အခန်း ၂၉၃
Vol. 30 Ch. 293
အပိုင်း ၂၉၃
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
မရေမတွက်နိုင်သော ဝိညာဉ်များမှာ မီးတောက်ထဲသို့ ထိုးဆင်းသွားသည့် ပိုးဖလံများပမာ နဂါးမီးလျံ သလင်းကျောက်ဆီသို့ သည်းကြီးမည်းကြီး တိုးဝင်နေကြဆဲပင်။ နောက်ဆုံးတွင် နဂါးမီးလျံ၏ မြင့်မြတ်သောအလင်းရောင်အောက်၌ ပူပြင်းသည့် နေရောင်အောက်တွင် ရေခဲများ အရည်ပျော်ကျသွားသကဲ့သို့ မရဏဝိညာဉ် အားလုံး ပြာအဖြစ် လောင်ကျွမ်းပျောက်ကွယ်သွားတော့သည်။
ဆိုလွန် သေတ္တာကို ပိတ်ကာ ဓာတ်တော်ကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။ သူ၏လက်ထဲရှိ သလင်းကျောက်မှာ အတွင်း၌ပြင်းထန်စွာ လောင်ကျွမ်းနေကြောင်း သူ သတိပြုမိလိုက်သည်။
ထိုအခိုက်အတန့်၌ ယန်ယန်၏လျှပ်စီးကဲ့သို့ စူးရှထက်မြက်သည့် မျက်လုံးများ ဆိုလွန်ဆီသို့ကျရောက်လာကာ မေးလာသည်။
“မင်း ဘယ်သူလဲ”
သူ၏ အသံမှာ ခံစားချက်ကင်းမဲ့ပြီး ခြိမ်းခြောက်မှု အပြည့်ပါဝင်နေသည်။
“ဦးလေး တွမ်က အရာအားလုံးကို ရှင်းပြပါလိမ့်မယ်”
ဆိုလွန် ပြန်ဖြေလိုက်ကာ အချိန်ဆွဲမနေဘဲ ကိုယ်ကိုလှည့်၍ အပြင်သို့ ချက်ချင်း ထွက်ခွာလိုက်သည်။
…
အပြင်ဘက်၌။
တွမ်တစ်ယောက် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ဘိုးဘေးခန်းမ အတွင်း၌ မည်သည့်အရာများဖြစ်ပျက်နေသည်ကို အာရုံမခံမိစေရန် သူ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ပိတ်ဆို့ထားသောကြောင့် အတွင်းရှိအခြေအနေကိုသတိမထားမိပါချေ။
ဆိုလွန် ထွက်လာသည်ကို မြင်သောအခါ သူ အလျင်အမြန် ပြေးသွားလိုက်သည်။ သူ၏ မျက်လုံးများထဲ၌ နက်ရှိုင်းသော ကြောက်ရွံ့မှုများရှိနေသလို မျှော်လင့်ချက်များလည်း ရှိနေ၏။
“သခင်ကြီး ယန်ယန် အသက်ပြန်ရှင်လာပြီ... အထဲဝင်ပြီး သွားကြည့်လိုက်ပါ”
တွမ်ကိုမြင်သောအခါ ဆိုလွန် ချက်ချင်းပြောလိုက်သည်။
တွမ်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသည့်အလား အချိန်အတော်ကြာ အေးခဲသွားလေပြီ။ ဆိုလွန်၏ စကားများက သူ့အတွက် လုံးဝ မယုံကြည်နိုင်စရာ ဖြစ်နေသောကြောင့်ပင်။
ထို့နောက် ခဏအကြာ၌ လေပြင်းတစ်ချက်ပမာ ဆိုလွန်ကို ကျော်ဖြတ်ပြီး ဘိုးဘေးခန်းမထဲသို့ ပြေးဝင်သွားတော့သည်။
မကြာမီ အထဲမှ ဝမ်းသာအားရ ဖြစ်နေသော တွမ်၏ အသံ ဟိန်းထွက်လာ၏။
“အစ်ကိုကြီး... အစ်ကို... တကယ် အသက်ပြန်ရှင်လာတာလား”
ဆိုလွန် ဘိုးဘေးခန်းမ တံခါးများကို ပိတ်လိုက်ပြီး အပြင်ဘက်၌ တိတ်ဆိတ်စွာ ထိုင်စောင့်နေလိုက်၏။ သူနှင့် ယန်ယန်၏ ပတ်သက်မှုမှာ အလွန် ရှုပ်ထွေးလွန်းလှသည်။ အကယ်၍ နာမည်ကိုသာ ထုတ်ပြောလိုက်ပါက ယန်ယန် သူ့ကို ချက်ချင်း တိုက်ခိုက်လာပေလိမ့်မည်။
ထို့ကြောင့် ဆိုလွန် ဘေးဖယ်နေပေးလိုက်ပြီး တွမ်ကိုသာ ရှင်းပြခွင့် ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ တွမ်သည် ယန်ယန် အယုံကြည်ရဆုံးသူ ဖြစ်၏။
တစ်စိမ်းတစ်ယောက်၏စကားထက် ယုံကြည်ရသူထံမှ ကြားသိရခြင်းက ပိုမိုအဆင်ပြေပေလိမ့်မည်ပင်။
အပြင်၌ စောင့်ဆိုင်းနေစဉ် ဆိုလွန် သူ၏ အယောင်ဆောင်ထားမှု အားလုံးကို ဆေးကြောလိုက်ပြီး အစစ်အမှန် ရုပ်သွင်ကို ဖော်ထုတ်လိုက်သည်။ သူ၏ မျက်နှာမှာ မိန်းမချောလေးတစ်ဦးထက်ပင် ပို၍ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် ချောမောလှပနေ၏။
ယခုအခါ ယန်ယန် သတိရလာပြီဖြစ်သဖြင့် သူ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။
အတွင်းဘက်ရှိ စကားပြောဆိုမှုမှာ အချိန်အတော်ကြာမြင့်သွားသည်။ ဆိုလွန် ခိုးနားထောင်ရန် မကြိုးစားသော်လည်း လျစ်လျူထားခြင်းလည်း မရှိချေ။ ယန်ယန်၏ တုံ့ပြန်မှုမှာ ဆိုလွန် မျှော်လင့်ထားသည်နှင့် ကွဲလွဲနေကာ စိတ်လှုပ်ရှားမှု မပြသဘဲ အစမှအဆုံးတိုင်အောင် တည်ငြိမ်နေခဲ့သည်။
ယန်ယန်ဆီမှ စစ်မှန်သော ခံစားချက်ကို ဖော်ပြသည့် စကားသုံးခွန်းသာ ဆိုလွန်ကြားလိုက်ရသည်။
“နိုင်အာက တကယ်ကို ငါ့သမီးပဲ... ငါ ယန်ယန်အတွက် ထိုက်တန်တဲ့ အမွေဆက်ခံသူ ရှိသွားပြီ”
“ယွမ်ကျဲ့က ဟေးပင်းစံအိမ်က သူလျှိုဆိုတာ ငါ လက်ခံနိုင်တယ်... ဒါပေမဲ့ ငါ့သမီးကို ရဲရဲဝံ့ဝံ့ နာကျင်အောင် လုပ်ရဲမှတော့ သူ့ကို ငါ တစ်စစီ ဆွဲဖြဲပစ်မယ်”
“ဆိုလွန်... သူလား”
ယန်ယန်တစ်ယောက် တတိယမြောက် စကားကို ပြောလိုက်ချိန်၌ သူ၏ အသံမှာ လုံးဝ ပြောင်းလဲသွားလေပြီ။
ထိုလေသံမှာ ပုံမှန်ထက် သိသိသာသာ မြင့်တက်သွားပြီး မယုံကြည်နိုင်မှု၊ စိတ်ရှုပ်ထွေးမှုနှင့် ပြင်းထန်သော ဒေါသများ ပြည့်နှက်နေသည်ကို ဆိုလွန်ခံစားမိလိုက်သည်။
နာရီဝက်အတွင်း တွမ်က ယန်ယန်ကို အရာအားလုံး ပြောပြခဲ့သည်။ လွန်ခဲ့သည့် တစ်လအတွင်း နိုင်အာ၏ အောင်မြင်မှုများ၊ သူမ လုပ်ကြံခံရမှုနှင့် ဆိုလွန်က သူ့ကို မည်သို့ ကယ်တင်ခဲ့ကြောင်း တစ်ခုမကျန် ပြန်လည်ပြောပြခဲ့ခြင်းပင်။
နောက်ဆုံးတွင် သူတို့၏ လက်ရှိ မျှော်လင့်ချက်မဲ့နေသော အခြေအနေကို ဆွေးနွေးကြသည်။ ငွေရောင်ဝံပုလွေ စစ်တပ်၌ လူတစ်ထောင်ပင် မပြည့်တော့ဘဲ အစားအသောက်နှင့် ရေ လုံးဝ ပြတ်လပ်နေကာ အပြင်ဘက်တွင် သောင်းနှင့်ချီသော ရန်သူ့တပ်များ၏ ဝန်းရံခြင်းကို ခံထားရသည်။
ထို့အပြင် သူတို့ရှိနေသည့် ဟွမ်ချွမ် ရှေးဟောင်းမြို့တော်မှာ ကျိန်စာသင့်နေသော သေမင်းမြို့တော်ဖြစ်သည်။ အထဲသို့ ဝင်ရောက်လာသူ မည်သူမဆို တိတ်ဆိတ်စွာဖြင့် သဲလွန်စမကျန် သေဆုံးရပေလိမ့်မည်။
…
ဘိုးဘေးခန်းမ တံခါးများ ပွင့်လာပြီး ယန်ယန်နှင့် တွမ်တို့ ထွက်လာကြသည်။
ယန်ယန်မှာ အရပ် ၁.၉ မီတာခန့် ရှိကာ အလွန် အရပ်ရှည်သော လူတစ်ယောက်ပင်။ နိုင်အာ၏ အရပ်အမောင်းမှာ ဖခင်ဖြစ်သူထံမှ အမွေရထားခြင်းပက် ဖြစ်နိုင်သည်။
ယန်ယန်ထံမှ ဓားအိမ်မှ ထွက်ပေါ်လာသည့် သေမင်းတမန် ဓားတစ်လက်အလား ထက်မြအေးစက်သော အရှိန်အဝါများ ဖြာထွက်နေကာ နေရာ၌ ရပ်နေရုံဖြင့် ကြီးမားပြင်းထန်သည့် ဖိအားတစ်ခုကို ပေးစွမ်းနေသည်။
ယန်ယန်၏ အကြည့်များ ဆိုလွန်၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူ၏ အမူအရာမှာ အလွန် ရှုပ်ထွေးနေသော်လည်း စကားတစ်ခွန်းမျှ မပြောဘဲ ဆိုလွန်ကို ကျော်ဖြတ်သွားလိုက်သည်။
သမီးဖြစ်သူ၏ အခြေအနေကို သွားကြည့်ရမည်မဟုတ်ပါလော။
…
ယန်ယန် အဆောက်အအုံငယ်ထဲသို့ ဝင်သွားသောအခါ သမီးဖြစ်သူ နိုင်အာမှာ သတိလစ်နေပြီး သေလုမျောပါး လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ မျက်ရည်မကျသော်လည်း သူ၏ မျက်နှာ ရှုံ့မဲ့သွားပြီး အင်္ကျီလက်ထဲရှိ ကြီးမားသော လက်များ အဆက်မပြတ် တုန်ယင်လာသည်။
‘တစ်စစီ ဆွဲဖြဲပစ်မယ်... သစ္စာဖောက် ယွမ်ကျဲ့ကို တစ်စစီ ဆွဲဖြဲပစ်ရမယ်’
ယန်ယန်၏ စိတ်ထဲ၌ ဟေးပင်းစံအိမ်မှ သူလျှိုတစ်ဦး သူ၏ တပ်ဖွဲ့ထဲသို့ ဝင်ရောက်လာခြင်းမှာ ထူးဆန်းသည့် ကိစ္စမဟုတ်ဘဲ တာဝန်တစ်ခုသာ။ သို့ပေသည့် နိုင်အာကို နောက်ကွယ်မှ တိုက်ခိုက်ခြင်းမှာမူ လုံးဝ ခွင့်လွှတ်၍မရနိုင်ချေ။
ယန်ယန် သူ့ကို ကမ္ဘာမြေအဆုံးတိုင်အောင် လိုက်လံရှာဖွေမည်ဟု ကျိန်ဆိုလိုက်၏။ ယွမ်ကျဲ့ ဟေးပင်းစံအိမ်မှ ဖြစ်နေလျှင်ပင် သူ ဂရုမစိုက်ပေ။
ဤလောက၌ နိုင်အာမှာ သူ၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်၏။ သူမသည် သူ့ဘဝ၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
သူမ၏ အသက်ကိုကယ်နိုင်မည်ဆိုပါက သူ၏ ကိုယ်ပိုင် အသက်နှင့် လဲလှယ်ရန်ပင် ဝန်လေးမည်မဟုတ်ချေ။ မိမိ၏ အဖိုးတန် သမီးလေး လှုပ်ရှားမှုကင်းမဲ့စွာ သေလုမျောပါး ဖြစ်နေသည်ကို မြင်သောအခါ သူ ကိုယ်တိုင် အသက်ပြန်ရှင်လာခြင်းအပေါ် မည်သည့် ဝမ်းသာမှုမှ မခံစားရတော့ပေ။
သို့သော် ယန်ယန်သည် သူ၏ ခံစားချက်များကို ဖော်ပြရာ၌ မကျွမ်းကျင်သဖြင့် ရင်ကွဲမတတ် နာကျင်နေသော်လည်း သူမကို ဖက်တွယ်ခြင်း၊ နှစ်သိမ့်ခြင်း ပြုလုပ်မပေးဘဲ ကုတင်ဘေး၌ တုန်ယင်စွာ ရပ်နေခဲ့သည်။
“နိုင်အာမှာ အချိန်ဘယ်လောက် ကျန်သေးလဲ”
ယန်ယန် ရုတ်တရက် မေးလိုက်သည်။
“နှစ်ရက်တောင် မပြည့်တော့ဘူး ထင်တယ်... သူ့ရဲ့ အသက်စွမ်းအင်က ပိုပိုပြီး အားနည်းလာတယ်”
တွမ် ပြန်ဖြေလိုက်၏။
“ဘာမှ ထူးထူးခြားခြား မဖြစ်ဘူးဆိုရင်... နောက်ဆုံးအချိန်ရောက်မှ ဟေးပင်းစံအိမ်က လူတွေ ဖြေဆေးနဲ့ ပေါ်လာလိမ့်မယ်”
ယန်ယန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်ခြင်းပင်။
ဆိုလွန် သဘောတူလိုက်၏။ ဖြေဆေး လာပို့မည့်သူမှာ လုံးဝ မမျှော်လင့်ထားသူ တစ်ဦး ဖြစ်လိမ့်မည်ဟုပင် သူ သံသယရှိနေသည်။
ချက်ချင်း သေစေနိုင်သည့် သေမင်းတမန် အဆိပ်များ ဤလောက၌ မရေမတွက်နိုင်အောင် ရှိ၏။ ဟေးပင်းစံအိမ်က နိုင်အာကို ချက်ချင်း မသတ်ဘဲ သေမင်းထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခွင့် ပြုထားခြင်းက သူတို့၌ လျှို့ဝှက် ရည်ရွယ်ချက် တစ်ခုရှိကြောင်း သက်သေပြနေသည်။
ပို၍ တိကျစွာ ဆိုရလျှင် ထူလင်းတိ၌ ကိုယ်ပိုင် အကြံအစည် ရှိနေခြင်းပင်။
“သခင်ကြီး ယန်ယန်... နိုင်အာကို ကယ်ဖို့ ကျွန်တော့်မှာ နည်းလမ်း ရှိတယ်....ဒါပေမဲ့ နောက်ဆက်တွဲကတော့ ပြင်းထန်တယ်...”
“အဲ့အမှောင်စွမ်းအား နိုင်အာရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားတာနဲ့ အဆိပ်ကို ချက်ချင်း ပျောက်ကင်းစေပြီး နောက်နောင် ဘယ်လို အဆိပ် ဒါမှမဟုတ် ဒဏ်ရာရရ အမြန်ဆုံး ပြန်ကောင်းလာလိမ့်မယ်”
ဆိုလွန် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ တွမ် ဆိုလွန်ကို တောက်ပသည့် မျှော်လင့်ချက်များဖြင့် ကြည့်လိုက်၏။ ယခုအချိန်၌ တွမ်အတွက် ဆိုလွန်သည် နတ်ဘုရားတစ်ပါးနှင့် တူနေလေပြီ။
ယန်ယန်ကို သေရာမှ အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်လျှင် နိုင်အာကိုလည်း သဘာဝကျကျ ကယ်တင်နိုင်မည်ဖြစ်၏။
သို့သော် ယန်ယန်ကမူ သမီးဖြစ်သူထံမှ အကြည့်မခွာဘဲ ဆိုလွန်ကို ပြန်မဖြေချေ။
ဆိုလွန် ဆက်ပြောလာသည်။
“ဒါပေမဲ့ နောက်ဆက်တွဲက နိုင်အာရဲ့ အသက်စွမ်းအင်ကို စုပ်ယူသွားမှာပဲ....သူ ဆက်ပြီး တိုက်ပွဲဝင်နေမယ်ဆိုရင် နှစ်အနည်းငယ်အတွင်း သူ့ရဲ့ အသက်စွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွားပြီး သေလိမ့်မယ်...”
“အခု အဆိပ်ကို ကုသပြီး သေမင်းလက်ထဲကနေ ဆွဲထုတ်တာလေး တစ်ခုတည်းကတောင် သူ့ရဲ့ သက်တမ်း အနှစ်နှစ်ဆယ် ဒါမှမဟုတ် သုံးဆယ်လောက် ပေးဆပ်ရနိုင်တယ်”
ယန်ယန် ပြန်မဖြေချေ။ အမှန်စင်စစ်တွင် သူတို့ တွေ့ဆုံပြီးကတည်းက ဆိုလွန်နှင့် စကားတစ်ခွန်းမျှ မပြောခဲ့ခြင်းဖြစ်သည်။
သို့သော် သူ ဘာတွေးနေသည်ကို ဆိုလွန် ခန့်မှန်းမိ၏။
‘စောင့်မယ်’
အကယ်၍ ဟေးပင်းစံအိမ်က လက်ခံနိုင်ဖွယ်ရာ အခြေအနေတစ်ခုဖြင့် နောက်ဆုံးအချိန်၌ ဖြေဆေး လာပို့လျှင် သူတို့ ယင်းကို အသုံးပြုမည်။
ဟေးပင်းစံအိမ်က ပေါ်မလာလျှင်သော်လည်းကောင်း၊ သူတို့၏ တောင်းဆိုမှုများက လွန်ကဲနေလျှင်သော်လည်းကောင်း ဖြစ်လာပါက နိုင်အာကို ကယ်တင်ရန် ဆိုလွန်၏ နည်းလမ်းကို အသုံးပြုပေလိမ့်မည်။
“နိုင်အာ နိုးလာဖို့ အချိန်ဘယ်လောက် လိုသေးလဲ”
ယန်ယန် မေးလိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပုံစံအရဆိုရင် နောက်နာရီဝက်နေရင် နိုးလာမှာပါ”
တွမ် ပြန်ဖြေလိုက်၏။
“ဒါဆို မင်းတို့နှစ်ယောက်လုံး အပြင်မှာ သွားစောင့်နေကြ”
ယန်ယန် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်ကြီး”
ဆိုလွန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် တွမ်၏ အနောက်မှ လိုက်ထွက်လာခဲ့သည်။
သူ တံခါးကို ပိတ်လိုက်ရာ အခန်းထဲ၌ ယန်ယန်နှင့် နိုင်အာသာ ကျန်ရစ်ခဲ့တော့၏။
အပြင်ရောက်သောအခါ တွမ် ဆိုလွန်ကို ကြည့်ကာ တွန့်ဆုတ်စွာ မေးလာသည်။
“သခင်လေး ဆိုလွန်... မင်းက ဘာလို့ ထွက်လာတာလဲ... နိုင်အာ နိုးလာတော့မှာလေ... သူ မင်းကို သေချာပေါက် တွေ့ချင်နေမှာ”
ဆိုလွန် ခေါင်းရမ်းလိုက်သည်။
“သခင်ကြီး ယန်ယန်က နိုင်အာအတွက် အရေးကြီးဆုံး လူလေ... သူတို့ နှစ်ယောက်အတွက် အချိန်လိုတယ်”
…
နာရီဝက်ကြာပြီးနောက် နိုင်အာ၏ မျက်လုံးများ ပွင့်လာသည်။ သူမ၏ အမြင်အာရုံများမှာ အလွန် အားနည်းနေသောကြောင့် ဝါးတားတား ဖြစ်နေ၏။
မှုန်ဝါးဝါး မြင်ကွင်းထဲ၌ သူမ၏ ဖခင် ယန်ယန်တစ်ယောက် ကုတင်ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်ယ
နိုင်အာ၏ အားနည်းနေသော ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားကာ မျက်လုံးများကို အတင်း ဖွင့်ကြည့်ပြီး တီးတိုးရေရွတ်လိုက်မိသည်။
“အဖေ... သမီး သေသွားပြီလား... မဟုတ်ရင် အဖေ့ကို ဘယ်လိုလုပ် မြင်ရမှာလဲ”
ထိုအခိုက်အတန့်၌ ယန်ယန် မျက်ရည်များကို မထိန်းထားနိုင်တော့ချေ။ သူမျက်ရည်များကို တိတ်တဆိတ်သုတ်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။
“သမီး မသေပါဘူး... အဖေပါ... အဖေ အသက်ပြန်ရှင်လာပြီလေ”
နိုင်အာ၏ လှပသော မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေပြီ။
သူမ ထိုင်ရန် ကြိုးစားလိုက်သော်လည်း ခွန်အား လုံးဝ မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် စစ်မှန်သော ဝမ်းမြောက်မှု လှိုင်းလုံးကြီး တစ်ခု သူမအပေါ် ရိုက်ခတ်လာ၏။
နိုင်အာတစ်ယောက် အလွန်အမင်း ဝမ်းသာအားရဖြစ်နေပြီး ဖခင်ဖြစ်သူ မည်သို့ ပြန်လည်ရောက်ရှိလာကြောင်းကိုပင် မေးခွန်းမထုတ်လိုတော့ပေ။ ယခုအချိန်၌ သူမဂရုစိုက်သောတစ်ခုတည်းသောအရာမှာ ဖခင်ဖြစ်သူ အသက်ရှင်နေခြင်းပင်။
ယင်းအတွက် သူမ မရေမတွက်နိုင်အောင် ဆုတောင်းခဲ့ပြီး မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ရန် ဆန္ဒရှိခဲ့သည်။ ဖခင်ဖြစ်သူကို ပြန်လည်ခေါ်ဆောင်လာနိုင်ရန်အတွက် မိစ္ဆာထံ ဝိညာဉ်ရောင်းချရန် သို့မဟုတ် ကိုယ်ပိုင်အသက်နှင့် လဲလှယ်ရန်ပင် ဝမ်းမြောက်စွာ ဆန္ဒရှိခဲ့သည်မဟုတ်ပါလော။
ယခုမူ သူ တကယ် အသက်ပြန်ရှင်လာလေပြီ။ သူမ ကိုယ်တိုင် သေလုမျောပါး ဖြစ်နေသော်လည်း နိုင်အာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေမိသည်။
ခံစားချက်များ လွှမ်းမိုးလာသဖြင့် သူမ အသံပင် မထွက်နိုင်တော့ချေ။
အပိုင်း ၂၉၃ ပြီး။