အခန်း ၂၅၀
Vol. 25 Ch. 250
အခန်း ၂၅၀ - ထျန်ရွှေစီရင်စုကို ဖြတ်သွားခြင်း
ရှန့်မိသားစုခံတပ်ရွာမှ ရွာခံအများစုသည် တစ်ဦးနှင့်တစ်ဦး ပတ်သက်ဆက်စပ်နေကြပြီး သူတို့က ကြီးမားသည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။ မျိုးနွယ်စုတချို့သည် သူတို့၏ စည်းလုံးမှုကြောင့် အင်အားကြီးမားကြပြီး သူတို့ထဲမှတချို့သည် ခရိုင်ရုံးများထိ ပေါက်ရောက်ကြသည်။
အစကတော့ ခရိုင်ဝန်သည် ရှန့်ရူလင်ကိုဖမ်းဆီးလျှင် ရှန့်မျိုးနွယ်စုက ဆူပူအုံကြွမည်ကို အနည်းငယ်စိုးရိမ်နေ၏။ ခရိုင်ဝန်က အဲဒါကို မကြောက်ရွံ့သော်လည်း အနည်းငယ်ဒုက္ခများပေလိမ့်မည်။ သို့သော်လည်း ရှန့်ဂေဟာအပြင်ဘက်မှ လူအများစုသည် ရှန့်ရူလင်ဒုက္ခရောက်နေသည်ကိုကြည့်ပြီး အူမြူးအားရနေကြ၏။ ဤအချက်သည် ရှန့်ရူလင်က သူ့မျိုးနွယ်စုနှင့် ဆက်ဆံရေးမကောင်းသည်ကို ပြသနေသည်။
ခရိုင်ဝန်၊ အမှုဆောင်ကျိုးနှင့် လက်ထောက်တပ်မှူးတို့ကြား ခဏမျှ ဆွေးနွေးပြီးနောက် သူတို့သည် ရှန့်ရူလင်ကို ခရိုင်အကျဉ်းထောင်သို့ ခေါ်သွားပြီး နောက်မှ စီရင်ချက်ချဖို့ ဆုံးဖြတ်လိုက်ကြ၏။
အာဏာပိုင်များက ဤအမှုကို သေချာပေါက် သတိထားမိလိမ့်မည်ဖြစ်ပြီး ပြည်နယ်အဆင့်ထိပင် ရောက်ရှိကောင်း ရောက်ရှိနိုင်သည်။ ထို့ကြောင့် သူတို့မှာ လုပ်ထုံးလုပ်နည်းများစွာ ကျန်ရှိနေဆဲဖြစ်သည်။
ချီရွှမ်းစုက ထျန်ရွှေစီရင်စုကို ဖြတ်သွားရမည်ဖြစ်သော်လည်း သူက ဤအမှုနောက်ကို ဆက်လိုက်လိုခြင်းမရှိတော့ပေ။ ချင်ဝူပင်း၏ လူယုံတပ်သားဟူသော သူ၏ သရုပ်သကန်က အတုအယောင်မျှသာဖြစ်သည်။ သူက သာမန်တပ်သားများကို အရူးလုပ်နိုင်သော်လည်း တစ်ယောက်ယောက်က သူ့နောက်ကြောင်းကိုလိုက်မည်ဆိုလျှင် သူ၏ သရုပ်သကန်က ပေါက်ကြားသွားပေလိမ့်မည်။
သည်းထန်နေသော နှင်းက နောက်ဆုံးမှာ ရပ်တန့်သွား၏။ ချီရွှမ်းစုက တပ်မှူးလောလန်စေခိုင်းသည့်ကိစ္စကို မကြန့်ကြာစေလိုဟု အကြောင်းပြပြီး အရာရှိသုံးဦးကို နှုတ်ဆက်လိုက်၏။ ဤအချိန်မှာ အမှုကို ကောက်ချက်ချပြီးသွားပြီဖြစ်ရာ အရာရှိသုံးဦးက သူ့ကို မရမက ဆွဲမထားလိုတော့ပေ။ သို့သော်လည်း သူတို့သည် ယဉ်ကျေးမှုအရ ဝတ်ကျေတန်းကျေ ဆွဲထားလိုက်ဆဲဖြစ်၏။
သူတို့အားလုံးသည် ရှန့်မိသားစုခံတပ်ရွာက ထွက်ခွာ၍ ခရိုင်ရုံးသို့သွားပြီး ထိုနေရာမှာ ချီရွှမ်းစုအတွက် နှုတ်ဆက်စားသောက်ပွဲကျင်းပပေးလိုက်၏။ သူတို့ သောက်စားကြ၊ စကားပြောကြပြီးနောက် ချီရွှမ်းစုက ခရိုင်ရုံးကနေ ထွက်ခွာကာ စီရင်စုမြို့တော်သို့ ဆက်လက်၍ ဦးတည်လိုက်၏။
သူက ထျန်ရွှေစီရင်စုကိုဖြတ်၍ လျန်ကျိုးကနေ ထွက်ခွာပြီး ချင်ကျိုးနယ်မြေသို့ဝင်ရောက်ဖို့ အစီအစဉ်ချထားသည်။
ထို့နောက် သိပ်ပြီး ထူခြားမှုမရှိဘဲ ချီရွှမ်းစုသည် လူများ စည်ကားသက်ဝင်သည့် ထျန်ရွှေစီရင်စု၏ မြို့တော်သို့ ရောက်ရှိလာသည်။ ဤမြို့မှာ တာအိုဂိုဏ်းတော်၏ ဌာနအခွဲများရှိပြီး ထိုက်ဖျင်တည်းခိုခန်း၊ ဟွာရှန်ခန်းမနှင့် ထျန်ကျိခန်းမတို့ ပါဝင်လေသည်။ ကံဆိုးစွာဖြင့် ချီရွှမ်းစုမှာ ငွေကြေးပြတ်လပ်နေ၏။ သူ နဂိုစုဆောင်းထားသော ထိုက်ဖျင်ဒင်္ဂါးသုံးရာမှာ ၁၅၀ ကို တည်းခိုခန်း လင်မယားအား လျော်ကြေးပေးခဲ့ပြီး ၅၀ ကို သုံးစွဲခဲ့ရာ သူ့မှာ ၁၅၀ သာ ကျန်တော့သည်။
ချီရွှမ်းစုသည် အရာရှိလောကကြားမှ စည်းမျဉ်းစည်းကမ်းတချို့ကို ကြားဖူးထား၏။ အလည်အပတ်လာရောက်သော အရာရှိတစ်ဦးကို ဒေသခံခရိုင်ရုံးက လက်ခံကြိုဆိုပြီး ခံစားခွင့်များပေးပေလိမ့်မည်။ ဤတစ်ခေါက်မှာ ဒေသခံအရာရှိသုံးဦးသည် ချီရွှမ်းစုအတွက် စားသောက်ပွဲသာ ကျင်းပပေးပြီး သူ့ကို ငွေကြေးထောက်ပံ့ပေးလိုက်ခြင်းမရှိပေ။ ဤအချက်သည် ငွေမက်သော ချီရွှမ်းစုကို စိတ်ပျက်သွားစေ၏။ ချင်ဝူပင်း၏ လူယုံတပ်သားဟူသော သူ၏ အဆင့်အတန်းက ထိုခံစားခွင့်ကို ရရှိဖို့ မလုံလောက်သောကြောင့်ဖြစ်မည်ဟု သူခန့်မှန်းလိုက်၏။
အင်ပါယာနန်းတော်နှင့်မတူသည်မှာ ရွှမ်အရှင်မြတ်သည် တာအိုအဖွဲ့အစည်းအတွင်း ဤကဲ့သို့သော စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်ထားသည်။
သူ၏ အဆင့်အတန်းနှင့် ချီရွှမ်းစုသည် အဆင့်မြင့်အရာရှိများနှင့် ထိတွေ့ဆက်ဆံနိုင်မည် မဟုတ်ပေ။ အလွန်ဆုံး သူ၏ အဆင့် ၇ သို့မဟုတ် အဆင့် ၆ တာအိုဆရာအဆင့်အတန်းနှင့် အကြမ်းဖျင်းအားဖြင့်တူညီသော ခရိုင်အဆင့် အရာရှိများနှင့်သာ ထိတွေ့ဆက်ဆံနိုင်ပေလိမ့်မည်။
ချင်းဖျင်အသင်းကပေးသော လစာကိုတော့ အစ်မချီသည် တစ်ဝက်ကို အကြွေးနှင့်နှိမ်ပြီး ကျန်တစ်ဝက်ကို သူ အိမ်ထောင်ပြုဖို့အတွက်ဆိုကာ သိမ်းဆည်းထားပေး၏။
အဲဒါက ထူးဆန်းသည်ဟု ချီရွှမ်းစု ခံစားမိသည်။ အစ်မချီ၏ အတွေးများကို သူလိုက်မမီပေ။ ထိုက်ဖျင်ဂိုဏ်း၏ လီမိသားစုက ရွှမ်ကျောက်စိမ်းကို အသည်းအသန်ရှာဖွေနေရာ အစ်မချီသည် အဲဒါကို သူတို့ထံရောင်းချမည်ဆိုလျှင် ထိုက်ဖျင်ဒင်္ဂါးသောင်းချီကို အလွယ်တကူရရှိနိုင်၏။ သို့သော် သူမသည် မရဏရွှမ်ကျောက်စိမ်းကို မျက်တောင်တစ်ချက်မခတ်ဘဲ သူ့အား သာမန်ကာလျှံကာပေးပစ်ခဲ့သည်။ နောက်ပြီးအရင်တုန်းက အနည်းဆုံး ထိုက်ဖျင်ဒင်္ဂါး သောင်းချီတန်သည့် အရန်နှလုံးကို သူ့အတွက် ကျသင့်ခံပြီး သူ့ကို ကယ်တင်ပေးခဲ့သည်။
အစ်မချီသည် တန်ဖိုးကြီးသော ဤပစ္စည်းများကို ဂရုစိုက်ပုံမရဘဲ ချီရွှမ်းစု၏ မစို့မပို့လစာကိုတော့ မျက်စိကျနေပြီး သူ့အသပြာများကို သိမ်းယူထား၏။ တစ်ခါတစ်ရံမှာ အစ်မချီသည် သူ့ကို တမင်သက်သက် ချိုးနှိမ်ထားသည်ဟုပင် ချီရွှမ်းစုခံစားမိ၏။
သူ၏ မစို့မပို့ဝင်ငွေနှင့် ထိုက်ဖျင်ဒင်္ဂါးသောင်းချီအကြွေးကို ပြန်ဆပ်ဖို့ အချိန်ဘယ်လောက်တောင် ကြာမှာလဲ။
နောက်ပြီး သူအိမ်ထောင်ပြုဖို့အတွက် စုဆောင်းပေးထားသည် ဆိုခြင်းမှာလည်း အခြေအမြစ်မရှိပေ။ ချီရွှမ်းစုသည် ကျန်းယွဲ့လုကို လက်ထပ်ချင်ရုံသာဖြစ်ပြီး ငွေရေးကြေးရေးက အရေးမပါပေ။ သူက အတားအဆီးများအားလုံးကိုကျော်လွှားပြီး သူမကို ရယူနိုင်မည်ဆိုလျှင် ထိုအချိန်မှာ သူက သူတော်စင်တစ်ပါးဖြစ်နေပေလိမ့်မည်။ ထိုအချိန်မှာ သူ့တွင် ငွေကြေး သို့မဟုတ် အဆက်အသွယ်များ လစ်လပ်နေမည်မဟုတ်ပေ။
ချီရွှမ်းစုသည် မြို့ထဲမှာ ခဏကြာ လှည့်လည်သွားလာ၍ သူ့အိတ်ထဲက သားရဲဆေးလုံးကို သတိရသွားပြီးနောက် ဟွာရှန်ခန်းမကို ဦးတည်လိုက်၏။
ဟွာရှန်ခန်းမအခွဲများ၏ အပြင်အဆင်က အတော်လေးဆင်တူကြသည်။ ချီရွှမ်းစုသည် ဧည့်ကြိုခန်းသို့သွားပြီး ဝတ်ရုံနက်တံဆိပ်ပြားကို ထုတ်ယူကာ သူက အယူဝါဒမိစ္ဆာတစ်ဦးမဟုတ်ကြောင်း သက်သေပြလိုက်၏။ တံဆိပ်ပြားကိုကြည့်ပြီး ဟွာရှန်ခန်းမအမှုထမ်းက အထင်ကြီးသွားခြင်းမရှိပေ။ ကြီးကြပ်ရေးမှူးတစ်ဦးက သူ့ကို ထွက်တွေ့ခြင်းလည်း မရှိပေ။
ထျန်ကျိခန်းမနှင့် ဟွာရှန်ခန်းမအခွဲများသို့ နောက်ဆုံးတစ်ခေါက် ကျန်းယွဲ့လုနှင့် သူသွားခဲ့သည့်အချိန်ကို ချီရွှမ်းစုက ရှင်းရှင်းလင်းလင်းမှတ်မိနေ၏။ ထိုစဉ်တုန်းက ကြီးကြပ်ရေးမှူးများက သူတို့ကို ကိုယ်တိုင်ထွက်တွေ့ခဲ့လေသည်။ ဤအချက်သည် တာအိုဂိုဏ်းတော်အတွင်းမှာ ကျန်းယွဲ့လု၏ အဆင့်အတန်းကို ပြသနေ၏။ မည်သို့ပင်ဆိုစေ သူမသည် တောက်ပသော အနာဂတ်ရှိသည့် အသက်အငယ်ဆုံး လက်ထောက်ခန်းမသခင်ဖြစ်သည်။
ချီရွှမ်းစုက သူထုပ်ပိုးထားသည့် အစိမ်းရောင်ပုတီးလုံးကို ထုတ်ယူပြီး ကောင်တာပေါ်တင်ကာ မေးလိုက်၏။
“ဒါ ဘယ်လောက်ရမလဲ”
ကောင်တာနောက်မှ ဧည့်ကြိုအမှုထမ်းက သားရဲဆေးလုံးကို ယူ၍ ခဏမျှစစ်ဆေးကြည့်ပြီးနောက် ပြောလိုက်၏။
“ဒါက သာမန်သားရဲဆေးလုံးပဲ… ကောင်းကောင်းထုပ်ပိုးမထားလို့ ဆေးအာနိသင်အများစုကလည်း ပျက်ပြယ်နေပြီ… ဒီသာမန်အရည်အသွေးဆေးလုံးက ထိုက်ဖျင်ဒင်္ဂါးငါးရာရမယ်”
ချီရွှမ်းစုက ရမလား စမ်းကြည့်လိုက်၏။
“ခင်ဗျား ဒီထက်ပိုပေးလို့ မရတော့ဘူးလား”
ဧည့်ကြိုအမှုထမ်းက ချီရွှမ်းစုကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
“ရှင် ဒီနေရာကို ဘာထင်နေတာလဲ… ဒါ ဈေးဆစ်လို့ရတဲ့ ကုန်စိမ်းတန်းမဟုတ်ဘူး… ဒါက နောက်ဆုံးဈေးပဲ… ရောင်းချင်ရင်ရောင်း မရောင်းချင်ရင်လည်း သွားတော့”
ဟွာရှန်ခန်းမက မိသားစုစီးပွားရေးတစ်ခု မဟုတ်ပေ။ ဤနေရာက ဧည့်ကြိုအမှုထမ်းသည် အမြဲတမ်းရာထူးနှင့် တာအိုဆရာတစ်ဦးဖြစ်ပြီး ဤခန်းမအခွဲကို ဖျက်သိမ်းလိုက်မည်ဆိုလျှင်တောင် သူမက အလုပ်ပြုတ်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမက ချီရွှမ်းစုအပေါ် လေးစားမှုပြမနေပေ။
ဟွာရှန်ခန်းမနှင့် ထျန်ကျိခန်းမအခွဲများသို့ ကျန်းယွဲ့လုနှင့် သွားခဲ့သည့်အချိန်ကို ချီရွှမ်းစုမှတ်မိနေ၏။ ထိုစဉ်တုန်းက လူတိုင်းက သူတို့အပေါ်မှာ ဖော်ရွေပြီး လိုလိုလားလားနေခဲ့ကြသည်။ ကျန်းယွဲ့လုမရှိသည့်အခါ ဤဧည့်ကြိုဝန်ထမ်းသည် အေးတိအေးစက်စိတ်သဘောထားကို ပြသလေသည်။
ချီရွှမ်းစုမှာ အဆင့် ၆ တာအိုဆရာတစ်ဦး၏ အဆင့်အတန်း ရှိနေဦးမည်ဆိုလျှင် ဤဧည့်ကြိုအမှုထမ်းက သူ့အပေါ်မှာ ဤမျှအထိ ရိုင်းပျလိမ့်မည်မဟုတ်ပေ။ သူတို့နှစ်ဦးစလုံးက တာအိုဂိုဏ်းတော်မှာ အမှုထမ်းနေမည်ဆိုလျှင် တစ်ကွေ့မဟုတ်တစ်ကွေ့ ကြုံတွေ့ရဦးမည်ဖြစ်သည်။ ထို့ကြောင့် ဧည့်ကြိုအမှုထမ်းသည် အနည်းဆုံးတော့ သူ့ကို ဝတ်ကျေတန်းကျေပြုံးပြပြီး အပေါ်ယံဖော်ရွေမှုကို ထိန်းထားပေလိမ့်မည်။
ချီရွှမ်းစု၏ လက်ရှိသရုပ်သကန်သည် တရားဝင်ရာထူအဆင့်အတန်းမရှိသည့် ဝတ်ရုံနက်ဘက်တော်သားတစ်ဦးသာဖြစ်သောကြောင့် ဧည့်ကြိုအမှုထမ်းက သူ့ကို အရေးလုပ်မနေပေ။
ချီရွှမ်းစုသည် အပြင်လောကမှာ တစ်ယောက်တည်းလှည့်လည်သွားလာစဉ်က ဤကဲ့သို့သော အပြုအမူများနှင့် ကျင့်သားရနေခဲ့သည်။ ထို့ကြောင့် သူက စိတ်တိုခြင်း၊ စိတ်ထိခိုက်ခြင်းမရှိဘဲ ဘာမှမခံစားရသည့်ပုံစံဖြင့် ပြောလိုက်၏။
“စိတ်မရှိပါနဲ့… ကျုပ် ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ မသိလို့ပါ”
“ဒါဆို ရှင်အဲဒါကို ရောင်းမှာလည်း မရောင်းဘူးလား”
ဧည့်ကြိုအမှုထမ်းက မေးလိုက်၏။
“ကျုပ် ရောင်းမှာပါ”
ချီရွှမ်းစုက တွေဝေခြင်းမရှိ ပြောလိုက်၏။
သူ့မှာ သားရဲဆေးလုံးကို သိမ်းဆည်းထားဖို့ သင့်တော်သည့် ထည့်စရာမရှိသောကြောင့် အချိန်နှင့်အမျှ ဆေးအာနိသင်က လျော့ကျလာမည်ဖြစ်ရာ အရည်အသွေးကလည်း ဆက်လက်၍ ကျဆင်းနေပေလိမ့်မည်။ ထို့ကြောင့် နောက်မှရောင်းလေ ဈေးပိုနည်းလေ ဖြစ်လာပေလိမ့်မည်။
ဧည့်ကြိုအမှုထမ်းက ကျောက်စိမ်းဗူးတစ်ခုကို ထုတ်ယူပြီး သားရဲဆေးလုံးကိုထည့်ကာ မေးလိုက်၏။
“ရှင် ဒင်္ဂါးနဲ့ယူမှာလား.. ငွေစက္ကူနဲ့ယူမှာလား”
“ငွေစက္ကူနဲ့ပေးပါ”
ဧည့်ကြိုအမှုထမ်းက ထိုက်ဖျင်ဒင်္ဂါးတစ်ရာစီတန်သော အသစ်စက်စက် ငွေစက္ကူငါးရွက်ကို ထုတ်ယူကာ ချီရွှမ်းစုရှေ့မှာ ချပေးလိုက်၏။
ချီရွှမ်းစုက ငွေကိုယူပြီး မေးလိုက်၏။
“ဒီမှာ ကျောက်စိမ်းရည်ရောင်းဖို့ရော ရှိလား”
“ရှိတယ်”
ဧည့်ကြိုအမှုထမ်းက စိတ်သိပ်မရှည်တော့ပေ။
“သာမန်ရှန်းထျန်သက်ရှိတွေအတွက် ဈေးအပေါဆုံးက ထိုက်ဖျင်ဒင်္ဂါး ၁၅၀၀ ပဲ… ရှင် ယူမှာလား”
ချီရွှမ်းစုက အံ့အားသင့်သွား၏။
“ထိုက်ဖျင်ဒင်္ဂါး ၁၀၀၀ မဟုတ်ဘူးလား”
ဧည့်ကြိုအမှုထမ်းက သူ့ကို မျက်လုံးဆွေကြည့်လိုက်၏။
“ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ဆိုတာက တာအိုဆရာတွေအတွက် အထူးသီးသန့်ဈေးပဲ… ရှင်က အဆင့်မြင့်တာအိုဆရာဖြစ်မယ်ဆိုရင် နောက်ထပ်လျှော့ဈေးပါထပ်ရလိမ့်မယ်… ရှင်က တာအိုဂိုဏ်းတော်က မဟုတ်မှတော့ အပြင်လူတွေအတွက် သတ်မှတ်ထားတဲ့ဈေးနဲ့ပဲရမှပေါ့… ယူချင်ယူ မယူချင်နေ”
ချီရွှမ်းစုက ဟွာရှန်ခန်းမကနေ ထွက်ခွာပြီး မလှမ်းမကမ်းမှာရှိသော ထိုက်ဖျင်တည်းခိုခန်းသို့သွားလိုက်၏။ တစ်ညတာ တည်းခိုပြီးနောက် ခရီးဆက်လိုက်လေသည်။