အခန်း ၃၀၀
Vol. 30 Ch. 300
အပိုင်း ၃၀၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
အိပ်ခန်း၏ ဘေးကပ်ရပ်အခန်းတွင် ဧည့်ခန်းငယ်တစ်ခု ရှိနေကာ ယန်ယန် အထဲ၌ ရပ်စောင့်နေ၏။
“မင်းရဲ့ ရည်ရွယ်ချက်က နိုင်အာရဲ့ နှလုံးသားကို သိမ်းပိုက်ပြီး ငွေရောင်ဝံပုလွေ စစ်တပ်ကို ရဖို့မလား”
ယန်ယန် မေးလိုက်သည်။
“ဟုတ်ပါတယ်”
ဆိုလွန် ဖြေလိုက်၏။
“မင်းရဲ့ အစီအစဉ်ကို ပြောပြ”
“ငွေရောင်ဝံပုလွေ စစ်တပ်ကို အဓိကထားပြီး ကြေးစားစစ်သည် နှစ်သောင်း ငှားရမ်းမယ်...ပြီးရင် ဆိုမိသားစု တပ်မတော်ကို ဖွဲ့စည်း၊ဆိုဟန်ရီကို အနိုင်ယူပြီးတော့ ထျန်းရွှေမြို့ကို ပြန်သိမ်းမယ်”
ယန်ယန် ဖြတ်မေးလိုက်သည်။
“ဒါဆို ယနေ့ကစပြီး ငွေရောင်ဝံပုလွေ စစ်တပ်အတွက် မင်းရဲ့ အစီအစဉ်က ဘာလဲ”
“ထျန်းရွှေမြို့က အဆင့်မြင့်၊ အလယ်အလတ်အဆင့်၊ အခြေခံအဆင့် စစ်သည်တွေ အားလုံး ငါတို့ကို သစ္စာဖောက်သွားကြပြီ... အဲ့ဒါကြောင့် သူတို့အားလုံးကို ချွင်းချက်မရှိ ရှင်းလင်းပစ်ခဲ့တယ်... “
“ငွေရောင်ဝံပုလွေ စစ်တပ်က စစ်သည်တွေအားလုံး ထျန်းရွှေမြို့ နယ်မြေကို ပြောင်းရွှေ့ပြီးရင် မြို့စားမင်းရဲ့စစ်သည်တွေ ဖြစ်လာလိမ့်မယ်”
“ကလေးတွေက တကယ်ကို အရင်ဘဝက မိဘတွေရဲ့ အကြွေးပဲ”
ယန်ယန် နာကျင်စွာ သက်ပြင်းချလိုက်၏။
“ငွေရောင်ဝံပုလွေ စစ်တပ် မင်းရဲ့ ဆိုမိသားစုဆီ သစ္စာခံဖို့ ငါ ကတိပေးနိုင်တယ်... ဒါပေမဲ့... မင်း ငါ့ကို တစ်ခုတော့ ကတိပေးရမယ်”
ဆိုလွန်၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားကာ ပြောလိုက်သည်။
“သခင်ကြီး ယန်ယန်... ပြောပါ”
“မိုးမလင်းခင် ငွေရောင်ဝံပုလွေ စစ်တပ်နဲ့အတူ ဒီဝိုင်းရံခံရမှုကနေ အောင်မြင်စွာ ဖောက်ထွက်နိုင်ရမယ်... ငါ ဝင်မစွက်ဖက်ဘူး..အရာအားလုံး မင်းအပေါ်မှာပဲ မူတည်တယ်”
ယန်ယန် တဲ့တိုးပင်ပြောလိုက်သည်။
ထိုအခြေအနေကို ကြားသောအခါ ဆိုလွန် မှင်သက်သွားရ၏။
ယခုအခါ ငွေရောင်ဝံပုလွေ စစ်တပ်၌ လူတစ်ထောင်ပင် မပြည့်တော့ချေ။ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ထဲ၌ ပိတ်မိနေပြီး အစားအသောက်နှင့် ရေ ပြတ်လပ်နေကာ လူတိုင်း ဒဏ်ရာရထားကြသည်။
အပြင်ဘက်၌ စစ်သည် လေးသောင်း ပါဝင်သော ကြီးမားလှသည့် စစ်တပ်ကြီးက ရှေးဟောင်းမြို့တော်ကို အပြည့်အဝ ဝိုင်းရံထားသဖြင့် လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဤအခြေအနေ၌ ဝိုင်းရံမှုကို ဖောက်ထွက်ရန်မှာ ကောင်းကင်ဘုံသို့ တက်ရသည်ထက်ပင် ပို၍ ခက်ခဲလှ၏။ မိုးမလင်းမီ လုပ်ဆောင်ရန် ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ချေ။
ဆိုလွန်ထံသို့ မဖြစ်နိုင်သော တာဝန်တစ်ခုကျရောက်လာလေပြီ။
…
တစ်ချိန်တည်းမှာပင်။
စိတ်ပျက်လက်ပျက် ဖြစ်နေသော ဝန်ကြီး လျူတစ်ယောက် မြို့ပြင်ရှိ စစ်တပ်စခန်းသို့ ပြန်ရောက်လာ၏။
ထူလင်းတိ သတိရနေပြီဖြစ်ကာ သူ့ကိုမြင်လျှင် လှောင်ပြုံးပြုံးပြကာ မေးလိုက်သည်။
“ချစ်လှစွာသော အစ်ကိုကြီး... အစ်ကို့ရဲ့ အလှလေး နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီလား”
ဝန်ကြီး လျူ သူမကို လျစ်လျူရှုကာ တည့်တည့် ကျော်ဖြတ်သွားလိုက်သည်။
ထူလင်းတိ ပြောလာသည်။
“အစီအစဉ် ပျက်သွားပြီဆိုတော့ ငါတို့လည်း ဟန်ဆောင်နေစရာ မလိုတော့ဘူး... ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို ပြာကျသွားအောင် မီးရှို့ဖို့ အမိန့်ပေးမယ်...”
“အဲ့ကျရင် ဆိုလွန်ရော အစ်ကို ချစ်ရတဲ့ မိန်းမရော အပါအဝင် အထဲက လူတိုင်း အားလုံး မီးလောင်သေကြလိမ့်မယ်... အစ်ကို သဘောတူရဲ့လား”
ဝန်ကြီး လျူ၏ မျက်နှာ ရှုံ့မဲ့သွားသော်လည်း ရှေ့သို့ ဆက်လျှောက်သွားကာ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
“သဘောပဲ”
ထို့နောက် သူ ခေတ္တမျှ ရပ်တန့်သွားပြီး ထပ်ပြောလိုက်၏။
“ဒါနဲ့... ယန်ယန် အသက်ပြန်ရှင်လာပြီ”
ထူလင်းတိ၏ အမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေပြီ။
‘ယန်ယန် အသက်ပြန်ရှင်လာပြီ ဟုတ်လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဆိုလွန် တကယ် လုပ်နိုင်ခဲ့တာလား’
‘ဆိုလွန် အရင်က ဘာလို့ အသက်ရှင်နေခဲ့တာလဲ... ယန်ယန်ကို ကယ်ဖို့ နဂါးတံဆိပ်တုံး ကျောက်တိုင် နောက်တစ်ခု ရှာချင်တယ်ဆိုတာ သူ တမင် ထုတ်ပြောခဲ့တာပဲ... တကယ်ပဲ သူ ရှာတွေ့သွားတာလား’
‘ဆိုလွန်က အံ့ဩစရာတွေကို ဖန်တီးဖို့ မွေးဖွားလာတာလား’
ယခု ယန်ယန် အသက်ရှင်နေပြီး ထူလင်းတိဘက်မှ မည်သည့် ညှာတာမှုမျှ မပြသခဲ့သဖြင့် ညှိနှိုင်းရန် လုံးဝ မဖြစ်နိုင်တော့ချေ။
‘သတ်ပစ်ရမယ်... ဆိုလွန်၊ ယန်ယန်နဲ့ နိုင်အာ အားလုံးကို မီးရှို့သတ်ပစ်ရမယ်’
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ထူလင်းတိ အေးစက်စွာ အမိန့်ပေးလိုက်သည်။
“လေးသည်တော်တွေ... ပြင်ထား”
သောင်းနှင့်ချီသော လေးသည်တော်များ လေးကို ဆွဲတင်လိုက်ကြသည်။
“မီးညှိ”
ဘေးနားရှိ စစ်သည်များက မြှားထိပ်တိုင်းကို မီးညှိပေးလိုက်ကြသည်။
“ပစ်”
“ဝှစ်... ဝှစ်... ဝှစ်”
သောင်းနှင့်ချီသော မီးမြှားများမှာ လောင်ကျွမ်းနေသော ကြယ်ပျံများအလား ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ဆီသို့ ပျံသန်းသွားကြသည်။
မရေမတွက်နိုင်သော မီးတောက်များကို ကြည့်ရင်း ထူလင်းတိ ရင်တွင်း၌ တုန်လှုပ်သွားသော်လည်း အေးစက်စွာ ကြေညာလိုက်သည်။
“ဆိုလွန် သေစမ်း... ဒီမီးပင်လယ်ထဲမှာ သေလိုက်စမ်း”
ဝန်ကြီး လျူတစ်ယောက် မိမိ၏ စစ်မြင်းပေါ်သို့ တက်ကာ ဒုန်းစိုင်း ထွက်ခွာသွားလေပြီ။ သို့သော်ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ကို နောက်ဆုံးတစ်ကြိမ် လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
သူလှည့်ကြည့်လိုက်သည့်အခိုက်အတန့်တွင် မရေမတွက်နိုင်သော မီးမြှားများ မြို့ပေါ်သို့ ကျဆင်းသွားသည်ကို မြင်လိုက်ရ၏။
မြို့အတွင်းရှိ လူတိုင်း ကံကြမ္မာ ဆိုးသွားလေပြီ။ အားလုံး မီးပင်လယ်ထဲ၌ သေဆုံးကြတော့မည်ပင်။
“နိုင်အာ... ငါ့ကို အပြစ်မတင်နဲ့... မင်းကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ”
“မင်း ဆိုလွန်ကို ရွေးချယ်ကတည်းက ပျက်စီးခြင်းကို ရွေးချယ်ပြီးသား ဖြစ်သွားပြီ”
ဝန်ကြီး လျူ သွားကြိတ်ကာ ပြောလိုက်သည်။
…
မရေမတွက်နိုင်သော မီးတောက်မြားများ လေထုကိုထိုးခွဲဖြတ်သန်းကာ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်ပေါ်သို့ ပြုတ်ကျလာသည်။
ကောင်းကင်မှ မီးမိုး ရွာကျနေသည့်အလားပျက်စီးခြင်း အခိုက်အတန့် တရားဝင် ရောက်ရှိလာလေပြီ။
“ဒိုင်း ဒိုင်း ဒိုင်း”
မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော မီးမြှားများ ဟွမ်ချွမ် ရှေးဟောင်းမြို့တော်၏ မြို့ရိုးများနှင့် အမိုးများပေါ်သို့ ကျရောက်လာသည်။
ရှေးဟောင်းမြို့တော်ကို ကျောက်တုံး၊ ရွှံ့စေးတို့ဖြင့် အဓိက တည်ဆောက်ထားသော်လည်း အိမ်အမိုးစွန်းများတွင် သစ်သား အစိတ်အပိုင်းများ ပါဝင်နေဆဲဖြစ်၏။ ထို့ကြောင့် အဆောက်အအုံများ ချက်ချင်း မီးစွဲလောင်သွားတော့သည်။
မြို့တွင်းရှိ ငွေရောင်ဝံပုလွေ စစ်သည်များ ချက်ချင်း ထိတ်လန့်သွားကြသည်။
“ဝှစ် ဝှစ် ဝှစ်”
ပထမအကြိမ် မြှားမိုးရွာကျမှု မပြီးဆုံးမီ ဒုတိယအကြိမ် ထပ်မံ ကျဆင်းလာပြန်၏။ အစောပိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်မှုများကြောင့် ငွေရောင်ဝံပုလွေ စစ်သည်များအားလုံးနီးပါးမှာ နိုင်အာ အဆောက်အအုံရှေ့ရှိ လေ့ကျင့်ရေးကွင်း၌ စုရုံးနေကြသည်။
ဤနေရာသည် အပြင်ဘက်ရှိ ရန်သူ့တပ်မကြီးနှင့် မီတာ ခြောက်ရာကျော် ကွာဝေးသဖြင့် အနည်းငယ်သော မြှားများသာ သူတို့ဆီသို့ ရောက်ရှိနိုင်ပေသည်။
သို့သော် အရပ်မျက်နှာ အားလုံးမှ မီးမြှားများ ရွာကျနေပြီး မီးတောက်များ လောင်ကျွမ်းနေသဖြင့် သူတို့၏ အခြေအနေမှာ အလွန်တရာ စိုးရိမ်ရလေပြီ။ ငွေရောင်ဝံပုလွေ စစ်တပ်၏ လက်ရွေးစင်များသည် ပုံမှန်အားဖြင့် တည်ငြိမ်ပြတ်သားကာ ထက်မြက်ကြ၏။
သို့သော် ယင်းမှာ ခေါင်းဆောင် တစ်ယောက် ရှိနေချိန်၌သာ ဖြစ်သည်။ ယန်ယန် သို့မဟုတ် ယန်ရွှမ်း၏ လက်အောက်၌ ဤစစ်တပ်သည် အမိန့်များကို မေးခွန်းထုတ်ခြင်းမရှိဘဲ နာခံမည်ဖြစ်ကာ မျက်စိရှေ့၌ တောင်ပြိုကျလာလျှင်ပင် တည်ငြိမ်နေမည်သာ။
သို့ရာတွင် ယခုအချိန်၌ စစ်တပ် ခေါင်းဆောင်မှာ သေလုမျောပါးသတိလစ်နေသဖြင့် စစ်သည်အားလုံး အလျင်အမြန် ထိတ်လန့်ကာ ကမောက်ကမ ဖြစ်သွားကြသည်။ သူတို့သည် ယန်ယန် အသက်ပြန်ရှင်လာကြောင်းကို မသိကြသလို ယန်ရွှမ်းမှာလည်း သေလုမျောပါး ဖြစ်နေပြီဟု ယုံကြည်ထားကြသည်။
“ငါတို့ အားလုံး သေရမယ့်အတူတူ ငါ့နောက်လိုက်ခဲ့... အပြင်က အဲ့ဒီ ခွေးသူခိုးတွေကို သွားတိုက်ကြစို့”
ဂူရင် သူ၏ ဓားကြီးကို ရုတ်တရက် ဆွဲထုတ်ကာ ဟိန်းဟောက်လိုက်သည်။
ငွေရောင်ဝံပုလွေ စစ်သည်များ ချက်ချင်း တုံ့ပြန်လိုက်ကြ၏။ သူတို့သည် သေရမည်ကို မကြောက်ကြချေ။
ထို့ကြောင့် ယခုကဲ့သို့ မျှော်လင့်ချက်မဲ့နေသော အခြေအနေ၌ အဆုံးသတ်ကို ထိုင်စောင့်နေမည့်အစား တိုက်ပွဲဝင်ရင်း သေရခြင်းက ပိုကောင်းသည်ဟု ယူဆလိုက်ကြသည်။
“ရပ်စမ်း”
“သခင်ကြီးရဲ့ အမိန့်မပါဘဲ ဘယ်သူက အပြင်ထွက်ရဲတာလဲ”
တပ်မှူး တွမ် ဟိန်းဟောက်လိုက်သည်။
ဂူရင် ပြန်လည်အော်ဟစ်လိုက်၏။
“ငါတို့ သခင်ကြီး မရှိတော့ဘူး... ငါတို့လည်း သေရတော့မှာပဲ... ရန်သူ တစ်ယောက်ကို အသေခံခေါ်သွားနိုင်ရင် တန်တယ်၊ နှစ်ယောက်ကို ခေါ်သွားနိုင်ရင် အမြတ်ပဲ... ခင်ဗျား သေရမှာကြောက်ရင် ဒီမှာဘဲ နေခဲ့”
ထိုသို့ပြောပြီးနောက် ဂူရင်သည် ဓားကြီးကို ဝှေ့ယမ်းကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။
ကျန်သည့် ငွေရောင်ဝံပုလွေ စစ်သည်များမှာလည်း လက်နက်များကို မြှောက်ကာ ရူးသွပ်သော စစ်သည်တော် အော်ဟစ်သံများနှင့်အတူ ဂူရင်၏နောက်သို့ လိုက်ပါသွားကြသည်။ သခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသဖြင့် စစ်တပ်၌ ဦးဆောင်မည့်သူ မရှိတော့ချေ။
ဤအရေးကြီးသော အခိုက်အတန့်၌ သတ္တိရှိသော ဂူရင် ရှေ့ထွက်လာသောအခါ သွေးဆူနေသည့် စစ်သည်များ အလိုအလျောက် သူ၏နောက်သို့ လိုက်သွားကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် တွမ်မှာ တည်ငြိမ်ပြီး အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်သော တပ်မှူးတစ်ဦးဖြစ်ရာ သူ၏အမိန့်မှာ စစ်တပ်အပေါ်သက်ရောက်မှုမရှိတော့ပေ။
အကယ်၍ တွမ်သာ ယန်ယန် အသက်ပြန်ရှင်လာကြောင်းနှင့် နိုင်အာကို ဆိုလွန် ကယ်တင်နိုင်ကြောင်း မသိထားခဲ့လျှင် သူကိုယ်တိုင် ငွေရောင်ဝံပုလွေ စစ်တပ်၏ ဂုဏ်ကျက်သရေအတွက် အပြင်ထွက်၍ ပထမဆုံး အသေခံတိုက်ခိုက်သူ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုအချိန်၌ မျက်ကန်းမှိတ် ပြေးထွက်တိုက်ခိုက်ခြင်းက သေချာပေါက် သေရမည်ဖြစ်၏။
ထိုအချိန်၌ နိုင်အာရှိသည့်အဆောက်အအုံငယ်၏ အပြင်တံခါး ရုတ်တရက် ပွင့်လာကာ ယန်ယန်တစ်ယောက် လူတိုင်း၏ ရှေ့မှောက်သို့ ထွက်ပေါ်လာသည်။
“အသုံးမကျတဲ့ အမှိုက်ကောင်တွေ”
ယင်းမှာ ယန်ယန် အသက်ပြန်ရှင်လာပြီးနောက် ငွေရောင်ဝံပုလွေ စစ်တပ်ကို ပထမဆုံး ပြောလိုက်သော စကားဖြစ်သည်။ အေးစက် ပြင်းထန်သော အပြစ်တင်စကားပင်။
သူ့ကို မြင်လိုက်ရသောအခါ လေ့ကျင့်ရေးကွင်းထဲရှိ လူတိုင်း တောင့်ခဲသွားကြ၏။ လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်မှုထဲသို့ ကျဆင်းသွားလေပြီ။
ငွေရောင်ဝံပုလွေစစ်သည်များအားလုံး သူတို့မြင်နေရသည်ကို သူတို့ လုံးဝ မယုံကြည်နိုင်ဖြစ်သွားကြရသည်။ သခင်ကြီး သေသွားပြီ မဟုတ်ပါလော။ သူ ဘယ်လိုလုပ် အသက်ပြန်ရှင်လာရသနည်း။
အပြင်ဘက်၌ ပြင်းထန်သော မီးတောက်များ ဆက်လက် လောင်ကျွမ်းနေပြီး မရေမတွက်နိုင်သော မီးမြှားများ ရွာကျနေသော်လည်း လေ့ကျင့်ရေးကွင်းကြီးမှာ လုံးဝ တိတ်ဆိတ်သွားလေပြီ။
“ဒီကို ပြန်လာခဲ့ကြစမ်း”
ယန်ယန် အမိန့်ပေးလိုက်သည်။
ချက်ချင်းပင် ပြေးထွက်သွားသော ငွေရောင်ဝံပုလွေ စစ်သည်များ အားလုံး ပြန်လှည့်လာကြသည်။
“ထိုင်”
ပြတ်သားသောအမိန့်ပေးသံတစ်ခွန်းကြောင့် ရာပေါင်းများစွာသော စစ်သည်များ အစီအစဉ်တကျ ထိုင်ချလိုက်ကြ၏။
ခေါင်းဆောင် မရှိချိန်၌ ငွေရောင်ဝံပုလွေ စစ်တပ်မှာ ကမောက်ကမဖြစ်နေသော လူအုပ်စုတစ်ခုသာ။ သို့သော် သူတို့ သခင်ကြီး ရှိနေချိန်၌ စည်းကမ်းပြည့်ဝသော စစ်တပ်တစ်ခု ဖြစ်သွားလေပြီ။
ယန်ယန် ခေါင်းတလားထဲ၌ နှစ်နှစ်နီးပါး လဲလျောင်းနေခဲ့သော်လည်း အပြင်ထွက်လာသည့် အခိုက်အတန့်၌ ကြီးမားသော စွမ်းအားနှင့် အာဏာကို ချုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။ စစ်သည်တိုင်း နက်ရှိုင်းသော နာခံမှုနှင့် သစ္စာစောင့်သိမှုကို ပြန်၍ခံစားလိုက်ရသည်။
ဝံပုလွေဘုရင်ကြီး သေရာမှ ပြန်လည်ရောက်ရှိလာသဖြင့် သူတို့ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြ၏။ သို့သော် သူ၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ စကားတစ်ခွန်းမျှ မပြောရဲကြချေ။
အပြင်ဘက်၌ ကျဆင်းနေသော မီးမြှားများကို လျစ်လျူရှုကာ သူ၏ အနောက်၌ ရပ်နေသော အမျိုးသားကို ယန်ယန် လက်ညှိုးထိုးပြလိုက်သည်။
“ဒီလူက ဆိုလွန်ပဲ”
အကြည့်များ အားလုံး ဆိုလွန်ထံ ရောက်ရှိလာသည်။ ဆိုလွန်မှာ လူတိုင်း မုန်းတီးရသော အလိုလိုက်ခံထားရသည့် လူရှုပ်လူပွေတစ်ယောက်ပင်။
ဤလူသည် သခင်မလေး နိုင်အာနှင့် ချစ်ကြိုက်ခဲ့ပြီးနောက် သူမကို အရှက်မရှိ စွန့်ပစ်သွားခဲ့သူ ဖြစ်သည်။ လူတိုင်း ဒေါသတကြီး အော်ဟစ်ပြီး လက်နက်များကိုပင် ဆွဲထုတ်ချင်နေကြ၏။
သို့သော် ယန်ယန်၏ အမိန့်မရှိသဖြင့် အသံတစ်စက်မျှ မထွက်ဘဲ ငြိမ်သက်စွာ ထိုင်နေကြသည်။
“ငါ့အသက်ကို ဆိုလွန် ကယ်ခဲ့တာ...”
“သူ အန္တရာယ်များတဲ့ လူရိုင်းနယ်မြေထဲကို မိုင်ထောင်ချီ ခရီးသွားပြီး..ဒုတိယမြောက် နဂါးတံဆိပ်တုံး ကျောက်တိုင် အပျက်အစီးကို ရှာခဲ့တယ်”
“ ငါ့ခန္ဓာကိုယ်ထဲ တွယ်ကပ်နေတဲ့ မရဏဝိညာဉ်ကို ဖျက်ဆီးပြီး ငါ့ကို အသက်ပြန်ရှင်ခွင့် ပေးခဲ့တာ သူပဲ”
ယန်ယန် ရှင်းလင်းစွာ ကြေညာလိုက်သည်။
စစ်သည်များ မှင်သက်သွားကြလေပြီ။ ဤအသုံးမကျသော ငွေဖြုန်းတီးသူက သခင်ကြီး ယန်ယန်ကို တကယ်ပဲ ကယ်တင်ခဲ့သည်လော။
ယန်ယန် ဆက်ပြောလာ၏။
“မင်းတို့ သခင်မ ယန်ရွှမ်းကို ကယ်ခဲ့တာလည်း ဆိုလွန်ပဲ... သူ အခု လုံးဝ ပြန်ကောင်းသွားပြီ”
ထိုစကားများကိုကြားသောအခါ စစ်သည်များ ပို၍ပင် စိတ်လှုပ်ရှားလာကြသည်။ သခင်မလေး ယန်ရွှမ်းလည်း ပြန်ကောင်းသွားပြီလား။ ယင်းမှာ အလွန် ဝမ်းသာစရာ သတင်းပင်။
အပိုင်း ၃၀၀ ပြီး။