အခန်း ၂၉၇
Vol. 30 Ch. 297
အပိုင်း ၂၉၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
မီတာရှစ်ဆယ်... မီတာငါးဆယ်... မီတာသုံးဆယ်...။
ရုတ်တရက် နှင်းပမာ ဖြူဖွေးသော လူရိပ်တစ်ခု လျှပ်စီးကဲ့သို့ ပြေးထွက်လာကာ ထူလင်းတိ၏ အနောက် တည့်တည့်၌ ပေါ်လာသည်။
ယင်းမှာ ဝတ်ရုံဖြူ ဝတ်ဆင်ထားသည့် အလွန်ချောမော ကျက်သရေရှိသော အမျိုးသားတစ်ဦးပင်။
သူသည် ထူလင်းတိနှင့် ရုပ်ဆင်ပြီး ချောမောသော ရုပ်ရည်မှာ ဆိုလွန်အောက် မနိမ့်ကျချေ။ သို့သော် သူ၏ ဟန်ပန်မှာ ပို၍ပင် လွတ်လပ်ပေါ့ပါးနေ၏။
တစ်ခါမှ ဆုံဖူးခြင်းမရှိသော်လည်း ထိုလူကို ဆိုလွန် တစ်ချက်ကြည့်ရုံဖြင့် သတိထားမိလိုက်သည်။
ထူလင်းချန် ခေါ် ဝန်ကြီး လျူ ပင်။
ထိုသူသည် ဆိုလွန်၏ အချစ်ပြိုင်ဘက် ဖြစ်ပြီး နိုင်အာ၏ အရင်းနှီးဆုံး လူယုံလည်း ဖြစ်သည်။
ထူလင်းတိ အေးစက်စွာ မေးလိုက်သည်။
“ဒီမှာ ဘာလာလုပ်တာလဲ”
ဝန်ကြီး လျူ လက်ဖြန့်လိုက်၏။
“ဖြေဆေး ပေးစမ်း”
“ဖြေဆေး ပေးပြီး နင့်မိန်းမကို ကယ်ပေးမှာပါ... ဒါပေမဲ့ ဆိုလွန်ကို အရင်သတ်ရမယ်... ဘာလောနေတာလဲ”
ထူလင်းတိ ပြန်ပြောလိုက်သည်။
“နိုင်အာကို ဘာအပေးအယူမှ မပါဘဲ ကယ်မှာ... ဖြေဆေးသာ ပေး”
ဝန်ကြီး လျူ ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
“ထူလင်းမိသားစုက နင့်လို စကားနားမထောင်တဲ့သူမျိုး ဘယ်လိုလုပ် မွေးလာရတာလဲ... အိပ်မက် မက်နေလိုက်... ငါ့ကို အရင်သတ်နိုင်မှ ရမယ်”
ထူလင်းတိ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဝန်ကြီး လျူ ထူလင်းတိ၏ ဂုတ်ကို ညင်သာစွာ ရိုက်ချလိုက်၏။ သူ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လွန်းသဖြင့် ထူလင်းတိ လုံးဝ တုံ့ပြန်ချိန် မရလိုက်ဘဲ မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားတော့သည်။
သူမသည် အဆင့်မြင့် စစ်သည်တစ်ဦး ဖြစ်သော်လည်း ဝန်ကြီး လျူ၏ ရှေ့၌ အင်အားကင်းမဲ့နေခဲ့သည်။
ထို့နောက် ဝန်ကြီး လျူ သူမ၏ အင်္ကျီလက်ထဲသို့ နှိုက်ကာ သေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ သလင်းကျောက်ကဲ့သို့ ကြည်လင်ကာ အတွင်း၌ ကျောက်စိမ်းရောင်အရည်များဖြင့်ပြည့်နေသော ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။
ဤသည်ကား ဖြေဆေးအစစ်ပင်။ နိုင်အာ မိထားသည့် အဆိပ်မှာ သေမင်းကျောက်စိမ်းဟုခေါ် ပြီး ထိုအဆိပ်အတွက် ဖြေဆေးဟူ၍ တစ်လုံးတည်းသာရှိသည်။
အနီးနားရှိ ထူလင်းမိသားစုမှ စစ်သူရဲတစ်ဦးကို ဝန်ကြီး လျူ အမိန့်ပေးလိုက်သည်။
“သူ့ကို ပြန်ခေါ်သွားကြ”
အမျိုးသမီး စစ်သူရဲ နှစ်ဦး ရှေ့ထွက်လာကာ ထူလင်းတိကို မဟာမိတ်တပ်များဆီသို့ တွဲခေါ်သွားကြသည်။ ထူလင်းမိသားစု၏ အစေခံများသာ ဖြစ်သဖြင့် သူတို့၌ ငြင်းဆန်ပိုင်ခွင့် မရှိပါချေ။
ဖြေဆေးကို ရရှိပြီးနောက် ဝန်ကြီး လျူ မည်သူမှ မရှိသည့်အလား ဆိုလွန်ကို ကျော်ဖြတ်၍ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။ အစမှ အဆုံးတိုင်အောင် ဆိုလွန်ကို တစ်ချက်လေးပင် မကြည့်သလို စကားတစ်ခွန်းမျှလည်း မဆိုခဲ့ချေ။ ဆိုလွန်၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုထားခြင်းပင်။
ဆိုလွန်၏ ရင်ထဲ၌ ခံစားချက်တစ်ခုတည်းသာ ရှိတော့၏။
‘သောက်ကျိုးနည်း’
သူ့အပေါ်ထားရှိသော ဝန်ကြီး လျူ၏ အထင်အမြင်သေးသည့် သဘောထားကို ဆိုလွန် ဂရုမစိုက်ချေ။ ယင်းမှာ အပြည့်အဝ အဓိပ္ပာယ်ရှိသောကြောင့် ဖြစ်၏။
ဆိုလွန်၏အကြံမှာ ထူလင်းတိကို အနိုင်ယူပြီးဖြေဆေးကို လုယူကာ သူမကို ဓားစာခံအဖြစ် ဖမ်းဆီးမည်။ ထို့နောက် အပြင်ဘက်ရှိ သောင်းနှင့်ချီသော ရန်သူ့တပ်များကို ဆုတ်ခွာရန် အတင်းအကျပ် ဖိအားပေး၍ ငွေရောင်ဝံပုလွေ စစ်တပ်၏ ဝိုင်းရံခံရမှုကို ဖောက်ထွက်နိုင်မည်ဖြစ်သည်။
ယခု ဝန်ကြီး လျူ ပေါ်လာသဖြင့် ဆိုလွန်၏ ကြိုးပမ်းမှု အားလုံး အချည်းနှီး ဖြစ်သွားရလေပြီ။
ထို့အပြင် လူအုပ်ကြီးထံမှ ဆိုလွန် အပင်ပန်းခံ တည်ဆောက်ထားခဲ့သော လေးစားမှုနှင့် ယုံကြည်မှုများမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး ဝန်ကြီး လျူ၏ လုယူခြင်းကို ခံလိုက်ရတော့သည်။ ဆိုလွန်တစ်ယောက် မိမိ၏အသက်ကိုပင် စွန့်စားခဲ့သော်လည်း ဝန်ကြီး လျူ ကြွားဝါရန်အတွက် စင်မြင့်တစ်ခုအဖြစ် အသုံးချခံလိုက်ရ၏။
…
ဝန်ကြီး လျူ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်အတွင်းသို့ ဝင်ရောက်လာသောအခါ ငွေရောင်ဝံပုလွေ စစ်တပ်မှ စစ်သည်များ လေးစားစွာ လမ်းဖယ်ပေးလိုက်ကြသည်။
နိုင်အာ့အပေါ် ထားရှိသည့် သူ၏ မယိမ်းယိုင်သော သစ္စာစောင့်သိမှုကြောင့် ယခုအခါ သူသည် စစ်မှန်သော ကယ်တင်ရှင်တစ်ဦးအလား လူတိုင်း၏ နှလုံးသားကို အလွယ်တကူ သိမ်းပိုက်သွားလေပြီ။ အချို့စစ်သည်များကမူ ငွေရောင်ဝံပုလွေ စစ်တပ်သာ ဤဝိုင်းရံခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့လျှင် သခင်မလေး ယန်ရွှမ်းက ဝန်ကြီး လျူနှင့် လက်ထပ်ပြီး ထူလင်းမိသားစုထံ သစ္စာခံခြင်းမှာ ထိုမျှလောက် ဆိုးရွားမည်မဟုတ်ဟုပင် တွေးတောလာကြသည်။
ဆိုလွန်လည်း ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲသို့ ပြန်ဝင်လာခဲ့၏။ ဤတစ်ကြိမ်၌ ဂူရင်နှင့် အခြားသူများ သူ့ကို သတ်ရန် မကြိုးစားတော့ချေ။ ထိုအစား သူ့ကို အထင်အမြင်သေးမှု၊ ရန်လိုမှုတို့ဖြင့်ကြည့်လာကြသည်။
သူတို့သည် ဝန်ကြီး လျူကို လမင်းကြီးအား ကြယ်များဝန်းရံသကဲ့သို့ နိုင်အာ၏ အဆောက်အအုံငယ်ဆီသို့ ခြံရံလိုက်ပို့ကြပြီး ဆိုလွန်ကိုလုံးဝ လျစ်လျူရှုထားလိုက်ကြတော့သည်။
နိုင်အာ၏ အဆောက်အအုံငယ် အပြင်ဘက်သို့ ရောက်သောအခါ ဂူရင် လေးစားစွာ ဦးညွှတ်လိုက်သည်။
“သခင်လေး ထူလင်း... ကျေးဇူးပြုပြီး ဝင်ပါ”
“ကျေးဇူးပဲ”
ဝန်ကြီး လျူ ခေါင်းညိတ်လိုက်၏။
တပ်မှူး တွမ် ရှေ့ထွက်လာကာ ဝန်ကြီး လျူအတွက် တံခါးဖွင့်ပေးလိုက်သည်။ တွမ်သည် ဆိုလွန်ကို အလွန် ကျေးဇူးတင်သော်လည်း ဝန်ကြီး လျူ ရောက်လာခြင်းကြောင့် အလွန်အမင်း စိတ်သက်သာရာရသွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤဖြေဆေးအစစ်မှာ နိုင်အာကို ကုသရန် အလုံခြုံဆုံး နည်းလမ်း ဖြစ်နေသောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် တွမ် ဆိုလွန်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး အထဲကို မြန်မြန် ဝင်ပါ”
ဆိုလွန် ခေါင်းညိတ်လိုက်ပြီး သူတို့အနောက်မှ လိုက်ဝင်သွားသည်။ ထို့နောက် တွမ် တံခါးကို ပိတ်လိုက်ရာ ကျန်စစ်သည်များ အပြင်၌ ကျန်ရစ်ခဲ့တော့သည်။
…
အခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဝန်ကြီး လျူ၏ လွတ်လပ်ပေါ့ပါးဟန်ရှိသောအမူအရာများ အားလုံးပျောက်ကွယ်သွားကာ နိုင်အာ၏ ကုတင်ဘေးသို့ ပြေးသွားလိုက်သည်။
ကုတင်ပေါ်ရှိ အားနည်းဖြူရော်နေသော အလှပိုင်ရှင်လေးကို ကြည့်ရင်း သူ၏ အသက်ရှူသံများ မြန်ဆန်လာပြီးလက်သီးကို ကျစ်ကျစ်ဆုပ်ကာ တုန်ယင်နေသော အသံဖြင့် ဆိုလိုက်သည်။
“နိုင်အာ... တောင်းပန်ပါတယ်... ကိုယ်နောက်ကျသွားတယ်”
ထို့နောက် ဆိုလွန်ကို နာကြည်းစွာ စိုက်ကြည့်လိုက်ပြီးမှ နိုင်အာ၏ မျက်နှာပေါ်သို့ အကြည့်များ ပြန်ရောက်သွားသည်။ ဝန်ကြီးလျူသည် မယိမ်းယိုင်သော သစ္စာစောင့်သိမှုများ ပြည့်နှက်နေသောလေသံဖြင့် တီးတိုးရေရွတ်လိုက်၏။
“တောင်းပန်ပါတယ်... အဲဒီတုန်းက ကိုယ် အရမ်း အားနည်းခဲ့တယ်... “
“ကိုယ် အလွယ်တကူ လက်မလျှော့ခဲ့သင့်ဘူး... ဆက်ပြီး ကြိုးစားခဲ့သင့်တာ... အဲ့လိုလုပ်ခဲ့ရင် မင်း ဒီလို ဖြစ်လာမှာ မဟုတ်သလို ဒီလောက်လည်း နာကျင်ခံစားရမှာ မဟုတ်ဘူး”
“မင်းက ဝန်ကြီး လျူ ဖြစ်ရမယ်”
ယန်ယန် ရုတ်တရက် စကားဆိုလာခြင်းပင်။
“ထူလင်းချန် ဦးလေးကို ဂါရဝပြုပါတယ်”
ဝန်ကြီး လျူတစ်ယောက် နောက်ဆုံးတွင် ယန်ယန်ကို သတိပြုမိသွား၏။ ခေတ္တမျှ အံ့ဩသွားသော်လည်း သူ၏ ဝတ်ရုံကိုမကာ အလျင်အမြန် ဒူးထောက်ဂါရဝပြုလိုက်သည်။
သူသည် မြို့စားကြီး ထူလင်း၏ သားဖြစ်သော်လည်း ယန်ယန်၏ ရှေ့၌ ဒူးထောက်လိုက်ကာ ဖခင်တစ်ဦးကဲ့သို့ လေးစားကြောင်း ပြသလိုက်သည်။
ယန်ယန်၏ အေးစက်သောမျက်နှာတွင် သေးငယ်သော အပြုံးတစ်ပွင့်ပေါ်ပေါက်လာ၏။
“အဲဒီတုန်းက နိုင်အာ လောကကြီးထဲ လှည့်လည်သွားလာတော့ မင်းရဲ့ စောင့်ရှောက်မှုကြောင့် အဆင်ပြေခဲ့တာ”
ဝန်ကြီး လျူ ညင်သာစွာ ပြုံးလိုက်သည်။
“အဲ့ဒါက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပါ... နှမြောစရာကောင်းတာက အဲဒီတုန်းက အရမ်း အားနည်းခဲ့လို့ နိုင်အာ ဒီလောက် ကြီးမားတဲ့ ဒဏ်ရာတွေ ရသွားခဲ့တာပဲ”
ယန်ယန် သက်ပြင်းချလိုက်သည်။
“မင်းက အရမ်း သတိထားလွန်းတယ်... မိန်းမတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်ပြီဆိုရင် ကိုယ့်ရဲ့ သဘောထားကို တက်တက်ကြွကြွနဲ့ ပြတ်ပြတ်သားသား ပြသရမယ်”
“ကျွန်တော် မှားမှန်း သိပါပြီ”
ဝန်ကြီး လျူ ဝန်ခံလိုက်၏။
ယန်ယန်၏ ရင်ထဲ၌ ဝန်ကြီး လျူမှာ ချွင်းချက်မရှိ အကောင်းဆုံး သမက်လောင်းပင်။ ဝန်ကြီးလျူသည် နိုင်အာအပေါ် အကြွင်းမဲ့ သစ္စာရှိပြီး နက်ရှိုင်းစွာ ချစ်ခင်ကာ အလွန် အကာအကွယ်ပေးတတ်သူ ဖြစ်သည်။
ယန်ယန် ဝန်ကြီးလျူကို ခေါင်းငြိမ့်ပြလိုက်ကာ မေးလိုက်၏။
“နိုင်အာရဲ့ အခြေအနေကို မင်း ဘယ်လို သိသွားတာလဲ”
“ကျွန်တော် တုန်းလီဘုရင့်နိုင်ငံက မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ တရားထိုင်နေခဲ့တာ... ဒါပေမဲ့ စိတ်အေးချမ်းမှု လုံးဝ မရခဲ့ဘူး...”
“သိပ်မကြာခင်က ကျွန်တော့်ညီမဆီကနေ နိုင်အာကို ကျွန်တော့်ဆီ ပြန်ရောက်အောင် လုပ်ပေးနိုင်တယ်ဆိုပြီး စာပို့လာတယ်... ကျွန်တော် ချက်ချင်း စိတ်ပူသွားတော့တာပဲ...”
“ညီမက ရက်စက်တတ်တော့ ဒီကိစ္စမှာ သူ နိုင်အာကို နာကျင်အောင် လုပ်မိသွားမှာ အရမ်း ကြောက်လို့ အမြန် ပြန်လာခဲ့တာ”
“ကံကောင်းလို့ သိပ်နောက်မကျသွားတာ... မဟုတ်ရင် ကျွန်တော် နိုင်အာ့နောက် မရဏကမ္ဘာအထိ လိုက်သွားရတော့မယ်”
ဝန်ကြီး လျူ အလျင်အမြန်ရှင်းပြကာ သက်ပြင်းမောတစ်ချက်ချမိလိုက်သည်။
ယန်ယန် ဆက်၍မေးလိုက်သည်။
“နိုင်အာကို ကုသပြီးရင် မင်း ဘာအစီအစဉ် ရှိလဲ”
“ကျွန်တော့်မိသားစုကို အမွေဆက်ခံဖို့ ဆန္ဒ မရှိဘူး... နိုင်အာ နိုးလာရင် လွတ်လပ်ပေါ့ပါးတဲ့ ဘဝလေး ဖြတ်သန်းချင်ရုံပါ... ဒီမှာ နေလို့ရရင် နေမယ်... နေလို့မရရင်တော့ မြို့တော်ကိုပဲ ပြန်သွားမယ်...”
“ဝန်ကြီး လျူ ဆိုတဲ့ ခေါင်းစဉ်ကို ဘယ်တော့မှ စွန့်လွှတ်ဖို့ အစီအစဉ် မရှိဘူး”
ဝန်ကြီး လျူ ရိုးသားစွာ ပြန်ဖြေလိုက်၏။
သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။ ယနေ့မှစ၍ သူသည် ဝန်ကြီး လျူ အဖြစ်သာ နေထိုင်မည်ဖြစ်ပြီး ထူလင်းချန် ဟူသော သူ၏ဖြစ်တည်မှုကို စွန့်လွှတ်ပေတော့မည်။ ယင်းက အလွန် ပြီးပြည့်စုံနေ၏။
အဘယ်ကြောင့်ဆိုသော် ယန်ယန်သည် နိုင်အာ့ကို ထူလင်းမိသားစုထဲသို့ လက်ထပ်မပေးချင်ကြောင်း သေချာနေသောကြောင့်ပင်။ ချမ်းသာ မြင့်မြတ်သော မိသားစုများမှာ အလွန် ရှုပ်ထွေးလွန်းပြီး အတွင်းရေး ပဋိပက္ခများနှင့် ပြည့်နှက်နေသည်မဟုတ်ပါလော။
ဝန်ကြီး လျူသည် လွတ်လပ်ပေါ့ပါးသော နှလုံးသားနှင့် ထက်မြက်သော ဉာဏ်ရည်ရှိသည့် နဂါးစစ်သည်တော်တစ်ဦးဖြစ်သည်။ အကယ်၍ သူသာ နိုင်အာကို အစွမ်းကုန် ကူညီကာကွယ်ရန် နေရစ်ခဲ့ပါက ပြီးပြည့်စုံသော ဇာတ်သိမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့အပြင် ဝန်ကြီး လျူ ရှိနေခြင်းဖြင့် အပြင်ဘက်ရှိ မဟာမိတ်တပ်များလည်း ငွေရောင်ဝံပုလွေစစ်တပ်ကို ထိရဲတော့မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဝန်ကြီးလျူမှာ ထူလင်းမိသားစု၏ သခင်လေး ဖြစ်နေဆဲပင်။
ယန်ယန်နှင့် ဝန်ကြီး လျူတို့ ယောက္ခမနှင့် သမက်အလား ရင်းနှီးစွာ စကားပြောနေကြသည်ကို မြင်သောအခါ ဆိုလွန်တစ်ယောက် အလွန် နေရာမကျသလို ခံစားလိုက်ရသည်။ သို့သော် ဆိုလွန်မှာ အလွန် မျက်နှာအရေထူသူ ဖြစ်၏။
မိမိချစ်ရသူအတွက် နောက်ဆုတ်ပေးကာ မျက်ရည်ကျရင်း ဆုတောင်းပေးမည့် လူမိုက်မျိုး ဘယ်သောအခါမှ ဖြစ်လာမည်မဟုတ်ချေ။
ယန်ယန် အနံ့ပြင်းသော ဆေးလုံးတစ်လုံးကို ထုတ်ယူကာ နိုင်အာ၏ နှာခေါင်းအောက်၌ ထားလိုက်သည်။ ထို့နောက် သူ၏ လက်ဝါးများကို သူမ၏ နားထင်ပေါ် တင်ကာ ညင်သာစွာ နှိပ်နယ်ပေးလိုက်၏။
ခဏအကြာ၌ နိုင်အာ ဖြည်းညှင်းစွာ သတိရလာတော့သည်။ ဝန်ကြီး လျူကို မြင်လိုက်ရသည့် အခိုက်အတန့် သူမ၏ လှပသော မျက်လုံးများ ဝမ်းသာမှုကြောင့် တောက်ပသွားသည်။
“ဝန်ကြီး လျူ... ရောက်လာတာလား”
နိုင်အာသည် အမြဲတမ်း ဝန်ကြီး လျူဟု ရိုးရှင်းစွာ ခေါ်ဆိုပြီး အစ်ကို လျူ ဟူသော ရင်းနှီးသည့် အသုံးအနှုန်းမျိုး မသုံးခဲ့ချေ။
နိုင်အာကိုကြည့်လာသောလဝန်ကြီး လျူ၏ အကြည့်များမှာ ရေလို နူးညံ့နေ၏။
“အင်း ကိုယ် ရောက်လာပြီ...”
“နောက်ကျသွားလို့ တောင်းပန်ပါတယ်”
နိုင်အာ အားနည်း ဖျော့တော့နေသေးသော်လည်း စိတ်လှုပ်ရှားစွာဖြင့် စကားပြောလာသည်။
“ဝန်ကြီး လျူကို မြင်ရတာ ဝမ်းသာစရာပဲ... ဒီ၂နှစ်အတွင်း ရှင့်အကြောင်း ခဏခဏ တွေးနေခဲ့တာ”
နိုင်အာ၏စကားကြောင့် ဝန်ကြီး လျူ ခံစားချက်များ လွှမ်းမိုးလာသဖြင့် အသက်ရှူရန်ပင် ခက်ခဲသွားရသည်။ ထို့နောက် သူလည်း စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်၏။
“ကိုယ်လည်း မင်းအကြောင်း အချိန်တိုင်း တွေးနေတာ... မြို့တော်နဲ့ ဝေးနေရတဲ့ နေ့တိုင်းက တစ်သက်တာလို ခံစားရတယ်”
ထိုအချိန်တွင် ရုတ်တရက် နိုင်အာ စကားဖြတ်မေးလိုက်သည်။
“ဒီနေ့ ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ”
“ကိုယ် မင်းကို ကယ်ဖို့ လာတာ... မင်း မိထားတဲ့ သေစေနိုင်တဲ့ အဆိပ်က သေမင်းကျောက်စိမ်းလေ... ဒါက တစ်ခုတည်းသော ဖြေဆေးပဲ”
ဝန်ကြီး လျူ ဖြေဆေးကို ထုတ်ပြကာ ပြောလိုက်၏။
အပိုင်း ၂၉၇ ပြီး။