အခန်း ၁၀၁
Vol. 11 Ch. 101
အခန်း (၁၀၁) ကျောက်ယွမ်၏ အခြေအနေကို စစ်ဆေးခြင်း
ချန်ကျီက အရာအားလုံးကို ရှင်းလင်းစွာ သဘောပေါက်သွားပြီးနောက် စိတ်ထဲ၌ ဆက်ပြီး ဇဝေဇဝါ မဖြစ်နေတော့ပေ။
ထို့နောက်တွင် ချန်ကျီက ဝိညာဉ်ဆေးပင်များ၏ ဈေးဝယ်မျက်နှာပြင်ကို ဖွင့်လှစ်ကာ နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင်များထဲတွင် တန်ဖိုးအမြင့်မားဆုံးဖြစ်သည့် "ချင်းယွီလျန်" (စိမ်းပြာကြာပန်း) ကို ရွေးချယ်လိုက်သည်။
ချင်းယွီလျန်၏ ဈေးနှုန်းက တစ်ပင်လျှင် အမှတ် ၂၀၀၀ ဖြစ်ရာ ချန်ကျီက ၅ ပင်သာ ဝယ်ယူလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ သောင်း ကုန်ကျခဲ့သည်။
သူက ဤချင်းယွီလျန် ၅ ပင်ကို ဝိညာဉ်စိုက်ခင်းထဲတွင် အရင်ဆုံး စိုက်ပျိုးထားရန် ပြင်ဆင်လိုက်သည်၊ ချင်းယွီလျန်ကနေ မျိုးစေ့များ သီးပွင့်လာသည့်အခါကျမှ ထိုမျိုးစေ့များဖြင့် ထပ်မံ မျိုးကြဲစိုက်ပျိုးမည် ဖြစ်သည်။
အဓိကမှာ ဝိညာဉ်ဆေးပင်များ၏ တန်ဖိုးက မြင့်မားလွန်းလှသဖြင့် ချန်ကျီအနေနှင့် အပင် ၈၀ လုံးကို မဝယ်ရဲခြင်း ဖြစ်သည်၊ ချင်းယွီလျန် အပင် ၈၀ ဆိုလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ သိန်း ၆ သောင်းအထိ ကုန်ကျမည် ဖြစ်ရာ ဤစျေးနှုန်းက သူ့ကို အနည်းငယ် ရင်နာစေသည်၊ သူ့ထံတွင်လည်း ဤမျှအထိ အများကြီး မရှိပေ။
ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ ရွှမ်ထျန်းတိုက်ကြီး ကျင့်ကြံခြင်းလောက၏ အများသုံး ကုန်သွယ်ရေး ငွေကြေး ဖြစ်သဖြင့် ကျန်ရှိနေသော အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁ သိန်းကိုမူ ချန်ကျီက အရင်ဆုံး ချန်ထားရန် ဆုံးဖြတ်လိုက်သည်၊ နောင်ကျရင် သေချာပေါက် လိုအပ်မည့် နေရာများ ရှိလာပေလိမ့်မည်။
ထို့ပြင် လက်ရှိတွင် ဝိညာဉ်စိုက်ခင်း၏ အချိန်မြန် မှုက အဆ ၄၀၀၀ ဖြစ်ရာ တစ်ရက်ဆိုလျှင် ၁၁ နှစ်ခန့်နှင့် ညီမျှနေသည်။
နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင်ကို စိုက်ပျိုးမည်ဆိုပါက ၁၀ ရက်ပင် မပြည့်ခင် အချိန်အတွင်းမှာပင် ရင့်မှည့်နိုင်ပေသည်။
ဝိညာဉ်ဆေးပင်များ၏ အကျိုးအမြတ်က အချိန်တစ်ခု လိုအပ်သဖြင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်ကို ချက်ချင်းလက်ငင်း မမြင်တွေ့နိုင်ခြင်းသာ ဖြစ်သည်။
ချန်ကျီ၏ အသိစိတ် က လောလောဆယ်တွင် ဤကိစ္စပေါ်၌ မရှိပေ၊ ဝိညာဉ်စိုက်ခင်းကြီး အလကား သက်သက် အလွတ်မဖြစ်နေလျှင် ပြီးတာပဲ ဖြစ်သည်။
သို့သော်လည်း ဝိညာဉ်စိုက်ခင်းက လုံးဝ လျစ်လျူရှုထား၍မရသော ကဏ္ဍတစ်ခု ဖြစ်ကြောင်း ချန်ကျီ စိတ်ထဲကနေ သေချာ သိရှိထားသည်၊ လက်ရှိတွင် ဝိညာဉ်စိုက်ခင်း၏ အချိန်မြန် မှုက အဆ ၄၀၀၀ မျှသာ ရှိသေးသော်လည်း...
အနန္တ နေရာလွတ် အဆင့်မြင့် လာသည်နှင့်အမျှ ဝိညာဉ်စိုက်ခင်း၏ အချိန်မြန် မှုကလည်း ဆက်တိုက် ဆတိုး မြင့်တက်လာမည် ဖြစ်ရာ ဝိညာဉ်ဆေးပင်များ ရင့်မှည့်သည့် အရှိန်ကလည်း ပိုမို မြန်ဆန်လာပြီး ရရှိမည့် အကျိုးအမြတ်ကလည်း ပို၍ ပို၍သာ များပြားလာပေလိမ့်မည်။
ချန်ကျီက ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝိညာဉ်ကျောက်တုံးများ သုံးပြီး အခြားကုန်ပစ္စည်းများကို ထပ်မံ ဝယ်ယူခြင်း မပြုတော့ဘဲ အနန္တ နေရာလွတ်ထဲမှ တိုက်ရိုက် ပြန်လည် ထွက်လာခဲ့သည်။
ချန်ကျီ အနန္တ နေရာလွတ်ထဲမှ ထွက်လာပြီးနောက်တွင် ကျောက်လင်းအာကို ဝိညာဉ်စိုက်ခင်းအား ပြုစုပျိုးထောင်ရန် တိုက်ရိုက် ခိုင်းစေလိုက်သည်။
"ကြည့်ရတာ နောက်ကျရင် အနန္တ နေရာလွတ်ထဲမှာ ကိုယ်ပွားနှစ်ခုကို အမြဲတမ်း တာဝန်ပေးပြီး အခြေချခိုင်းထားမှ ဖြစ်မယ်၊ လင်းအာကို အမြဲတမ်း ဒီလို အဝင်အထွက် လုပ်ခိုင်းနေရတာကလည်း အလုပ်ရှုပ်တယ်"
"အနန္တ နေရာလွတ်ထဲမှာ နေ့တိုင်း လာ ထားတဲ့ ပစ္စည်းတွေကလည်း ပိုပြီး များပြားလာတော့ ဟိုနားတစ်ပုံ ဒီနားတစ်ပုံနဲ့မလို့ ပစ္စည်းတွေကို သေချာ စီစစ် သိုလှောင်ပေးမယ့်လူ တကယ် လိုအပ်နေတာပဲ"
"တကယ်လို့ ကိုယ်ပွားနှစ်ခုကို အထဲမှာ အမြဲတမ်း နေခိုင်းထားမယ်ဆိုရင် အခြား ကိုယ်ပွားတွေဘက်က ဘာလိုအပ်တာပဲဖြစ်ဖြစ်၊ ဘာသတင်းပဲရှိရှိ အချိန်မရွေး လှမ်းပြီး လက်ဆင့်ကမ်းပေးလို့ ရတာပေါ့"
ချန်ကျီက သူကိုယ်တိုင် လုံးဝ အေးအေးလူလူ ဆိုင်ရှင်အဖြစ် နေထိုင်နိုင်ရန်အတွက် ကိုယ်ပွားအားလုံးကို မည်သို့ အသုံးချရမလဲဆိုသည်ကို စိတ်ထဲ၌ တွေးတောနေမိသည်။
မူလကမူ ကိုယ်ပွားများနှင့် ဆက်သွယ်ရန် အလွယ်ကူဆုံးနှင့် တိုက်ရိုက်အကျဆုံး နည်းလမ်းမှာ ကိုယ်ပွားများက ချန်ကျီနှင့် အသိစိတ်ချင်း တိုက်ရိုက် ဆက်သွယ်ခြင်း ဖြစ်သည်။
သို့သော်လည်း ချန်ကျီက ဤနည်းလမ်းကို အလွန် အလုပ်ရှုပ်သည်ဟု ယူဆသည်၊ သူ၏ ဦးနှောက်ထဲ၌ ရုတ်တရက် အသံများ အမြဲ ပေါ်ပေါက်နေလျှင် သူ၏ ပုံမှန် လူနေမှုဘဝကို အနှောင့်အယှက် ဖြစ်စေလိမ့်မည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူကိုယ်တိုင်က ကိုယ်ပွားများကို တိုက်ရိုက် စတင် ဆက်သွယ်သည်ကလွဲ၍ အခြား ကိုယ်ပွားအားလုံးအနေနှင့် အရေးပေါ် အခြေအနေမျိုး မဟုတ်ပါက သူ့ကို တိုက်ရိုက် ဆက်သွယ်ခြင်း မပြုရန် သူက ဆုံးဖြတ်ချက် ချထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဤသို့ ပြုလုပ်ခြင်းက ကျောက်လင်းအာကို အနန္တ နေရာလွတ်ထဲသို့ ခဏခဏ ဝင်ထွက်ခိုင်းပြီး အခြား ကိုယ်ပွားများက လှမ်းပို့ထားသော သတင်းများကို သွားရောက် လက်ခံခိုင်းရသည့် အခြေအနေမျိုး ဖြစ်စေသည်။
ထို့ပြင် တစ်ခါတစ်ရံတွင် ကိုယ်ပွားများနှင့် ဆက်သွယ်မှု ကွဲလွဲသွားတတ်သဖြင့် နောက်ဆုံးတွင် ကိစ္စအဝဝကို ချန်ကျီ ကိုယ်တိုင် ကိုယ်ဖိရင်ဖိ လုပ်ဆောင်နေရဆဲ ဖြစ်ရာ ဤအရာက အလွန်အမင်း အလုပ်ရှုပ်လွန်းလှပေသည်။
ကျောက်လင်းအာက အနန္တ နေရာလွတ်ထဲသို့ သွားကာ ချင်းယွီလျန် စိုက်ပျိုးသည့် ကိစ္စအတွက် အချိန်အများကြီး မကုန်ခဲ့ပေ။
ခဏအကြာတွင် သူမက အနန္တ နေရာလွတ်ထဲမှ ပြန်လည် ထွက်လာခဲ့သည်။
"သခင်... နှစ် ၃၀ သက်တမ်း ဝိညာဉ်ဆေးပင် အပင် ၄၀ လုံးကို ရိတ်သိမ်းပြီးပါပြီ၊ ချင်းယွီလျန် ၅ ပင်ကိုလည်း စိုက်ပျိုးခဲ့ပါတယ်"
"ကျန်တဲ့ ဝိညာဉ်စိုက်ခင်းတွေ အားလုံး အလွတ် ဖြစ်နေတာကို တွေ့လို့ ကျန်ရှိနေတဲ့ ဝိညာဉ်စိုက်ခင်း ၇၅ ကွက်မှာ နှစ် ၃၀ သက်တမ်း ဝိညာဉ်ဆေးပင် မျိုးစေ့တွေကို ထပ်ပြီး စိုက်ပျိုးပေးထားခဲ့ပါတယ်"
ချန်ကျီက ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း... ရတယ်၊ အခု နှစ် ၃၀ သက်တမ်း ဝိညာဉ်ဆေးပင်တွေက သုံးရက်ဆိုရင် ရင့်မှည့်ပြီပဲ"
"ခန့်မှန်းရတာ အဲ့ဒီအချိန်ကျရင် ချင်းယွီလျန်ကလည်း နောက်တစ်ကြိမ် ပန်းပွင့်ပြီး အသီးသီးလောက်ပြီ၊ မျိုးစေ့အသစ်တွေလည်း ရပြီဆိုတော့ အဲ့ဒီအချိန်ကျမှ အကုန်လုံးကို ချင်းယွီလျန် မျိုးစေ့တွေ ချပစ်လိုက်တာပေါ့"
ချန်ကျီ စကားပြောပြီးနောက် ကောင်းကင် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ "မှောင်တော့မှာပဲ၊ ရှန်းဝမ်စန်းဘက်ကလည်း ဆိုင်ပိတ်ခါနီးပြီ ထင်တယ်၊ ဒီနေ့ အမြတ် ဘယ်လိုရှိလဲ မသိဘူး"
"သခင်... ကုန်စုံဆိုင်ရဲ့ ဒီနေ့ လုပ်ငန်းက မနေ့ကထက် သေချာပေါက် ပိုကောင်းမှာပါ၊ မနေ့က စျေးနှုန်းတစ်ဝက်နဲ့ ရောင်းတာတောင် ဝိညာဉ်ကျောက်တုံး ၁ သောင်း မြတ်ခဲ့တာပဲ"
"ဒီနေ့ကျတော့ အုတ်မြစ်ချခြင်း ဆေးလုံးတွေပါ ရောင်းရတာဆိုတော့ အမြတ်က မနေ့ကထက် အဆပေါင်းများစွာ ပိုများမှာ သေချာပါတယ်" ကျောက်လင်းအာက ပြုံးလျက် ပြောလိုက်သည်။
"ပြောတာလည်း ဟုတ်တာပဲ" ချန်ကျီက သူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခဲ့သော ကုန်သွယ်မှု အချို့ကို မေ့လျော့နေသည့်အလား ဖြစ်နေသည်၊ ထိုအရာများဖြင့်တင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂ သိန်း ၁ သောင်းခန့် မြတ်ခဲ့ပြီး ဖြစ်သည်။
ဤအမြတ် တစ်ခုတည်းနှင့်တင် ယနေ့ အနန္တ ကုန်စုံဆိုင်၏ လုပ်ငန်းက အကြီးအကျယ် မြတ်သွားခဲ့ပြီ ဖြစ်သည်။
ချန်ကျီက ရုတ်တရက် ထပ် မေးလိုက်သည်။ "လင်းအာ... ကျောက်ယွမ်ဘက်က သတင်း လှမ်းပို့တာမျိုး ရှိလား"
ကျောက်ယွမ်ထံမှ သတင်း လုံးဝ မရရှိသေးသဖြင့် သူက အနည်းငယ် စိတ်မအေး ဖြစ်နေမိသည်။
"မရှိပါဘူး သခင်၊ ကျောက်ယွမ်က မကြာသေးခင်က အနန္တ နေရာလွတ်ထဲကို တစ်ခါမှ ပြန်မလာခဲ့ပါဘူး"
"ဟမ် ဒါက နည်းနည်း ထူးဆန်းနေပြီပဲ" ချန်ကျီ ခေတ္တ စဉ်းစားလိုက်ပြီးနောက် ထပ် ပြောလိုက်သည်။ "လင်းအာ... မင်း သွားပြီး ဟင်းချက်တော့၊ ငါ ကျောက်ယွမ်ဆီ အရင် သွားကြည့်လိုက်ဦးမယ်"
"ကောင်းပါပြီ သခင်" ကျောက်လင်းအာက ခေါင်းငြိမ့်လိုက်သည်။
ချန်ကျီက ပက်လက်ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး အတွေး တစ်ချက် လှုပ်ရှားလိုက်ရာ သူ့ အရှေ့ ၌ ကျောက်ယွမ်၏ အမြင်အာရုံထဲက မြင်ကွင်းများ ပေါ်ပေါက်လာခဲ့သည်။
ဝေးကွာလှသော မိုင်ပေါင်းသောင်းချီ အကွာအဝေးရှိ တာ့ချန်မင်းဆက် နယ်စပ်ဒေသ၌ ရှိနေသော ကျောက်ယွမ်က စိတ်ချင်း ဆက်နွှယ်မှုကို ခံစားမိလိုက်ပြီး ချန်ကျီက သူ့ကို ကြည့်နေကြောင်း သိရှိသွားသည်။
ကျောက်ယွမ်က စိတ်ထဲကနေ ရိုသေစွာဖြင့် ရေရွတ်လိုက်သည်။ "သခင်..."
"အင်း" ချန်ကျီက ရိုးရှင်းစွာပင် ပြန်ဖြေ လိုက်သည်။
သူက ကျောက်ယွမ်၏ အမြင်အာရုံကို မျှဝေခံစားနေစဉ်အတွင်း ကျောက်ယွမ်က ကျင့်ကြံသူ အရေအတွက် တစ်ဒါဇင် ခန့်က သားရဲတစ်ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်နေသည်ကို ကြည့်နေကြောင်း တွေ့ရှိရသည်။
ဤသားရဲက အဆင့် ၂ အဆင့် စဦး ပိုင်း သားရဲတစ်ကောင် ဖြစ်သင့်သည်၊ ၎င်းကို ဝိုင်းဝန်းတိုက်ခိုက်နေသော ကျင့်ကြံသူ အယောက် တစ်ဒါဇင် ခန့်မှာ ချီသန့်စင်ခြင်းအဆင့်များ ဖြစ်ကြပြီး အဆင့် ကမူ မြင့်သူမြှင့်၊ နိမ့်သူနိမ့် ကိုယ်စီ ရှိကြသည်။
ချန်ကျီက ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ကျောက်ယွမ်က ပွဲကြည့်နေသည်ဟု ထင်မှတ်လိုက်သည်။ "ကျောက်ယွမ်... မင်း မကြာသေးခင်က ဘာလို့ သတင်း လှမ်းမပို့တာလဲ၊ အနန္တ နေရာလွတ်ထဲကိုလည်း ပြန်မလာဘူး"
"သခင်... ကျွန်တော် မကြာသေးခင်က လူခွဲလို့မရ ဖြစ်နေလို့ပါ၊ အနန္တ နေရာလွတ်ထဲ ဝင်ဖို့ အခွင့်အရေး မရခဲ့ပါဘူး"
ကျောက်ယွမ် စိတ်ထဲ၌လည်း မတတ်သာပေ၊ အရေးမကြီးသော ကိစ္စမျိုးကို သူ့အား တိုက်ရိုက် ဆက်သွယ်ခြင်း မပြုရန် သခင်က အမိန့်ပေးထားခဲ့သည်။
ယခုအခါတွင်လည်း ဤလူပေါင်း ရာဂဏန်းခန့်က နေ့တိုင်း သူ၏အနားတွင် ကပ်ပါနေသဖြင့် သူ့အနေနှင့် အနန္တ နေရာလွတ်ထဲသို့ ဝင်ရောက်ရန် သင့်တော်သော အခွင့်အရေးကို တကယ် ရှာမတွေ့ခြင်း ဖြစ်သည်။
"ဟမ်" ချန်ကျီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ကျောက်ယွမ်အား မည်သည့် အခြေအနေမျိုး ဖြစ်နေသည်ကို အသေးစိတ် မေးမြန်းရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကျောက်ယွမ်၏ မျှဝေထားသော အမြင်အာရုံမှတစ်ဆင့် ချန်ကျီသည် ခုနက အဆင့် ၂ သားရဲကို ဝိုင်းဝန်း တိုက်ခိုက်နေသော ကျင့်ကြံသူများက ၎င်းကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။
ဤအရာက ချန်ကျီ၏ ခန့်မှန်းချက်အတွင်းမှာပင် ရှိသည်၊ အဆင့် ၂ သားရဲက ကျင့်ကြံသူများ၏ အုတ်မြစ်ချခြင်းအဆင့်နှင့် ညီမျှသော်လည်း...
အုတ်မြစ်ချခြင်းအဆင့် ဖြစ်နေပါစေဦးတော့၊ ချီသန့်စင်ခြင်းအဆင့် အယောက် တစ်ဒါဇင် ခန့်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကိုမူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ဝိညာဉ်စွမ်းအား ကုန်ဆုံးမှု တစ်ခုတည်းနှင့်တင် ထိုအဆင့် ၂ သားရဲက အချိန်ဆွဲ တိုက်ခိုက်နိုင်မည် မဟုတ်ပေ ။
သို့သော်လည်း ချန်ကျီ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်မှာ ဤကျင့်ကြံသူများ သားရဲကို ဝိုင်းဝန်းသတ်ဖြတ်လိုက်ခြင်း မဟုတ်ပေ။
၎င်းအစား ဤကျင့်ကြံသူများ သားရဲကို သတ်ဖြတ်ပြီးနောက်ပိုင်း လုပ်ရပ် များ ဖြစ်သည်။
သူတို့ သားရဲအလောင်းကို ခွဲစိတ် နေသည့် ပုံစံမှာ ကျွမ်းကျင်ပညာရှင်များအလား ဖြစ်နေသည်၊ ဤလူများကို ကြည့်ရုံနှင့်တင် ဤကဲ့သို့သော ကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း သိသာလှပေသည်။
"ဒါဆိုရင်... သူတို့က သားရဲတွေကို အမဲလိုက်တဲ့ ကျွမ်းကျင်အဖွဲ့အစည်းတွေလား"
ချန်ကျီ စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သားရဲအလောင်းကို ခွဲစိတ်ပြီးခါစ ဖြစ်သော ဤကျင့်ကြံသူများအဖွဲ့က ကျောက်ယွမ်ရှိရာဘက်သို့ ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရသည်။
လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများ ကိုယ်စီ ရှိနေကြပြီး တစ်စုံတစ်ယောက်ထံ သွားကာ ကျောက်ကောင်း တောင်းနေသည့်အလား ဖြစ်နေသည်။
"အစ်ကိုကြီး ... ဒါက ဒီသားရဲဆီက ရတဲ့ အဖိုးတန်ဆုံး ပစ္စည်းတွေပါ၊ ကျန်တဲ့ သားရဲအသား တွေကိုတော့ ကျွန်တော်တို့ တစ်ဝကြီး စားသောက်လို့ ရပြန်ပြီ"
ဤကျင့်ကြံသူများထဲက တစ်ယောက်က ရိုးအအ အပြုံးဖြင့် သားရဲပစ္စည်းများနှင့် သားရဲအသား များ ထည့်ထားသော သိုလှောင်အိတ်ကို ကျောက်ယွမ်ထံသို့ လှမ်းပေးလိုက်သည်။
"အစ်ကိုကြီးလား ကျောက်ယွမ်လား" ချန်ကျီသည် ဤလူများက မည်သူမည်ဝါ ဖြစ်ကြောင်း စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်သွားရသည်၊ ကျောက်ယွမ် အပြင်သို့ ထွက်သွားသည်မှာ မကြာသေးခင်ကမှ မဟုတ်ပါလား၊ ဘယ်လိုဖြစ်ပြီး အစ်ကိုကြီး ဖြစ်သွားရသနည်း။
ကျောက်ယွမ် စိတ်ထဲ၌ စိတ်မသက်မသာ ဖြစ်သွားရသည်၊ သခင်ဖြစ်သူ ချန်ကျီက သူ့ကို ကြည့်နေသည့်အချိန်တွင် ဤလူများက သူ့ကို အစ်ကိုကြီးဟု ဤသို့ လှမ်းခေါ်နေကြသဖြင့် ချန်ကျီ သူ့အပေါ် မည်သို့ ထင်မြင်သွားမည်နည်း၊ သူ၏ မျက်နှာပေါ်တွင် အနေရခက်သော အမူအရာ လှစ်ခနဲ ဖြတ်ပြေးသွားတော့သည်။