အခန်း ၂၄၉
Vol. 25 Ch. 249
အခန်း ၂၄၉ - တရားမျှတမှု
လေထုက တင်းကျပ်လေးလံလာသည်။
ခရိုင်ဝန်၊ လက်ထောက်တပ်မှူးနှင့် အမှုဆောင်ကျိုးတို့က တည်ကြည်လေးနက်သော မျက်နှာအမူအရာများဖြင့် ရှန့်ဂေဟာ၏ ပင်မခန်းမထဲမှာ ထိုင်နေကြသည်။ ယခုအချိန်မှာ လောကက တည်ငြိမ်အေးချမ်းမှုရှိနေပြီး လူ့အသက်များကို တန်ဖိုးမထားခဲ့သည့် စစ်ပွဲကာလများနှင့် မတူတော့ပေ။ ဤအလောင်းများ၏ ဆွေးမြေ့နေပုံကိုကြည့်လျှင် သူတို့အားလုံးက တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေဆုံးခဲ့ခြင်းမဟုတ်ကြပေ။ တချို့က အမှုဟောင်းများနှင့် ဆက်စပ်နေနိုင်ပြီး မည်သူကမှ ပေါ့ပေါ့ဆဆ မပြုမူရဲကြပေ။ ဤသည်မှာ သူတို့၏ အသက်မွေးဝမ်းကြောင်းအပေါ် သက်ရောက်မှုရှိလာနိုင်သည့် အမှုကြီးဖြစ်သည်။
ချီရွှမ်းစုက ဓားတိုနှင့် သေနတ်ကိုကိုင်ပြီး ခန်းမအပြင်ဘက်မှာ မတ်တတ်ရပ်ကာ သာနေသောလကို ငေးကြည့်နေ၏။
အခြေအနေက သူတွေးထင်ထားသည်ထက် ကျော်လွန်လာခဲ့သည်။
သူက သေလုမတတ်ဖြစ်ခဲ့ရ၏။ သူ့မှာ မရဏရွှမ်ကျောက်စိမ်းသာရှိမထားလျှင် ထိုဂမ္ဘီရဝိဇ္ဇာကဲ့သို့ အဆုံးသတ်ပြီး ဤသုဿာန်ထဲမှာ အရိုးစုတစ်စုဖြစ်လာပေလိမ့်မည်။
ဂမ္ဘီရဝိဇ္ဇာသည် ဤနေရာမှာ မသင်္ကာစရာရှိနေသည်ကို သတိထားမိပြီး အငြိုးကြီးတစ္ဆေကို ဖမ်းဆီးဖို့ ရောက်လာခဲ့ပုံရ၏။ ကံဆိုးစွာဖြင့် အမှောင်ထဲမှာ တိုက်ခိုက်ဖို့ ပုန်းအောင်းနေသည့် နောက်ထပ် မြွေသားရဲတစ်ကောင်က ရှိနေပြန်၏။ ထိုသို့ဖြင့် ဂမ္ဘီရဝိဇ္ဇာက နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခံရကာ အသက်ဆုံးရှုံးခဲ့ရသည်။
ဤသည်ကို စဉ်းစားရင်း ချီရွှမ်းစုက သူလက်နက်များကို အလိုလို တင်းကျပ်စွာဆုပ်လိုက်၏။
ဤလောကက အန္တရာယ်များသောနေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် ကောင်းကင်သက်ရှိမဟုတ်သေးသူများအတွက် ဖြစ်၏။ ရှန်းထျန်သက်ရှိတစ်ဦးပင်လျှင် ဘယ်ကျင့်ကြံမှုအဆင့်မှာရှိသည်ဖြစ်စေ အကျိုးသင့်အကြောင်းသင့်မဟုတ်ဘဲ ရုတ်တရက် သေဆုံးသွားနိုင်သည်။ ထို့ကြောင့်ပင် ချီရွှမ်းစုသည် သူ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်သူများစွာကို သတ်ဖြတ်ထားခဲ့ခြင်းဖြစ်သည်။
ဤအချိန်မှာ ရှန့်ရူလင် သတိပြန်ရလာပြီးဖြစ်ကြောင်း အစေခံတစ်ဦးက လာရောက်တင်ပြလိုက်၏။
ပင်မခန်းမထဲမှာ ထိုင်နေသည့် လူသုံးဦးက တစ်ချိန်တည်းမှာ မတ်တတ်ထရပ်ပြီး မြန်မြန်ဆန်ဆန် ထွက်ခွာသွားကြ၏။
ရှန့်ဂေဟာကို ချိပ်ပိတ်၍ ရွာခံများကို စစ်ဆေးမေးမြန်းထားသော်လည်း ဤလူအများစုက မရိုးဖြောင့်သော ဤဖြစ်ရပ်များကို သိရှိမထားခဲ့ကြပေ။ ထို့ကြောင့် ဤအမှုကို ဖြေရှင်းဖို့ အဓိကကျသူက ရှန့်ရူလင်ဖြစ်နေဆဲပင်။
ချီရွှမ်းစုက ခဏမျှတွေဝေပြီးနောက် အရာရှိသုံးဦးနောက်ကနေ လိုက်ပါသွား၏။
စောစောက ဤအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ အရာရှိသုံးဦး ဆွေးနွေးနေခဲ့စဉ် ချီရွှမ်းစုက အနီးနားမှာရှိနေခဲ့သည်။ သူတို့၏ အထက်လူကြီးများက ဤလူငယ်အပေါ် အတော်လေး လေးစားမှုရှိသည်ကို ဖီးနစ်စိမ်းတပ်သားများ၊ အရာရှိလောင်းများနှင့် တာအိုဆရာများက သတိထားမိရာ သူ့ကို တားဆီးရဲခြင်း မရှိပေ။ သူက သူတို့၏ အထက်လူကြီးများနှင့် အဆင့်တူဖြစ်မည်ဟု သူတို့ယူဆလိုက်ကြ၏။
ယောကျ်ားလေးဦးက ရှန့်ရူလင်၏ အိပ်ခန်းသို့ ရောက်လာသည်။ ရှန့်ရူလင်က ကုတင်ပေါ်မှာထိုင်နေပြီး သူ့မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေဆဲပင်။
အစေခံတချို့က သူတို့အတွက် ထိုင်ခုံများယူလာပေး၏။
ခရိုင်ဝန်က စတင်မေးမြန်းလိုက်သည်။
“ရှန့်ရူလင်… မင်းဘာလို့အိမ်ထဲမှာ သုဿန်ဆောက်ထားတာလဲ.. မင်းရဲ့ ပြစ်မှုတွေကို မြန်မြန်ဖြောင့်ချက်ပေးလိုက်တာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် မင်းရင်ဆိုင်ရမယ့် အပြစ်ဒဏ်တွေက ပိုပြီးတော့ ကြီးလေးသွားလိမ့်မယ်”
သူတို့က ခရိုင်ရုံးမှာ မဟုတ်သော်လည်း ခရိုင်ဝန်ထံမှ ခြိမ်းခြောက်လာသောစကားက လူအတော်များများကို ကျောချမ်းသွားစေနိုင်၏။ မည်သို့ပင်ဆိုစေ ရာဇဝတ်သားများအပေါ် အသုံးပြုသည့် ညှင်းပန်းနှိပ်စက်ခြင်းနည်းလမ်းများကို တောင့်ခံနိုင်သည့်သူ များစွာမရှိချေ။
အရာအားလုံး ပေါ်ထွက်သွားပြီဖြစ်သောကြောင့် ရှန့်ရူလင်က ဤတစ်ခေါက်မှာ တည်ငြိမ်နေ၏။ သူက ခါးသက်စွာပြုံး၍ ပြောလိုက်၏။
“ကျုပ်က ကျူးယန်စာပေပညာရှင်ပဲ.. ကျုပ်ကို ညှင်းပန်းနှိပ်စက်ရင် နောက်ဆက်တွဲတွေကို ခင်ဗျားတို့ ဖြေရှင်းနိုင်ပါ့မလား… ကျုပ်ကို မနှိပ်စက်ခင် ကျုပ်ရဲ့ဘွဲ့ကို ရုပ်သိမ်းတဲ့အထိ ခင်ဗျားတို့ စောင့်ရလိမ့်မယ်… ဒီအခြေအနေကို ရောက်လာပြီဆိုမှတော့ ဘာမှမလိုတော့ဘူး… သုဿန်ကို ခင်ဗျားတို့ တွေ့မြင်ပြီးပြီပဲ… ကျုပ်မှာ ပြောစရာဘာမှမရှိဘူး”
လက်ထောက်တပ်မှူးက မေးခွန်းထုတ်လိုက်၏။
“မင်းရဲ့ ဇနီးနဲ့ ကိုယ်လုပ်တော်က ပျောက်နေတယ်… ဒီအိမ်မှာ မြွေသားရဲနဲ့ အငြိုးကြီးတစ္ဆေရှိတယ်လို့လည်း ပြောကြတယ်.. သူတို့ရဲ့ ပတ်သက်ဆက်စပ်မှုက ဘာလဲ”
ရှန့်ရူလင်က ခေါင်းငုံ့ထားပြီး နှုတ်ဆိတ်နေ၏။
အမှုဆောင်ကျိုးက ခပ်တင်းတင်းပြောလိုက်၏။
“မင်း နှုတ်ဆိတ်နေတာကို ဝန်ခံတယ်လို့ ငါမှတ်ယူလိုက်မယ်… မြွေသားရဲက မင်းရဲ့ဇနီး. အငြိုးကြီးတစ္ဆေက မင်းရဲ့ ကိုယ်လုပ်တော်… ဟုတ်တယ်မလား.. ဒါမှမဟုတ် တခြားပုံစံရှိသေးတာလား”
ရှန့်ရူလင်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားသော်လည်း သူက ခေါင်းငုံ့၍ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
ချီရွှမ်းစုက လောကဓံပါးဝနေသော မျက်နှာပေးဖြင့် ဘာမှမပြောဆိုပေ။
ရှန့်ရူလင်က လူသတ်မှုကို ကိုယ်တိုင်မကျူးလွန်ခဲ့သော်လည်း မြွေသားရဲနှင့် အငြိုးကြီးတစ္ဆေ၏ ပြစ်မှုများကို သူက မသိချင်ယောင်ဆောင်ကာ ဖုံးဖိပေးထားခဲ့သည်။ ထို့ကြောင့် သူကလည်း ကြံရာပါဖြစ်ပြီး အပြစ်ဒဏ်ကနေ ရှောင်နိုင်မည်မဟုတ်ပေ။
ခရိုင်ဝန်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ပေ။ သူ့လက်ထဲမှာ စီရင်ချက်ချသောတူငယ် မရှိသော်လည်း စားပွဲကိုလက်ဝါးဖြင့် ဘန်းခနဲရိုက်ကာ အော်ပြောလိုက်၏။
“ဒုစရိုက်ကောင်… မင်း အခုထိ နောင်တမရသေးဘူးလား”
သူက ဒေါသဖြင့် ဆတ်ခနဲထရပ်လိုက်၏။
ထိုင်ခုံပေးထားသော်လည်း ချီရွှမ်းစုက တစ်ချိန်လုံးမတ်တတ်ရပ်နေခဲ့၏။ ဤအချိန်မှာ လက်ထောက်တပ်မှူးနှင့် အမှုဆောင်ကျိုးကလည်း မတ်တတ်ထရပ်လိုက်ကြ၏။
ရှန့်ရူလင်က လန့်ဖျပ်သွားပြီး ခေါင်းမော့ကြည့်လိုက်မိ၏။ သူ့ကို အုပ်မိုးကာ ကြည့်နေသည့် ယောကျ်ားလေးဦးကို တွေ့မြင်သည့်အချိန်မှာ သူက ကြောက်ရွံ့မှုဖြင့် နောက်တစ်ဖန်တုန်ယင်သွား၏။
ခရိုင်ဝန်၏ မျက်နှာက တင်းမာနေသည်။
“မင်း… ဖြောင့်ချက်မပေးရင်တောင် လုံလောက်တဲ့ သက်သေအထောက်အထားရှိရင် ငါတို့အမှုကို ဆက်လိုက်လို့ရတယ်… ဒါပေမဲ့ ငါတို့ဘာသာငါတို့ ဖော်ထုတ်ရမယ်ဆိုရင် ကျခံရမယ့်အပြစ်ဒဏ်က ပိုပြီးတော့ ကြီးလေးသွားလိမ့်မယ်”
ရှန့်ရူလင်က အတန်ကြာအောင် နှုတ်ဆိတ်နေ၏။ ခဏနေပြီးနောက် သူက မေးလိုက်၏။
“လူကြီးမင်း… ခင်ဗျား ဘာသိချင်လို့လဲ”
ခရိုင်ဝန်၏ အမူအရာက အနည်းငယ်ပြေလျော့သွား၏။
“အဲဒီ မြွေသားရဲနဲ့ အငြိုးကြီးတစ္ဆေကို မင်းသိထားတယ်မလား”
ရှန့်ရူလင်က စိတ်ထိခိုက်ခံစားနေရသည့်ပုံပေါ်ပြီး သူက ဖမ်းဆီးခံရမည်ဖြစ်သောကြောင့်လား သို့မဟုတ် သူ့ဇနီးနှင့် ကိုယ်လုပ်တော် သေဆုံးသွားခြင်းကြောင့်လား မည်သူကမှ မပြောတတ်ပေ။ သူ့မျက်လုံးများက မှိန်ဖျော့သွားပြီး မသဲမကွဲပြောလိုက်၏။
“ကျုပ်သိထားပါတယ်”
ခရိုင်ဝန်က ဆက်မေးလိုက်၏။
“သူတို့က တခြားသူတွေကို ဒုက္ခပေးနေတယ်ဆိုတာရော မင်းသိထားလား”
ရှန့်ရူလင်က ငြင်းဆန်ခြင်းမရှိတော့ပေ။
“ကျုပ် သိထားပါတယ်”
ခရိုင်ဝန်က သူ့ဒေါသကို ဖိနှိမ်ပြီး ထေ့ငေါ့လိုက်၏။
“ကောင်းတယ်ကွာ… အနည်းဆုံးတော့ မင်းမှာ အမှားကို ဝန်ခံရဲတဲ့သတ္တိရှိလာပြီပဲ”
ရှန့်ရူလင်က ခနဲ့တဲ့တဲ့ပြုံးလိုက်၏။
“အဲဒီနှစ်… အကဲဖြတ်စစ်ဆေးမှုအတွက် အင်ပါယာနေပြည်တော်ကို ကျုပ်သွားတုန်းက လမ်းမှာ ဓားပြတွေနဲ့ ကြုံတွေ့ခဲ့ရတယ်… ကျုပ်ဇနီးနဲ့ ကိုယ်လုပ်တော်ကြောင့်မဟုတ်ရင် ကျုပ်က သေနှင့်နေပြီ… ကျုပ် သူတို့နဲ့လက်ထပ်ပြီးတဲ့နောက် သူတို့ရဲ့ ကျေးဇူးနဲ့ ကျုပ်ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ကျုပ်မိသားစုစီးပွားရေးကို ဆက်ထိန်းထားနိုင်ခဲ့တယ်”
အမှုဆောင်ကျိုးက လှောင်ရယ်လိုက်၏။
“မင်းက သံယောဇဉ်ကြီးပြီး သစ္စာရှိတဲ့ခင်ပွန်းပဲ… ဒါပေမဲ့ နစ်နာခဲ့တဲ့သူတွေကလည်း ရှင်သန်ဖို့ထိုက်တန်တယ်ဆိုတ မင်းမသိဘူးလား”
ရှန့်ရူလင်က နှုတ်ဆိတ်သွား၏။
ချီရွှမ်းစုက ရှန့်ရူလင်ကို စိုက်ကြည့်နေ၏။ ပြီးခဲ့သည့်ညကပင် သူတို့က အတူတူသောက်စား၍ ပျော်ရွှင်စွာစကားပြောနေခဲ့ကြသည်။ ထိုအချိန်တုန်းက သူ့ကို ရှန့်ရူလင်က ဘယ်လိုမြင်ခဲ့တာလဲ… သေလူတစ်ယောက်လို့လား။
ဤပြစ်မှုများအားလုံးကို ရှ့န်ယူလင်က သိရှိမထားခဲ့လျှင် ချီရွှမ်းစုက သူ့ကို ကူညီပေးလိုပေလိမ့်မည်။ အထူးသဖြင့် ရှန့်ရူလင်သည် သူ့ကို နေရာထိုင်ခင်းစီစဉ်ပေးကာ ကြင်နာမှုပြခဲ့သောကြောင့်ဖြစ်သည်။ သို့သော်လည်း ရှန့်ရူလင်သည် သူ့ဇနီးနှင့် ကိုယ်လုပ်တော်၏ ပြစ်မှုများကို ကောင်းကောင်းသိရှိထားမည်ဆိုလျှင် ကြင်နာမှုအကြောင်း ထည့်ပြောနေစရာမလိုတော့ပေ။ ရှန့်ရူလင်သည် ချီရွှမ်းစုကို ဗိုက်ထဲမှာ အစာအပြည့်နှင့်သေနိုင်ဖို့အတွက် နောက်ဆုံး ညစာစားပွဲကို တည်ခင်းပေးခဲ့ရုံသာဖြစ်သည်။
ရှန့်ရူလင်က သေရဖို့ ထိုက်ထန်သည်ဟု စဉ်းစားရင်း ချီရွှမ်းစုက လှောင်ရယ်လိုက်၏။
ချီရွှမ်းစုမှာ သန်မာအားကောင်းသော သတ်ဖြတ်ခြင်းအော်ရာရှိသည်ဟု ကျန်းယွဲ့လုပြောခဲ့ဖူးသည်။ အချိန်အများစုမှာ သူအဲဒါကို ဖုံးကွယ်ထားပြီး သူနှင့်သိကျွမ်းသည့်လူများရှေ့မှာ ဖော်ပြခြင်းမရှိပေ။ သတ်ဖြတ်ရမည့်အချိန်မှသာ သူက အဲဒါကို ထုတ်ဖော်လေ့ရှိသည်။ ထို့ကြောင့် ချီရွှမ်းစုသည် သူ့ကိုယ်သူ ဘယ်တုန်းကမှ လူကောင်းတစ်ယောက်ဟု သတ်မှတ်မထားခဲ့ပေ။
ဤအချိန်မှာ လက်ထောက်တပ်မှူးက မေးလိုက်၏။
“ညီကိုဝေ… မင်းဘယ်လိုသဘောရလဲ”
ချီရွှမ်းစုက တည်ငြိမ်စွာပြောလိုက်၏။
“သွေးကြွေးကို အသက်နဲ့ပဲ ပြန်ပေးဆပ်ရမှာပေါ့”
အခြားသုံးယောက်က သူတို့ဘာသာသူတို့ စဉ်းစားချင့်ချိန်နေသည့်အလား မပြောဆိုကြပေ။ သို့သော်လည်း သူတို့က ချီရွှမ်းစု၏ စကားကို သဘောတူထောက်ခံကြသည်။
ချီရွှမ်းစုက ရှန့်ရူလင်အနားကို လျှောက်သွားပြီး မေးလိုက်သည်။
“သခင်ရှန့်… ပုံမှန်ဆိုရင် မင်းက ငါ့ကို နေရာထိုင်ခင်းချပေးပြီး စားပွဲတစ်ခုနဲ့ ဧည့်ခံခဲ့တဲ့အတွက် ငါက မင်းအပေါ်မှာ ကျေးဇူးကြွေးတင်နေတယ်… ဒါပေမဲ့ အဲဒါကို ငါ့အသက်နဲ့ ပြန်ပေးဆပ်ရလောက်အောင် တန်တယ်လို့တော့ မထင်ဘူး… ဒီအခြေအနေကိုရောက်လာပြီးဆိုမှတော့ ငါမင်းကို အမှန်တိုင်းပြောပြလိုက်မယ်… အဲဒီမြွေသားရဲနဲ့ အငြိုးကြီးတစ္ဆေက ငါ့ကို သတ်ဖြတ်ပြီး စားသောက်ချင်ခဲ့တာ… ဒါပေမဲ့ ငါ့လက်ထဲမှာပဲ သူတို့သေသွားရတယ်… အဲဒါနဲ့ပတ်သက်ပြီး မင်းမှာ ဘာပြောချင်တာရှိလဲ”
ရှန့်ရူလင်က ချီရွှမ်းစုကို မကျေမချမ်းဖြင့်ကြည့်လိုက်သော်လည်း အကြည့်ချင်းဆုံမိသည်နှင့် သန်မာအားကောင်းသော သတ်ဖြတ်ခြင်းအော်ရာကို သူခံစားမိလိုက်၏။
သူ့မှာ ပြောစရာစကားမဲ့၍ သူ့ရှေ့မှ လူငယ်သည် အရာရှိသုံးဦးနှင့် လုံးဝကွာခြားသည်ကို သူနောက်ဆုံး နားလည်သဘောပေါက်သွား၏။ ချီရွှမ်းစု၏ လက်ထဲမှာ အသက်ပေါင်းများစွာ ဇီဝိန်ချုပ်ခဲ့ဖူးပြီး ဆိုးယုတ်စိတ်ဝိညာဉ်များပင် သူ၏ သတ်ဖြတ်ခြင်းအော်ရာကို ကြောက်ရွံ့ကြရပေလိမ့်မည်။ သူ ဘယ်လိုလူကို ရန်သွားစမိခဲ့တာလဲ။ ဒါက သက်သက် သေချင်နေခဲ့တာပဲ။
ချီရွှမ်းစုက ပြောလိုက်၏။
“မင်းမှာ ငါ့ကို ပြောစရာမရှိဘူးလို့ ယူဆလိုက်မယ်… ငါမင်းကို သတ်မှာမဟုတ်ဘူး… ဒါပေမဲ့ မင်းရဲ့အပြစ်ဒဏ်ကို အရာရှိတွေက ဆုံးဖြတ်ပေးလိမ့်မယ်… အာဏာပိုင်တွေက ငါ့အတွက် တရားမျှတမှုပေးမယ်လို့ ယုံတယ်”