အခန်း ၂၉၆
Vol. 30 Ch. 296
အပိုင်း ၂၉၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
အပြင်ဘက်မှ တိုက်ခိုက်သံများကို ကြားရသောအခါ မိနစ်ပိုင်းအတွင်း တွမ် ဖမ်းဆီးခံရပြီး ဂူရင် ဝင်ရောက်လာတော့မည်ကို ဆိုလွန် သိလိုက်၏။ ယန်ယန်မှာမူ စကားပြောရန် မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ လှုပ်ရှားမှုကင်းမဲ့စွာ ဆက်လက် ထိုင်နေဆဲပင်။
ယင်းမှာ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ဆိုလွန် သိသည်။ အကယ်၍ ယန်ယန်သည် နိုင်အာကို အမှန်တကယ် ဂရုစိုက်ပါက ဆိုလွန်အနေဖြင့် တားမြစ်ထားသော မိစ္ဆာစွမ်းအားများကို အသုံးပြု၍ သူမကို ကယ်တင်မည့်အရေးကို လိုလားမည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲ ဆိုးကျိုးများက ကြောက်မက်ဖွယ်ကောင်းလှသောကြောင့်ပင်။ ထို့အစား ဆိုလွန်တစ်ယောက် စစ်မှန်သော ဖြေဆေးကို ရရှိရန်အတွက် အရာအားလုံးကို စွန့်စားမည်လား ဆိုသည်ကို သူ မြင်တွေ့ချင်နေခြင်းဖြစ်နိုင်သည်။
အပြင်ဘက်၌။
တွမ် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး တိုက်ခိုက်သူများကို အားကုန်သုံး၍ တွန်းထုတ်လိုက်သည်။ ထို့နောက် လက်ထဲမှဓားကြီးကို မိမိ၏ လည်ပင်း၌ ကပ်ကာ အေးစက်စွာ ပြောလိုက်၏။
“ညီအစ်ကိုတို့... အထဲဝင်ပြီး ဆိုလွန်ကို သတ်ချင်ရင်တာမလား”
“လွယ်ပါတယ်... ငါ့အလောင်းကို ဖြတ်သွားကြ”
လူတစ်ရာကျော်ခန့်ရှိသော ငွေရောင်ဝံပုလွေ စစ်သည်များ ချက်ချင်း အေးခဲသွားပြီး မလှုပ်ရဲကြတော့ချေ။ မည်သို့ပင်ဆိုစေကာမူ တွမ်မှာ သူတို့ လေးစားချစ်ခင်ရသော တပ်မှူးတစ်ယောက် မဟုတ်ပါလော။
ဂူရင်၏ မျက်လုံးများ လှုပ်ရှားသွားသည်။ သူသည်လည်း မိမိ၏ ဓားကို လည်ပင်း၌ ရုတ်တရက် ကပ်ကာ ဒူးထောက် တောင်းပန်လာ၏။
“ဦးလေး တွမ်...ဒါကို ငါ့အတွက် လုပ်နေတာ မဟုတ်ဘူး.. သခင်မလေးအတွက် လုပ်နေတာ... “
“ငါတို့အားလုံး သေရင် သေပါစေ..သခင်မလေးတော့ မသေရဘူး... “
“ဦးလေး စိတ်ချ.. ဆိုလွန်ရဲ့ ခေါင်းကို ဖြတ်ပြီးတာနဲ့ ငါ လူအများရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှာပါ... နောက်ထပ် တစ်စက္ကန့်တောင် အသက်ရှင်နေမှာ မဟုတ်ဘူး...”
“ဦးလေး သေရင် ငါ ဦးလေးနဲ့အတူ အသေခံမယ်”
ထို့နောက် သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ညီအစ်ကိုတို့ အထဲဝင်ပြီး... ဆိုလွန်ကို သတ်ကြ”
“သခင်မလေးကိုကယ်ဖို့ ဖြေဆေး ယူရမယ်”
စစ်သည်များ တွမ်ကို ဖြတ်ကျော်သွားကြကာ ခြံဝင်အတွင်းသို့ပြေးဝင်လိုက်ကြသည်။
ထိုအခါ တွမ် အလွန်အမင်း စိုးရိမ်သွားပြီး ဟိန်းဟောက်လိုက်၏။
“မင်းတို့ ဘာတွေ တွေးနေလဲ ငါ မသိဘူး... ဒါပေမဲ့ လူဆိုတာ ကျေးဇူးမကန်းရဘူး”
ထိုစကားကို အခန်းတွင်းရှိ ယန်ယန်ကြားရန် ရည်ရွယ်၍ ပြောလိုက်ခြင်းပင်။
ယန်ယန် စကားတစ်ခွန်းတည်းဖြင့် ဤအခြေအနေကို အလွယ်တကူ ဖြေရှင်းနိုင်သော်လည်း ထိုသူသည် ခေါင်းမာစွာဖြင့် ဆက်လက် တိတ်ဆိတ်နေသည်။
တွမ်သည် ရိုးသားသော်လည်း မိုက်မဲသူ မဟုတ်ချေ။ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ခုကို သူ တွေးမိသွားသည်။
ပထမအချက်မှာ ဆိုလွန်တစ်ယောက် သူ၏ အသက်ကို ကယ်တင်ခဲ့သော်လည်း သခင်ကြီး ယန်ယန်မှာ ဆိုလွန်ကို နက်နက်ရှိုင်းရှိုင်း မုန်းတီးနေဆဲဖြစ်သည်။ ဒုတိယအချက်မှာ ဆိုလွန်က နိုင်အာကို ကယ်တင်ခဲ့လျှင် သူတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားကြမည်ဖြစ်ရာ ယင်းကို ယန်ယန် ပို၍ပင် မမြင်တွေ့ချင်ပါချေ။
တတိယအချက်မှာ ဆိုလွန်၏ တည်ရှိမှုက ငွေရောင်ဝံပုလွေ စစ်တပ်၏ ရှင်သန်ရေး လမ်းကြောင်းကို ပိတ်ဆို့နေခြင်းပင်။ စစ်တပ် အသက်ရှင်ရန်အတွက် ထူလင်းမိသားစုထံ သစ္စာခံရန်လိုအပ်ပြီး ယင်းအတွက် ဆိုလွန် သေဆုံးရန် လိုအပ်သည်။
ယန်ရွှမ်း ဘေးကင်းရန်အတွက် ဆိုလွန် သေရမည်။ ငွေရောင်ဝံပုလွေ စစ်တပ်ဘေးကင်းရန်အတွက်လည်း ဆိုလွန် သေရမည်သာ။
ယန်ယန် အမှန်တကယ် ဤသို့ တွေးနေသလား ဆိုသည်ကို တွမ် အတိအကျ မသိသော်လည်း ထိုအရာမှာ သူတွေးလိုက်သော အဆိုးဆုံး အခြေအနေများအတွက် ခန့်မှန်းချက်ပင်။
သို့သော် ငွေရောင်ဝံပုလွေ စစ်တပ် ထိုမျှလောက်အထိ နိမ့်ကျသွားမည်ကို မြင်ရမည့်အစား သူ့ကိုယ်သူသာသတ်သေပစ်မည်ဖြစ်သည်။ ဂုဏ်သိက္ခာမဲ့စွာ ရှင်သန်ခြင်းက ဖျက်ဆီးခံရခြင်းထက် ပို၍ ဆိုးရွားသည်ဟု တွမ် ခံစားရသောကြောင့်ပင်။
အပြင်ဘက်မှ တွမ်၏ အော်ဟစ်သံများကို ကြားနေရသော်လည်း ယန်ယန်မှာ ဆိုလွန်ကို ကျောပေးထားရင်း လှုပ်ရှားမှုကင်းမဲ့စွာ ဆက်ရှိနေသည်။
ယန်ယန် တုံ့ပြန်မည်မဟုတ်ကြောင်းနှင့် နိုင်အာ သတိလစ်နေသဖြင့် ဆိုလွန် ဒုက္ခရောက်တော့မည်ကို သတိပြုမိလိုက်သောအခါ တွမ်ထံမှ စိတ်ပျက်အားငယ်ဖွယ်ကောင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
“ငါက... အသုံးမကျတဲ့သူတစ်ယောက်ပဲ... ငါ့ကျေးဇူးရှင်ရဲ့ အသက်ကို မကယ်နိုင်မှတော့ ဒီလောကမှာ ဆက်ပြီး အသက်ရှင်ဖို့ မလိုတော့ဘူး”
တွမ်တစ်ယောက် ဓားကိုင်ထားသောလက်ကို အားစိုက်ကာ မိမိ၏ လည်ပင်းကို ဖြတ်ရန် ကြိုးစားလိုက်လေပြီ။
ထိုအခိုက်အတန့်၌ တံခါးပွင့်သွားပြီး အတုမရှိ ချောမောလှပသော မျက်နှာနှင့်လူတစ်ယောက် လူတိုင်း၏ ရှေ့မှောက်သို့ ထွက်ပေါ်လာသည်။ ထိုသူသည် လျှပ်စီးကဲ့သို့ လျင်မြန်သော ဓားချက်ဖြင့် တွမ်၏ လည်ပင်းမှ ဓားကို ရိုက်ချပစ်လိုက်၏။
ချက်ချင်းပင် ဂူရင်နှင့် သူ၏ စစ်သည်များ ဆိုလွန်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြလေပြီ။
“မင်းတို့ ငါ့ကိုသတ်ပြီး ငါ့ခေါင်းနဲ့ ထူလင်းတိဆီက ဖြေဆေး သွားလဲချင်တာမလား”
ဆိုလွန် မေးလိုက်သည်။
“ဟုတ်တယ်”
ဂူရင် ပြန်ဖြေလိုက်၏။
“ကောင်းပြီ”
“မင်းတို့ လက်ဖျားနဲ့တောင် တို့စရာမလိုဘူး.. ငါ့ဘာသာငါ သွားမယ်... “
“ငါ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ထူလင်းတိဆီက ဖြေဆေးကို ယူပြီး နိုင်အာကို အသက်ပြန်ရှင်အောင် လုပ်ပေးမယ်”
ဆိုလွန် တည်ငြိမ်စွာ ပြောလိုက်ပြီး ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ ဝင်ပေါက်ဆီသို့ တည့်တည့် လျှောက်လှမ်းသွားတော့သည်။
ဂူရင်နှင့် အခြားသူများက သူ၏အနောက်မှတပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ တွမ်လည်း ဆိုလွန်ကို တတ်နိုင်သမျှ ကာကွယ်ပေးရန် သူ၏ ဘေးနားသို့ အမြန်ဆုံး လျှောက်လာ၏။
အခန်းတွင်း၌ ယန်ယန်တစ်ယောက် သမီးဖြစ်သူ၏ ဘေးနားသို့ လျှောက်သွားလိုက်သည်။ နိုင်အာမှာ ပျော်ရွှင်သော မျက်နှာလေးဖြင့် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲပင်။ ယန်ယန် သူမ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
“နိုင်အာ... မင်း အဖေ့ကို အမြင်သစ်နဲ့ ကြည့်သင့်ပြီ...”
“အဖေ ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့... သမီးအတွက်ဆိုရင် အဖေ ဘာမဆို လုပ်ဖို့ အဆင်သင့်ပဲ..ဘာမဆိုလည်း လုပ်နိုင်တယ်”
…
ဆိုလွန် ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ရာ မီတာအနည်းငယ်အကွာ၌ ထူလင်းတိ ရပ်နေသည်ကို မြင်လိုက်ရသည်။
“သခင်မလေး ထူလင်းတိ... နေကောင်းကျန်းမာရဲ့လား... “
“ရင်ဘတ်က ဒဏ်ရာကော သက်သာလား... နှမြောစရာကောင်းတာက မင်းရဲ့ ရင်သားတွေက သေးလွန်းနေလို့..မဟုတ်ရင် ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာ မဟုတ်ဘူး”
ဆိုလွန် လှမ်း၍ ရန်စလိုက်ခြင်းပင်။
ရန်သူချင်း ဆုံတွေ့ကြသောအခါ သူတို့၏ မျက်လုံးများ၌ ပြင်းထန်သော မုန်းတီးမှုများ လောင်ကျွမ်းသွားလေပြီ။
ဆိုလွန်သည် ထူလင်းတိ၏ ကလေးဘဝတွင် တစ်သက်တာ မေ့မရနိုင်သော ခြောက်လှန့်မှုတစ်ခု ပေးခဲ့ရုံတင်မက လွန်ခဲ့သည့် တစ်လကလည်း သူမကို အသည်းအသန် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် အနှီလူယုတ်မာသည် သူမ၏ လက်ထဲမှ လွတ်မြောက်ခဲ့ကာ ထွက်မပြေးခင် ရင်ဘတ်ကိုလည်း ဓားဖြင့် ထိုးစိုက်ခဲ့သေး၏။
ထိုဓားချက်မှာ ထက်မြက်ပြီး ရက်စက်လှကာ မည်သည့် တွေဝေမှုမျှ ရှိမနေခဲ့ချေ။
အမှန်အတိုင်း ပြောရလျှင် ထိုစဉ်က ထူလင်းတိတစ်ယောက် ဆိုလွန်၏ လည်ပင်းကို ညှစ်နေချိန်တွင် သူမ၏ လက်များ တုန်ယင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသည်ကို သူမ ကိုယ်တိုင်ပင် မသိပါချေ။
ဆိုလွန်၏ သေခါနီး မျက်လုံးများကို စိုက်ကြည့်နေစဉ် ကလဲ့စားချေရခြင်း၏ ဝမ်းမြောက်မှုကို မခံစားရဘဲ ရှုပ်ထွေးသော ခံစားချက်များနှင့် နာကျင်မှုကိုသာ ခံစားခဲ့ရသောကြောင့်ဖြစ်နိုင်သည်။
ဆိုလွန်သည် အမျိုးသမီးများအတွက် ခြောက်လှန့်မှုတစ်ခုပင် ဖြစ်၏။ သူ ကလူကျီစယ်သောအခါ မည်သည့်အမျိုးသမီး၏ နှလုံးသားမဆို သူ၏လက်အောက်၌ တဖြည်းဖြည်း ကျရှုံးသွားရမည်သာ။
ထို့ကြောင့် သူ့ကို လည်ပင်းညှစ်သတ်တော့မည့် နောက်ဆုံးအခိုက်အတန့်၌ ထူလင်းတိ တွေဝေသွားပြီး တည်ငြိမ်မှု ပျက်ပြားသွားခဲ့ရသည်။
သို့သော် ထိုအရာအားလုံးမှာ ဆိုလွန်၏ အစီအစဉ်အတိုင်းပင် ဖြစ်သည်။ ထိုတွေဝေသွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ အသည်းအသန် တန်ပြန်တိုက်ခိုက်ခဲ့ပြီး သူမ၏ ရင်ဘတ်ကို ဓားဖြင့် ထိုးစိုက်ခဲ့သည်။
တန်ပြန်တိုက်ခိုက်မှုတွင် မည်သည့် သနားညှာတာမှုမျှမရှိဘဲ ရက်စက် ပြတ်သားလှ၏။ အကယ်၍ ထိုစဉ်က ဆိုလွန်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များသာ ကုန်ခမ်းမနေခဲ့လျှင် သူမ၏ နှလုံးသားကို ဖောက်ထွင်းသွားနိုင်ပြီး ထူလင်းတိမှာ ပွဲချင်းပြီးသေဆုံးပြီးပင်ဖြစ်လိမ့်မည်။
အတိတ်က ရန်ငြိုးဟောင်းများနှင့် လက်ရှိ ရန်ကြွေးသစ်များ၊ ဆိုလွန်၏ လက်ရှိလှောင်ပြောင်မှုများ ပေါင်းစပ်သွားသောအခါ ထူလင်းတိ၏ ရင်ထဲ၌ ပြင်းထန်သော ဒေါသများ လောင်ကျွမ်းလာလေပြီ။
ထို့ကြောင့် ထူလင်းတိ သွားကြိတ်ကာပြောလိုက်၏။
“ဆိုလွန်... နိုင်အာမှာ အသက်ရှင်ဖို့ နာရီအနည်းငယ်ပဲ ကျန်တော့တယ်... သူ သေတာကို မမြင်ချင် မင်းရဲ့ ခေါင်းကို ငါ့ဆီ ပေးလိုက်”
ဆိုလွန် ခြေလှမ်းတစ်ရာခန့် ရှေ့ တိုးလိုက်ကာ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ အပြင်ဘက်သို့ ထွက်လာသည်။
“ငါ့ခေါင်းကို လိုချင်တာလား...မင်းကိုယ်တိုင်လာယူလေ”
သူ၏ ချောမောသော မျက်နှာပေါ်၌ ကောက်ကျစ်စဥ်းလဲသည့် အပြုံးတစ်ခု ရှိနေသည်။ အလွန် မုန်းတီးဖွယ်ကောင်းလှသော ယောင်္ကျားပင်။
ဆိုလွန်တစ်ယောက် လူမိုက်တစ်ဦးကဲ့သို့ ပျင်းရိစွာ ရပ်နေသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသူရာမိစ္ဆာကြယ်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို လျင်မြန်စွာ စုစည်းနေသည်။ ယခုအခါ အလယ်အလတ်အဆင့် ကြယ်ခြောက်ပွင့် စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီ ဖြစ်သဖြင့် အဆင့်မြင့် စစ်သည်တစ်ဦးပင် ဆိုလွန်၏ အပြင်းအထန် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
နိုင်အာကို ကယ်တင်ရန်အတွက် အမှောင်စွမ်းအားများ အသုံးပြုရမည်ကို ဆိုလွန် လုံးဝ ခွင့်မပြုနိုင်ပေ။ ထို့အစား ထူလင်းတိထံမှ ဖြေဆေးကို လုယူရန်အတွက် မိမိအသက်ဖြင့်စွန့်စားလို၏။
ဆိုလွန် ရဲရဲဝံ့ဝံ့ ရှေ့သို့ ထွက်သွားသည်ကို မြင်ရသောအခါ သူ၏ အနောက်ရှိ ငွေရောင်ဝံပုလွေ တပ်မတော်သားများမှာ အံ့ဩခြင်း၊ လေးစားခြင်းများဖြင့် ပြည့်နှက်သွားကြသည်။
ဤသူမှာ သူတို့ ကြားဖူးခဲ့သည့် အသုံးမကျပြီး ကြောက်တတ်သော ဆိုလွန် ဟုတ်ပါသလော။ သူသည် သူတို့၏ သခင်မလေးကို ကယ်တင်ရန်အတွက် ကိုယ်ပိုင်အသက်ကိုပင် စွန့်စားရန် ဆန္ဒရှိနေခဲ့လေပြီ။
ထူလင်းတိပင်လျှင် အံ့ဩသွားရ၏။ ဆိုလွန် တစ်ယောက် အဘယ်သို့ ဤမျှ ရဲရင့်သွားရပါသနည်း။
ဆိုလွန် သူမအား လက်ဟန်ပြကာ နှုတ်ဆက်လိုက်သည်။
“အချစ်လေး... လာလေ... ကိုယ်တိုင်လာပြီး ငါ့ခေါင်းကို ယူလိုက်စမ်းပါ”
“ငါက တစ်ယောက်တည်းနော်”
ဆိုလွန်သည် ယခုအခါ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်နှင့် ခြေလှမ်းတစ်ရာအကွာ၊ထူလင်းတိနှင့် ခြေလှမ်းနှစ်ရာအကွာတွင် ရှိနေပြီး သူ၏ ဘေးနား၌ မည်သူမျှ ရှိမနေပါချေ။
ထူလင်းတိ အံကြိတ်ကာ ခါးရှိ လခြမ်းကွေးဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက်သူမ၏ မျက်လုံးများ၌ အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများနှင့်အတူ ဆိုလွန်ရှိရာသို့ လျှောက်လှမ်းသွားတော့သည်။
ဆိုလွန် ဘာလုပ်ချင်နေတာလဲ။
ထူလင်းတိ သတိလက်လွတ်ဖြစ်နေချိန် စိတ်ပိုင်းဆိုင်ရာ စွမ်းအင် တိုက်ခိုက်မှုဖြင့် သူမကို ချက်ချင်း သတိလစ်သွားအောင် လုပ်ရန် ရည်ရွယ်ထားခြင်းပင်။ ဖြေဆေးကို ရယူနိုင်ရုံသာမက ထူလင်းတိကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနိုင်မည်ဖြစ်ရာ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ပေလိမ့်မည်။
လူအများရှေ့မှာ သူမကို သတ်ပစ်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ချေ။
ယခင်က တောင်တစ်သောင်း တောင်တန်း ခြေရင်း၌ လျှို့ဝှက်သတ်ဖြတ်ခဲ့ခြင်းမှာ မည်သူမှ မသိနိုင်သောကြောင့် ဖြစ်၏။ ယခု လူအများရှေ့မှာ ဆိုလွန် သူမကို ရဲရဲဝံ့ဝံ့ သတ်ပစ်လိုက်လျှင် ထူလင်းမိသားစုနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်သွားပေမည်။
ဆိုမိသားစု၏ လက်ရှိ အင်အားမှာ ထူလင်းမိသားစု၏ ရူးသွပ်သော ကလဲ့စားချေမှုကို ခံနိုင်ရည်ရှိရန် လုံးဝ မလုံလောက်ပါချေ။
လခြမ်းကွေးဓားကို ကိုင်ဆောင်ထားသည့် ထူလင်းတိတစ်ယောက် တဖြည်းဖြည်း နီးကပ်လာလေပြီ။ ခြေလှမ်းတိုင်း၌ သူမ၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာ၏။
ဤတစ်ကြိမ်၌ ဆိုလွန်ကို မည်သည့် အခွင့်အရေးမှ ပေးမည်မဟုတ်ဘဲ သူ၏ခေါင်းကို ဖြတ်ပစ်ပေမည်။
ထို့အပြင် ဆိုလွန်၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင် တိုက်ခိုက်မှုများ အလွန် အားကောင်းကြောင်း သူမ သိထားပြီးဖြစ်သဖြင့် မည်သည့် အခွင့်အရေးမှ ပေးမည်မဟုတ်ပေ။ သူမ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို စုစည်းကာ အမြင့်ဆုံး ကာကွယ်မှုတစ်ခု ဖန်တီးထားလိုက်သည်။
သို့သော် ဆိုလွန်၏ ကျင့်ကြံခြင်းအဆင့် မကြာသေးမီက ရုတ်တရက် တိုးတက်သွားကြောင်းကိုမူ ထူလင်းတိ လုံးဝ မသိခဲ့ချေ။
ဆိုလွန်၏ ခန္ဓာကိုယ်အတွင်းရှိ အသူရာမိစ္ဆာကြယ်မှာ များပြားလှသော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို စုစည်းနေလေပြီ။ ထူလင်းတိ သူ့အနီး တစ်မီတာအကွာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အစွမ်းထက်သော စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ ချက်ချင်း တိုက်ခိုက်ပြီး သူမကို လဲကျသွားစေမည်ဖြစ်၏။
သူတို့နှစ်ဦး တဖြည်းဖြည်း နီးကပ်လာကြလျှင် စောင့်ကြည့်နေသူအားလုံး လေထုထဲရှိ ကြောက်မက်ဖွယ်ကောင်းသော တင်းမာမှုကို ခံစားလိုက်ကြရသည်။ သူတို့ အားလုံး အသက်အောင့်ထားကာ ထိုလူနှစ်ဦးထံမှ အကြည့်မခွာကြတော့ချေ။
အပိုင်း ၂၉၆ ပြီး။