အခန်း ၂၉၈
Vol. 30 Ch. 298
အပိုင်း ၂၉၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
နိုင်အာ ဝန်ကြီးလျူ၏ လက်ထဲမှဖြေဆေးကို တစ်ချက်ကြည့်လိုက်သည်။
“ဘယ်က ရလာတာလဲ”
“ထူလင်းတိဆီက ခိုးလာတာ”
နိုင်အာ၏ အကြည့်များ နူးညံ့သွားသော်လည်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“ကျေးဇူးပါ ဝန်ကြီး လျူ... ရှင် ကျွန်မအပေါ် အမြဲတမ်းကောင်းပေးပါတယ်... ဒါပေမဲ့ အခု ဒီကိစ္စကြောင့် ရှင့်ညီမနဲ့ နောက်တစ်ကြိမ် ပြဿနာ တက်ရတော့မှာပဲ”
“ဒါ အစကတည်းက သူ့အမှားပဲ... မင်းအတွက်ဆို ကိုယ် ဘာမဆို လုပ်ဖို့ ဆန္ဒရှိတယ်... မင်းကို ဘယ်သူမှ နာကျင်အောင် လုပ်ခွင့်မပေးဘူး... တစ်ယောက်မှ ခွင့်မပြုပေးနိုင်ဘူး”
နိုင်အာအပေါ် ချစ်မြတ်နိုးမှုများဖြင့် နစ်မျောနေသော ဝန်ကြီး လျူမှ ပြောလိုက်ခြင်းပင်။
နောက်ဆုံးစကားများကို ပြောလိုက်ချိန်၌ ဆိုလွန်ကို စိုက်ကြည့်လိုက်ပြီးမှ ဖြေဆေးကို နိုင်အာထံ ဂရုတစိုက် ကမ်းပေးလိုက်သည်။
“မြန်မြန် သောက်လိုက်... ဒါမှ မင်း သက်သာလာမှာ”
နိုင်အာ သူမ၏ သွယ်လျသော လက်ကလေးကို ဆန့်တန်းလိုက်ရာ ဝန်ကြီး လျူက ဖြေဆေးကို သူမ၏ လက်ဖဝါးပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။ ဆေးလုံးမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး အတွင်း၌ ကျောက်စိမ်းရောင် အရည်များ ပြည့်နှက်နေ၏။
နိုင်အာ မေးလိုက်သည်။
“ဒါက တစ်ခုတည်းသော ဖြေဆေးလား”
“ဟုတ်တယ်... ဟေးပင်းစံအိမ်ရဲ့ သေစေနိုင်တဲ့ အဆိပ်တွေက အဆိပ်တစ်မျိုးအတွက် ဖြေဆေး တစ်ခုပဲ အမြဲတမ်း ရှိတာ”
ဝန်ကြီး လျူ အတည်ပြုပေးလိုက်၏။
နိုင်အာ ဝန်ကြီး လျူ၏ မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။
“ဒီလောကကြီး တစ်ခုလုံးမှာ ရှင်က ကျွန်မအပေါ် အကောင်းဆုံး လူပဲ...”
“ပြီးတော့ ကျွန်မ အယုံကြည်ရဆုံး လူလည်း ဖြစ်တယ်... ရှင့်ကို ဘာမဆို ပြောပြဖို့ ကျွန်မမှာ ဆန္ဒရှိပါတယ်”
ဝန်ကြီး လျူ အလျင်အမြန် ခေါင်းရမ်းလိုက်၏။
“မဟုတ်ဘူး... ကိုယ် မင်းအပေါ် လုံလောက်အောင် မကောင်းပေးခဲ့ဘူး...ကိုယ်သာ ကောင်းခဲ့ရင် မြို့တော်မှာတုန်းက လွယ်လွယ်နဲ့လက်လျှော့ခဲ့မှာ မဟုတ်ဘူး... အားနည်းစွာနဲ့ ထွက်ပြေးခဲ့မှာမဟုတ်ဘူး...”
“မင်းရဲ့ရှေ့မှာ ကိုယ့်ရဲ့ခံစားချက်တွေကို ရဲရဲဝံ့ဝံ့ဝန်ခံပြီး မင်းကို ကာကွယ်ဖို့ တိုက်ပွဲဝင်ခဲ့သင့်တာ... အဲ့ဒီ အရှက်မရှိတဲ့ လူယုတ်မာဆီ မင်းကို မထားခဲ့သင့်သလို ဒီလို ကြောက်စရာကောင်းတဲ့ နာကျင်မှုတွေ ခံစားရအောင်လည်း ခွင့်မပြုခဲ့သင့်ဘူး”
“ဖြန်း... ဖြန်း... ဖြန်း”
ဆိုလွန်တစ်ယောက် ပါးကို အကြိမ်ကြိမ် အရိုက်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး မမြင်ရသော ရိုက်ချက်များကြောင့် သူ၏ ပါးပြင်များ ပူထူလာရသည်။
နိုင်အာ သူမလက်ထဲရှိ ဆေးလုံးကို စိုက်ကြည့်လိုက်၏။ လောကရှိ တစ်ခုတည်းသော ဖြေဆေးပင်။ ထို့နောက် သူမ၏ မျက်လုံးများ နူးညံ့သွားကာ ဝန်ကြီး လျူကို ပြန်ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရန်သူတွေဆီကနေရော မိစ္ဆာသားရဲတွေဆီကနေရော...ရှင် ကျွန်မကို ကာကွယ်ပေးပြီး မရေမတွက်နိုင်အောင် ကယ်တင်ခဲ့တယ်...”
“ကျွန်မအတွက် အကြိမ်ကြိမ် ရှေ့ထွက်ရပ်တည်ပေးပြီး ဓားတွေ၊ အန္တရာယ်တွေကနေ အကာအကွယ် ပေးခဲ့တယ်... ကျွန်မ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ရှင့်ရဲ့ ကာကွယ်မှုကို အမြဲတမ်း အလကားရတယ်လို့ သဘောထားခဲ့တာ...”
“မဟုတ်ဘူး... မဟုတ်ပါဘူး”
ဝန်ကြီး လျူ အလွန် စိတ်လှုပ်ရှားသွားသဖြင့် သူ၏ နှလုံးခုန်သံများ မြန်ဆန်လာလေပြီ။
“အဲ့ဒါ ကိုယ့်ရဲ့ ပျော်ရွှင်မှုပဲ... ကိုယ့်အတွက် အကြွင်းမဲ့ ဂုဏ်ကျက်သရေပါ...”
“နိုင်အာ... ဒီနေ့ကစပြီး ကိုယ် ပိုသန်မာလာအောင် လုပ်မယ်... အရင်တုန်းကလိုမျိုး နောက်ဆုတ်မှာလည်းမဟုတ်တော့သလို အားနည်းနေမှာလည်း မဟုတ်တော့ဘူး...”
“ကိုယ် မင်းကို တစ်သက်လုံး ကာကွယ်ပေးမယ်... ဘယ်သူ့ဆီမှ လက်လွှတ်မပေးနိုင်ဘူး... ဘယ်ကောင်မှ မင်းကို ထပ်ပြီး နာကျင်အောင် လုပ်ခွင့်ပြုမှာ မဟုတ်တော့ဘူး”
“ကျေးဇူးပါ ဝန်ကြီး လျူ”
နိုင်အာ၏ အကြည့်များ စူးရှလာကာ ရုတ်တရက်ဖြတ်ပြောလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံ၍ စကားတစ်လုံးချင်းစီ ဖြည်းညှင်းစွာ ဆက်ပြောလာသည်။
“အရင်က ငါ ရိုးအပြီး အသိဉာဏ် ကင်းမဲ့ခဲ့လို့ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်... ဒါပေမဲ့ ဒီနေ့ကစပြီး အဲဒီအမှားမျိုးတွေ ထပ်မလုပ်နိုင်တော့ဘူး...”
“ရှင့်ရဲ့ ကိုယ်ကျိုးစွန့် ကာကွယ်မှုတွေ၊ ပေးဆပ်မှုတွေကို ကျွန်မ တစ်ကိုယ်ကောင်းဆန်စွာနဲ့ ဆက်ပြီး လက်ခံနေလို့ မရတော့ဘူး”
ထိုစကားကို ကြားသောအခါ အခန်းတွင်းရှိ လူအားလုံး မှင်သက်သွားကြလေပြီ။
ထို့နောက် နိုင်အာ ချိုမြိန်စွာ ပြုံးလိုက်ကာ လူတိုင်းထင်မထားသည့်အရာတစ်ခုကိုလုပ်လိုက်၏။
“ဖောက်”
လောကရှိ တစ်ခုတည်းသော ဖြေဆေးကို ညင်သာစွာ ညှစ်ခွဲကာ အကြွင်းအကျန်များကို အနီးနားရှိ ဖယောင်းတိုင်မီးတောက်ထဲသို့ တည့်တည့် ပစ်ထည့်လိုက်လေပြီ။
“ဝုန်း”
အရည်များ မီးနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း လောင်ကျွမ်းကာ ပြာအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားတော့သည်။
“မလုပ်နဲ့”
ဆိုလွန်အပါအဝင်အခန်းအတွင်းရှိ အမျိုးသား သုံးဦးစလုံး၏ မျက်လုံးများ အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားကာ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြ၏။
ထိုအမျိုးသား သုံးဦး ဖြေဆေးကို အဖက်ဆည်ရန် ဖယောင်းတိုင်မီးရှိရာဆီသို့တပြိုင်နက်တည်းနီးပါး ပြေးလာကြသည်။
သို့သော် အရာအားလုံးက အလွန် လျင်မြန်လွန်းလှပေသည်။
နိုင်အာနှင့် ဝန်ကြီးလျူတို့နှစ်ဦး လွတ်လပ်စွာ စကားပြောနိုင်ရန်အတွက် အဝေး၌ကျောပေးရပ်နေခဲ့သော ယန်ယန်မှာ အချိန်မီ မရောက်နိုင်ခဲ့ချေ။
နိုင်အာ၏ ချစ်စဖွယ် အကြည့်များ၌ နစ်မျောနေခဲ့သော ဝန်ကြီး လျူမှာလည်း သူမ၏ လက်လှုပ်ရှားမှုများကို လုံးဝ သတိမထားမိခဲ့ပေ။
ဆိုလွန်ကမူ နိုင်အာတစ်ယောက် ဖြေဆေးအစစ်ကို အမြန်ဆုံး သောက်စေချင်ခဲ့ပြီး အချစ်ဇာတ်လမ်းများကို နောက်မှ ရှင်းလင်းရန် စီစဉ်ထားခဲ့သည်။ မိမိ၏ အမှောင်စွမ်းအားများဖြင့် သူမကို ကယ်တင်နိုင်သော်လည်း ကြောက်မက်ဖွယ် နောက်ဆက်တွဲ ဆိုးကျိုးများ မခံစားစေချင်သဖြင့် အဆိုပါ စွမ်းအားများကို အသုံးပြုရန် ငြင်းဆန်ခဲ့သည်။
ဆေးလုံးကို သောက်လိုက်ခြင်းဖြင့် နိုင်အာတစ်ယောက် ဝန်ကြီး လျူအပေါ် ကြီးမားသော ကျေးဇူးတင်မှု ခံစားရမည်ဖြစ်ပြီး ဆိုလွန် ကိုယ်တိုင်လည်း သူ၏ ပြိုင်ဘက်ကြောင့် အကြီးအကျယ် အရှက်ရမည်ကို သိထား၏။ မိမိချစ်ရသော အမျိုးသမီးကို အခြားအမျိုးသားတစ်ဦးက ကယ်တင်သည်ကို ကြည့်နေရခြင်းမှာ သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဝန်ခံရ ပေမည်။
ထို့ကြောင့် ဝမ်းနည်းမှုတစ်ခု ခံစားလိုက်ရသဖြင့် နိုင်အာနှင့် ဝန်ကြီး လျူတို့ အကြည့်ချင်း ဖလှယ်နေသည်ကို ဆိုလွန်မကြည့်လို၍ အလိုအလျောက် အကြည့်လွှဲထားခဲ့မိသည်။
နိုင်အာသည် ဝန်ကြီး လျူနှင့် ပတ်သက်မှုများကို ထာဝရ ဖြတ်တောက်ကာ နောက်ဆုံးနှင့် အပြီးတိုင် နှုတ်ဆက်စကား ဆိုနေခြင်းဖြစ်မည်ဟု သူတို့ထဲမှ မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။
သူတို့ သုံးဦး ရှေ့သို့ ပြေးဝင်သွားချိန်၌ အလွန် နောက်ကျသွားလေပြီ။ နိုင်အာတစ်ယောက် သာမန်အတိုင်း ပျောက်ကင်းနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်ကိုသာ အကူအညီမဲ့စွာဖြင့် ကြည့်နေနိုင်တော့သည်။
ဝန်ကြီး လျူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်သွား၏။ နိုင်အာကို ကြောင်အစွာ စိုက်ကြည့်နေပြီးမှ အက်ကွဲတုန်ယင်နေသော အသံဖြင့် မေးလာသည်။
“ဘာလို့လဲ... ဘာလို့လဲ”
နိုင်အာ သူ့ကို ကြင်နာစွာ ကြည့်လိုက်သည်။
“ဝန်ကြီး လျူ... ရှင့်ရဲ့ ကာကွယ်မှုတွေ၊ ပေးဆပ်မှုတွေကို သန့်ရှင်းတဲ့ စိတ်နဲ့ကျွန်မ ဆက်ပြီး လက်ခံလို့ မရတော့ဘူး... “
“ဘာလို့လဲဆိုတော့ ကျွန်မက တစ်ယောက်တည်း မဟုတ်တော့လို့ပဲ... ကျွန်မ ရှင့်ကို အကြွေးတင်တာ ကိစ္စမရှိပေမဲ့... ကျွန်မ ခင်ပွန်းကိုပါ ရှင့်ဆီ အကြွေးတင်ခွင့် မပေးနိုင်ဘူး”
ထို့နောက် သူမ၏ လှပသော မျက်လုံးများ ဆိုလွန်ထံ ရောက်ရှိသွားသည်။
“ပြီးတော့ အခုအချိန်မှာ ကျွန်မရဲ့ သက်တမ်း ဆယ်စုနှစ်ချီပြီး ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်မအသက်ကို ကယ်တင်ဖို့ ကျွန်မချစ်တဲ့ ယောက်ျားကိုပဲ ခွင့်ပြုတယ်...”
“တခြားယောက်ျားတစ်ယောက်ကို ကျွန်မရဲ့အသက် ကယ်ခွင့်ပြုလိုက်ရင် သူ့ရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားတော့မလဲ”
နိုင်အာ၏ စကားများကို ကြားသောအခါ ဆိုလွန် ထပ်မံ မထိန်းထားနိုင်တော့ချေ။ သူ၏ ရင်ထဲ၌ ပူနွေးသောခံစားချက်များလှိက်တက်လာကာ မျက်ရည်များ ဝဲလာတော့သည်။
နိုင်အာ၏ စကားများမှာ ထက်မြက်သော ဓားများအလား ဝန်ကြီး လျူ၏ ရင်ကို စိုက်ဝင်သွား၏။
သူ၏ အကြည့်များမှာ အံ့ဩမှုမှ စိတ်ပျက်အားငယ်မှုသို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် အဆုံးမဲ့ ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဘာလို့လဲ”
“ဒီကောင်နဲ့ ယှဉ်ရင် ငါ ဘာလိုနေလို့လဲ...”
“အဆင့်အတန်း၊ ဉာဏ်ရည်ဉာဏ်သွေး၊ ပါရမီ၊ သိုင်းပညာ၊ ရုပ်ရည်၊ ဆွဲဆောင်မှု... ဘယ်အချက်ကများ ငါ သူ့ထက် ဆယ်ဆ၊ အဆတစ်ရာ မသာလို့လဲ”
ဝန်ကြီး လျူ ဆိုလွန်ကို လက်ညှိုးထိုးကာ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ခြင်းပင်။
နိုင်အာ ဝန်ကြီး လျူကို ပြန်မဖြေချေ။ သူမ သူ့ကို တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။
ဆိုလွန်ကမူ မည်သည့် ကျေနပ်ဂုဏ်ယူမှုမျှ မပြသဘဲ ခေါင်းငုံ့၍သာ ရပ်နေ၏။ နိုင်အာ၏ နောက်ဆုံးရွေးချယ်မှုက သူ့ကို ခံစားချက်များ လွှမ်းမိုးသွားစေပြီး အလွန်အမင်းဝမ်းနည်းနာကျင်စေသောကြောင့်ပင်။
သူမ ဤသို့လုပ်ခြင်းမှာ ဆိုလွန်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်ဖြစ်သော်လည်း ထိုအတွက် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ ကြီးမားလွန်းလှသည်။ နိုင်အာသည် အလွန် ချစ်စရာကောင်းပြီး သစ္စာရှိလှသော မိန်းကလေးတစ်ဦးပင်။ ဆိုလွန် မိမိကိုယ်မိမိ သူမနှင့် လုံးဝ မထိုက်တန်ဟု ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်၌ ဆိုလွန် ဝန်ကြီး လျူကို အော်ဟစ်လိုက်ချင်မိ၏။
‘မင်း ဘာလို့ ဒီကို လာရတာလဲ... မင်းသာ မလာခဲ့ရင် ငါ ထူလင်းတိဆီက ဖြေဆေးကို လုယူပြီးနေပြီ’
သို့သော် ယခုမူ နိုင်အာသည် တစ်ခုတည်းသော ဖြေဆေးကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ လုံးဝ ပြန်လည်ပြင်ဆင်၍ မရနိုင်တော့ချေ။
“ဒီလူယုတ်မာကောင်က ပါးစပ်သရမ်းပြီး အရှက်မရှိတာကလွဲရင် ဘာလုပ်နိုင်သေးလို့လဲ”
“တော်ဝင်အကယ်ဒမီမှာ မိန်းကလေး ဘယ်နှစ်ယောက်ကို သူ ဖျက်ဆီးခဲ့လဲ ဆိုတာ မင်း သိရဲ့လား... သူ မင်းကို တစ်ခါ စွန့်ပစ်ခဲ့ပြီးပြီကို မင်းက... မင်းက...”
ဝန်ကြီး လျူ ဆိုလွန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။
ဝန်ကြီး လျူ သူမကို တန်ဖိုးမရှိသည့် မိန်းမ ဟု ခေါ်ချင်သော်လည်း နိုင်အာဖြစ်နေသဖြင့် ထိုသို့ ပြောရန် မတတ်နိုင်ခဲ့ချေ။
သူ၏ ဒေါသကို အသည်းအသန် ဖိနှိပ်ကာ ဝမ်းနည်းစွာ ပြောလိုက်၏။
“ဆိုလွန်လို ယောက်ျားမျိုးရဲ့စကားကို သာမန် မိန်းမတွေပဲ သဘောကျပြီး သူ အရူးလုပ်တာခံရတာပါ...”
“မင်းက အရမ်း ထက်မြက်ပြီး ထူးခြားတဲ့သူတစ်ယောက်လေ... ဒီလို အရည်အချင်းမရှိဘဲ ဟန်ဆောင်ကောင်းတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်လိုလုပ် သဘောကျနိုင်ရတာလဲ”
“ကျွန်မက တခြား မိန်းကလေးတွေနဲ့ မကွာပါဘူး”
နိုင်အာ ဝန်ကြီး လျူကို ကြည့်ကာ ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝန်ကြီး လျူ ရူးသွပ်စွာ ခေါင်းရမ်းလိုက်မိသည်။ သူမသာ သာမန် မိန်းကလေးတစ်ဦး ဖြစ်ခဲ့လျှင် အဘယ်သို့ ဤမျှ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားရမည်နည်း။
ဆိုလွန်လည်း စိတ်ထဲမှ ခေါင်းရမ်းလိုက်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက မိန်းကလေး အများအပြားကို မြင်တွေ့ခဲ့ရသော်လည်း နိုင်အာလို မိန်းကလေးမျိုး တစ်ယောက်သာ ရှိ၏။ သူမသည် သူ့အတွက်တော့ နတ်သမီးလေးတစ်ပါးပမာ အဖိုးတန် ရတနာလေးတစ်ပါးပင်။ သူ၏ ဘဝထဲသို့ သူမလေး ရောက်ရှိလာခြင်းမှာ အကြွင်းမဲ့ ကံကောင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။
ဝန်ကြီး လျူ ဝမ်းနည်းဒေါသထွက်စွာဖြင့် မေးလိုက်သည်။
“ဆိုလွန်က မင်းကို အရင်ကလို ထပ်ပြီး ပြင်းပြင်းထန်ထန် နာကျင်အောင် လုပ်ရင်ကော ဘယ်လိုလုပ်မလဲ”
“သူ လုပ်မှာ မဟုတ်ဘူး... ဒါပေမဲ့ လုပ်ခဲ့ရင်တောင် ကျွန်မ လက်ခံမှာပါ... လူတိုင်း ကိုယ့်ရွေးချယ်မှုအတွက် ကိုယ် တာဝန်ယူရမှာပဲ”
နိုင်အာ ပြတ်သားစွာ ပြန်ပြောလိုက်၏။
ထိုအခိုက်အတန့်၌ ဝန်ကြီး လျူ ၏ နှလုံးသားမှာ အပေါက်များ ဗလပွဖြစ်သွားကာ ဂုဏ်သိက္ခာများ တစ်စစီ ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။
မိုင်ထောင်ချီ ခရီးနှင်ပြီး ဤနေရာသို့ လာခဲ့ကာ မိသားစု အကျိုးစီးပွားကို ထိခိုက်စေရန် မတုံ့ဆိုင်းခဲ့သလို သူ၏ ညီမအရင်း ထူလင်းတိကိုပင် ဆန့်ကျင်ခဲ့သည်။
သို့သော် နိုင်အာက သူ၏ စေတနာနှင့် ဖြေဆေးကို အမှိုက်တစ်စပမာ စွန့်ပစ်လိုက်လေပြီ။
ဝန်ကြီး လျူ၌ နိုင်အာအပေါ် မယိမ်းယိုင်သော သစ္စာစောင့်သိမှုများ ရှိနေသော်လည်း သူမ၏ အချစ်ကို တစ်စက်လေးမျှပင် မရရှိခဲ့ချေ။
ဆိုလွန် သူမကို အကြိမ်ကြိမ် နာကျင်အောင် လုပ်ခဲ့သော်လည်း သူမကမူ ဆိုလွန်အပေါ် သစ္စာရှိနေဆဲဖြစ်ကာ သူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ကိုယ်ပိုင်အသက်ကိုပင် စွန့်စားခဲ့သည်။
သူမ၏ နှလုံးသားထဲ၌ ဆိုလွန်နှင့် ယှဉ်လျှင် ဝန်ကြီး လျူမှာ မြေမှုန်တစ်စပမာ အရေးမပါသူ တစ်ဦးသာ ဖြစ်ပေလိမ့်မည်။
‘ဒီလို မိန်းမမျိုးက ငါ့ခံစားချက်တွေ အားလုံးနဲ့ ထိုက်တန်ရဲ့လား... ငါ့ရဲ့ အရူးအမူး ချစ်ခြင်းနဲ့ ထိုက်တန်ရဲ့လား’
ဝမ်းနည်းမှု၊ ဒေါသများ လွှမ်းမိုးလာကာ ဝန်ကြီး လျူ ရုတ်တရက် ရယ်မောလိုက်တော့သည်။
စူးရှကြေကွဲနေသော ရယ်သံပင်။
“ဟားဟားဟားဟား...”
“ဟားဟားဟားဟား... လူတွေ အားလုံးက လူမိုက်တွေချည်းပဲ၊ ငါကတော့ အကြီးဆုံး လူမိုက်ကြီးပေါ့”
“အစကတည်းက ဒီကိုမလာခဲ့သင့်တာ... ဒီလောက် အဝေးကြီး လာခဲ့တာတောင် အားလုံးက ငါ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေချည်းပဲ ဖြစ်နေခဲ့တယ်...”
“ငါလာခဲ့ရတဲ့ခရီး ၊ လုပ်ခဲ့တဲ့လုပ်ရပ်တွေက ဘာအဓိပ္ပာယ်ရှိတော့လို့လဲ”
“နှုတ်ဆက်ပါတယ်... မင်းတို့ ပျော်ရွှင်ပါစေ”
နောက်ဆုံးစကားများကို ပြောလိုက်ချိန်၌ ဝန်ကြီး လျူ၏ မေးရိုးများတင်းထောင်နေကာသူ၏ ချောမောသော မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေ၏။
ထို့နောက် ဝန်ကြီးလျူတစ်ယောက် လေပြင်းတစ်ချက်ပမာ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
သူ၏ ကြေကွဲဖွယ် ရယ်မောသံများမှာ အဝေး၌ တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။
…
အပိုင်း ၂၉၈ ပြီး။