အခန်း ၂၉၁
Vol. 30 Ch. 291
အပိုင်း ၂၉၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
တွမ် သက်ပြင်းချကာ ဆက်ပြောလာသည်။
“အရာအားလုံးက ပြီးပြည့်စုံနေခဲ့တာ... ထျန်ယဲ့မြို့ မဟာမိတ်အဖွဲ့က ပြိုကွဲလုနီးပါး ဖြစ်နေပြီ... သူတို့ရဲ့ ခေါင်းဆောင် အများအပြားက တိုက်ပွဲကို ရပ်တန့်ပြီး ငါတို့ရဲ့ မဟာမိတ်အဖွဲ့ဟောင်းကို ပြန်လည်သက်ဝင်စေချင်ကြောင်း လျှို့ဝှက်စာတွေ ပို့လာကြတယ်...”
“ကျိကန်းရဲ့ ယန်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့က ပြိုလဲနေပြီး ငါတို့ရဲ့ အောင်ပွဲက လက်တစ်ကမ်းမှာပဲ”
ထိုနေရာအရောက်တွင် တွမ်တစ်ယောက် ခေတ္တမျှငြိမ်သက်သွား၏။
ဆိုလွန်ရုတ်တရက် မေးလိုက်သည်။
“ပြီးတော့ရော”
တွမ် အနည်းငယ်မျှတုန့်ဆိုင်းနေပြီးမှ ဆက်၍ရှင်းပြလာ၏။
“အဲဒီနောက် နုလန်ဘုရင့်နိုင်ငံက အင်အားကြီးတဲ့ အဖွဲ့အစည်းတချို့ လှုပ်ရှားလာတယ်...”
“သူတို့က ငါတို့ရဲ့ ရန်သူတွေကို ကြီးမားတဲ့ စစ်ရေးအကူအညီနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး... ထျန်ယဲ့မြို့မှာ ငါတို့နဲ့ စကားစပ်ချင်တဲ့ အဖွဲ့တွေကိုလည်း ဖိနှိပ်ပစ်သလို မဟာမိတ်အဖွဲ့ ပြိုကွဲမယ့်အရေးကို တားဆီးလိုက်ကြတယ်...”
“ပိုဆိုးတာက ဟေးပင်းစံအိမ်က ငါတို့ကို လုပ်ကြံသူတွေ တစ်သုတ်ပြီးတစ်သုတ် လွှတ်လာတာပဲ... နောက်ဆုံးတစ်သုတ်က လက်ရွေးစင် နဂါးစစ်သည်တော် ငါးယောက်နဲ့ ဖွဲ့စည်းထားတယ်လေ”
ထျန်ယဲ့မြို့၌ ဆိုလွန် ကြားခဲ့ရသည့် ကောလာဟလများမှာ နိုင်အာ လုပ်ကြံခံရပြီး ပြင်းထန်စွာ ဒဏ်ရာရကာ အသက်ရှင်သလား သေဆုံးသလား မသိရဟု ဆိုကြသည်။
တွမ် အသက်ပြင်းပြင်း ရှူလိုက်၏။
“နဂါးစစ်သည်တော် ငါးယောက်က နိုင်အာကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ အားလုံး အသတ်ခံလိုက်ရတယ်”
ဆိုလွန် အံ့ဩသင့်သွားရလေပြီ။
“နိုင်အာ တစ်ယောက်တည်းက နဂါးစစ်သည်တော် ငါးယောက်ကို သတ်ပစ်လိုက်တာလား”
တွမ် ခေါင်းရမ်းလိုက်ကာ ရှင်းပြလာသည်။
“မဟုတ်ဘူး”
“သုံးယောက်ကို သူ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး ကျန်တဲ့ နှစ်ယောက်ကို ငါတို့က ဝိုင်းရံတိုက်ခိုက်ခဲ့ကြတာ... “
“နောက်ဆုံးမှာ နဂါးစစ်သည်တော် လေးယောက်က သူ့ရဲ့ ဓားချက်အောက်မှာ သေဆုံးသွားပြီး နောက်ဆုံးတစ်ယောက်က ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေသွားတယ်”
ဆိုလွန် အံ့ဩတကြီးဖြင့် အသက်ရှိုက်လိုက်မိသည်။
နိုင်အာ အစွမ်းထက်ကြောင်း သူ သိသော်လည်း ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။ သူမသည် နဂါးစစ်သည်တော် သုံးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ကာ အားလုံးကို သတ်ပစ်ခဲ့သည်။
နဂါးစစ်သည်တော်များကြားရှိ ကွာဟချက်က တကယ်ပဲ ထိုမျှလောက် ကြီးမားနေပါသလော။
နိုင်အာသည်လည်း နဂါးတံဆိပ်တုံး ကျောက်တိုင်၏ စွမ်းအင်ကို စုပ်ယူထားကာ သူမ၏ ကိုယ်ပိုင် နဂါးမီးလျံ ဓာတ်တော်အတွင်းရှိ စွမ်းအင်မှာ ဆိုလွန်ထကခများစွာ ပို၍ကြီးမားလှ၏။ အကယ်၍ နဂါးမီးလျံကို စုပ်ယူခဲ့လျှင် သူမ၏ ကိုယ်ပိုင်နဂါးမီးလျံအတွင်းရှိ စွမ်းအားက ပို၍ပင် ကြီးထွားလာပေလိမ့်မည်။
ဤအရာကို တွေးမိသောအခါ ဆိုလွန်၏ ရင်ဘတ်ထဲ၌ စူးရှသည့် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ နဂါးမီးလျံ ဓာတ်တော်ကို သူ စုပ်ယူခဲ့ခြင်းမှာ အလွန် နှမြောစရာ ကောင်းလှ၏။
ယင်း၏ အစစ်အမှန် စွမ်းအား အနည်းငယ်ကိုသာ သူ စုပ်ယူနိုင်ခဲ့ကာ စွမ်းအင် အများစုမှာ မိုင်တစ်ရာ ရှည်လျားသော ရှေးဟောင်း သွေးရောင်ပင်လယ်ကြီးကို ဆူပွက်သွားစေရန် အသုံးပြုသွားခဲ့ရသည်။
ရုတ်တရက် ဆိုလွန် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူ နိုင်အာကို ထိုမျှလောက် ဂရုစိုက်နေပါသလော။ နဂါးမီးလျံ၏ စွမ်းအင်အားလုံးကို သူမအား ပေးချင်လောက်အောင် နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ပါသလော။
ဆိုလွန် စိတ်ထဲ၌အတွေးများစွာဖြင့် ရှုပ်ထွေးနေသော်လည်း တွမ်ကိုမေးမြန်းလိုက်သေးသည်။
“လုပ်ကြံသူ အားလုံး အသတ်ခံလိုက်ရတယ်ဆိုရင်... နိုင်အာက ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ”
တွမ်၏ မျက်လုံးများ သွေးရောင်လွှမ်းသွားကာ နာကြည်းစွာ ပြောလာ၏။
“နဂါးစစ်သည်တော် ငါးယောက်ကို သတ်ပြီးတဲ့နောက် ငါတို့အားလုံး လုံးဝ ခွန်အားကုန်ခမ်းသွားကြတယ်... နိုင်အာကလည်း သူ့ရဲ့ နဂါးစွမ်းအား အားလုံးကို သုံးစွဲပစ်လိုက်ရပြီ...”
“အဲဒီအချိန်မှာ ငါတို့ကြားထဲ ပုန်းအောင်းနေတဲ့ အဆိပ်မြွေတစ်ကောင်က သူ့ရဲ့ အစွယ်တွေကို ထုတ်ပြပြီး အဆိပ်အပ်တွေ မရေမတွက်နိုင်အောင် ပစ်လွှတ်လိုက်တာပဲ...”
“သူက ငါတို့ အယုံကြည်ရဆုံး ညီအစ်ကို ဖြစ်နေတော့ ငါတို့ထဲက ဘယ်သူမှ သတိမထားမိလိုက်ဘူး... သူက ဟေးပင်းစံအိမ်က သူလျှို ဖြစ်နေမယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ”
“ဘယ်သူလဲ”
ဆိုလွန် အသံတုန်ယင်စွာဖြင့် မေးလိုက်ခြင်းပင်။
တွမ် ခါးသီးစွာ ပြန်ဖြေလာ၏။
“လေးကိုင်တပ်ရင်းရဲ့ ခေါင်းဆောင် ယွမ်ကျဲ့...”
“မင်း ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူးမလား... သူက သူ့ရဲ့ အစစ်အမှန် အထောက်အထားကို ဆယ်နှစ်ကျော် ဖုံးကွယ်ထားခဲ့တာ...နိုင်အာ ကြီးပြင်းလာတာကိုတောင် စောင့်ကြည့်ခဲ့သေးတယ်...”
“သူ ဟေးပင်းစံအိမ်အတွက် အလုပ်လုပ်နေတယ်လို့ ဘယ်သူက သံသယဝင်မိမှာလဲ”
ဆိုလွန်၏ မျက်လုံးများ မယုံကြည်နိုင်ခြင်းများစွာဖြင့် ပြူးကျယ်သွားရ၏။
ယွမ်ကျဲ့ဖြစ်နေပါသလော။
ငွေရောင်ဝံပုလွေ တပ်မတော်၌ ရှိစဉ်က ယွမ်ကျဲ့သည် ဆိုလွန်နှင့် အများဆုံး ဆက်ဆံခဲ့ရသူ ဖြစ်သည်။ သူတို့ ပထမဆုံး ဝင်ရောက်လာချိန်က သူနှင့် ဖန်မိုတို့ကို စမ်းသပ်ခဲ့သူမှာလည်း ယွမ်ကျဲ့ပင်။
ဆိုလွန်အတွက် ယွမ်ကျဲ့ဆိုသည်မှာ မျှတရိုးသားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အခု ထိုသူက သူလျှိုဖြစ်နေသည်ဟု ဆိုသည်။ ဆိုလွန် သဲလွန်စ တစ်ခုမျှပင် သတိမထားမိခဲ့ချေ။
ဤအချက်က ဟေးပင်းစံအိမ် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ့အား ထပ်မံသတိပြုမိစေသည်။ သူတို့သည် သူ၏ အတိတ်ကမ္ဘာမှ သေမင်းတမန် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုနှင့် တူနေ၏။
တွမ် ဆက်ပြောလာသည်။
“ပိုဆိုးတာက သူက တကယ်တမ်း လေးစစ်သည် မဟုတ်ဘူး... ကျွမ်းကျင် လုပ်ကြံသူပဲ... သူပစ်လွှတ်လိုက်တဲ့ အဆိပ်အပ်တွေက...အနီးအနားမှာရှိနေပြီးကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နဂါးစွမ်းအား မကျန်တော့တဲ့နိုင်အာ့ကို မှန်သွားခဲ့တယ်လေ”
“ယွမ်ကျဲ့က နိုင်အာနဲ့အရမ်း နီးကပ်နေခဲ့တော့ ငါတို့လည်း လုံးဝ ကာကွယ်နိုင်စွမ်း မရှိခဲ့ဘူး... မရေမတွက်နိုင်တဲ့ အပ်တွေ သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး အဆိပ်ကြောင့် ချက်ချင်း သတိလစ်သွားတာကိုပဲ မြင်လိုက်ရတယ်”
ဆိုလွန် အံကြိတ်ကာ မေးလိုက်သည်။
“ယွမ်ကျဲ့ရော ဘာဖြစ်သွားလဲ”
“သူ ထွက်ပြေးသွားတယ်”
“အပ်တွေကို ပစ်လွှတ်ပြီးတာနဲ့ တစ်ပြိုင်နက် လျှပ်စီးလို အရှိန်နဲ့ ဆုတ်ခွာသွားတာ... “
“ယွမ်ကျဲ့ရဲ့ သိုင်းပညာစွမ်းရည်က သူ ပုံမှန်ပြသနေကျထက် အများကြီး သာလွန်နေတယ်... သူက နိုင်အာကို လုပ်ကြံရုံတင် မကဘူး... ငါတို့ရဲ့ စစ်မြင်းအားလုံးကိုလည်း အဆိပ်ခတ်သွားသေးတယ်...”
“သူ အချိန်မလောက်တော့လို့သာ မဟုတ်ရင် ငွေရောင်ဝံပုလွေ တပ်မတော်ထဲက လူတိုင်းကို အဆိပ်ခတ်သွားမှာ သေချာတယ်...”
“မြင်းတွေ မရှိတော့ ငါတို့ ပိတ်မိသွားတယ်... နိုင်အာ သတိလစ်နေတော့ ခေါင်းဆောင်လည်း မရှိတော့ဘူးပေါ့... ရန်သူ့စစ်တပ်က ငါတို့ကို အလျင်အမြန် မှီလာလို့ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲကို အတင်းအကျပ် ဆုတ်ခွာခဲ့ရတာ... “
“ဒီမြို့က သေမင်း ကျိန်စာသင့်နေတာလို့ လူသိများတော့ ရန်သူတွေက ငါတို့နောက် လိုက်မဝင်ရဲဘူး... အဲ့ဒါက ငါတို့ အခုထိ အသက်ရှင်နေရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းပဲ”
ဆိုလွန် ဒေါသကြောင့် သွေးများ ဆူပွက်လာသည်။
နိုင်အာ၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်မှာ အောင်မြင်လုနီးပါး ဖြစ်ခဲ့၏။ ရန်သူများ ပြိုကွဲတော့မည်ဖြစ်ကာ ကျိကန်းကို ချေမှုန်းပြီး ထျန်ယဲ့မြို့၏ ဝံပုလွေဘုရင်သစ် ဖြစ်လာရန် အလွန် နီးစပ်နေခဲ့လေပြီ။
သို့သော် သစ္စာဖောက် တစ်ယောက်ကြောင့် သူတို့၏ ကြိုးစားအားထုတ်မှုအားလုံး ပျက်စီးသွားပြီး သေမင်းနှင့် ရင်ဆိုင်ရလုနီးပါး ဖြစ်သွားရသည်။ အဆိုးရွားဆုံးမှာ နိုင်အာတစ်ယောက် အသက်အန္တရာယ်ရှိသော အဆိပ် မိသွားခြင်းပင်။
‘ယွမ်ကျဲ့ကိုသာ ငါ့လက်နဲ့ ဖမ်းမိရင်...သူ့ကို တစ်စစီ ဆွဲဖြဲပစ်မယ်’
ဆိုလွန် စိတ်ထဲမှ ကျိန်ဆိုလိုက်ပြီးမှ တွမ်ကိုဆက်လက်မေးမြန်းလိုက်သည်။
“နိုင်အာ ဒဏ်ရာရထားတာ ဘယ်လောက်ကြာပြီလဲ”
“သုံးရက်နဲ့ သုံးည ရှိပြီ”
“သူက ဒီအတိုင်းပဲ သတိလစ်နေတော့မှာလား”
တွမ် အက်ကွဲနေသောအသံဖြင့် ပြန်ဖြေလာသည်။
“သူ တစ်ရက်ကို တစ်ခါ နိုးတယ်... ပထမရက်က တစ်နာရီလောက် သတိရတယ်... ဒုတိယရက်က နာရီဝက်ပဲ... ဒီနေ့တော့ မိနစ်အနည်းငယ်လေးပဲ သတိရတော့တာ...”
“သူ နိုးလာတဲ့ အချိန်က ပိုတိုတောင်းလာပြီး အသက်စွမ်းအင်တွေလည်း လျော့နည်းလာတယ်...”
“ငါတို့ဆီမှာ အစားအသောက်နဲ့ ရေ လုံးဝ ပြတ်လပ်နေပြီ... ငါတို့အားလုံး ဒီမှာ သေရတော့မှာ... ဒါပေမဲ့ ဒီဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲမှာ ငါတို့အားလုံး အတူတူ သေရတာကလည်း သင့်တော်ပါတယ်လေ”
တွမ်၏ စကားများ၌ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။ သို့သော် သူ ဆိုလွန်ကို မှေးမှိန်သော ဖြေသိမ့်မှု အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။
“ဒါပေမဲ့... မင်း တကယ် ရောက်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး... သခင်လေး ဆိုလွန်”
ဆိုလွန် အံ့ဩသွားသည်။
“ခင်ဗျား... ခင်ဗျား ငါ ဘယ်သူလဲဆိုတာ သိတာလား”
“သခင်မလေး သတိလစ်သွားတဲ့ ပထမဆုံးနေ့တုန်းက..သူ နာမည်နှစ်ခုကို အော်ခေါ်ခဲ့တယ်...”
“တစ်ခုက လန်လင်း... နောက်တစ်ခုက ဆိုလွန်...”
“လွန်ခဲ့တဲ့ တစ်လ ငါတို့တပ်ဖွဲ့ သဲကန္တာရထဲကို ထွက်လာတဲ့အချိန် နိုင်အာက မင်းကို နှင်ထုတ်ခဲ့တာကို ပြန်စဉ်းစားကြည့်ရင်... မင်းက သူ ဖြစ်နိုင်တယ်လို့ ငါ ခန့်မှန်းမိခဲ့တာ”
ဆိုလွန်၏ နှလုံးသားတစ်ခုလုံး ဝမ်းနည်းမှု၊ ချစ်ခင်မြတ်နိုးမှုတို့ဖြင့် အရည်ပျော်ကျသွားရသည်။ သတိလစ်မေ့မြောကာ သေဆုံးလုနီးပါးဖြစ်နေချိန်၌ပင် ဤမိန်းကလေးက သူ၏ နာမည်ကို ခေါ်နေခဲ့သည်မဟုတ်ပါလော။
ဆိုလွန် ဆို့နင့်သောအသံဖြင့်မေးလိုက်သည်။
“နောက်တစ်ခါ သူ ဘယ်တော့ နိုးလာမလဲ”
“နောက်သုံးနာရီလောက်နေရင်ပါ”
ဆိုလွန် ရှေ့သို့တိုးကာ သူမ၏ အားနည်းဖျော့တော့နေသည့် မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ခံစားချက်များ လွှမ်းမိုးလာသဖြင့် သူမ၏ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းများကို ငုံ့၍ နမ်းရှိုက်လိုက်၏။
ဘေးနားရှိ တွမ်မှာလည်း သူ့ကို တားဆီးခြင်းမရှိချေ။
သူမ၏ ကွဲအက်နေသော နှုတ်ခမ်းများကို မြင်သောအခါ ဆိုလွန် ရင်နာနာဖြင့် မေးလိုက်သည်။
“ဘာလို့ သူ့ကို ရေမတိုက်တာလဲ”
“ဘာလို့လဲဆိုတော့ သူ ရေသောက်ရင် အဆိပ်က ပိုမြန်မြန် ပျံ့နှံ့သွားလို့ပဲ... အဲ့ဒါက သူ့ရဲ့ သေဆုံးမှုကို ပိုမြန်သွားစေလိမ့်မယ်”
တွမ် နာကျင်စွာ ရှင်းပြလိုက်ခြင်းပင်။
ဆိုလွန် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။
ဘယ်လို ကောက်ကျစ်ယုတ်မာတဲ့ အဆိပ်မျိုးလဲ။ ယခုအချိန်မှ တွမ်၏ နာကျင်မှုကို ဆိုလွန် အပြည့်အဝ နားလည်သွားသည်။ နိုင်အာကို ရေတိုက်ခြင်းက သူမကို ပို၍မြန်မြန် သေစေမည်ဖြစ်သော်လည်း ရေမရှိလျှင်လည်း သူမ ရေငတ်၍ သေရမည်သာ။
တွမ်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။
“သူ သတိလစ်နေတဲ့ အချိန်မှာတောင် နိုင်အာက မင်းကို အဝေးမှာနေဖို့နဲ့ ထွက်သွားဖို့ ဆက်တိုက် အော်ပြောနေခဲ့တာ...”
“ဒါပေမဲ့ မင်း ရောက်လာတဲ့အတွက် ငါ အရမ်း ဝမ်းသာတယ်... သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးဖို့ မင်း ဒီမှာ ရှိနေတာက သူ့ကို နောင်တကင်းကင်းနဲ့ ထွက်သွားနိုင်စေလိမ့်မယ်”
“မဟုတ်ဘူး..သူ သေမှာ မဟုတ်ဘူး... တခြားသူတွေ အားလုံး သေသွားရင်တောင် သူ မသေရဘူး... သေမင်းကိုယ်တိုင်တောင် သူ့ကို ခေါ်သွားလို့ မရဘူး”
ဆိုလွန် ပြတ်သားစွာ ကြေညာလိုက်သည်။
တွမ်၏ မျက်လုံးများ နီရဲသွားသော်လည်း ဆိုလွန်နှင့် မငြင်းခုံခဲ့ချေ။ ရှေ့သို့တိုးကာ ဆိုလွန်၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။
“သူ့အနားမှာ နေပေးလိုက်ပါ... သူ့အချိန်က ကုန်ခါနီးပြီ”
“ငါတို့လည်း အတူတူပဲ... သူ နောက်ဆုံးထွက်သက်ကို ရှူလိုက်တဲ့အခါ ငါ့ကို ပြောပါ...”
“ပြီးရင် ငါတို့ အပြင်ထွက်ပြီး အဲ့ဒီခွေးကောင်တွေကို အသေခံတိုက်ကြမယ်... ငွေရောင်ဝံပုလွေ တပ်မတော်ရဲ့ စိတ်ဓာတ်ကို ဆုံးရှုံးခံမယ့်အစား တိုက်ပွဲဝင်ရင်း သေဖို့ကိုပဲ ရွေးချယ်မယ်”
ထို့နောက် တွမ် အခန်းထဲမှ ထွက်သွားရာ ဆိုလွန်နှင့် နိုင်အာ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
ဆိုလွန် ထပ်မံ မထိန်းထားနိုင်တော့ချေ။ နိုင်အာကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာဖက်ထားလိုက်မိသည်။
“ငါ တကယ် တောင်းပန်ပါတယ် နိုင်အာ... ငါ မင်းကို ဘယ်တော့မှ ထားမသွားသင့်တာ”
သူမ၏ နားထဲသို့ ထပ်ခါတလဲလဲ တီးတိုးရေရွတ်နေမိသည်။
နိုင်အာ၏ အနားမှ ထွက်သွားခဲ့ခြင်းကို သူ အလွန်အမင်း နောင်တရနေမိလေပြီ။
သူသည် ဤကမ္ဘာမှ မူလ ဆိုလွန် မဟုတ်သော်လည်း ထိုအခိုက်အတန့်၌ သူ၏ မည်သူမည်ဝါဖြစ်တည်မှုကို အပြည့်အဝ လက်ခံလိုက်သည်။
ဤမိန်းကလေးမှာ အစစ်အမှန် နတ်သမီးလေးတစ်ပါးပင်။ မည်သည့် အမျိုးသားမဆို သူမကို ချစ်မိသွားပေလိမ့်မည်ဖြစ်၏။
‘အသူရာမိစ္ဆာကြယ်... ငါတို့ သူ့ကို ကယ်လို့ရတယ်မလား’
‘သဲကန္တာရဓားပြ ခေါင်းဆောင်မှာ အဆိပ်အားလုံးကို လုံးဝ ခုခံနိုင်တဲ့ ထူးဆန်းတဲ့ စွမ်းအင်တစ်ခု ရှိတာကို ငါ မှတ်မိတယ်... မင်း အဲဒီစွမ်းအင်ကို ဝါးမျိုခဲ့တယ်မဟုတ်လား’
ဆိုလွန် စိတ်ထဲမှ အော်ဟစ် မေးမြန်းလိုက်သည်။
အသူရာမိစ္ဆာကြယ် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလာသည်။
“ဟုတ်တယ်... လူတစ်ယောက်ရဲ့ သက်တမ်းကို လောင်ကျွမ်းလိုက်ရင် ဒီစွမ်းအင်က ဘယ်ဒဏ်ရာကိုမဆို ချက်ချင်း ကုသပေးနိုင်ပြီး ဘယ်အဆိပ်ကိုမဆို ဖြေပေးနိုင်တယ်...”
“ငါ အဲဒါကို ခွဲခြမ်းစိတ်ဖြာပြီးပြီ... အဲ့ဒါက မိစ္ဆာမျိုးနွယ်ဆီက လာတဲ့ အမှောင်စွမ်းအားတစ်ခုပဲ...သဲကန္တာရဓားပြ ခေါင်းဆောင် သွေးတစ္ဆေက ဒီစွမ်းအင်ကို မတော်တဆ ရှာတွေ့ခဲ့လို့ သဲကန္တာရဓားပြတွေရဲ့ ဘုရင် ဖြစ်လာတာ”
‘ငါ မင်းကို မေးတာက ငါတို့ နိုင်အာကို ကယ်လို့ရလား မရလားပဲ’
ဆိုလွန် စိတ်ထဲမှ ထပ်မံအော်ဟစ် မေးမြန်းလိုက်တော့သည်။
အပိုင်း ၂၉၁ ပြီး။