အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း ၂၄၈ - ရှာဖွေကြခြင်း
အမှုဆောင်ကျိုးက တွေးတွေးဆဆဖြင့် ပြောလိုက်၏။
“အခုချိန်မှာ အရိုးရှင်းဆုံးနဲ့ တိုက်ရိုက်အကျဆုံးနည်းလမ်းကတော့ ရှန့်ဂေဟာကို တိုက်ရိုက်ရှာဖွေဖို့ပဲ… သဲလွန်စတချို့ ထွက်လာလောက်တယ်”
လက်ထောက်တပ်မှူးသည် အင်ပါယာနန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဖီးနစ်စိမ်းတပ်ဖွဲ့မှဖြစ်ရာ သူက ပို၍ ထည့်တွက်စဉ်းစားရသည်။
“သခင်ရှန့်က ကျူးယန်စာပေပညာရှင်တစ်ဦးပဲ… သူ့ရဲ့ အဖိုးက အင်ပါယာနန်းတော်နဲ့ ပတ်သက်ဆက်နွယ်မှုတချို့ရှိတယ်… စာပေသမားတွေက သူတို့အသိုင်းအဝိုင်းကြားမှာ အတော်လေးစည်းလုံးမှုရှိကြတယ်… ကျုပ်တို့က ဒီနေရာကို ရှာဖွေမယ်ဆိုရင် အမှားလုပ်ထားတဲ့ သက်သေအထောက်အထားရှာတွေ့မှဖြစ်မယ်.. မဟုတ်ရင် ကျုပ်တို့ ပြဿနာတက်လိမ့်မယ်”
“နောက်ပြီး သခင်ရှန့်က အခု သတိလစ်နေတယ်… ကျုပ်တို့က သူမပါဘဲ သူ့အိမ်ကိုရှာမယ်ဆိုရင် ပစ္စည်းတစ်ခုခုပျောက်တဲ့အခါ တာဝန်ခံရလိမ့်မယ်… သူက သာမန်အရပ်သားတစ်ဦးမဟုတ်တဲ့အတွက် သာမန်ကာလျှံကာ သဘောထားလို့မရဘူး… နောက်ပြီး ကျုပ်တို့ လက်အောက်ငယ်သားတွေထဲမှာ လက်ဆော့တတ်တဲ့သူမပါဘူးလို့ အာမမခံနိုင်ဘူး”
အမှုဆောင်ကျိုးက စုတ်သပ်လိုက်၏။
“ဒါက ပြဿနာပဲ”
သူက ချီရွှမ်းစုကိုကြည့်ကာ အကြံတောင်းလိုက်၏။
“ညီကိုဝေ… ခင်ဗျားကော ဘယ်လိုသဘောရလဲ”
ချီရွှမ်းစုက ဝင်မပါလိုသော်လည်း အကြံပေးလိုက်၏။
“ကျုပ်တို့ ခရိုင်ဝန်တစ်ဦးကို ဖိတ်ခေါ်မယ်ဆိုရင်ရော… သူက ဒီခရိုင်မှာ နယ်ခံ အရပ်သားကိစ္စတွေကို တာဝန်ယူထားရတယ်မလား… ကျုပ်တို့ သူ့ကို ဖိတ်ခေါ်လိုက်မယ်ဆိုရင် သူ့ကို မျက်မြင်သက်သေထားပြီး ရှာဖွေလို့ရတယ်လေ”
“ညီကိုဝေ… ဒါအကြံကောင်းပဲ”
လက်ထောက်တပ်မှူးက လက်ခုပ်တီးလိုက်၏။
“ခရိုင်ဝန်က မျက်မြင်သက်သေလုပ်ပေးမယ်ဆိုရင် ငါတို့က ဒီရှာဖွေမှုမှာ တစ်ခုခု ရှာမတွေ့ရင်တောင်မှ လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင်မှာမဟုတ်တော့ဘူး… သူက သက်သေလုပ်ပေးဖို့ ငြင်းဆန်မယ်ဆိုရင် နောက်ပိုင်းအကျိုးဆက်တွေအတွက် သူ့ကို တာဝန်ခံခိုင်းရမယ်”
ချီရွှမ်းစုက သူ့ဘာသာသူ စိတ်ထဲကနေ တွေးလိုက်၏။
အရာရှိလောကကလူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုကာကွယ်ရမလဲ ကောင်းကောင်းသိကြတာပဲ။ ဒီလက်ထောက်တပ်မှူးမှာ စစ်တပ်နောက်ခံရှိပေမဲ့ သူက အမှုအခင်းတွေကိုင်တွယ်တဲ့နေရာမှာ အတော်လေး အမြော်အမြင်ရှိသားပဲ။
လက်ထောက်တပ်မှူးက ဆက်ပြောလိုက်၏။
“ကျုပ် အခုပဲ ခရိုင်ဝန်ကို ကိုယ်တိုင်သွားပြီး ဖိတ်ခေါ်လိုက်မယ်”
အမှုဆောင်ကျိုးက သူ့ကို သတိပေးလိုက်၏။
“တာအိုဂိုဏ်းတော်… ဝတ်ရုံနက်နဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့တို့ကို ကိုယ်စားပြုတဲ့သူတွေအကုန်လုံး ရောက်နေတယ်ဆိုတာ ခရိုင်ဝန်ကို ပြောပြလိုက်ဦး… သူက နယ်ခံအရပ်သား အရေးကိစ္စတွေအတွက် တာဝန်ရှိတယ်… အဲဒါကြောင့် သူလည်းရှိနေမှရမယ်… သူ တာဝန်ကနေ ခေါင်းရှောင်ချင်တယ်ဆိုရင် အချိန်တန်တဲ့အခါ အကြီးအကဲတွေကို ရှင်းပြနိုင်ရမယ်”
“ကျုပ်သိပြီ”
လက်ထောက်တပ်မှူးက ပြုံး၍ ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။
ညနေခင်းမှာ ရှန့်ရူလင်က သတိပြန်လည်လာ၏။
ခရိုင်ဝန်နှင့် လက်ထောက်တပ်မှူးကလည်း ပြန်ရောက်လာကြသည်။
ခရိုင်ဝန်က ဤကိစ္စမှာ သိပ်ပြီး ဝင်မပါချင်သော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။ တစ်ခုခုမှားယွင်းနေမည်ဆိုလျှင် သူက သေချာပေါက် တာဝန်ခံရပေလိမ့်မည်။ သို့သော် ဤအမှုကို ဖြေရှင်းနိုင်မည်ဆိုလျှင် သူကလည်း အကျိုးဆောင်မှုကို မျှဝေယူနိုင်ပေမည်။ ထို့ကြောင့် ခရိုင်ဝန်က ရှန့်ဂေဟာကို ရှာဖွေမည့်အကြောင်း အိမ်ရှင်ကိုအကြောင်းကြားလိုက်၏။ ရှန့်ရူလင်က ကန့်ကွက်သော်လည်း အချည်းနှီးသားဖြစ်၏။ သူ၏ အမြင်အာရုံက မှောင်မိုက်၍ နောက်တစ်ဖန် သတိလစ်သွားပြန်၏။
အမှုဆောင်ကျိုးက ဆေးပညာနည်းနည်းပါးပါးတတ်ထားရာ သူက ရှန့်ရူလင်ကို စစ်ဆေးကြည့်ပေး၏။ သူက မုတ်ဆိတ်ကိုသပ်ပြီး မှတ်ချက်ပေးလိုက်၏။
“သခင်ရှန့်က စိတ်ခံစားချက်တွေ ဖိစီးလွန်းပြီး သတိလစ်သွားတာပဲ… ဒါပေမဲ့ သူ့ခန္ဓာဖွဲ့စည်းပုံမှာ ယန်စွမ်းအင်က ချို့တဲ့ပြီးတော့ အတော်လေးအားနည်းနေတယ်”
လက်ထောက်တပ်မှူးက လှောင်ရယ်လိုက်၏။
“ဟမ့်… သူ့အသက်အရွယ်နဲ့ ယန်စွမ်းအင်ချို့တဲ့အထိ အိပ်ရာထဲမှာ သောင်းကျန်းနိုင်သေးတယ်ပေါ့”
အမှုဆောင်ကျိုးက ပြောလိုက်၏။
“ယန်စွမ်းအင်ချို့တဲ့တာနဲ့ သူက ဟိုကိစ္စမှာ အားသန်တယ်လို့ ပြောလို့မရဘူး… ယန်စွမ်းအင်နဲ့ ယင်စွမ်းအင်က ဆန့်ကျင်ဘက်အင်အားတွေပဲ… အဲဒီအင်အားနှစ်ခု တွေ့ဆုံတဲ့အချိန်မှာ တစ်ခုက တခြားတစ်ခုကို လွှမ်းမိုးလိမ့်မယ်… တာအိုသူတော်စင်တွေပဲ ယင်ယန်မျှခြေကို အမှန်တကယ်ထိန်းနိုင်လိမ့်မယ်”
လက်ထောက်တပ်မှူးက ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ပြီး ခရိုင်ဝန်က ကွန်ဖြူးရှပ်တပည့်ဂိုဏ်းသားတစ်ဦးဖြစ်၏။ ထို့ကြောင့် ယင်နှင့်ယန်၏ အသိပညာမှာ သူတို့က အမှုဆောင်ကျိုးလောက် ကျွမ်းကျင်မှုမရှိကြပေ။
ခရိုင်ဝန်က မေးလိုက်မိ၏။
“လူတစ်ယောက်ရဲ့ ယန်စွမ်းအင် အားနည်းလာရင် ဘာဖြစ်မလဲ”
အမှုဆောင်ကျိုးက ရှင်းပြလိုက်၏။
“အားနည်းတဲ့ခန္ဓာက ဆိုးယုတ်စိတ်ဝိညာဉ်တွေကို ပူးကပ်သိမ်းပိုက်ခွင့်ပေးလိမ့်မယ်… အဲလိုဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က တဖြည်းဖြည်း အားနည်းပြီး နောက်ဆုံးမှာ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်.. ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအင်က ပြင်းထန်ကြမ်းတမ်းလွန်းရင် သားကောင်က သေပြီးတာတောင် အေးအေးချမ်းချမ်းအနားယူနိုင်မှာ မဟုတ်ဘူး… သေပြီးရင် ဖုတ်ဝင်နိုင်တဲ့ အန္တရာယ်လည်းရှိတယ်”
ဤစကားကိုကြားပြီး လက်ထောက်တပ်မှူးက ပင့်သက်ရှိုက်လိုက်၏။
“ကျုပ်တို့ ဒီရှာဖွေမှုကို အချိန်မဆွဲသင့်တော့ဘူးထင်တယ်”
အမှုဆောင်ကျိုးက သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ဒီနေရာကို ရှာဖွေကြတာပေါ့… ဒီနေရာမှာ မဟုတ်မဟတ်တာတစ်ခုခု ရှိနေဖို့ အနည်းဆုံး ၈၀ ရာခိုင်နှုန်းသေချာတယ်”
လက်ထောက်တပ်မှူးက ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ပေ။ သူက ရှေ့သို့ထွက်ပြီး ဖီးနစ်စိမ်းတပ်သားများကို ဆင့်ခေါ်ကာ ညွှန်ကြားချက်များပေးလိုက်၏။ ဖီးနစ်စိမ်းတပ်သားများက လူခွဲ၍ ရှန့်ဂေဟာအနံ့ ရှာဖွေလိုက်ကြ၏။ လက်ထောက်တပ်မှူးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ သူတို့ကို မှာထားသော်လည်း ဖီးနစ်စိမ်းတပ်သားများက လိမ်မာယဉ်ကျေးသူများ မဟုတ်ကြပေ။ သူတို့က အိမ်သားများကို အော်ဟစ်၍ ဟော့ဟော့ရမ်းရမ်း ပြုမူလိုက်ကြ၏။ ခဏနေပြီးနောက် ရှန့်ဂေဟာက ရုတ်ရုတ်သဲသဲဖြစ်သွား၏။
ရှန့်ဂေဟာအပြင်ဘက်မှာ စုဝေးနေသောလူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေပြီး အတင်းအဖျင်းများက တောမီးပမာ ပျံ့နှံ့သွား၏။ စစချင်းမှာ ရှန့်ရူလင်၏ ဇနီးနှင့် ကိုယ်လုပ်တော်က အသတ်ခံလိုက်ရပြီဟု ကောလာဟလထွက်လာ၏။ နောက်ပိုင်းမှာ ရှန့်ရူလင်သည် ကြီးလေးသော ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီး ခရိုင်ဝန်က ဂေဟာကို ချိပ်ပိတ်ကပါ ပစ္စည်းများကို သိမ်းယူနေသည်ဟု သတင်းထွက်လာပြန်၏။
လူအုပ်ကြီးက စိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲ အများစုက အူမြူးအားရနေကြသည်။
ဖီးနစ်စိမ်းတပ်ဖွဲ့က ရှာဖွေမှုကို ဖော်ဆောင်နေစဉ် အမှုဆောင်ကျိုးက ချီရွှမ်းစုကို ခရိုင်ဝန်နှင့် မိတ်ဆက်ပေးလိုက်၏။ ခရိုင်ဝန်က ဤလူငယ်ကို အထင်သေးရဲခြင်းမရှိဘဲ ယဉ်ကျေးဖော်ရွေစွာဖြင့် နှုတ်ဆက်၏။
ဤသည်ကိုကြည့်ပြီး ချီရွှမ်းစုက အဆင့်အတန်း၏ အရေးပါမှုမှာ သက်ပြင်းချမိ၏။ သူ့မှာ ဗိုလ်မှူးချင်ဝူပင်း ပေးထားသည့် ဝတ်ရုံနက်တံဆိပ်ပြားမရှိပါက သူက ယွီရှုအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေလျှင်တောင် ဤကဲ့သို့သော လေးစားမှုကို ရရှိလိမ့်မည်မဟုတ်ပေ။
သိပ်မကြာခင် ကောင်းကင်က မှောင်လာပြီး ရှာဖွေမှုက ပြီးသလောက်နီးပါဖြစ်လာ၏။ သူတို့ ရှာဖွေဖို့ကျန်နေသည်မှာ ဝင်းတံခါးကို သော့ခတ်ထားသော ဥယျာဉ်ငယ်တစ်ခုဖြစ်သည်။
ချီရွှမ်းစု၊ အမှုဆောင်ကျိုး၊ လက်ထောက်တပ်မှူးနှင့် ခရိုင်ဝန်တို့က ဥယျာဉ်ငယ်၏ တံခါးရှိရာသို့ လျှောက်လှမ်းသွားကြ၏။ ဖီးနစ်စိမ်းတပ်သားအတော်များများက မီးအိမ်များကို ထွန်းညှိကာ ကိုင်ဆွဲလိုက်ကြ၏။
ဤအချိန်မှာ သည်းထန်နေသော နှင်းများက ရပ်တန့်သွားသည်။
လက်ထောက်တပ်မှူးက ရှန့်ဂေဟာ၏ အိမ်တော်ထိန်းကို ခေါ်လာခိုင်းပြီး တံခါးကို လက်ညှိုးထိုးကာ မေးလိုက်၏။
“ဒါက ဘာလုပ်တဲ့နေရာလဲ”
“ဒါက ကျုပ်တို့သခင်(ရဲ့) ပထမဇနီးရဲ့ သုသာန်ပါ”
အိမ်တော်ထိန်းက လက်ထောက်တပ်မှူးကို မတံ့မရဲတစ်ချက်ကြည့်ပြီး ထက်ရှသောမျက်လုံးများနှင့် ဆုံမိချိန်မှာ အလောတကြီး ခေါင်းငုံ့လိုက်၏။
“ပျောက်နေတဲ့သခင်မက တကယ်တော့ သခင့်ရဲ့ ဒုတိယအိမ်ထောင်ပါ”
ခရိုင်ဝန်က လှောင်ရယ်လိုက်၏။
“တကယ့်ဟာသပဲ… ဘယ်လိုလူက အိမ်ထဲမှာ သုဿာန်သင်္ချိုင်းထားမှာလဲ”
တစ်ခုခုဖြစ်လာတော့မည်ကို အိမ်တော်ထိန်းကလည်း သိရှိထားပြီး သူက ဤကိစ္စကနေ ခွာထွက်လိုလေသည်။
“ကျုပ်လည်း အဲဒါက ထူးဆန်းတယ်လို့ ထင်နေတာပါ… ဒါပေမဲ့ သခင်က ခေါင်းမာလွန်းတယ်… ကျုပ်တို့ အစေခံတွေက သူ့ကို တားလို့မရဘူး… နောက်ပြီး ဘယ်သူကမှလည်း အထဲကို ဝင်ခွင့်မရှိဘူး… အဲဒါကြောင့် ကျုပ်တို့လည်း အထဲမှာ ဘာရှိလည်း မသိပါဘူး”
လက်ထောက်တပ်မှူးက မေးလိုက်၏။
“မင်းမှာ သော့ရှိလား”
အိမ်တော်ထိန်းက ခေါင်းငုံ့သွား၏။
“ကျုပ်မှာ မရှိပါဘူး ဆရာ”
လက်ထောက်တပ်မှူးက လက်ကာပြပြီး အိမ်တော်ထိန်းကို အနီးကပ်စောင့်ကြည့်ထားဖို့ သူ၏လက်အောက်ငယ်သားနှစ်ဦးကို အချက်ပြလိုက်၏။ သူက အခြားယောကျ်ားသုံးယောက်ဘက်ကို ပြန်လှည့်လိုက်၏။
“ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ”
အမှုဆောင်ကျိုးနှင့် ခရိုင်ဝန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်၏။
“တံခါးကို ဖျက်ဆီးဖို့ပဲ ရှိတော့မယ်ထင်တယ်”
တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် ချီရွှမ်းစုက ဝင်ပြောလိုက်၏။
“ဒီကိစ္စကို ကျုပ်အစဖော်ခဲ့တာဆိုတော့ ဒီတံခါးကို ကျုပ်ဖျက်ပေးပါရစေ”
လက်ထောက်တပ်မှူးက ချက်ချင်းပင် သဘောတူလက်ခံလိုက်၏။
ချီရွှမ်းစုက အချိန်ဖြုန်းမနေဘဲ ရှေ့သို့ခြေနှစ်လှမ်းယူ၍ မြေပြင်ကို ခြေတစ်ချက်ဆောင့်ကာ အရှိန်အဟုန်ကို ရပ်တန့်လိုက်၏။ သူ့ခန္ဓာကို ရှေ့သို့ကိုင်းပြီး လက်သီးကိုရင်ဘတ်နှင့် တစ်တန်းတည်းထားကာ လေးကြိုးကို ဆွဲတင်သည့်အလား နောက်ကို ဆွဲယူလိုက်၏။
ထို့နောက် မြားကို ပစ်လွှတ်လိုက်သလို ထိုးချက်တစ်ချက်ကို ဆတ်ခနဲ ထုတ်ဖော်လိုက်၏။ သူ၏ အရိုးအဆစ်များက တဖျေက်ဖျောက်မြည်၍ အသက်တစ်ရှိုက်စာအတွင်းမှာ တစ်ဆက်တည်းလှုပ်ရှားသွား၏။
“ကောင်းလိုက်တဲ့ထိုးချက်”
ကိုယ်ခံပညာသိုင်းသမားတစ်ဦးပင်ဖြစ်သော လက်ထောက်တပ်မှူးက ဤနည်းစနစ်ကို သိရှိထားပြီး ချီးကျူးလိုက်၏။
ချီရွှမ်းစု၏ ထိုးချက်က တံခါးပေါ်ကို ကျရောက်သည်နှင့် ဝဲဂယက်များက ဖြာထွက်သွား၏။ ပင်ကိုယ်ချီနှင့် သွေးချီ၏ ပေါင်းစပ်ထားသော လက်သီးချက်မှာ ရိုးရှင်းသော ဤဖွဲ့စည်းပုံက ခဏမျှသာ တောင့်ခံနိုင်ပြီး ပြိုကျသွား၏။ တံခါးက အပိုင်းပိုင်းပေါက်ကွဲထွက်ကာ လွှစာမှုန့်များက လေထဲမှာ ပြန့်ကျဲသွား၏။
ဤသည်ကိုကြည့်ပြီး ခရိုင်ဝန်နှင့် အမှုဆောင်ကျိုးက အလိုလို ဇတ်ပုသွားကြ၏။ ဤထိုးချက်က သူတို့ကိုယ်ပေါ်ဆင်းသက်လျှင် မသေလျှင်တောင် ဒဏ်ရာအပြင်းအထန်ရရှိသွားမည်ကို သူတို့သိရှိထားကြ၏။
ချီရွှမ်းစုက လက်သီးဆုပ်ပြီး သုဿာန်သင်္ချိုင်းထဲသို့ အရင်ဆုံး လျှောက်လှမ်းဝင်ရောက်သွား၏။
ကျန်သုံးယောက်ကလည်း နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။ ဖီးနစ်စိမ်းတပ်သားတစ်အုပ်စု၊ အရပ်ဖက်အမှုထမ်းများနှင့် တာအိုဆရာများကလည်း သူတို့အထက်လူကြီးများနောက်သို့ လိုက်သွားကြ၏။
သူတို့ သုဿာန်သင်္ချိုင်းထဲသို့ ဝင်ရောက်လာသည်နှင့် ထိတ်လန့်စွာ ပင့်သက်ရှိုက်မိလိုက်ကြ၏။
ဤနေရာက တကယ့်ကို သုဿာန်သင်္ချိုင်းဖြစ်၏။ အလယ်မှာ အုတ်ဂူကျောက်စာတိုင်တစ်ခုကို စိုက်ထူထားပြီး ၎င်း၏ ဘေးပတ်လည်မှာ အရိုးများက ပြန့်ကျဲနေ၏။ တစ်ချက်ကြည့်ရုံနှင့် ထိုအရာများက လူအရိုးများဖြစ်သည်ကို အလွယ်တကူခွဲခြားနိုင်သည်။ ဤနေရာက စွန့်ပစ်ခံထားရပြီး ကျောချမ်းဖွယ်ရာတိတ်ဆိတ်ငြိမ်သက်နေ၏။ အထူးသဖြင့် လူအရိုးများက နေရာအနှံ့ပြန့်ကျဲနေလေသည်။
အမှုဆောင်ကျိုးသည် ဘေးပတ်လည်က အရိုးများနှင့် သိသိသာသာ ကွဲပြားနေသည့် အရိုးဖြူတစ်ချောင်းနားကို ရောက်ရှိသွား၏။ အဲဒါက ကျောက်စိမ်းအဖြူနုရောင်ရှိလေသည်။ ယင်းသည် ကျင့်ကြံသူတစ်ဦး၏ အရိုးဖြစ်ရပေမည်။ ဤအရိုးပိုင်း၏ ဘေးမှာ ‘ပါကွ’နှင့်ဆင်တူသော ပျက်စီးနေသည့် မှော်လက်နက်တစ်ခုရှိနေ၏။
အမှုဆောင်ကျိုးက ညင်သာစွာသက်ပြင်းချ၍ အရိုးကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ဒါက အိပ်ခန်းထဲကနံရံမှာ အဆောင်အင်းကို ရေးဆွဲခဲ့တဲ့ ဂမ္ဘီရဝိဇ္ဇာဖြစ်ရမယ်… သူက တကယ် အသတ်ခံခဲ့ရတာပဲ”
ဤအချိန်မှာ သူက ဆုံးဖြတ်ချက်ချရတော့မည်ကို ခရိုင်ဝန်က သိရှိလိုက်၏။ သူက တင်းမာသောလေသံဖြင့် အမိန့်ပေးလိုက်၏။
“ရှန့်ရူလင်ကို အခုချက်ချင်းဖမ်းဆီးပြီး ရှန့်ဂေဟာကို ချိပ်ပိတ်လိုက်ကြ… ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ထွက်ခွာခွင့်မပေးနဲ့”
လက်ထောက်တပ်မှူးက လက်ကာပြီး သူ့လက်အောက်ငယ်သားများကို အချက်ပြလိုက်၏။
ခရိုင်ဝန်၏ လက်အောက်က အရာရှိလောင်းများနှင့် ဖီးနစ်စိမ်းတပ်သားများက ချက်ချင်းပင် သူတို့လုပ်စရာရှိသည်များကို လုပ်လိုက်ကြပြီး ရှန့်ဂေဟာက ဆူညံပွက်လောရိုက်သွား၏။
စောစောက ကောလာဟလများသည် အမှန်တကယ်ဖြစ်လာလေပြီ။