← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အပိုင်း ၂၉၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဆိုလွန်၏ ဒေါသထွက်နေသည့် မေးမြန်းသံကြောင့် အသူရာမိစ္ဆာကြယ် ချက်ချင်းပြန်ဖြေလာသည်။

“ဒါက ဟေးပင်းစံအိမ်ကလာတဲ့ သေစေနိုင်တဲ့ အဆိပ်ပဲ”

“သူတို့ အဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ ဖြေဆေး မရှိဘူး... ငါ့အထဲမှာ သိုလှောင်ထားတဲ့ မိစ္ဆာစွမ်းအားက သူ့ကို အသက်ပြန်ရှင်စေနိုင်ပေမဲ့... သူ့ရဲ့ ကိုယ်ပိုင် သက်တမ်းကို ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်”

‘သူ့ရဲ့ သက်တမ်း ဘယ်လောက်တောင် လောင်ကျွမ်းသွားမှာလဲ’

“ငါ မသိဘူး”

ဆိုလွန် တိတ်ဆိတ်သွား၏။

ဤကြောက်မက်ဖွယ် စွမ်းအင်ကို သူ အမြဲတမ်း ရှောင်ရှားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်ထဲသို့ တစ်ကြိမ် ဝင်ရောက်သွားသည်နှင့် ယင်းကို ဘယ်သောအခါမှ ဖယ်ရှား၍ မရနိုင်ကြောင်း သိထားသောကြောင့်ပင်။

အကယ်၍ ယင်း စွမ်းအားကို အသုံးပြု၍ နိုင်အာကို ကယ်တင်ခဲ့လျှင် သူမ၏ ဒဏ်ရာများ ချက်ချင်း ပျောက်ကင်းပြီး အဆိပ်ပြေသွားပေလိမ့်မည်။

သို့သော် နှစ်အနည်းငယ်အတွင်း ထိုစွမ်းအင်သည် သူမ၏ အသက်စွမ်းအင် အားလုံးကို စုပ်ယူပြီး သေစေလိမ့်မည်ဖြစ်၏။

သူမ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားရမည်ကို သူ ကြည့်ရက်ပါလော။

မကြည့်ရက်ချေ။ ယင်းကို ဆိုလွန် လက်မခံနိုင်ပေ။

‘အသူရာမိစ္ဆာကြယ်... အဲ့ဒါ မပါဘဲ သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သေးလဲ’

‘နှစ်ရက်လောက်တော့ ရမယ်’

‘ကောင်းပြီ... ငါတို့ နောက်ထပ် တစ်ရက် စောင့်မယ်’

‘မနက်ဖြန်ရောက်လို့မှ တခြားနည်းလမ်း မရှာနိုင်ဘူးဆိုရင် သူ့ကို ကယ်ဖို့ အဲ့အမှောင် စွမ်းအင်ကို သုံးရမှာပဲ’

ဆိုလွန် ဆုံးဖြတ်လိုက်သည်။

“နားလည်ပြီ”

နိုင်အာသည် နာရီအနည်းငယ်အတွင်း နိုးလာမည်ဖြစ်ရာ သူမ၏ သဘောထားကို သူ ကြားချင်သည်။ ဆိုလွန်လုပ်ဆောင်မည့်အရာ သူမ၏ အသက်နှင့် သက်ဆိုင်နေသည်မဟုတ်ပါလော။

သို့ဖြင့် သူမကို ရင်ခွင်ထဲ၌ တင်းကျပ်စွာ ဖက်ထားရင်း သူမ နိုးလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

ထိုအချိန်တွင် အသူရာမိစ္ဆာကြယ်က သတိပေးလာ၏။

‘သခင်... မင်းရဲ့ နောက်ထပ် တာဝန်တစ်ခုဖြစ်တဲ့ ယန်ယန်ကို ကယ်ဖို့ မမေ့နဲ့ဦး’

ဟုတ်ပေသည်။ လွန်ခဲ့သည့် တစ်လက နိုင်အာ၏ အနားမှ ဆိုလွန် ထွက်ခွာလာခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ သူမ၏ ဖခင် ယန်ယန်ကို ကယ်တင်မည့် နည်းလမ်းရှာရန်ပင်။

နိုင်အာ သေလုမျောပါး ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏ နှလုံးသား ကွဲကြေလုမတတ် ဖြစ်သွားကာ ယင်းကို လုံးဝ မေ့သွားခဲ့ရသည်။

‘အရင်ဆုံး ယန်ယန်ကို အသက်ပြန်ရှင်အောင် သွားလုပ်လိုက်ပါလား’

‘သခင်မလေး နိုးလာတဲ့အခါ သူ့အဖေ သတိရလာတာကို မြင်ရင် သူ အရမ်း ဝမ်းသာသွားလိမ့်မယ်’

အသူရာမိစ္ဆာကြယ် အကြံပြုလာသည်။

ဆိုလွန် ပြေးလွှားနေသော အတွေးများကို တည်ငြိမ်စေပြီး နိုင်အာကို ကုတင်ပေါ်သို့ ညင်သာစွာ ပြန်ချပေးလိုက်ကာ သူမ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

“မင်းအဖေကို အခုချက်ချင်း အသက်ပြန်ရှင်အောင် သွားလုပ်ပေးမယ်...”

“မြန်မြန် နိုးလာခဲ့ပါတော့ နိုင်အာ..”

ဆိုလွန် မတ်တတ်ရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားကာ မခွဲချင်မခွာချင်ဖြင့်အပြင်သို့ထွက်လာလိုက်သည်။

အပြင်ဘက်တွင် တွမ်တစ်ယောက် ဓားသွေးရင်း ထိုင်နေ၏။ ဆိုလွန်၏ ခြေသံများကို ကြားသော်လည်း သူ လှည့်ပင် မကြည့်ချေ။

“မင်း နိုင်အာနဲ့အတူ အထဲမှာပဲ နေသင့်တယ်... အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ စိတ်ပူမနေနဲ့”

ဆိုလွန် တွမ်၏စကားကိုလျစ်လျူရှုကာ မေးလိုက်သည်။

“သခင်ကြီး ယန်ယန် ဘယ်မှာလဲ”

“သူ့ရဲ့ သလင်းကျောက် ခေါင်းတလားထဲမှာ”

“ခေါင်းတလားက ဘယ်မှာလဲ”

တွမ် နောက်ဆုံးတွင် သူ့ကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဘိုးဘေးခန်းမဆီ ဘာလို့ သွားချင်ရတာလဲ... မင်း ဘာတွေ စီစဉ်နေတာလဲ”

ဆိုလွန် ရှေ့သို့တိုးကာ အသံကို နှိမ့်လိုက်၏။

“သူ့ဆီကို ကျေးဇူးပြုပြီး ခေါ်သွားပေးပါ ဦးလေး တွမ်...”

“ငါ သခင်ကြီး ယန်ယန်ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်”

တွမ်၏ တစ်ကိုယ်လုံး တုန်ယင်သွားကာ ဆိုလွန်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လာသည်။

“မင်း... မင်း ဝမ်းနည်းလွန်းလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာမလား... သခင်ကြီး ယန်ယန်က သေသွားပြီလေ”

“မဟုတ်ဘူး... ကျေးဇူးပြုပြီး ငါ့ကို ယုံပါ”

“လွန်ခဲ့တဲ့ တစ်လ နိုင်အာကို ငါ ထားခဲ့ရတဲ့ အဓိက အကြောင်းရင်းက သူ့အဖေကို ကယ်ဖို့ နည်းလမ်းရှာချင်လို့ပဲ...”

“ငါ လူရိုင်းနယ်မြေထဲကို မိုင်ထောင်ချီ ခရီးသွားခဲ့ပြီး ကုသနိုင်တဲ့ နည်းလမ်းကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ”

“တကယ်လား”

တွမ် သံသယများစွာဖြင့် မေးမြန်းလိုက်မိသည်။

ဆိုလွန်ခေါင်းညိတ်ကာ ပြတ်သားစွာဖြေသည်။

“တကယ်ပါ... ကျေးဇူးပြုပြီး ငါ့ကို အဲဒီကို ခေါ်သွားပေး”

တွမ်တစ်ယောက် ရုတ်တရက် ပူးကပ်ခံရသူတစ်ဦးပမာဖြစ်သွားပြီး ဆိုလွန်၏ လက်မောင်းကို ဆွဲကာ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ ဘိုးဘွားခန်းမဆီသို့ ရူးသွပ်စွာ ပြေးသွားတော့သည်။

သခင်ကြီး ယန်ယန်ဆိုသည်မှာ တစ်ချိန်က ငွေရောင်ဝံပုလွေ စစ်တပ်၏ ပြိုလဲ၍မရသော မဏ္ဍိုင်ကြီးပင်။ သူ ကျဆုံးသွားပြီးနောက် ဝံပုလွေဘုရင်ငယ် ယန်ရွှမ်းက သူတို့၏ မဏ္ဍိုင်သစ် ဖြစ်လာခဲ့သော်လည်း ယခုအခါ ထိုမဏ္ဍိုင်သစ်မှာလည်း ပြိုလဲလုနီးပါး ဖြစ်နေလေပြီ။

တွမ်သည် ဘယ်သောအခါမှ အိမ်ထောင်မပြုခဲ့သလို ကိုယ်ပိုင် သားသမီးလည်း မရှိချေ။ သူ၏ တစ်သက်တာလုံးကို ငွေရောင်ဝံပုလွေ စစ်တပ်အတွက်သာ မြှုပ်နှံထားခဲ့၏။

တွမ်မှာ ယန်ယန်ကို သူ၏ အစ်ကိုကြီးတစ်ယောက်လို သဘောထားပြီး နိုင်အာကို ကိုယ်ပိုင် သမီးလေးကဲ့သို့ မှတ်ယူထားခဲ့သည်။ ယန်ယန်က နိုင်အာ့အပေါ် အမြဲတမ်း တင်းကျပ်ခဲ့သော်လည်း တွမ်ကမူ သူမကို အမြဲတမ်း အလိုလိုက်ကာ ကာကွယ်ပေးလေ့ရှိသည်။

နိုင်အာနှင့် ဆိုလွန်တို့ကြားရှိ အချစ်ဇာတ်လမ်းကို တွမ် ပထမဆုံး သိခဲ့ရချိန်က သူ အလွန် ဝမ်းသာခဲ့မိသည်။ နိုင်အာ့လို ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်က စစ်မြေပြင်မှာ တိုက်ခိုက် သတ်ဖြတ်ရင်း အချိန်ကုန်ရမည့်အစား မွန်မြတ်သည့် သခင်လေးတစ်ယောက်နှင့် လက်ထပ်ပြီး ဘေးကင်း ငြိမ်းချမ်းသည့် ဘဝမျိုးကို ဖြတ်သန်းသင့်သည်ဟု သူ ယုံကြည်ထားခဲ့ခြင်းကြောင့်ပင်။

ယခုအခါ ဆိုလွန်တစ်ယောက် ယန်ယန်ကို သေရာမှ အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်သည်ဟု ဆိုနေသည်။ ယင်းကို ယုံကြည်ရန် မဖြစ်နိုင်ဟု တွမ် ခံစားရသော်လည်း ဆိုလွန်မှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ ဘိုးဘွားခန်းမကို ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားသည်။ လွန်ခဲ့သည့် အချိန်များစွာက ရှေးဟောင်း ဟွမ်ရွှေ မျိုးနွယ်စုသည် သေဆုံးသွားသော ဘိုးဘွားများကို ဂါရဝပြုရန်နှင့် အထိမ်းအမှတ် ကျောက်စာတိုင်များ ပြသရန် ယင်းကို အသုံးပြုခဲ့ကြ၏။

ယန်ယန် သေဆုံးသွားပြီဟု လူတိုင်း ယုံကြည်ထားကြသဖြင့် သူ၏ သလင်းကျောက် ခေါင်းတလားကို ဘိုးဘေးခန်းမ၏ အလယ်၌ ထားရှိထားသည်။ ဆိုလွန် မှတ်မိနေသည့်အတိုင်းပင် ယန်ယန်သည် ခေါင်းတလားထဲ၌ မျက်လုံးမှိတ်ကာ လဲလျောင်းနေ၏။

သူ့တွင် အသက်ရှူသံနှင့် နှလုံးခုန်သံ မရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ လုံးဝ ပျက်စီးယိုယွင်းခြင်း မရှိချေ။

“ဦးလေး တွမ်... အပြင်ဘက်ကို ခဏလောက် ထွက်ပေးလို့ ရမလား... သူ့ကို ကယ်ဖို့ လျှို့ဝှက်သိုင်းပညာ တစ်ခုကို သုံးရမှာမလို့ တခြားလူ ကြည့်နေလို့ မရဘူး”

ဆိုလွန် ညင်သာစွာ တောင်းဆိုလိုက်သည်။

“ရတာပေါ့ ရတာပေါ့”

တွမ်က အလျင်အမြန် ရေရွတ်လိုက်ပြီး အခန်းထဲမှ ချက်ချင်း ဆုတ်ခွာသွားသည်။ သူ၏ ခြေထောက်များမှာ အလွန်တုန်ယင်နေသဖြင့် ဖြောင့်တန်းစွာပင် မလျှောက်နိုင်ချေ။

တွမ် သူ၏ အနောက်မှ ကြီးမားလေးလံသော ကျောက်တံခါးကြီးကို တင်းကြပ်စွာ ပိတ်လိုက်ကာ ဘိုးဘေးခန်းမအပြင်ဘက်၌ စောင့်ဆိုင်းလိုက်သည်။ တိတ်ဆိတ်နေသော ခန်းမထဲတွင် ဆိုလွန်နှင့် ယန်ယန် နှစ်ယောက်တည်းသာ ကျန်ရစ်လေပြီ။

‘အသူရာမိစ္ဆာကြယ်... နဂါးမီးလျံ သလင်းကျောက်ကို ထုတ်လိုက်ရုံနဲ့ တကယ် လုံလောက်ပြီလား’

ဆိုလွန် စိတ်ထဲမှ မေးလိုက်သည်။

“လုံလောက်တယ်”

“အခု ယန်ယန်ရဲ့ ခန္ဓာကိုယ်ကို အစွမ်းထက်တဲ့ မရဏဝိညာဉ်တစ်ခု ပူးကပ်ထားတာ.....ဒီဝိညာဉ်က နဂါးတံဆိပ်တုံးရဲ့ စွမ်းအားအပေါ် အရမ်း လောဘကြီးတယ်... နဂါးမီးလျံ ဓာတ်တော်ရဲ့ စွမ်းအင်ကို အာရုံခံမိတာနဲ့ တစ်ပြိုင်နက် အဲဒါကို ဝါးမျိုဖို့ အတင်း ပြေးထွက်လာလိမ့်မယ်... “

“ဒါပေမဲ့ နဂါးမီးလျံ သလင်းကျောက်ရဲ့ မြင့်မြတ်တဲ့ အလင်းရောင်က မရဏဝိညာဉ် အားလုံးရဲ့ သဘာဝ ရန်သူပဲ... ဝိညာဉ်က သလင်းကျောက်နောက်ကို လိုက်ဖို့ ခန္ဓာကိုယ်ထဲက ထွက်သွားတာနဲ့ မြင့်မြတ်တဲ့အလင်းရောင်ကြောင့် ဖျက်ဆီးခံရမှာ... မရဏဝိညာဉ် မရှိတော့ရင် ယန်ယန် ပြန်နိုးလာလိမ့်မယ်”

အသူရာမိစ္ဆာကြယ် ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

ဆိုလွန် အိတ်ကပ်ထဲမှ သေတ္တာငယ်တစ်ခုကို ထုတ်ကာ ဂရုတစိုက် ဖွင့်လိုက်၏။

ချက်ချင်းပင် တောက်ပသည့် ရွှေရောင် အလင်းတန်းတစ်ခုထွက်ပေါ်လာကာ ခန်းမတစ်ခုလုံး လင်းထိန်သွားသည်။ ဆိုလွန်တစ်ယောက် နဂါးမီးလျံ ဓာတ်တော်ထံမှ စွမ်းအင် အများစုကို စုပ်ယူပြီးဖြစ်သော်လည်း သလင်းကျောက်မှ မြင့်မြတ်သော အလင်းရောင်များ ဖြာထွက်နေဆဲပင်။

“အာဝူးဝူး... အာဝူးဝူး”

ရုတ်တရက် ရက်စက်သည့် တစ္ဆေတစ်ကောင်၏ ကြောက်မက်ဖွယ် ညည်းတွားသံတစ်ခုထွက်ပေါ်လာလေပြီ။

ထိုအခါ ခေါင်းတလားထဲရှိ ယန်ယန်၏ အသက်မဲ့နေသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာ၏။

“သခင်... နဂါးမီးလျံကို ယဇ်ပလ္လင်ပေါ် တင်ပြီး ချက်ချင်း နောက်ဆုတ်လိုက်...ဒီမရဏဝိညာဉ်က အရမ်း အစွမ်းထက်တယ်... မင်းကို နည်းနည်းလေး ထိမိသွားရင်တောင် နောက်ဆက်တွဲက သေချာပေါက် သေခြင်းပဲ”

အသူရာမိစ္ဆာကြယ် သတိပေးလာသည်။

ဆိုလွန် ဖွင့်ထားသော သေတ္တာကို သလင်းကျောက် ခေါင်းတလားဘေးရှိ ယဇ်ပလ္လင်ပေါ်သို့ အလျင်အမြန် တင်လိုက်ကာ မီတာဆယ်ကျော် အကွာသို့ဆုတ်ခွာလိုက်သည်။

ထိုအချိန်တွင် နဂါးမီးလျံ သလင်းကျောက်သည် ပို၍ တောက်ပလာပြီး အမှောင်ဖုံးနေသော ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေသည်အထိ အစစ်အမှန် မီးတောက်တစ်ခုပမာ လောင်ကျွမ်းထွက်ပေါ်လာသည်။

“အာဝူးဝူး... အာဝူးဝူး...အာဝူးဝူး”

ယန်ယန်၏ ခန္ဓာကိုယ်သည် ရူးသွပ်စွာ တုန်ခါလာပြီး ပိတ်မိနေသော ဝိညာဉ်၏ အော်ဟစ်သံများမှာ နားကွဲမတတ် ကျယ်လောင်လာ၏။

“ဝုန်း”

ရုတ်တရက် အလွန်ထူထဲသော သလင်းကျောက် ခေါင်းတလားကြီးမှာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲကြေမွသွားလေပြီ။

ကြောက်မက်ဖွယ်ကောင်းသော အရိပ်တစ္ဆေကြီး တစ်ကောင် ယန်ယန်၏ ရင်ဘတ်ထဲမှထွက်လာကာ ရူးသွပ်စွာ အော်ဟစ်ရင်း နဂါးမီးလျံ သလင်းကျောက်ဆီသို့ ခုန်အုပ်လိုက်သည်။ ထိုဝိညာဉ်ထံမှ အလွန် ပြင်းထန်သော အမှောင်စွမ်းအားဖြာထွက်နေသဖြင့် အခန်းတွင်း အပူချိန်မှာ ရေခဲမှတ်အောက်အထိ ကျဆင်းသွားရသည်။

“ငါ့ဟာ... ငါ့ဟာ... စွမ်းအင်အားလုံးက ငါ့ဟာ”

အစွမ်းထက် မရဏဝိညာဉ်သည် နားလည်၍မရနိုင်သော ရှေးဟောင်း ဘာသာစကားတစ်ခုဖြင့် အော်ဟစ်လိုက်ပြီး မီးတောက်ထဲသို့ ထိုးဆင်းသွားသည့် ပိုးဖလံတစ်ကောင်ပမာ နဂါးမီးလျံဆီသို့ တိုးဝင်သွားတော့သည်။

နဂါးမီးလျံ၏ မြင့်မြတ်သော အလင်းရောင်သည် မရဏဝိညာဉ် အားလုံးကို အကြွင်းမဲ့ ချေမှုန်းနိုင်သည့် အရာဖြစ်၏။ ထို့ကြောင့် ဝိညာဉ်၏ အရိပ်ပုံစံ သလင်းကျောက်ရှိရာသို့ပျံသန်းနေစဉ်မှာပင် ပြာအဖြစ် စတင် လောင်ကျွမ်းလာသည်။

ထိုအချိန်၌ ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ် ကောင်းသောအရာတစ်ခု ဖြစ်ပျက်လာ၏။

ရှေးဟောင်း အထိမ်းအမှတ် ကျောက်စာတိုင်များထဲတွင် ပုန်းအောင်းနေကြသော ဝိညာဉ်များ တစ်ကောင်ပြီးတစ်ကောင်ထွက်ပေါ်လာကြခြင်းပင်။ ထိုအကောင်များထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော ညည်းတွားအော်ဟစ်သံများ ခန်းမတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

ထွက်ပေါ်လာသည့် ရာပေါင်းများစွာသော လောဘကြီးသည့် ဝိညာဉ်များမှာ ရူးသွပ်စွာ အော်ဟစ်ကာ တောက်ပနေသော သလင်းကျောက်ဆီသို့ သည်းကြီးမည်းကြီး ပြေးဝင်သွားကြတော့သည်။

ပြင်းထန်သော စွမ်းအင်၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ဘဲ မရဏဝိညာဉ် အုပ်စုကြီးမှာ သန့်စင်သော အလင်းရောင်ထဲသို့ သူတို့ကိုယ်တိုင် ပစ်ဝင်လိုက်ကြ၏။ ထိုအခါ နဂါးမီးလျံ၏ မြင့်မြတ်သော အလင်းရောင်နှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် တစ်ကောင်ပြီးတစ်ကောင် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားကာ ပြာအဖြစ် လောင်ကျွမ်းသွားကြကုန်တော့သည်။

ထိုအခိုက်အတန့်၌ ယန်ယန်၏ ခန္ဓာကိုယ်မှ တုန်ယင်မှုများ ရပ်တန့်သွားကာ မျက်လုံးများ ပွင့်လာ၏။

သူ၏ အကြည့်များမှာ လျှပ်စီးကဲ့သို့ စူးရှထက်မြက်နေပြီး တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။

စစ်မှန်သော ဝံပုလွေဘုရင်တစ်ပါး နိုးထလာလေပြီ။

အပိုင်း ၂၉၂ ပြီး။

All Chapters