစားမှု အများဆုံးဖြစ်သည်။
လက်ရွေးစင်များကိုသာ ခေါ်ယူစုဆောင်းသည့် ချင်းဖျင်အသင်းမှာပင် ချီရွှမ်းစုလိုမျိုး တာအိုဂိုဏ်းတော်ကို ပို၍သစ္စာရှိသည့် အဖွဲ့ဝင်များရှိနေဆဲဖြစ်သည်။
နှင်းက သည်းထန်စွာကျဆင်းနေ၏။ အမှုဆောင်ကျိုးသည် ဟဲချန်ကိုဝတ်၍ မီးဖိုတစ်ဖိုဘေးမှာ သေရည်သောက်ဖို့အတွက် မိတ်ဆွေတချို့ကို ဖိတ်ခေါ်ထားသည်။ သူတို့က မဏ္ဍပ်ငယ်တစ်ခုထဲမှာထိုင်ပြီး ကျဆင်းနေသောနှင်းများကို ချီးမွမ်းခန်းဖွင့်နေကြ၏။
အမှုဆောင်ကျိုးက သေရည်ကို အေးအေးဆေးဆေးသောက်နေစဉ် လက်အောက်ငယ်သားတစ်ဦးက မျက်စိပျက်မျက်နှာပျက်နှင့် အလောတကြီးရောက်ချလာ၏။
အမှုဆောင်ကျိုးက ခပ်တင်းတင်းမေးလိုက်၏။
“မင်းဘာလို့ အဲလောက်ထိ ထိတ်ထိတ်ပျာပျာဖြစ်နေတာလဲ... ဘာတွေဖြစ်လာလို့လဲ”
လက်အောက်ငယ်သားက စိုးရိမ်ပူပန်စွာဖြင့် တင်ပြလိုက်၏။
“အမှုဆောင်ကျိုး... မြို့ထဲမှာ မိစ္ဆာတစ်ကောင်ရှိနေတယ်... အဲဒီမိစ္ဆာက လူသားတောင်စားထားတယ်လို့ ကောလာဟလထွက်နေတယ်”
အမှုဆောင်ကျိုးက ထိတ်လန့်၍ ချက်ချင်းပင်အမူးပြေသွား၏။
“မိစ္ဆာလား... အဲဒါက အယူဝါဒမိစ္ဆာလား.. သားရဲမိစ္ဆာလား”
“ဆရာ... အဲဒါ ရှန့်မိသားစုခံတပ်ရွာက မြွေသားရဲပါ”
လက်အောက်ငယ်သားက ဖြေပေးလိုက်၏။
“အဲဒီမှာ လူသတ်မှုဖြစ်ခဲ့တဲ့ပုံပဲ... တိတိကျကျတော့ ကျုပ်လည်းမသိသေးဘူး.. ကျုပ်တို့ အခုပြောနေရင်း ဖီးနစ်စိမ်းတပ်ဖွဲ့က လက်ထောက်တပ်မှူးက အဲဒီကိုသွားနေပြီ”
“ဟာ... ဖီးနစ်စိမ်းတပ်ဖွဲ့ကို အခွင့်အရေးပေးလို့ ဘယ်ဖြစ်ပါ့မလဲ သွားကြရအောင်... မြန်မြန်လုပ်ကြ... လူတွေကို စုလိုက်... လိုအပ်တာမှန်သမျှ ယူလာခဲ့ဖို့လည်း သတိပေးလိုက်ဦး... ငါတို့ အရှက်ကွဲခံလို့မဖြစ်ဘူး”
အမှုဆောင်ကျိုးက ဣန္ဒြေပင်မဆယ်နိုင်တော့ပေ။ သူသည် ကုန်သည်ယာဉ်တန်းကို လုယက်ဖို့အဆင်သင့်ဖြစ်နေသည့် ဓားပြခေါင်းဆောင်တစ်ဦးနှင့်ပင်တူနေသည်။
တာအိုဆရာက ခေါင်းညိတ်ကာ ထွက်ခွာသွား၏။
ခဏနေပြီးနောက် အမှုဆောင်ကျိုးသည် တာအိုဘုရားကျောင်းမှ လူတစ်အုပ်စုကို ဦးဆောင်ကာ ရှန့်မိသားစုခံတပ်ရွာသို့ ဦးတည်လိုက်၏။
သူတို့ ရှန့်မိသားစုခံတပ်ရွာကို ရောက်သည့်အချိန်မှာ မွန်းတည့်နေပြီဖြစ်၏။ သူတို့က ရှန့်ဂေဟာဆီကို တန်းသွားလိုက်၏။ ဤအချိန်မှာ ရှန့်ဂေဟာအပြင်ဘက်တွင် လူအုပ်ကြီးတစ်အုပ်က စုဝေးနေကြပြီဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့်ပတ်သက်၍ အတင်းအဖျင်းပြောနေကြ၏။ တံခါးဝမှာ ဆေဘာများကိုင်ဆွဲ၍ စောင့်ကြပ်နေသော ဖီးနစ်စိမ်းတပ်သားနှစ်ဦးလည်းရှိနေသည်။
ဤမင်းဆက်မှာ ဖိးနစ်စိမ်းတပ်ဖွဲ့သည် ယခင်မင်းဆက်ကလို လျှို့ဝှက်ကိုယ်ရံတော်အဖွဲ့ ဆက်လက်၍ မဟုတ်တော့ပေ။ သူတို့၏ တာဝန်များသည် သူခိုး၊ ဓားပြများနှင့် အယူဝါဒမိစ္ဆာများကို ဖမ်းဆီးရန်နှင့် အမျိုးမျိုးသော လူသတ်မှုများကို ကိုင်တွယ်ရန်ဖြစ်လာ၏။
တာအိုဆရာများရောက်လာသည်ကိုကြည့်ပြီး ဘေးကနေ ရပ်ကြည့်နေသောလူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြ၏။
တာအိုဆရာများနှင့် ဖီးနစ်စိမ်းတပ်သားများက အသိအကျွမ်းများဖြစ်ကြရာ ဝင်ပေါက်ဝမှာ စောင့်ကြပ်နေသော ဖီးနစ်စိမ်းတပ်သားနှစ်ဦးက လမ်းပိတ်ထားခြင်းမရှိပေ။ သူတို့က တာအိုဆရာများကို အရင်စတင်၍ပင် နှုတ်ဆက်လိုက်ကြ၏။
အမှုဆောင်ကျိုးက မြင်းပေါ်ကနေဆင်းပြီး မေးလိုက်၏။
“လက်ထောက်တပ်မှူး ရောက်နေပြီလား”
“ဟုတ်ပါတယ်... သူ အထဲမှာ လူကြီးမင်းကို စောင့်နေပါတယ်”
တပ်သားတစ်ဦးက တုံ့ပြန်ပြောဆိုလိုက်၏။
အမှုဆောင်ကျိုးက မြင်းဇက်ကြိုးကိုလွှတ်ချပြီး ဝတ်ရုံကိုပြင်ကာ ရှန့်ဂေဟာထဲသို့ ဝင်သွားလိုက်၏။
ဤအချိန်မှာ ဂေဟာက ရှုပ်ထွေးနေ၏။ လူတိုင်းက ပျာပျာသလဲဖြင့် အလုပ်လုပ်နေကြသည်။ လမ်းတစ်လျှောက်မှာ တပ်သားများကို နေရာချပေးထားသောကြောင့် အမှုဆောင်ကျိုးက လမ်းမေးနေစရာ မလိုတော့ပေ။
အမှုဆောင်ကျိုးသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ထိုနေရာမှာ သိသာထင်ရှားလွန်းသော ကြီးမားသည့် မြွေသားရဲခန္ဓာကို လူများ ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဒဏ်ရာများနှင့်သွေးများကို အဖြူရောင်နှင်းများက ဖုံးအုပ်သွားလျှင်တောင် မြင်ကွင်းက ကြောက်စရာကောင်းနေဆဲဖြစ်သည်။
ဤအချိန်တွင် လူသုံးဦးက မြွေသားရဲ၏ အလောင်းဘေးမှာ မတ်တတ်ရပ်နေကြ၏။ သူတို့က အခြားသူများကဲ့သို့ အဝေးကနေ ကြည့်ရှုနေခြင်းမဟုတ်ရာ ဤလူသုံးဦးသည် အမှုအတွက် အရေးပါသူများဖြစ်မည်ဟု အမှုဆောင်ကျိုး ပုံဖော်မိ၏။
သူတို့ထဲမှတစ်ယောက်သည် အမှုဆောင်ကျိုးနှင့် အသိအကျွမ်းဟောင်း ဖီးနစ်စိမ်းတပ်ဖွဲ့မှ လက်ထောက်တပ်မှူးဖြစ်သည်။ အခြားနှစ်ယောက်က အရွယ်ရောက်ပြီးသား ယောကျ်ားနှစ်ဦးဖြစ်၏။ အသက်ကြီးကြီးတစ်ယောက်က လူရတတ်တစ်ဦးလို ဝတ်စားထားပြီး ငယ်ရွယ်သူက ခြုံထည်တစ်ထည်ကို ဝတ်ဆင်ထား၏။
အမှုဆောင်ကျိုးက လက်ထောက်တပ်မှူးဘေးကို ရောက်လာပြီး မေးလိုက်၏။
“ဘာတွေဖြစ်သွားတာလဲ”
လက်ထောက်တပ်မှူးက ဖြေပေးလိုက်၏။
“ကျုပ်လည်း စောစောကမှ ဒီကိုရောက်လာတာ”
အမှုဆောင်ကျိုးက ဘေးကနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။
လူရတတ်တစ်ဦးလိုဝတ်စားထားသည့် ယောကျ်ားက ပြောလိုက်၏။
“ကျုပ်က ဒီနေရာရဲ့ပိုင်ရှင်ပါ”
ရှန့်ရူလင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။
အခြားတစ်ယောက်က ချီရွှမ်းစုဖြစ်ပြီး သူ့တံဆိပ်ပြားကို ထုတ်ယူကာ အမှုဆောင်ကို နှုတ်ဆက်လိုက်၏။
“ကျုပ်က ဗိုလ်မှူးလောလန်ရဲ့ လူယုံတပ်သား ဝေဝူကွေ့ပါ”
အမှုဆောင်ကျိုးက တံဆိပ်ပြားကို အစစ်ဟုတ်မဟုတ် စစ်ဆေးကြည့်ချင်သော်လည်း လက်ထောက်တပ်မှူးက သူ့နားအနားကိုကပ်ပြီးပြောလိုက်၏။
“ငါ အဲဒီတံဆိပ်ပြားကို စစ်ကြည့်ပြီးသွားပြီ.. အစစ်ပဲ”
“အို... ခင်ဗျားက ဝတ်ရုံနက်ဘက်တော်သားပဲ”
အမှုဆောင်ကျိုးက တံဆိပ်ပြားကို စစ်ဆေးမကြည့်လိုတော့ပေ။ မည်သို့ပင်ဆိုစေ အင်ပါယာနန်းတော်မှ သရုပ်သကန်တံဆိပ်ပြားများကို စစ်ဆေးကြည့်ရာတွင် ဖီးနစ်စိမ်းတပ်ဖွဲ့မှ လက်ထောက်တပ်မှူးတစ်ဦးက သူ့ထက်ပိုတော်လေသည်။
ချီရွှမ်းစုက သူလုပ်ကြံဖန်တီးထားသည့်ဇာတ်လမ်းကို ထပ်ပြောပြလိုက်၏။ သူက ဗိုလ်မှူးချင်ဝူပင်း၏အမိန့်ဖြင့် ဝူကျိုးက ပြည်နယ်မင်းသားကို လက်ဆောင်တစ်ခုပေးပို့ရမည်ဖြစ်ကြောင်း၊ လမ်းမှာ နှင်းများသည်းထန်စွာကျဆင်းလာသောကြောင့် ရှန့်ဂေဟာမှာ တစ်ညတာ တည်းခိုဖို့ ဆုံးဖြတ်မိကြောင်း၊ ညဘက်မှာ အမျိုးသမီးတစ်ဦးအဖြစ် ရုပ်ဖျက်ထားသော မြွေသားရဲက သူ့ကို တိုက်ခိုက်လာသော်လည်း သူက မြွေသားရဲ၏ ရုပ်ဖျက်မှုကို သိမြင်ပြီး ပြန်လည်တိုက်ခိုက်ကာ အနိုင်ယူခဲ့ကြောင်း ပြောပြလိုက်၏။
အမှုဆောင်ကျိုးက အံ့အားသင့်သွား၏။
“ဒီလိုမျိုး သားရဲကို သတ်ဖြတ်ဖို့ဆိုရင် အနည်းဆုံး ယွီရှုအဆင့်မှာရှိနေရမယ်... ညီကို... ခင်ဗျားက ဒီမြွေသားရဲကို သတ်ဖြတ်နိုင်တယ်ဆိုတော့ ပညာရှင်တစ်ဦးဖြစ်ရမယ်”
ချီရွှမ်းစုက ပြုံးပြလိုက်၏။
“ပြောရလောက်အောင်မဟုတ်ပါဘူး... ကျုပ်က ယွီရှုအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးပါပဲ”
အမှုဆောင်ကျိုးက ဆွံ့အသွား၏။ ဗိုလ်မှူးလောလန်မှာ ရာထူးအဆင့် သတ်မှတ်ပေးမထားသည့် ယွီရှုအဆင့် လူယုံတပ်သားတစ်ဦးရှိနေ၏။ သို့သော် ခဏမျှစဉ်းစားပြီးနောက် အရေးပါအရာရောက်သော ပုဂ္ဂိုလ်များ၏ လူယုံတော်များကို သာမန်အသိပညာဖြင့် အကဲဖြတ်၍မရကြောင်း သူနားလည်သဘောပေါက်လိုက်၏။
သူ့လိုမျိုး အမှုဆောင်တစ်ဦးပင် တာအိုစံအိမ်သခင်ဘေးမှာ အမှုထမ်းနေသည့် တာအိုအခြွေအရံတစ်ဦးကို လေးစားမှုထားရသည်။ ထို့ကြောင့် အမှုဆောင်ကျိုးက ဤလူယုံတပ်သားကို အထင်သေးရဲခြင်းမရှိပေ။
လက်ထောက်တပ်မှူးက ပြောလိုက်၏။
“အမှုဆောင်ကျိုး... ခင်ဗျားမှာ ကန့်ကွက်စရာမရှိဘူဆိုရင် ကျုပ်တို့အခုပဲစပြီး ခွဲစိတ်စစ်ဆေးလိုက်ကြရအောင်”
အမှုဆောင်ကျိုးက သတိပြန်ကပ်လာပြီး ခေါင်းညိတ်ပြလိုက်၏။
“ရတယ်လေ... ပြဿနာမရှိဘူး”
လက်ထောက်တပ်မှူးသည် သူ့လက်အောက်ငယ်သားထံမှ လက်အိတ်တစ်အိတ်ကို တောင်းယူလိုက်၏။ နောက်ထပ် လက်အောက်ငယ်သားက မြွေသားရဲ၏ အလောင်းပေါ်က နှင်းများကို ဖယ်ရှားပေးလိုက်၏။ ထို့နောက် လက်ထောက်တပ်မှူးက စတင်၍ စစ်ဆေးကြည့်လိုက်လေသည်။