အခန်း ၂၉၅
Vol. 30 Ch. 295
အပိုင်း ၂၉၅
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ဟွမ်ချွမ်မြို့အတွင်းရှိ ငွေရောင်ဝံပုလွေစစ်တပ်၏အခြေအနေကို ရိပ်စားမိလျှင် ထူလင်းတိ ပြုံးကာ ဆက်၍ပြောလိုက်သည်။
“ငွေရောင်ဝံပုလွေ တပ်မတော်က ညီအစ်ကိုတို့... မင်းတို့က လောကမှာ အရဲရင့်ဆုံးနဲ့ အသန်မာဆုံး စစ်တပ်ပဲ... ဒီဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲမှာ မသေသင့်ဘူး...”
“မင်းတို့ရဲ့ သခင်မ ငါ့အစ်ကို ဝန်ကြီး လျူနဲ့ လက်ထပ်ပြီးတာနဲ့ ငွေရောင်ဝံပုလွေ တပ်မတော်က နုလန်ဘုရင့်နိုင်ငံရဲ့ လက်ရွေးစင် စစ်တပ် တိုက်ရိုက် ဖြစ်လာလိမ့်မယ်... မင်းတို့ထဲက ဘယ်သူမှ မသေရဘူး...”
“နောက်ပြီး ဒီတပ်မတော်ကို လူတစ်သောင်းဆန့် မြင်းစီးတပ်ဖွဲ့အဖြစ် တိုးချဲ့ပေးမှာဖြစ်သလို... မင်းတို့ သခင်မလေးကလည်း ဒီမြင်းစီးတပ်ရဲ့ တစ်ဦးတည်းသော တပ်မှူးကြီး ဖြစ်လာလိမ့်မယ်...”
“အဲ့မြင်းစီးတပ်ရဲ့အရာရှိအားလုံးကိုလည်း မင်းတို့ထဲကပဲ ရွေးချယ်မှာဖြစ်တယ်”
ထိုစကားများက ဟွမ်ချွမ်မြို့အတွင်းရှိ ငွေရောင်ဝံပုလွေစစ်တပ်အတွင်း၌ တိတ်ဆိတ်သော ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သည့်အလား ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေတော့သည်။
ငွေရောင်ဝံပုလွေ စစ်တပ်သည် သေရမည်ကို မကြောက်သော်လည်း အသက်ရှင်ရခြင်းက သေရခြင်းထက် အဆပေါင်းများစွာ ပို၍ ကောင်းသည်မဟုတ်ပါလော။
ထို့အပြင် ထူလင်းတိ ကမ်းလှမ်းလာသောအခြေအနေများက လွန်စွာ ရက်ရောလွန်းလှသဖြင့် မြို့ကို ဝိုင်းရံထားသည့် သောင်းနှင့်ချီသော ရန်သူ့စစ်သည်များပင် မနာလို ဝန်တိုမှုများ ဖြစ်ပေါ်လာကြသည်။
ငွေရောင်ဝံပုလွေ စစ်တပ်မှာ ပျက်စီးလုနီးပါး ဖြစ်နေသော်လည်း ကြီးမားသော ဆုလာဘ်များဖြင့် ကမ်းလှမ်းခံနေရသည်။ သို့သော် ဝိုင်းရံထားသည့် စစ်သည်များဖြစ်သော သူတို့တို့မှာမူ သူတို့၏ကြိုးပမ်းမှု လုပ်အားခအ နေဖြင့် ရွှေဒင်္ဂါး တစ်ပြား နှစ်ပြားခန့်သာ ရရှိကြပေမည်။
အမှန်စင်စစ်တွင် ထူလင်းတိသည် ယခင်က ယန်ရွှမ်းအား ထိုထက်ပင်ပိုမိုကောင်းမွန်သော အခြေအနေများဖြင့်ကမ်းလှမ်းခဲ့ဖူး၏။ ယင်းမှာ ဝန်ကြီး လျူနဲ့ လက်ထပ်ကာ ထျန်ယဲ့မြို့၏ အုပ်ချုပ်သူအဖြစ် နေထိုင်ရန်ပင်။ သို့သော်လည်း ယန်ရွှမ်းက ငြင်းပယ်ခဲ့သည်။
ယခုမူ ထူလင်းတိသည် သူမ၏ တောင်းဆိုမှုများကို လျှော့ချပြီး ငွေရောင်ဝံပုလွေ စစ်တပ်အနေဖြင့် ထူလင်းမိသားစုထံ သစ္စာခံရန် တောင်းဆိုလာသည်။ စစ်တပ်မှာ အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသောကြောင့် ထူလင်းတိ ကမ်းလမ်းလာသောအခြေအနေများသည် ကောင်းကင်ဘုံမှ ပေးသနားသည့် ဆုလာဘ်တစ်ခုအလား ဖြစ်နေ၏။
ပထမဦးစွာ လူတစ်ယောက်ကို ဘာမျှမကျန်တော့ဘဲ မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ တွန်းပို့သည်။ ထို့နောက်မှ ကူညီလိုကြောင်း ကမ်းပေးလိုက်လျှင် ထိုလူသည် ထာဝရ ကျေးဇူးတင်သွားပေလိမ့်မည်။ ထူလင်းတိအသုံးပြုလိုက်သောနည်းလမ်းမှာ ထိုအတိုင်းပင်။
ကောက်ကျစ်စဉ်းလဲကာ ရက်စက်ကြမ်းတမ်းသည့်နည်းလမ်းဖြစ်၏။
ထူလင်းတိ ထပ်မံ ပြောလာသည်။
“ငါ ယန်ရွှမ်းကို ကယ်ချင်တယ်... မင်းတို့ သခင်မလေးကို ကယ်ချင်ရင်တော့ ရိုးရှင်းပါတယ်... ဆိုလွန်ကို သတ်လိုက်..သူ့ခေါင်းနဲ့ ဖြေဆေးကို လာလဲနိုင်တယ်”
“လူကြီးမင်း... ငွေရောင်ဝံပုလွေ တပ်မတော်ထဲမှာ ဆိုလွန်ဆိုတဲ့ နာမည်နဲ့လူ မရှိဘူး”
မြို့ရိုးပေါ်မှ ဖန်မို အော်ဟစ်လိုက်ခြင်းပင်။
“သူ့ရဲ့ နောက်နာမည်တစ်ခုကို ပြောရင်တော့ မင်းတို့ အတော်လေး ရင်းနှီးလိမ့်မယ် ထင်တယ်... လန်လင်းလေ”
ထူလင်းတိ ပြန်ဖြေလိုက်၏။
ထိုနာမည်ကို ကြားသောအခါ ဖန်မို၏ အမူအရာ လုံးဝ ပြောင်းလဲသွားလေပြီ။
လန်လင်းက သခင်မလေးကို နာကျင်အောင် လုပ်ခဲ့သည့် လူရှုပ်လူပွေ ဆိုလွန်ဖြစ်နေပါသလော။
ဆိုလွန်သည် လန်လင်းဟူသော အမည်ဝှက်ဖြင့် ငွေရောင်ဝံပုလွေ စစ်တပ်ထဲ၌ ကြာကြာမနေခဲ့သော်လည်း လူတိုင်းနီးပါး သူ့ကို သိကြ၏။ ဤကံကောင်းသော လူသစ်သည် ယန်ရွှမ်း၏ နောက်ဆုံး စမ်းသပ်မှု ပစ်မှတ် ဖြစ်လာခဲ့ပြီး သူမ၏ အနား၌ နေထိုင်ခွင့် ရခဲ့သည်။
တပ်မတော်ထဲရှိ အမျိုးသားတိုင်း သူ့ကို အလွန် မနာလို ဖြစ်ခဲ့ရသည်ပင်။ သို့သော်လန်လင်းသည် လူယုတ်မာ ဆိုလွန် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားကြချေ။
ထို့အပြင် သူသည် ယခုအခါ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်အတွင်း၌ ရှိနေသ၏။ ဟေးပင်းစံအိမ်၏ တမန်တော်အဖြစ် အယောင်ဆောင်ကာ ဆိုလွန် မြို့ထဲသို့ ဝင်လာသည်ကို မြင်ခဲ့သူမှာ ဖန်မိုတစ်ဦးတည်း မဟုတ်ပါချေ။
ထူလင်းတိ သူတို့ကို ဆက်၍ သွေးထိုးလှုံ့ဆော်လိုက်သည်။
“အခု မင်းတို့ သခင်မလေးက ပြင်းပြင်းထန်ထန် အဆိပ်မိနေပြီး ကိုယ်ပိုင်ကံကြမ္မာကို မထိန်းချုပ်နိုင်တော့ဘူး... သူမရဲ့ သစ္စာအရှိဆုံး နောက်လိုက်တွေအနေနဲ့ မင်းတို့ ရှေ့ထွက်ပြီး ကာကွယ်ရမယ်... “
“သူမကို ကံကြမ္မာဆိုးကနေ ကယ်တင်လိုက်ကြစမ်း...”
“အထဲကို အမြန်ဝင်ပြီး ဆိုလွန်ရဲ့ ခေါင်းကို ငါ့ဆီ ယူလာပေး... မင်းတို့ သခင်မလေး ကယ်တင်ခံရရုံတင်မကဘူး..မင်းတို့အားလုံးလည်း ဘဝသစ် ရကြမှာ”
ထိုစကားများက ဟွမ်ချွမ် ရှေးဟောင်းမြို့တော်အတွင်း၌ ပြင်းထန်သော စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာစေပြန်သည်။
ငွေရောင်ဝံပုလွေစစ်သည်များမှာ အပြင်ဘက်ရှိ ထျန်ယဲ့ မဟာမိတ်တပ်များထံ လက်နက်ချရန် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ချေ။ သို့သော် ယခုအခါ ဆိုလွန်ကို သတ်လိုက်ရုံဖြင့် သခင်မလေး ကယ်တင်ခံရမည်ဖြစ်ပြီး သူတို့လည်း အသက်ရှင်ခွင့်ရပေမည်။
ယင်းစကားလုံးများမှာ အလွန် ဆွဲဆောင်မှု ရှိလှ၏။
သူတို့အတွက် ဆိုလွန်မှာ သခင်မလေးကို ဖြားယောင်း စွန့်ပစ်သွားခဲ့သည့်လူယုတ်မာတစ်ဦး ဖြစ်သဖြင့် သေသင့်သည်ဟု ယူဆလိုက်ကြလေပြီ။
စစ်သည်များ အချင်းချင်း အကဲခတ်လိုက်ကြပြီးနောက် ငွေရောင်ဝံပုလွေ စစ်တပ်၏ ဒုတိယမြောက် လူတစ်ထောင်တပ်မှူး ဂူရင် ထံသို့ အကြည့်များ ရောက်ရှိသွားကြသည်။ ဂူရင်သည် အသက် ၃၃ နှစ်အရွယ် မဟာဓားပညာရှင်တစ်ဦး ဖြစ်ပြီး ရှည်လျားသောအရပ်နှင့် သန်မာထွားကျိုင်းသောခန္ဓာကိုယ်ရှိကာ ခြင်္သေ့တစ်ကောင်ကဲ့သို့ အစွမ်းထက်လှသည်။
နိုင်အာအပေါ် ထားရှိသော သူ၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးလှ၏။ သူမကို အစ်ကိုကြီးတစ်ဦးကဲ့သို့ ဂရုစိုက်သော်လည်း သူမကိုချစ်မြတ်နိုးမှုကို ရင်ထဲ၌ အမြဲဖုံးကွယ်ထားခဲ့သည်ပင်။ နိုင်အာ ခင်ပွန်းလောင်း ရွေးချယ်စဉ်က သူ မကန့်ကွက်ခဲ့သော်လည်း ရင်ထဲ၌ အလွန် ကြေကွဲခဲ့ရသည်။
သူသည် သူမထက် ၁၁ နှစ်ခန့် ပို၍ ကြီးနေသောကြောင့် ကိုယ်တိုင် ရှေ့မထွက်ခဲ့ခြင်းသာ။
ထိုအချိန်တွင် ဓားကိုင်စစ်သည်တစ်ဦးက အော်ဟစ်လိုက်သည်။
“တပ်မှူး ဂူ... ငါတို့ သေရင်သေပါစေ သခင်မလေးတော့ အသက်ရှင်ရမယ်... သူက ဒီလောက် လှပြီး ထူးချွန်တာ.. ဒီလိုနေရာမှာ မသေသင့်ဘူး...အဲ့လူယုတ်မာကောင် ဆိုလွန်က အကြိမ်ပေါင်းများစွာ သေဖို့ ထိုက်တန်တယ်”
ထိုအခါ အခြားစစ်သူရဲများကလည်း ဝိုင်း၍ အော်ဟစ်ထောက်ခံကြတော့သည်။
“ဟုတ်တယ် တပ်မှူး ဂူ... ငါတို့ ကိုယ်ပိုင်အတွက် ဘာမှမလိုချင်ဘူး..သေဖို့လည်း အဆင်သင့်ပဲ...ဒါပေမဲ့ ယန်ရွှမ်းတော့ အသက်ရှင်ရမယ်... အထဲကို အမြန်ဝင်ပြီး ဆိုလွန်ရဲ့ ခေါင်းကို ဖြတ်ကြစို့”
“ယန်ရွှမ်းအတွက် ဖြေဆေး သွားယူကြစို့”
ထိုစကားများကိုကြားလျှင် အပြင်ဘက်ရှိ ထူလင်းတိ ရယ်မောလိုက်၏။
“မှန်တယ်... ဖြေဆေးရဖို့က ရိုးရှင်းပါတယ်... ဆိုလွန်ရဲ့ ခေါင်းနဲ့ လာလဲလိုက်”
“အဲ့လူယုတ်မာ ဆိုလွန် ဘယ်မှာလဲ”
ထူးလင်းတိစကားကြောင့် ဂူရင်၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း ရုတ်တရက် မတ်တတ်ရပ်ပြီး မေးလိုက်သည်။
“တပ်မှူး တွမ်က သူ့ကို အထဲခေါ်သွားတယ်... သခင်မလေးဆီ ရောက်နေမှာ သေချာတယ်”
စစ်သည်တစ်ဦးက ပြန်ဖြေလိုက်ခြင်းပင်။
ဂူရင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏ ဓားကြီးကို ဆွဲထုတ်လိုက်ကာ ဟိန်းဟောက်လိုက်သည်။
“အဆောက်အအုံငယ်ဆီ ငါ့နောက် လိုက်ခဲ့ကြ... ဆိုလွန်ကို သတ်ပြီး ငါတို့သခင်ကို ကယ်တင်ကြမယ်”
“သွားမယ်... သွားမယ်... ဆိုလွန်ကို သတ်ကြ”
“ဆိုလွန်ကို သတ်ပြီး ဖြေဆေး ယူမယ်”
ချက်ချင်းပင် ဂူရင်၏ အနောက်ရှိ လူအုပ်ကြီးမှာ ပိုမိုများပြားလာပြီး ဆိုလွန်ကို သတ်ရန် နိုင်အာရှိရာ အဆောက်အအုံငယ်ဆီသို့ ချီတက်သွားကြတော့သည်။
…
ထိုအချိန်၌။
အဆောက်အအုံငယ်အတွင်းတွင် ဆိုလွန်နှင့် နိုင်အာတို့ တိတ်ဆိတ်စွာ ဖက်ထားကြဆဲဖြစ်သော်လည်း အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော ဆူညံသံများကြောင့် ငြိမ်းချမ်းမှုလေး ဖျက်ဆီးခံလိုက်ရသည်။
“အပြင်မှာ ဘာတွေဖြစ်နေတာလဲ”
နိုင်အာ အားနည်းဖျော့တော့စွာဖြင့်မေးလာသည်။
“ငါ အပြင်ထွက်ပြီး သွားကြည့်လိုက်မယ်”
ဆိုလွန် ပြောလိုက်၏။
ထိုအခါ ဆိုလွန်၏ အင်္ကျီစကိုကိုင်ထားသော သူမ၏လက်ကလေးများတင်းကြပ်သွားကာ ညင်သာစွာ ပြန်ပြောလိုက်သည်။
“မသွားပါနဲ့... အဖေနဲ့ ဦးလေး တွမ် ဒီမှာ ရှိနေတာပဲ.. မင်းကို မသွားစေချင်ဘူး”
“ကောင်းပြီ”
ဆိုလွန် သူမကို ညင်သာစွာ နမ်းလိုက်၏။
ယန်ယန် အသက်ပြန်ရှင်လာသည်မှစ၍ နိုင်အာတစ်ယောက် တခြားလူတစ်ယောက်ပမာ လုံးဝ ပြောင်းလဲသွားလေပြီ။ သူမ၏ အေးစက်မှုနှင့် ပြတ်သားရက်စက်မှုများ ကွယ်ပျောက်သွားကာ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ခြင်းမရှိတော့သည့် ရိုးသားဖြူစင်သော မိန်းကလေးငယ်တစ်ဦးအလားဖြစ်လာသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများ ပိုမို ရှင်းလင်းကျယ်လောင် လာသည်။
“ဆိုလွန်ကို သတ်ပြီး ဖြေဆေး ယူမယ်”
ဆိုလွန်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်မှာ အားကောင်းလှသဖြင့် ထိုအော်ဟစ်သံများကို စောစီးစွာကတည်းက ကြားခဲ့ရပြီးဖြစ်သည်။ အသံများကို ပိတ်ဆို့ရန် နိုင်အာ၏ နားများကို ညင်သာစွာ အုပ်ပေးလိုက်၏။
ထို့နောက် ဆေးလုံးတစ်လုံး ထုတ်ယူကာ သူမ၏ နှာခေါင်းအောက်၌ ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်သည်။
“လိမ္မာတယ်...ခဏလောက် အိပ်လိုက်ဦးနော်”
ခန္ဓာကိုယ်တစ်ခုလုံး အင်အား ကုန်ခမ်းနေပြီဖြစ်သော နိုင်အာမှာ ထိုရနံ့ကို ရရှိလိုက်သည်နှင့် လှပသော မျက်ဝန်းလေးများ ဖြည်းညှင်းစွာ မှိတ်ကျသွားပြီး ဆိုလွန်၏ ရင်ခွင်ထဲ၌ တိတ်ဆိတ်စွာ အိပ်မောကျသွားတော့သည်။
ထိုအခိုက်အတန့်၌ တံခါးပွင့်လာပြီး ယန်ယန် ဝင်လာသည်။
ဆိုလွန်နှင့် နိုင်အာတို့ ရင်းနှီးစွာ ဖက်ထားကြသည်ကို မြင်သောအခါ သူ၏ မျက်နှာ ပြင်းထန်စွာ ရှုံ့မဲ့သွား၏။ သို့သော် သူ ဘာမျှမပြောချေ။ တံခါးကို ပိတ်လိုက်ပြီး ကုလားထိုင်တစ်လုံး ရှာကာ ဆိုလွန်ကို ကျောပေး၍ ထိုင်လိုက်သည်။
ယခုအချိန်တွင် ယန်ယန် အသက်ပြန်ရှင်လာကြောင်း တပ်မှူး တွမ်နှင့် နိုင်အာ နှစ်ဦးတည်းသာ သိကြသေးသည်။ သူသည် လူအများရှေ့၌ မိမိ၏ တည်ရှိမှုကို ထုတ်ဖော်ပြသရန် ရည်ရွယ်ချက် မရှိသေးပါချေ။
အပြင်ဘက်၌ ဂူရင်တစ်ယောက် လူတစ်ရာကျော်ကို ဦးဆောင်ကာ နိုင်အာ၏ အဆောက်အအုံငယ် အရှေ့သို့ အပြေးအလွှား ရောက်ရှိလာလေပြီ။
“ဂူရင်... မင်း ဘာလုပ်နေတာလဲ... ပုန်ကန်မလို့လား”
တပ်မှူး တွမ်က သူတို့ကို အေးစက်စွာ အော်ဟစ်မေးမြန်းလိုက်သည်။
“ဦးလေး တွမ်... လူယုတ်မာဆိုလွန် အထဲမှာ ရှိလား”
ဂူရင် တွမ်၏စကားကိုလျစ်လျူရှုကာ မေးလိုက်သည်။
တွမ်၏ အမူအရာ ပြောင်းလဲသွားသည်။
“အထဲမှာ ဆိုလွန် မရှိဘူး... မင်းတို့အားလုံး ချက်ချင်း ထွက်သွားကြ..သခင်မလေးရဲ့ အနားယူမှုကို မနှောင့်ယှက်နဲ့”
“လန်လင်းက ဆိုလွန်ဆိုတာ ငါတို့ မသိဘူး မထင်နဲ့”
တွမ်၏စကားကိုကြားလျှင် ဂူရင် ချက်ချင်းပြန်ပြောလိုက်သည်။
“အဓိပ္ပာယ်မရှိတာ”
တွမ် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဂူရင် ဆက်ပြောလာသည်။
“ဦးလေး တွမ်... လူကြီးတွေထဲမှာ ဦးလေးက အရိုးသားဆုံးပဲ... လိမ်ညာရတာ မကျွမ်းကျင်တော့ ဦးလေးရဲ့ အမူအရာက သက်သေပြနေပြီ...”
“အဲ့ကောင်လူယုတ်မာ ဆိုလွန် အထဲမှာ ရှိနေတာပဲ... သူက သခင်မလေးကို ဖြားယောင်းပြီး စွန့်ပစ်သွားခဲ့တာကို သိရက်နဲ့ ဘာလို့ အထဲပေးဝင်ရတာလဲ... ဦးလေးဘာတွေ တွေးနေတာလဲ”
ဂူရင်၏ မေးမြန်းမှုကိုကြားသော်လည်း အေးစက်သောမျက်နှာဖြင့်သာ တွမ် ပြန်ဖြေလိုက်၏။
“ဘာပဲဖြစ်ဖြစ် ဒါက မင်းတို့နဲ့ မဆိုင်ဘူး... သခင်မလေး အနားယူနေပြီး သခင်ကြီး မရှိတဲ့အချိန်မှာ ငါက ငွေရောင်ဝံပုလွေရဲ့ အဆင့်မြင့်ဆုံး အရာရှိပဲ... ငါ့အမိန့်ကို နာခံပြီး ချက်ချင်း ဆုတ်ခွာကြစမ်း”
တွမ် အမိန့်ပေးလိုက်သည်။
သို့သော် ဂူရင် တစ်ယောက် ဆက်၍စကားဆိုလာသည်။
“တခြားကိစ္စဆိုရင် ဦးလေးရဲ့ အမိန့်ကို ငါတို့ အကြွင်းမဲ့ နာခံမှာပါ... ဒါပေမဲ့ ဒါက သခင်မလေးရဲ့ အသက်နဲ့ သက်ဆိုင်နေတော့ ပြစ်မှားမိတာ ခွင့်လွှတ်ပါ... ဆိုလွန်ကို သတ်ရင် ဖြေဆေးရမှာမလို့ သူ့ကို ကယ်တင်ရမယ်”
ယခင်က တွမ် ဆိုပါက ထိုအကြံပြုချက်ကြောင့် စိတ်လှုပ်ရှားမိနိုင်ပေလိမ့်မည်။
သို့သော် မကြာသေးမီက ဆိုလွန်တစ်ယောက် ယန်ယန်၏ အသက်ကို ကယ်တင်ခဲ့သဖြင့် ငွေရောင်ဝံပုလွေ စစ်တပ်တစ်ခုလုံး၏ ကျေးဇူးရှင် ဖြစ်နေခဲ့လေပြီ။ တွမ်သည် ထိုကျေးဇူးတရားကို ဘယ်သောအခါမှ မေ့ဖျောက်မည်မဟုတ်ချေ။
သို့ပေသည့် ယန်ယန်က သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားသောကြောင့် ဆိုလွန်က သူတို့၏ ခေါင်းဆောင်ကို ကယ်တင်ခဲ့ကြောင်း သူ ထုတ်မပြောနိုင်ပါချေ။
“မရဘူး”
“ဒီအဆောက်အအုံထဲ ဝင်ချင်ရင် ငါ့အလောင်းကို ဖြတ်သွားကြ”
ရုတ်တရက် တွမ် သူ၏ဓားကြီးကို ဆွဲထုတ်လိုက်ကာ ပြတ်သားစွာဆို၏။
ထိုအခါ ဂူရင်လည်း တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ သူ၏နောက်မှ စစ်သားများကို အမိန့်ပေးလိုက်သည်။
“ဒါဆိုရင်တော့.. ဦးလေးကို အပြစ်ပြုမိပြီ..”
“ညီအစ်ကိုတို့... တပ်မှူး တွမ်ကို အရင်ချည်နှောင်လိုက်ကြ... ပြီးရင် အထဲဝင်ပြီး ဆိုလွန်ကို သတ်ကြမယ်”
“သခင်မလေးကိုကယ်ဖို့ ဖြေဆေး သွားယူကြမယ်”
ဂူရင် ကျွမ်းကျင်သူအချို့ကို ဦးဆောင်ကာ တွမ်နှင့် တိုက်ခိုက်တော့သည်။ တွမ် စိတ်ဓာတ်ပြင်းထန်နေသော်လည်း တစ်ယောက်ချင်း တိုက်ခိုက်မှု၌သာ ကျွမ်းကျင်သည့် သူရဲကောင်းတစ်ဦး ဖြစ်သဖြင့် လူအများအပြားကို တစ်ပြိုက်နက် ရင်ဆိုင်နိုင်ခြင်းမရှိချေ။
ထို့ကြောင့် ပြိုင်ဘက် ဆယ်ယောက်ခန့်ကို တစ်ချိန်တည်းရင်ဆိုင်ရသောအခါ အခြေအနေမှာ အောက်စီးသို့ ချက်ချင်းကျရောက်သွားကာ စိုးရိမ်ဖွယ်ဖြစ်လာတော့သည်။
…
အပိုင်း ၂၉၅ ပြီး။