အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း ၂၄၇ - ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ
ခဲယမ်းလက်နက်ကြောင့် သေဆုံးကြောင်း အလွယ်တကူဆုံးဖြတ်နိုင်သောကြောင့် ခွဲစိတ်စစ်ဆေးမှုက သိပ်မကြာလိုက်ပေ။ လက်ထောက်တပ်မှူးက ကျည်ဆန်တစ်တောင့်ကို လက်နှစ်ချောင်းကြားမှာ ညှပ်ပြီးပြောလိုက်၏။
“ကျုပ်ထင်တာ မမှားဘူးဆိုရင် ဒါက နဂါးမျက်လုံးကျည်ဆန်လို့ခေါ်တဲ့ တာအိုဂိုဏ်းတော် ထျန်ကျိခန်းမက ကျည်ဆန်ပဲ”
“ညီကို… ခင်ဗျားက မျက်လုံးကောင်းသားပဲ”
ချီရွှမ်းစုက သူ့ခြုံထည်အနားစကို မပြီး သူ့ခါးမှာချိတ်ထားသည့် နတ်နဂါးပစ္စတိုကို လှစ်ဟပြလိုက်၏။
“နတ်နဂါးပစ္စတိုက နဂါးမျက်လုံး အမှတ်စဉ်ကျည်ဆန်တွေနဲ့ အလိုက်ဖက်ဆုံးပဲ… ထျန်ကျိခန်းမက ထုတ်တဲ့ နဂါးမျက်လုံးကျည်ဆန်တွေက အရည်အသွေးအကောင်းဆုံးပဲ”
နတ်နဂါးပစ္စတိုက အဖိုးတန်ရုံသာမက အဆင့်အတန်းတစ်ခု၏ အမှတ်သင်္ကေတလည်းဖြစ်သည်။ ဝတ်ရုံနက်များကြားမှာပင် ရွေ့လျားတပ်မဗိုလ်များနှင့်အထက်သာ အဲဒါကို ကိုင်ဆောင်ခွင့်ရှိကြသည်။
ဤအချက်သည် အမှုဆောင်ကျိုး၏ ခန့်မှန်းချက်ကို ထပ်မံ၍ အတည်ပြုပေးလိုက်၏။ သူက ပြောလိုက်သည်။
“ညီကိုဝေပြောတာမှန်တယ်… ထျန်ကျိခန်းမက ထုတ်တဲ့ နဂါးမျက်လုံးကျည်ဆန်တွေက ပထမတန်းစားပဲ”
လက်ထောက်တပ်မှူးက ထပ်ပြောလိုက်၏။
“ဒီမြွေမှာ ထိုးသွင်းဒဏ်ရာတချို့လည်း ရှိနေတယ်”
ချီရွှမ်းစုက သူ့ခါးနောက်ကိုလက်စမ်းပြီး သင်္ဘောသားဓားနှစ်လက်ကို ဆွဲထုတ်ပြလိုက်၏။
“ကျုပ် နတ်ဘုရားလက်နက်တိုက်ကနေ ဒီစိတ်ဝိညာဉ်လက်နက်နှစ်ခုကို ထိုက်ဖျင်ဒင်္ဂါး ၂၅၀၀ ပေးပြီး ဝယ်ခဲ့ရတယ်… အဲဒီအဖိုးကြီးက စစချင်း ထိုက်ဖျင်ဒင်္ဂါး သုံးထောင်တောင်းတာ.. နောက်မှ ဗိုလ်မှူးရဲ့မျက်နှာကို ထောက်ထားပြီး ထိုက်ဖျင်ဒင်္ဂါး ၅၀၀ လျှော့ပေးလိုက်တာ”
“ဒါပေမဲ့ ဒီလက်နက်တွေကို နတ်ဘုရားလက်နက်တိုက်က ထုတ်တာမဟုတ်ဘူး… သုတ်သင်ရှင်းလင်းရေးတစ်ခုမှာ အဲဒါတွေကို အယူဝါဒမိစ္ဆာတွေဆီကနေ သိမ်းယူထားတာ”
ချီရွှမ်းစုသည် ဗိုလ်မှူးလောလန်၏ လူယုံတပ်သားဖြစ်သည်ဟု အမှုဆောင်ကျိုးက ပို၍ပင် လက်ခံယုံကြည်သွား၏။ သူတို့က အတူတကွ ကြီးပြင်းလာတာပင် ဖြစ်ကောင်းဖြစ်ပေမည်။ မဟုတ်ပါက သာမန် လူယုံတပ်သားတစ်ဦးမှာ ထိုမျှအထိ များပြားသော ငွေကြေး၊ နတ်နဂါးပစ္စတိုနှင့် စိတ်ဝိညာဉ်လက်နက်တစ်စုံတို့ ရှိနေလိမ့်မည် မဟုတ်ပေ။
ရှေးတော်ဝင်မိသားစုများစွာမှ အစေခံတချို့သည် အဆင့်အတန်းနိမ့်ကျလျှင်တောင် သူတို့၏ သခင်လေးများတချို့ထက်ပင် ပို၍ လေးစားခံရသည်။ ဥပမာအားဖြင့် ဧကရာဇ်ထံ အမှုထမ်းနေသော နန်းတွင်းမိန်းမစိုးများက အစေခံများပင်ဖြစ်သော်လည်း မည်သူကမှ သူတို့ကို အထင်မသေးရဲကြပေ။
သို့သော် လက်ထောက်တပ်မှူး ထုတ်ဖော်မပြောဆိုသည့် အချက်တစ်ချက်ရှိနေ၏။ တာအိုဂိုဏ်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သားရဲအများစုမှာ သားရဲဆေးလုံးရှိသည်ကို အမှုဆောင်ကျိုးက သိရှိထား၏။ သားရဲဆေးလုံးကို ရှာမတွေ့ဘူးဆိုလျှင် တစ်ယောက်ယောက်က ယူထားတာဖြစ်ရပေမည်။
ဝေဝူကွေ့က ဗိုလ်မှူးလောလန်၏ လူယုံတပ်သားဖြစ်နေသည်ကို ကြည့်ပြီး အမှုဆောင်ကျိုးက ပျောက်ဆုံးနေသော သားရဲဆေးလုံးကို ထုတ်ဖော်မပြောဆိုတော့ပေ။ သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီး သားရဲဆေးလုံးကိုယူထားခြင်းက ဥပဒေကိုလည်း ဆန့်ကျင်မနေပေ။
ဒါ့အပြင် အမှုဆောင်ကျိုးလိုမျိုး အောက်ခြေအရာရှိများသည် တစ်ယောက်ယောက်ကို မဆန့်ကျင်မိစေရန် လိမ်မာပါးနပ်စွာ ပြုမူလှုပ်ရှားတတ်ကြသည်။
လက်ထောက်တပ်မှူးက အသေကောင်အား စစ်ဆေးပြီးသည်ထိစောင့်ပြီးမှ ချီရွှမ်းစုက ပြောလိုက်၏။
“ဒီသားရဲက တော်တော်လည်း ဉာဏ်ကောင်းတယ်.. စစချင်း သူ့ကို မနိုင်လောက်ဘူးထင်လို့ ကျုပ်က ဒီကနေထွက်ပြေးပြီး ခရိုင်ရုံးတော်ကနေ စစ်ကူတောင်းဖို့ တွေးလိုက်သေးတယ်… ဒါပေမဲ့ မြွေသားရဲက ကျုပ်တွေးနေတာကိုသိတယ်… သူက ကျုပ်ကို ထွက်ခွာခွင့်မပေးဘူး… အဲဒါကြောင့် ဒီသားရဲက လှည့်လည်သွားလာနေတဲ့ အမျိုးအစားမဟုတ်ဘူးဆိုတာ ပြနေတယ်… သူက ဒီနေရာမှာ အခြေချနေထိုင်နေတာလို့ ကျုပ်ထင်တယ်… ဒါပေမဲ့ ဒီနှစ်တွေထဲ သူ လူဘယ်လောက်များများ စားပြီးသွားပြီလဲ မသိဘူး”
အမှုဆောင်ကျိုး၏ အမူအရာက တည်ကြည်လေးနက်သွား၏။
“ဒီနေရာမှာ ဒါမျိုး ဖြစ်ခဲ့တယ်လို့ ကျုပ် ယုံတောင်မယုံနိုင်ဘူး”
လက်ထောက်တပ်မှူး၏ မျက်နှာကလည်း တည်ကြည်လေးနက်သွား၏။ မိစ္စာသားရဲက ဤနေရာမှာ အတန်ကြာအောင် အခြေချနေထိုင်လာခဲ့သည်ဆိုလျှင် သူတို့က တာဝန်ပျက်ကွက်မှုဖြင့် အပြစ်ပေးခံရနိုင်သည်။ သို့သော် ဤမြွေသားရဲကို သတ်ဖြတ်ပြီးပြီဆိုမှတော့ သူတို့က ဇာတ်လမ်းကိုအနည်းငယ်ပြောင်းလဲပြီး အကျိုးဆောင်မှုတချို့ကိုပင် ရရှိနိုင်သည်။
အမှုဆောင်ကျိုးက လက်ထောက်တပ်မှူးနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် နှစ်ယောက်စလုံးက တိတ်တဆိတ် သဘောတူညီမှုရရှိသွားကြ၏။
အဓိကအခရာက ဤတပ်သား ဝေဝူကွေ့ဖြစ်နေလေသည်။
သူတို့နှစ်ယောက်မပြောခင် ချီရွှမ်းစုက လက်နှစ်ဖက်ကိုယှက်ကာ ပြောလိုက်၏။
“စစ်မြေပြင်မှာ အနိုင်ရတာက တိုက်ပွဲတစ်ဝက်ကိုပဲ အောင်နိုင်သေးတာလို့ ဗိုလ်မှူးက မကြာခဏပြောလေ့ရှိတယ်… နေရာတကျပြန်ထားဖို့… လူတွေ ယုံကြည်လက်ခံလာဖို့ နောက်ဆက်တွဲတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတက တိုက်ပွဲရဲ့ ဒုတိယတစ်ဝက်ပဲ… တိုက်ပွဲရဲ့ ဒုတိယတစ်ဝက်ကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် အောင်နိုင်ထားတဲ့ ပထမတစ်ဝက်က အချည်းနှီးဖြစ်သွားလိမ့်မယ်”
“ကျုပ်က ဒီနေရာမှာ ဗိုလ်မှူးနဲ့ အတွေးတူတယ်… သားရဲမိစ္စာတွေကို သတ်ဖြတ်တဲ့နေရာမှာလည်း သဘောတရားက အတူတူပဲ… ကျုပ်က အကြောင်းအခွင့်တိုက်ဆိုင်လို့ ဒီသားရဲကို သတ်ဖြတ်လိုက်ပေမဲ့ ပိုပြီးတော့အရေးကြီးတာက ခင်ဗျားတို့နှစ်ယောက် နောက်ဆက်တွဲကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပဲ”
ချီရွှမ်းစုက လိမ်မာပါးနပ်စွာဖြင့် သူတို့နှစ်ယောက်ကို အကျိုးဆောင်မှုရယူနိုင်အောင် လမ်းကြောင်းပေးလိုက်၏။
အမှုဆောင်ကျိုးနှင့် လက်ထောက်တပ်မှူးက သွားဖြီးသွား၏။ အမှုဆောင်ကျိုးက ပြောလိုက်သည်။
“မှန်တာပေါ့ဗျာ… ဒါက ကျုပ်တို့ယူရမဲ့ တာဝန်ပဲ… ကျုပ်တို့ ခင်ဗျားကို ဒုက္ခမပေးရဲပါဘူး”
စစ်တပ်နောက်ခံရှိသော လက်ထောက်တပ်မှူးက ပို၍ပင် တဲ့တိုးဆန်၏။ သူက ချီရွှမ်းစုကို လက်မထောင်ပြပြီး ပြောလိုက်၏။
“ညီကိုဝေ… ကျေးဇူးပဲ”
အမှုဆောင်ကျိုးကလည်း သံယောင်လိုက်ပေးလိုက်၏။
“ခင်ဗျားရဲ့ ရက်ရောမှုကို ကျုပ်တို့ အသိအမှတ်ပြုပါတယ်”
ချီရွှမ်းစုက ဤမျှအထိ ရက်ရောနေခြင်းမှာ အဓိကအားဖြင့် ဤအကျိုးဆောင်မှုက သူ့အတွက် အဓိပ္ပါယ်မရှိတော့သည့်အတွက်ကြောင့်ဖြစ်သည်။ ဝေဝူကွေ့သည် သူ၏ အတုအယောင်သရုပ်သကန်မျှသာဖြစ်ပြီး ဤအကျိုးဆောင်မှုကို ချီရွှမ်းစုဟူသောအမည်နှင့် စာရင်းမသွင်းနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် ဤအမှုကို သူတို့နှစ်ယောက်ထံလွှဲပြီး သူ့လမ်းသူ ဆက်သွားသည်က ပိုကောင်းပေလိမ့်မည်။
ယောကျ်ားသုံးယောက်က အမှုကို ဘယ်လိုဖြေရှင်းမလဲ အားရပါးရ ဆွေးနွေးနေစဉ် ဤနေရာ၏ ပိုင်ရှင် ရှန့်ရူလင်ကတော့ ဘေးဘက်ကို အလိုလိုထွက်သွားပြီး သူက ပို၍ပင် အထီးကျန်အဖော်မဲ့သည့်ပုံပေါ်လာ၏။
ဤအချိန်မှာ အစေခံတစ်ဦးက ပြေးလာပြီး ထိတ်လန့်တကြားပြောလိုက်၏။
“သခင်… သခင်မ ပျောက်နေတယ်”
ရှန့်ရူလင်၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွား၏။ သူက တုန်လှုပ်မှုဖြင့် သတိလစ်မတတ်ပင်။
ချီရွှမ်းစု၊ အမှုဆောင်ကျိုးနှင့် လက်ထောက်တပ်မှူးတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ချီရွှမ်းစုက မေးလိုက်သည်။
“အိမ်ရှင်သခင်မကို အဲဒီမြွေသားရဲ တိုက်ခိုက်ခဲ့တာများလား”
အမှုဆောင်ကျိုးနှင့် လက်ထောက်တပ်မှူးက နှုတ်ဆိတ်သွားကြ၏။
သူတို့နှစ်ယောက်စလုံးက ကျွမ်းကျင်အရာရှိများဖြစ်ပြီး တစ်ခုခုမူမမှန်သည်ကို သတိထားမိနေပြီဖြစ်၏။
ဤမြွေသားရဲက ဤနေရာမှာ အတန်ကြာအောင် အခြေချနေထိုင်လာခဲ့ပြီး ရှန့်ဂေဟာမှလူများကို စားချင်သည်ဆိုလျှင် ယခုအချိန်ထိ စောင့်နေစရာမလိုပေ။ မိစ္ဆာသားရဲ သတ်ဖြတ်ခံရပြီးမှ ဤသခင်မဆိုသူက ပျောက်ဆုံးသွား၏။ ဤမျှအထိ ဘယ်လိုလုပ်တိုက်ဆိုင်နိုင်ပါ့မလဲ။
ဝေဝူကွေ့က ဤကိစ္စကို အစဖော်ပေးလိုက်သည့်အတွက် သူတို့က ကျေနပ်သွားကြ၏။ ထိုသို့ဖြင့် သူတို့သည် စုံစမ်းစစ်ဆေးဖို့အတွက် အကြောင်းပြချက်တစ်ခုနှင့် ဦးတည်ရာတစ်ခု ရရှိသွားကြသည်။
လက်ထောက်တပ်မှူးက လှောင်ရယ်လိုက်၏။
“သခင်ရှန့်… ဒီမြွေသားရဲက ခင်ဗျားရဲ့ဇနီးနဲ့ ပတ်သက်နေတာများလား”
ရှန့်ရူလင်က အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။
“လက်..လက်ထောက်တပ်မှူး… ဒါက ဘာ..ဘာ အဓိပ္ပါယ်လဲ”
ဤအချိန်မှာ နောက်ထပ်အစေခံတစ်ဦးက ပြေးလာပြီး ပြောလိုက်၏။
“သခင် ဒုတိယသခင်မလည်း ပျောက်နေပါတယ်”
ရှန့်ရူလင်၏ ခန္ဓာကိုယ်က တုန်လှုပ်မှုဖြင့် ယိမ်းထိုးသွား၏။ သူ၏ အမြင်အာရုံက မှောင်ကျပြီး အရုပ်ကြိုးပြတ်လဲကျသွားလေသည်။
သူက ဤမျှအထိ အားနည်းလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
“တစ်ယောက်ယောက် သူ့ကိုလာကူလိုက်ဦး”
လက်ထောက်တပ်မှူးက အော်ပြောလိုက်၏။
အမှုဆောင်ကျိုးက ရှေ့ကိုတက်ပြီး ရှန့်ရူလင်၏ အခြေအနေကို စစ်ဆေးကြည့်ရာ သူက သတိလစ်ရုံမျှသာဖြစ်သည်ကို တွေ့ရှိရ၏။ စိုးရိမ်လောက်စရာ မရှိချေ။
ထိုစဉ် ဖီးနစ်စိမ်းတပ်သားတစ်အုပ်စုက အနားကို ပြေးလာကြ၏။
လက်ထောက်တပ်မှူးက လက်ကာပြလိုက်သည်။
“မင်းတို့ကို ဘယ်သူက လာခိုင်းလို့လဲ… ဝေးဝေးသွားနေကြ”
ဖီးနစ်စိမ်းတပ်သားများက အလောတကြီး နောက်ပြန်ဆုတ်သွားကြ၏။
အမှုဆောင်ကျိုးက သူ့ဘေးမှာရှိသော အစေခံကို အမိန့်ပေးလိုက်၏။
“မင်းရဲ့သခင်ကို အိပ်ခန်းဆီ ခေါ်သွားလိုက်”
အနားမှာ အစေခံသုံးဦးရှိနေပြီး နှစ်ဦးက ရှန့်ရူလင်၏ ပခုံးနှင့် ခါးတို့ကိုမပြီး ကျန်တစ်ဦးက ရှန့်ရူလင်၏ ခြေထောက်ကို မသွားကြ၏။ သူတို့က သူ့ကို အိပ်ခန်းရှိရာသို့ ခေါ်ဆောင်သွားကြသည်။
ချီရွှမ်းစုက ဤမြင်ကွင်းကိုကြည့်ပြီး သူ့ဘာသာသူ ကောက်ချက်ချကြည့်နေ၏။
ဤအိမ်နှင့်ပတ်သက်၍ တစ်ခုခုမူမမှန်သည်မှာ တကယ်ပင်ဖြစ်ပြီး ဤလူအိုကြီးက အဲဒါကို သတိထားမိပေလိမ့်မည်။
သို့သော် ချီရွှမ်းစုက ဝင်ရောက်စွက်ဖက်ဖို့ စိတ်ကူးမရှိပေ။ သူက လက်နှစ်ဖက်ကိုယှက်၍ အမှုဆောင်ကျိုးနှင့် လက်ထောက်တပ်မှူးကို လေးစားမှုပြလိုက်၏။
“နောက်ဆက်တွဲကို ကိုင်တွယ်ဖို့က နည်းနည်းတော့ ဒုက္ခများမယ့်ပုံပဲ… ခင်ဗျားတို့နှစ်ယောက် ပင်ပန်းဦးမယ်”
လက်ထောက်တပ်မှူးနှင့် အမှုဆောင်ကျိုးက အကျိုးဆောင်မှုရယူနိုင်ရန် နောက်ထပ် လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့ စိတ်အားထက်သန်နေကြ၏။ သူတို့က အလောတကြီးပြောလိုက်သည်။
“ဒါက ကျုပ်တို့ရဲ့ တာဝန်ပါပဲ… အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်မနေပါနဲ့”
ချီရွှမ်းစုက ရုတ်တရက်အမှတ်ရသွား၏။
“စောစောက ကျုပ်ပြောဖို့မေ့နေတာ တစ်ခုရှိတယ်”
အရာရှိနှစ်ဦးက ချက်ချင်းပင်မေးလိုက်ကြ၏။
“ဘာများလဲ”
ချီရွှမ်းစုက ပြောလိုက်သည်။
“ကျုပ်နဲ့လိုက်ခဲ့”
ထို့နောက် ချီရွှမ်းစုသည် အရာရှိနှစ်ဦးကို သူတည်းခိုခဲ့သည့် အိပ်ခန်းသို့ခေါ်သွားပြီး နံရံကို လက်ညှိုးထိုးပြလိုက်၏။
“ပြီးခဲ့တဲ့ညက ဒီနံရံအရောင်က နည်းနည်းကွဲထွက်နေတာကို ကျုပ်သတိထားမိတယ်… အဲဒါကို နောက်မှ ထပ်ကပ်ထားတဲ့ပုံပဲ… အဲဒါကြောင့် ကျုပ်နံရံကို ချိုးကြည့်တော့ ဒါကိုတွေ့တယ်”
အမှုဆောင်ကျိုးက စစချင်း မူမမှန်မှုကို သတိမထားမိပေ။ ဤစကားကိုကြားပြီးနောက် သူက ရှေ့သို့တိုးကာ အနီးကပ်ကြည့်လိုက်၏။ ထိုအခါမှ ဤအမှတ်အသားများသည် အမှန်တကယ်ပင် မပြည့်စုံသည့် အဆောင်အင်းများဖြစ်သည်ကို နားလည်သိရှိလိုက်၏။ ချီရွှမ်းစု၏ အသေးစိတ်အာရုံစိုက်နိုင်စွမ်းကို သူက ချီးကျူးရလေသည်။ သာမန်လူများက အဲဒါကို သတိထားမိလိမ့်မည် မဟုတ်ပေ။
အဆောင်အမျိုးအစားကို ခွဲခြားပြီးနောက် အမှုဆောင်ကျိုး၏ မျက်နှာက သုန်မှုန်လာ၏။ နောက်ဆုံးမှာ သူက နံရံကိုလက်ဖြင့်သပ်ပြီး နမ်းရှုံ့ကြည့်လိုက်၏။
“ဒါက တာအိုတစ္ဆေနှင်အဆောင်အင်းပဲ.. အဲဒါကို သွေးနဲ့ရေးထားတာ… အဲဒါက ယန်စွမ်းအင်အများဆုံး လျှာဖျားသွေးနဲ့ ရေးထားတာမဟုတ်ပေမဲ့ အဲဒါကို ဒုတိယယန်စွမ်းအင်အများဆုံး လက်ခလယ်ကသွေးနဲ့ရေးထားတာပဲ”
“နံရံပေါ်မှာ ဒီလိုအဆောင်အင်းကို ရေးဆွဲတယ်ဆိုတာ နံရံကနေ ဆိုးယုတ်စိတ်ဝိညာဉ်တွေဝင်မလာအောင် တားဆီးဖို့ပဲ… လက်ရေးလက်သားအရဆိုရင် သူက အဲဒါကို အလောတကြီးရေးဆွဲခဲ့တာဖြစ်ရမယ်… တော်တော်အဆင့်မြင့်တဲ့ အငြိုးကြီးတစ္ဆေတွေကပဲ ဂမ္ဘီရဝိဇ္ဇာတစ်ဦးကို ဒီလောက်ထိ ဖိအားပေးနိုင်လိမ့်မယ်”
အမှုဆောင်ကျိုးနှင့် လက်ထောက်တပ်မှူးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
လက်ထောက်တပ်မှူးက ရေရွတ်လိုက်သည်။
“ဒုတိယသခင်မလည်း ပျောက်နေတယ်ဆိုတော့…”