← Chapters

အခန်း ၂၉၉

Vol. 30 Ch. 299

အခန်း ၂၉၉

Vol. 30 Ch. 299

အပိုင်း ၂၉၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ဝန်ကြီး လျူ ထွက်သွားပြီးနောက် အခန်းထဲ၌ ယန်ယန်၊ ဆိုလွန်နှင့် နိုင်အာ သုံးဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ယန်ယန် သမီးဖြစ်သူကို ကြည့်ကာ ဒေါသတကြီး မေးလိုက်၏။

“မင်း ဘာလို့ ဒီလို လုပ်ရတာလဲ”

“အဖေ ဘာလုပ်ချင်နေလဲ ဆိုတာ သမီး သိတယ်... ဒါပေမဲ့ သမီး အဖေ့ကို အဲ့ဒီလို လုပ်ခွင့်မပေးနိုင်ဘူး”

နိုင်အာ တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

“သူ ငါ့အသက်ကို ကယ်ခဲ့တာကို ကျေးဇူးဆပ်ဖို့အတွက် မင်း ဒီလို လုပ်နေတာလား...”

“အဲ့လိုဆိုရင် ငါ့အသက်ကိုပဲ သူ့ဆီ ပြန်ပေးလိုက်လို့ ရတယ်... ဘာလို့ ဒီလို လုပ်ရတာလဲ... မင်း ကိုယ့်လွတ်လမ်းကို ကိုယ်တိုင် ပြန်ပိတ်နေတာပဲ”

ဝန်ကြီး လျူ ရှိနေခြင်းဖြင့် ဖြေဆေးကို ပေးနိုင်ရုံသာမက ငွေရောင်ဝံပုလွေ စစ်တပ်ကိုလည်း လွတ်မြောက်ရန် ကူညီပေးနိုင်မည်ဖြစ်၏။ သို့သော် သူ၏သမီးဖြစ်သူမှ ထင်မထားသောလုပ်ရပ်မျိုး လုပ်လိုက်လေပြီ။

“ဆိုလွန်နဲ့ သမီးကြားမှာ ဘယ်သူကမှ ဘယ်သူ့ကို အကြွေးမတင်ဘူး”

ဘယ်သူက ဘယ်သူ့ကို အကြွေးမတင်တာလဲ။ မိဘနှင့် သားသမီး၊ အရင်းနှီးဆုံး ချစ်သူများသာလျှင် တစ်ယောက်ကိုတစ်ယောက် အကြွေးမတင်ကြခြင်းပင်။

ယန်ယန် တစ်စုံတစ်ခုကိုသဘောပေါက်သွားကာ ရုတ်တရက် တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

“မင်း သူနဲ့အတူ ထပ်ပြီး ထွက်သွားမလို့လား”

“ဟုတ်တယ်”

“အခု အဖေ ပြန်ကောင်းလာပြီဆိုတော့ သမီးရဲ့ ကိုယ်ပိုင် ပျော်ရွှင်မှုကို လိုက်ရှာတော့မယ်... သူ သွားတဲ့နေရာတိုင်း သမီး လိုက်သွားမယ်”

ထိုစကားကြားလျှင် ယန်ယန်၏ မျက်နှာ ရှုံ့မဲ့သွား၏။

“မင်း သူနဲ့အတူ သွားမယ်ဆိုတော့ အဖေကရော ဘယ်လိုလုပ်မလဲ... ငွေရောင်ဝံပုလွေ စစ်တပ်ကရော ဘယ်လိုလုပ်မလဲ... မင်း ငါတို့ကို စွန့်ပစ်သွားတော့မလို့လား”

“ငွေရောင်ဝံပုလွေ စစ်တပ်က အဖေ့ဟာလေ... သမီးက ယာယီ ထိန်းသိမ်းထားပေးတာပဲ ရှိတာ”

“အခု အဖေ့ဆီ ပြန်အပ်ပြီ... အဖေက သမီးရဲ့ အဖေပဲ..အဲ့ဒါ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

“ဒါပေမဲ့.. သမီးမိန်းကလေး ကြီးလာရင်တော့ တစ်ချိန်ချိန်မှာ အိမ်ထောင်ပြုရမှာပဲ”

နိုင်အာ ပြတ်သားစွာဖြင့်ပြန်ပြောလိုက်၏။

ယန်ယန်၏ သွားများ ရိုက်ခတ်သွားပြီး သူ၏အသံများ အက်ကွဲဆို့နင့်လေပြီ။

ဆိုလွန်က သူ့ကို ကယ်တင်ခဲ့သော်လည်း ယန်ယန်သည် ထိုလူငယ်အပေါ် နက်နက်ရှိုင်းရှိုင်း နာကြည်းနေဆဲဖြစ်သည်။ ယခုအချိန်အထိ ဆိုလွန်ကို စကားတစ်ခွန်းမျှ မပြောခဲ့ခြင်းက သက်သေပင်။

ဆိုလွန်ထံမှ လွတ်မြောက်ရန် ရည်ရွယ်ကာ ဝန်ကြီး လျူ နိုင်အာကို ကယ်တင်မည့်အရေးကို သူ အသေအချာ စီစဉ်ထားခဲ့၏။ သို့သော် နိုင်အာမှာ ယခုအခါ ကိုယ့်ကိုယ်ကိုယ် လမ်းပိတ်သွားအောင် လုပ်လိုက်လေပြီ။

လွန်ခဲ့သည့် တစ်နှစ်ကျော်က ဖြစ်ရပ်များ နှင့်တူညီသည့်အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပေါ်လာသဖြင့် ယန်ယန် ရင်ကွဲမတတ် ခံစားလိုက်ရသည်။

ဤရုပ်ချောသော ကောင်လေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ သမီးဖြစ်သူမှာ အရာအားလုံးကို စွန့်လွှတ်ကာ သူ၏ ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် မဆိုင်းမတွ တိုးဝင်သွားပြန်သည်။

လွန်ခဲ့သည့် အကြိမ်က ယန်ယန်တစ်ယောက် နိုင်အာကို မိဘနှင့်သားသမီးအကြား ပတ်သက်မှု ဖြတ်တောက်ကြောင်း ရက်စက်သည့် စကားများ ပြောဆိုကာ ထွက်သွားခဲ့၏။

ဤတစ်ကြိမ်ရော မည်သို့လုပ်ရမည်နည်း။ အတိတ်က ဖြစ်ရပ်ကဲ့သို့ ထပ်လုပ်နိုင်သေးပါသလော။

လုံးဝ မလုပ်နိုင်ပါချေ။

သမီးဖြစ်သူက ဆိုလွန်နှင့်အတူ သွားချင်လျှင် ယန်ယန်နှင့် ငွေရောင်ဝံပုလွေ စစ်တပ် ဘာဖြစ်သွားမည်နည်း။ သမီးဖြစ်သူကို အနောက်၌ တကယ်ပဲ ချန်ထားခဲ့နိုင်မည်လား။

လုံးဝ မချန်ထားခဲ့နိုင်ပေ။ သူမသည် သူ၏ အသက်သွေးကြောပင်။ သူမကို တစ်ကြိမ် စွန့်ပစ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ရလဒ်မှာ အသက်အန္တရာယ် ဆုံးပါးလုနီးပါးဖြစ်နေလေပြီ။ နောက်တစ်ကြိမ် ထိုကဲ့သို့ထပ်လုပ်ရန် သူ့၌အင်အားမရှိတော့ချေ။

သမီးဖြစ်သူ၏ စိတ်ကို မပြောင်းလဲနိုင်သဖြင့် သူကိုယ်တိုင် ဆိုလွန်နှင့်အတူ ထျန်းရွှေမြို့သို့ လိုက်သွားပြီး ဆိုမိသားစုထံ သစ္စာခံရမည်လော။

ယန်ယန်တစ်ယောက် သူ၏ နှလုံးသား ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။ သမီးမိန်းကလေးများ ကြီးလာလျှင် အိမ်မှ ထွက်သွားတတ်ကြောင်း ဆိုရိုးစကားရှိသည်ကို သူ သိထားသော်လည်း လက်တွေ့ကြုံလိုက်ရသောအခါ ခံနိုင်ရည်မရှိလောက်အောင် နာကျင်ရ၏။

ရယ်စရာစရာကောင်းသည်မှာ သူမကို ပြင်းထန်သော စကားတစ်ခွန်းမျှပင် ပြောမထွက်နိုင်တော့ပေ။

သူ ကျဆုံးသွားချိန်က သမီးဖြစ်သူ နောက်မတွန့်ခဲ့ချေ။ ငွေရောင်ဝံပုလွေ စစ်တပ်၏ တာဝန်ကို ရဲရဲဝံ့ဝံ့ ပခုံးပြောင်း လွှဲယူပြီး ဆိုလွန်နှင့် ပတ်သက်မှုများကို ပြတ်သားစွာ ဖြတ်တောက်ခဲ့သည်။

ခံစားချက်နှင့် တာဝန်ဝတ္တရားကြား၌ တာဝန်ကိုသာ ရွေးချယ်ခဲ့၏။

ထို့အပြင် ယန်ယန် သေသွားပြီဟု လူတိုင်း ပြောနေကြချိန်၌ သမီးဖြစ်သူ တစ်ဦးတည်းသာ သူ့အပေါ် လက်မလျှော့ခဲ့ခြင်းပင်။ သူမ သွားရာနေရာတိုင်းသို့ သူ့ကို သယ်ဆောင်သွားခဲ့ကာ အသက်ပြန်ရှင်လာစေရန်နည်းလမ်းမျိုးစုံအသုံးပြုခဲ့သည်။

ယနေ့ ယန်ယန် အသက်ပြန်ရှင်လာရခြင်းမှာ သမီးဖြစ်သူ၏ ဇွဲလုံ့လကြောင့်ပင် ဖြစ်၏။

ယခု သူ ပြန်လည်အသက်ရှင်လာပြီဖြစ်ရာ သမီးဖြစ်သူ တာဝန်များကို ချပစ်လိုက်ပြီး အချစ်နှင့် ပျော်ရွှင်မှုကို လွတ်လပ်စွာ လိုက်လံရှာဖွေနိုင်လေပြီ။ သူမ၏လုပ်ရပ်များတွင် မှားယွင်းမှုမရှိပါချေ။

လောကရှိ မည်သည့် ဖခင်မဆို သူမလို သမီးမျိုးအတွက် ဂုဏ်ယူသင့်၏။

ထို့ကြောင့် ယန်ယန် ဒေါသထွက်နေသော်လည်း အပြစ်တင်စကား တစ်ခွန်းမျှ ပြောထွက်ရန် မတတ်နိုင်ခဲ့ပေ။

‘လူယုတ်မာ ဆိုလွန်... မင်းက လုံးဝ အသုံးမကျတဲ့ ကောင်စုတ်ပဲ’

ယခု ယန်ယန်၌ ဆန္ဒတစ်ခုတည်းသာ ရှိတော့၏။ ဆိုလွန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ပြီး အရာအားလုံးကို အဆုံးသတ်လိုက်ရန်ပင်။

သို့သော် ဆိုလွန်၏ ဆံပင်တစ်ပင်ကိုမျှ သူ မထိရဲချေ။ အကယ်၍ ဆိုလွန်ကို နာကျင်အောင် လုပ်ဝံ့ပါက သမီးဖြစ်သူကို ထာဝရ ဆုံးရှုံးရပေလိမ့်မည်။

ကလေးများဆိုသည်မှာ ယခင်ဘဝက မိဘများ၏ အကြွေးများဟု ဆိုကြသည်။ ယခု ယန်ယန် ယင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သွားလေပြီ။ ယင်းမှာ ဤဘဝ၌ ဘယ်သောအခါမှ အပြည့်အဝ ဆပ်၍မကုန်နိုင်သော အကြွေးတစ်ခုပင်။

သမီးဖြစ်သူကို အကြွေးဆပ်ရုံသာမက သူမ ရွေးချယ်သော အမျိုးသားကိုလည်း လက်ခံရမည်ဖြစ်၏။

ရုတ်တရက် ယန်ယန် ဆိုလွန်ကို စူးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

“သောက်ကျိုးနည်း... ဘာရပ်လုပ်နေတာလဲ... နိုင်အာရဲ့ အချိန်တွေ ကုန်နေပြီ... တစ်ခုခုသွားလုပ်စမ်း”

ယင်းမှာ ယန်ယန် အသက်ပြန်ရှင်လာပြီးနောက် ဆိုလွန်ကို ပထမဆုံးအကြိမ် စကားပြောလာခြင်းဖြစ်သည်။ သူ၏ စူးရှသော အကြည့်များမှာ ဆိုလွန်ကို အရှင်လတ်လတ် ဝါးမျိုချင်နေသည့်အလား ဖြစ်နေ၏။

ထိုသို့ပြောပြီးနောက် ယန်ယန် တံခါးဆီသို့ လျှောက်သွားကာ အခန်းထဲမှ ထွက်သွားတော့သည်။

…

ဆိုလွန် ကုတင်ခေါင်းရင်း၌ ထိုင်လိုက်လျှင် နိုင်အာတစ်ယောက် သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ မှီလာပြန်၏။ သူမ၏ မျက်လုံးများ မှေးစင်းလာလေပြီ။

ဤသည်မှာ သူမ တတိယအကြိမ်မြောက် သတိရလာခြင်း ဖြစ်သည်။ တစ်နာရီခန့်သာ ကြာမြင့်ခဲ့ပြီး ယခု ပြန်လည် သတိလစ်မေ့မြောပေတော့မည်။

သူမကို မကယ်တင်နိုင်ပါက ဤအကြိမ်သည် နောက်ဆုံးအကြိမ် နိုးထလာခြင်း ဖြစ်သွားမည်ဖြစ်၏။

ထိုအချိန်တွင် အသူရာမိစ္ဆာကြယ် ပြောလာသည်။

“သခင်... သခင်မလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခု လုပ်လိုက်ပါ.. “

“ပြီးရင် မင်းရဲ့ သွေးနဲ့ သူ့သွေးကို ရောနှောလိုက်...အဲ့ကျမှ ငါ့ရဲ့ စွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲ ဝင်သွားစေပြီး အဆိပ်ကို ဖြေဖို့ အဲ့ဒီ မိစ္ဆာစွမ်းအားကို လွှတ်ပေးနိုင်လိမ့်မယ်”

ဆိုလွန် ခေါင်းညိတ်လိုက်ပြီး ဓားမြှောင်တစ်လက် ထုတ်ယူလိုက်သည်။

သို့သော် သူ မလုပ်ရက်ချေ။ ဘယ်နေရာကို ဖြတ်ရမည်မှန်း မသိသလို နိုင်အာ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုကို နာကျင်အောင်လုပ်ရန်လည်း မရက်စက်နိုင်ပေ။

ယင်းကို မြင်သောအခါ နိုင်အာတစ်ယောက် သူမ၏ လက်ချောင်းလေးကို ဓားသွားပေါ်၌ ညင်သာစွာ ပွတ်ဆွဲပြီး သွေးများ စိမ့်ထွက်လာစေလိုက်သည်။ ဆိုလွန် သူ၏ လက်ချောင်းကို အလျင်အမြန် ရှရာပေးလိုက်ပြီး နိုင်အာ၏ ဒဏ်ရာပေါ်သို့ ဖိကပ်ကာ သူတို့၏ သွေးများကို ရောနှောသွားစေလိုက်၏။

ထိုအခါ ဆိုလွန်ခန္ဓာကိုယ်အတွင်းရှိ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များသည် ထို ရောနှောသွားသောသွေးများမှတစ်ဆင့် နိုင်အာ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့သည်။

နိုင်အာ ဆိုလွန်၏ ရင်ခွင်ထဲ၌ တိတ်ဆိတ်စွာ လဲလျောင်းနေပြီး သူ့ကို မည်သို့ ကယ်တင်နေကြောင်း လုံးဝ မသိရှိပါတော့ချေ။ သူမ၏ မျက်လုံးများ တဖြည်းဖြည်း မှေးစင်းလာကာ သတိလစ်မေ့မြောသွားပြီဖြစ်သောကြောင့်ပင်။

“သခင်... ငါ... သူ့ဆီကို မိစ္ဆာစွမ်းအားတွေ လွှဲပြောင်းပေးတော့မယ်”

အသူရာမိစ္ဆာကြယ် ပြောလိုက်၏။

ဆိုလွန် ထိုဖြစ်စဉ်ကို မလိုလားသော်လည်း တခြား ရွေးချယ်စရာ မရှိတော့ပေ။ နိုင်အာ သတိလစ်သွားပြီဖြစ်၏။ အကယ်၍ သူ ဤသို့ မလုပ်ပါက သူမ ဘယ်သောအခါမှ ပြန်နိုးလာတော့မည် မဟုတ်ချေ။

“စကြစို့”

ဆိုလွန် အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

သူ၏ စိတ်ထဲမှ ပြောလိုက်ရုံဖြင့် လုံလောက်သော်လည်း အပြင်သို့ ထုတ်ပြောလိုက်မိသွားလေသည်။

“ဝှစ်...”

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုထွက်ပေါ်လာကာ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များမှတစ်ဆင့် နိုင်အာ၏ သွေးကြောများထဲသို့ စီးဝင်လာသည်။

လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်သည် နိုင်အာ၏ နှလုံးသားထဲသို့ ချက်ချင်းပြေးဝင်သွားပြီး သူမ၏ နဂါးသွေးမျိုးဆက်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။

ထို့နောက် နိုင်အာ၏ နှလုံးခုန်သံ မြန်ဆန်လာကာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများမှာ သူမ၏ နှလုံးသား အနက်ပိုင်းမှတစ်ဆင့် မရီးဒန်၊သွေးကြောများအပါအဝင် ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားတော့သည်။

ထိုအခါ နိုင်အာ၏ ခန္ဓာကိုယ်တွင်း ပုန်းအောင်းနေသော သေစေနိုင်သည့် အဆိပ်များ သဲလွန်စမကျန် ပျောက်ကွယ်သွားလေပြီ။

ဖြစ်ပျက်လာသောအရာမှာ အလွန်မှော်ဆန်လွန်းလှ၏။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင် ထိတွေ့သွားသည့် နေရာတိုင်း၌ သူမ၏ ခန္ဓာကိုယ် ပြောင်းလဲသွားကာ ဖြူရော်နေသော အသားအရေမှာ ချက်ချင်း ပန်းရောင်သန်း လာသည်။

ကွဲအက်နေသော နှုတ်ခမ်းများမှာ နံနက်ခင်း နေရောင်အောက်ရှိ နှင်းဆီပွင့်ဖတ်များအလား လန်းဆန်းတက်ကြွသော မီးတောက်နီရောင်အဖြစ် ပြောင်းလဲသွားသည်။

ပိန်ချုံးနေသော မျက်နှာလေးမှာလည်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလာပြီး အရောင်အဝါ ကင်းမဲ့နေသော ဆံပင်များမှာ နက်မှောင်တောက်ပလာသည်။

သေလုမျောပါးဖြစ်ခဲ့သည့် နိုင်အာမှာ အိပ်မက်တစ်ခုအလားဖြစ်သွားလေပြီ။

ထိုအခိုက်အတန့်၌ ဆိုလွန်၏ မျက်စိရှေ့မှောက်ရှိ နိုင်အာမှာ အပြာရောင် သစ်ခွပွင့်လေး တစ်ပွင့်ပွင့်လန်းလာသည့်အလား ရင်သပ်ရှုမောဖွယ်ရာဖြစ်နေ၏။

သူမသည် ယခင်က တောက်ပသော အလှတရားကို အပြည့်အဝ ပြန်လည်ရရှိသွားရုံသာမက ကွေ့ချင်းရှောင်းနှင့် ယှဉ်နိုင်စွမ်း ရှိသည်အထိ ပို၍ ဆွဲဆောင်မှု ရှိလာလေပြီ။

ဆိုလွန် သူမနှင့် အလွန် နီးကပ်စွာ ရှိနေသဖြင့် သူမ၏ တောက်ပသော အလင်းရောင်ကြောင့် မှင်သက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မူလ နိုင်အာမှာ ရင်သပ်ရှုမောဖွယ် လှပသော်လည်း အေးစက်စက်နိုင်၏။ ယခုမူ သူမ၌ ညှို့ငင်ဖမ်းစားနိုင်သော ဆွဲဆောင်မှုတစ်ခု တိုးလာပြီဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်တွင်း စီးဆင်းနေသော ကြောက်မက်ဖွယ် စွမ်းအင်တစ်ခုကို ဆိုလွန် ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ဤညှို့ငင်ဖမ်းစားနိုင်သော မီးတောက်ကို လောင်စာဖြည့်ရန် နိုင်အာ၏ အသက်စွမ်းအင်များ အဆက်မပြတ် လောင်ကျွမ်းနေသကဲ့သို့ပင်။

‘အသူရာမိစ္ဆာကြယ်... ဒီတစ်ကြိမ် သူ့ကို ကယ်ဖို့ နိုင်အာရဲ့ အသက်စွမ်းအင် ဘယ်လောက်ကို စုပ်ယူလိုက်တာလဲ’

ဆိုလွန် မေးလိုက်၏။

အသူရာမိစ္ဆာကြယ် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။

“ငါ မသိဘူး... ဒါပေမဲ့ သေချာတာတစ်ခုက သူ့ကို ပြန်လည်အသက်ရှင်စေဖို့ ဒီမိစ္ဆာစွမ်းအင်က သူ့ရဲ့ အသက်စွမ်းအင်ကို အချိန်တိုင်း လောင်ကျွမ်းနေရမယ်... အဲ့ဒါကြောင့် သူ ဒီလို သိသိသာသာ ပြောင်းလဲသွားတာပဲ”

‘ဒါဆို နောင်မှာ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာမရတော့ဘူး ဆိုရင်တောင် သိပ်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူးပေါ့’

အသူရာမိစ္ဆာကြယ် တိတ်ဆိတ်နေခဲ့သည်။

‘သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သေးလဲ’

အသူရာမိစ္ဆာကြယ်၏ တိတ်ဆိတ်မှုကိုမြင်လျှင် ဆိုလွန် တင်းမာစွာ မေးလိုက်၏။

“လုံးဝ ဒဏ်ရာမရ၊ အဆိပ်မမိဘူးလို့ ယူဆရင်..ဆယ်စုနှစ်တစ်ခု ၊ နှစ်ခုလောက်တော့ ရမယ်... ပိုလည်း တိုနိုင်တယ်”

အသူရာမိစ္ဆာကြယ် ပြန်ဖြေသည်။

ဆိုလွန် အလွန်အမင်း ဒေါသထွက်သွားကာ အခန်းတွင်းရှိ အရာအားလုံးကို တစ်စစီ ရိုက်ခွဲပစ်ချင်စိတ်များ ပေါ်ပေါက်လာသည်။

သို့သော် နိုင်အာ သူ၏ ရင်ခွင်ထဲ၌ အနားယူနေဆဲဖြစ်ရာ ရုတ်တရက် လှုပ်ရှားမှုများ မလုပ်ရဲချေ။ နိုင်အာ၏ အသက်ကို ရှည်စေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဟု ဆိုလွန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

မည်သည့် တန်ဖိုး ပေးဆပ်ရပါစေ သူမကို အသက်တစ်ရာအထိ နေရအောင် သူ သေချာပေါက် လုပ်ဆောင်မည်ဖြစ်သည်။

‘နိုင်အာ ဘာလို့ မနိုးသေးတာလဲ’

အသူရာမိစ္ဆာကြယ် အလျင်အမြန် ရှင်းပြလာသည်။

“ဒီစွမ်းအင်က သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကို စိမ့်ဝင်ပြီး ပြောင်းလဲပစ်ဖို့ လိုတယ်... အဲ့ဒါကြောင့် သူ နာရီအတော်ကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလိမ့်မယ်”

ထိုအခိုက်အတန့်၌ ယန်ယန်၏ အသံ အပြင်ဘက်မှ ထွက်ပေါ်လာ၏။

“ဆိုလွန်... ပြီးရင် အပြင်ထွက်ခဲ့... စကားပြောရအောင်”

ဆိုလွန် နိုင်အာကို ကုတင်ပေါ်၌ ဂရုတစိုက် လှဲသိပ်ပေးလိုက်ပြီး သူမ၏ နဖူးကို ညင်သာစွာ နမ်းလိုက်ကာ အပြင်သို့ ထွက်လာခဲ့တော့သည်။

…

အပိုင်း ၂၉၉ ပြီး။

All Chapters