အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) အလားအလာ အများကြီးရှိသည်
"ကောင်းပြီ၊ မိုးလည်း တော်တော်ချုပ်နေပြီဆိုတော့ ငါတို့ စခန်းချဖို့ နေရာရှာပြီး တစ်ညနားကြတာပေါ့၊ မနက်ဖြန်ကျမှ ခရီးဆက်မယ်"
ခုနက ရိုးအအ ပြုံးနေသည့် ကျင့်ကြံသူက ချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ကဲ့ အစ်ကိုကြီး၊ ခုနက ကျွန်တော်တို့ သားရဲကို ဝိုင်းတိုက်နေတုန်း တခြားညီအစ်ကိုတွေ စခန်းချမယ့်နေရာ သွားရှာနှင့်ကြပါတယ်၊ အခုအချိန်ဆိုရင် သူတို့လည်း ပြန်လာတော့မှာပါ"
"ရတယ်၊ ဒါဆိုရင် ငါတို့ ဒီနေရာမှာတင် ခေတ္တနားပြီး သူတို့ပြန်လာရင် အတူတူ သွားကြတာပေါ့"
ကျောက်ယွမ်လည်း ဘာပြောရမှန်း မသိတော့ပေ ။ ဤလူပေါင်း ရာဂဏန်းခန့်က သူတို့ဘာသာသူတို့ အလုပ်ခွဲဝေပြီး အရာအားလုံးကို စီစဉ်နိုင်ကြသဖြင့် သူ့အနေနှင့် လုံးဝ စိတ်ပူစရာမလိုသော်လည်း ဤလူများက သူ့ကိုသာ အစ်ကိုကြီးအဖြစ် အတင်းအကျပ် သတ်မှတ်ထားကြသည်။
"ဟုတ်ကဲ့"
ရိုးအအ ကျင့်ကြံသူက ပြန်ဖြေ လိုက်ပြီးနောက် ခုနက သူနှင့်အတူ သားရဲကို ဝိုင်းဝန်းသတ်ဖြတ်ခဲ့သည့် လူများကို လှမ်းခေါ်ကာ ကျောက်ယွမ်၏ ပတ်ပတ်လည်တွင် ဝိုင်းဖွဲ့၍ အနားယူလိုက်ကြသည်။
ဤလူများ ထိုင်နေသည့် အနေအထားမှာ အနားယူနေသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောစောစီးစီး အကဲခတ်နေခြင်း ဖြစ်သည်။
ဤနေရာက သားရဲတောအုပ် ဖြစ်သဖြင့် အချိန်မရွေး သားရဲများ ပြေးထွက်လာနိုင်ခြေ ရှိသည်။
သူတို့က ပုံမှန်အားဖြင့် အမြဲတမ်း ဂရုတစိုက် ရှိခဲ့ကြသဖြင့် သားရဲတောအုပ်ထဲသို့ ဝင်ရောက်ခဲ့သည့် ဤရက်ပိုင်းအတွင်း လူ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ခြင်း ဖြစ်ပေသည်။
ဖြစ်နိုင်သည်မှာ သံနက်မိုင်းတွင်း၌ ကြုံတွေ့ခဲ့ရသည့် ထိုအတွေ့အကြုံကြောင့်သာ သူတို့ကို ဤမျှအထိ သတိကြီးလာစေခြင်း ဖြစ်နိုင်သည်။
အခက်အခဲ အကျပ်အတည်းများက လူကို တကယ်ပဲ ရင့်ကျက်ကြီးထွားလာစေသည်မှာ အမှန်ပင်။
ကျောက်ယွမ်သည်လည်း တင်ပျဉ်ခွေထိုင်ကာ အနားယူလိုက်သည်၊ သူ၏အနေနှင့် ဘေးကင်းမည့်နေရာကို တကွဲတပြား လိုက်ရှာနေရန် မလိုအပ်ပေ ။
သူ့နောက်သို့ လိုက်ပါလာသော ဤကျင့်ကြံသူများက အချိန်တိုင်း၌ သူ့ကို ဝိုင်းရံထားလေ့ရှိကြသည်၊ ၎င်းမှာ သူ့ကို ကာကွယ်ပေးနေသည့်အလား ဖြစ်နေသည်။
အမှန်တကယ်တွင်မူ ကျောက်ယွမ်သည်သာ သူတို့ထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးနှင့် တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးသူ ဖြစ်သည်။
တကယ်တမ်း ကာကွယ်မှု ခံယူရမည့်သူမှာ သူတို့သာ ဖြစ်သော်လည်း သူတို့အားလုံးက မသိစိတ်အလျောက် ဤသို့သာ လုပ်ဆောင်လေ့ ရှိကြသည်။
ကျောက်ယွမ်လည်း တစ်ခါတစ်ရံတွင် အနည်းငယ် မတတ်သာသလို ခံစားရသည်။
ကျောက်ယွမ် ထိုင်လိုက်ပြီးနောက် အသိစိတ်ဖြင့် ချန်ကျီကို စတင် ဆက်သွယ်လိုက်သည်။ "သခင်... သခင် ရှိနေသေးလား"
"အင်း... ငါ ရှိတယ်၊ ဒီလူတွေက ဘယ်လို အခြေအနေမျိုးလဲ"
"သခင်... ဒီလူတွေအားလုံးက အဲ့ဒီတုန်းက သံနက်မိုင်း တွင်းထဲကနေ ကယ်ထုတ်လာခဲ့တဲ့ လူစုပါပဲ"
"အော်... ဒါဆိုရင် ဒီလူတွေက ဘာလို့ မင်းကို အစ်ကိုကြီးလို့ ခေါ်နေကြတာလဲ"
"သခင်... အပြစ်မယူပါနဲ့၊ မူလက ကျွန်တော် သူတို့ကို ဒီနေရာအထိ ခေါ်လာပြီးတာနဲ့ သူတို့ဘာသာသူတို့ ထွက်သွားခိုင်းခဲ့တာပါ"
"ပြီးတော့ ကျွန်တော်က သခင် အမိန့်ပေးထားတဲ့အတိုင်း လောကအမြင်ကျယ်အောင် လှည့်လည်သွားလာဖို့ ပြင်ဆင်ခဲ့တာပါ၊ ဒါပေမဲ့ သူတို့အားလုံးက ထွက်မသွားချင်ကြဘဲ ကျွန်တော့်နောက်ကိုပဲ အတင်း လိုက်ချင်နေကြလို့ပါ"
ကျောက်ယွမ်၏ ပြောပြချက်ကို ကြားပြီးနောက် ချန်ကျီ စိတ်ထဲ၌ "ငယ်ပါသေးတယ်" ဟုသာ မအောင့်အီးနိုင်ဘဲ ရေရွတ်မိတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ဤအရာများကို ပြောနေ၍လည်း အပိုသာ ဖြစ်သဖြင့် ချန်ကျီ ခေတ္တ တွက်ချက်ကြည့်လိုက်ပြီးနောက် "ဒါဆိုရင် မင်း သူတို့ကို ခေါ်ပြီး ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"
ကျောက်ယွမ် အနည်းငယ် ဆွံ့အသွားရသည်၊ သူကိုယ်တိုင်လည်း ဤလူများကို ခေါ်ပြီး ဘာလုပ်ရမည်ကို အသေးစိတ် မတွေးတောရသေးပေ၊ လက်ရှိတွင် ခြေလှမ်းတစ်လှမ်းချင်းစီသာ ကြည့်ပြီး လုပ်ဆောင်နေရခြင်း ဖြစ်သည်။
ချန်ကျီ သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဟူး... ထားလိုက်ပါတော့၊ လိုက်ချင်လည်း လိုက်ပါစေတော့"
"ဒါပေမဲ့ မင်း မှတ်ထားရမှာက သူတစ်ပါးရဲ့ နှာခေါင်းစွဲရာ မပါစေနဲ့၊ ဘယ်ကိစ္စမဆို ကိုယ်ပိုင် အတွေး ရှိရမယ်"
ချန်ကျီ စိတ်ထဲကနေ ကောင်းကောင်း သိရှိထားသည်၊ ကျောက်ယွမ်က ဤလူများ၏ စာနာစိတ်ဖြင့် ဖိအားပေးမှုကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကျောက်ယွမ်တို့ကဲ့သို့ ကိုယ်ပွားများ မည်သည့် ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ကို သူက အစကတည်းက အများကြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆုံးဖြတ်ထားပြီး ဖြစ်ရာ သူတို့ မည်သည့်အဆင့်အထိ လျှောက်လှမ်းနိုင်မည်ကိုသာ စောင့်ကြည့်လိုခြင်း ဖြစ်သည်။
"ဟုတ်ကဲ့ပါ သခင်"
"အခုတော့ အခြေအနေက ဒီလို ဖြစ်ပျက်သွားပြီဆိုမှတော့ ဒီလူစုက မင်းနောက်ကို ဒီအတိုင်း လိုက်နေလို့လည်း မဖြစ်သေးဘူး"
"လူအင်အား ဒီလောက်အများကြီး ရှိနေမှတော့ မင်းလည်း ကိုယ်ပိုင် အင်အားစုတစ်ခု တည်ထောင်ဖို့ ကြိုးစားကြည့်လို့ ရတာပေါ့"
"ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ မင်းကိုယ်တိုင် သေချာ တွေးတောရလိမ့်မယ်"
"ဒါပေမဲ့ ကျင့်ကြံခြင်း အရင်းအမြစ် ပိုင်းကိုတော့ မင်း စိတ်ပူစရာမလိုဘူး"
"မင်း စုဆောင်းမိသမျှ အသုံးမလိုတဲ့ ပစ္စည်းတွေအားလုံးကို အနန္တ နေရာလွတ်ထဲမှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေအဖြစ် သွားပြီး လဲလှယ်လို့ ရတယ်"
"နောက်ကျရင် ငါ အနန္တ နေရာလွတ်ထဲမှာ ကိုယ်ပွားနှစ်ခုကို အတည်တကျ စီစဉ်ပေးထားမယ်၊ မင်းမှာ ဘာလိုအပ်ချက်ပဲရှိရှိ သူတို့ကို အချိန်မရွေး လှမ်းရှာလို့ ရတယ်"
ချန်ကျီ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာခြင်း ဖြစ်သည်၊ ကျောက်ယွမ်ကို ကိုယ်ပိုင် အင်အားစုတစ်ခု သွားရောက် တည်ထောင်ခိုင်းခြင်းကလည်း တစ်မျိုးဆန်းသစ်သော လောကအမြင်ကျယ်မှု ဖြစ်နိုင်ပေသည်။
ကျောက်ယွမ် မည်မျှအထိ လုပ်နိုင်မည်ကိုမူ ချန်ကျီက အရင်ဆုံး ဝင်ရောက် မစွက်ဖက်တော့ပေ။
သူ ပေးနိုင်သည့် ကူညီမှုအားလုံးကို ပေးအပ်ပြီးပြီ ဖြစ်ရာ ကျန်ရှိသည်များကိုမူ ကျောက်ယွမ် ကိုယ်တိုင် မည်သို့ လုပ်ဆောင်မည်အပေါ်၌သာ မူတည်တော့သည်။
"သခင့်ကို အထူးပဲ ကျေးဇူးတင်ပါတယ်"
ချန်ကျီ၏ စကားများက ကျောက်ယွမ်၏ စိတ်ကို များစွာ ရှင်းလင်းသွားစေသည်၊ မူလက သူသည် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ၊ မင်းဘာသာမင်း သေချာ တွေးလိုက်ဦး"
ချန်ကျီ သိရှိလိုသော အခြေအနေများကို ရှင်းလင်းစွာ သိရှိသွားပြီ ဖြစ်ပြီး ပြောသင့်ပြောထိုက်သည်များကိုလည်း ပြောကြားပြီးပြီ ဖြစ်ရာ နောင်ကျရင် ကျောက်ယွမ်၏ ကိုယ်ပိုင် ကြိုးစားမှုအပေါ်၌သာ မူတည်တော့သည်။
သူ့အနေနှင့် ကျောက်ယွမ်ကို ဆက်ပြီး စောင့်ကြည့်နေရန် မလိုအပ်တော့သဖြင့် အတွေးတစ်ချက် လှုပ်ရှားလိုက်ကာ ကျောက်ယွမ်၏ အမြင်အာရုံကို မျှဝေခံစားခြင်း မပြုတော့ပေ ။
ယခုအခါ ကျောက်ယွမ်ကို အင်အားစုတစ်ခု တည်ထောင်ခိုင်းလိုက်သည် ဆိုသော်လည်း ၎င်းက စတင်ခါစမျှသာ ရှိသေးသဖြင့် အများကြီး အာရုံစိုက်နေရန် မလိုသေးပေ။
"ဟုတ်ကဲ့" ကျောက်ယွမ်က ချန်ကျီ ရှိနေသေးသည်ဟု ထင်မှတ်ကာ စိတ်ထဲကနေ ရိုသေစွာဖြင့် ပြန် ဖြေလိုက်သည်။
ခဏအကြာတွင် ချန်ကျီထံမှ မည်သည့် အသံမျှ ထပ်မံ ထွက်ပေါ်မလာတော့သဖြင့် ကျောက်ယွမ်က ချန်ကျီ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။
ထိုအချိန်ကျမှ သူက ချန်ကျီ ပြောကြားခဲ့သည့် စကားများကို သေသေချာချာ စတင် တွေးတောမိပြီး သူ့နောက်သို့ လိုက်ပါလာသော ကျင့်ကြံသူများကို တစ်ချက်ချင်း အကဲခတ်လိုက်သည်။
"သခင် ပြောတာ တကယ်မမှားဘူး၊ ဒီလူစုကို အခြေခံအဖြစ် သုံးပြီး အင်အားစုတစ်ခု တည်ထောင်မယ်ဆိုရင် တကယ်ပဲ စီမံခန့်ခွဲရတာ ပိုပြီး အဆင်ပြေသွားမှာပဲ"
"အခုလည်း သခင်က ကျင့်ကြံခြင်း အရင်းအမြစ် ပိုင်းမှာ ကူညီပေးမယ်ဆိုတော့ အင်အားစုတစ်ခု တည်ထောင်ဖို့အတွက် အလားအလာ အများကြီးရှိတာပေါ့"
ကျောက်ယွမ်က ဤရက်ပိုင်းအတွင်း ဤလူများနှင့် အတူတကွ နေထိုင်ခဲ့ပြီးနောက် ဤလူများ စုစည်းမိနေခြင်းက သဘာဝအတိုင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုကဲ့သို့ပင် အလုပ်လုပ်ရာတွင် စနစ်တကျ ရှိပြီး စီစဉ်မှုများကလည်း သင့်တော်လှကြောင်း တွေ့ရှိရသည်။
သူက စစ်သူကြီး တစ်ဦးကဲ့သို့ပင် ဖြစ်ပြီး မည်သည့်နေရာကို ညွှန်ပြညွှန်ပြ၊ ဤလူများက ထိုနေရာသို့ အရောက် တိုက်ခိုက်ကြလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် ကျောက်ယွမ်က ခုနက ရိုးအအ ပြုံးနေသည့် ကျင့်ကြံသူကို ကြည့်ကာ လက်လှမ်းပြလိုက်သည်။
ရိုးအအ ကျင့်ကြံသူက ကျောက်ယွမ် သူတို့အား ကြည့်နေသည်ကို စောစောစီးစီး တွေ့ရှိထားသဖြင့် ကျောက်ယွမ် လက်လှမ်းပြလိုက်သည်နှင့် သူက ချက်ချင်း ပြေးဝင်လာခဲ့သည်။
"အစ်ကိုကြီး... ကျွန်တော့်ကို ရှာတာလား"
ကျောက်ယွမ်က အသာအယာ ပြုံးလိုက်ပြီး အနည်းငယ် အားနာဟန်ဖြင့် ပြောလိုက်သည်။ "ငါတို့ အတူတူ နေလာတာ ဒီလောက်တောင် ကြာပြီဖြစ်တာ၊ ငါ မင်းရဲ့ နာမည်ကို အခုထိ မသိသေးဘူးပဲ"
"အစ်ကိုကြီး... အဲ့လို မပြောပါနဲ့၊ ကျွန်တော်က အစ်ကိုကြီးနောက်ကိုပဲ လိုက်ချင်တာမလို့ ကျွန်တော့်နာမည် သိတာ၊ မသိတာက အရေးမကြီးပါဘူး"
ကျောက်ယွမ်က ပြုံးလျက် ပြောလိုက်သည်။ "ဘယ်လိုလုပ် အရေးမကြီးရမှာလဲ၊ နောင်ကျရင် မင်းတို့က အမြဲတမ်း လိုက်နေမှာကို ငါက မင်းတို့ရဲ့ နာမည်ကိုတောင် မသိဘူးဆိုရင် သူတစ်ပါး ကြားရင် ရယ်စရာ ဖြစ်နေမှာပေါ့၊ ဟုတ်တယ်မလား"
ရိုးအအ ကျင့်ကြံသူက ယခုအချိန်ကျမှသာ သူတို့သည် ကျောက်ယွမ်၏ လက်ခံမှုကို အမှန်တကယ် ရရှိသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် ခဏမျှ ဘာပြောရမှန်း မသိတော့ဘဲ စိတ်ထဲ၌ အနည်းငယ် ရင်ခုန်လှုပ်ရှားသွားရသည်။
"ဟားဟား၊ မင်း ဘာဖြစ်နေတာလဲ၊ သွား... အားလုံးကို ဒီဘက် ခေါ်လာခဲ့လိုက်၊ ငါတို့အားလုံး သေသေချာချာ ပြန်ပြီး မိတ်ဆက်ကြတာပေါ့"
"ကောင်းပါပြီ၊ ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ်" စိတ်လှုပ်ရှားနေသော ရိုးအအ ကျင့်ကြံသူက ပြောပြီးနောက် လူစုကို သွားခေါ်ရန် မတ်တတ်ထရပ်လိုက်သည်။
ထိုအချိန်တွင် သူက တစ်ခုခုကို သတိရသွားသည့်အလား လှည့်ကြည့်လိုက်ပြီး ရိုးအအ အမူအရာဖြင့်ပင် "အစ်ကိုကြီး... ကျွန်တော့်နာမည်က 'ချန်ကု' ပါ၊ အစ်ကိုကြီး သေချာ မှတ်ထားပေးပါနော်၊ ကျွန်တော်က ပထမဆုံး တစ်ယောက်ပဲ"
"ဟားဟား၊ ချန်ကု၊ ကောင်းပြီ... ငါ သေချာ မှတ်ထားပါ့မယ်"
ရိုးအအ ပြုံးနေသော ချန်ကုက ပျော်ရွှင်စွာဖြင့် အခြားလူများကို သွား ခေါ်လိုက်တော့သည်။
ကျောက်ယွမ်က ယခုအချိန်ကျမှသာ သူ့နောက်သို့ လိုက်ပါလာသော ဤလူစုကို အမှန်တကယ် လက်ခံလိုက်ခြင်း ဖြစ်ပေသည်။
ချန်ကျီ၏ အိမ်တော် အတွင်း၌...
ချန်ကျီက ကျောက်ယွမ်၏ အခြေအနေကို စောင့်ကြည့်ပြီးနောက် အရှေ့ ၌ မျှဝေထားသော ကျောက်ယွမ်၏ အမြင်အာရုံ မြင်ကွင်းများ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
"ကျောက်ယွမ်က နောင်ကျရင် ဘယ်လို အင်အားစုမျိုးကို တည်ထောင်ပြီး ဘယ်လိုမျိုးအထိ ကြီးထွားလာမလဲဆိုတာ မသိဘူးပဲ"
"ဒါပေမဲ့ အနန္တ ကုန်စုံဆိုင်ရဲ့ အရင်းအမြစ် အကူအညီတွေ ရှိနေတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးဆိုးရွားရွားတော့ ဖြစ်မသွားနိုင်ပါဘူး" ချန်ကျီ စိတ်ထဲ၌ တွေးနေစဉ်မှာပင် ကျောက်လင်းအာ၏ အသံ ထွက်ပေါ်လာခဲ့သည်။
"သခင်... ထမင်းနဲ့ ဟင်းတွေ အဆင်သင့် ဖြစ်ပါပြီ၊ လာပြီး သုံးဆောင်လို့ ရပါပြီ"
"အင်း" ချန်ကျီက ခေါင်းငြိမ့်ပြလိုက်ပြီး ထိုင်ခုံမှထကာ စားပွဲဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
ယနေ့ ကျောက်လင်းအာ ချက်ပြုတ်ထားသော ဟင်းလျာများက ချန်ကျီ တစ်ခါမျှ မမြင်ဖူးသေးသော လက်ရာအသစ်များ ဖြစ်နေသည်။
"လင်းအာ... ဒီဟင်းတွေက တစ်ခါမှ မမြင်ဖူးပါလား၊ ဒါက ဘာလဲ"
"သခင်... ဒါက ကျွန်မ အသစ် တီထွင်ချက်ပြုတ်ထားတာပါ၊ ဒီဟင်းလျာတွေရဲ့ အမယ်တွေကို အနန္တ နေရာလွတ်ထဲကနေ သေသေချာချာ ရွေးချယ်ခဲ့တာပါ"
"အနန္တ နေရာလွတ်ထဲက ရွေးချယ်ခဲ့တာ ဟုတ်လား"
"ဟုတ်ပါတယ် သခင်၊ ကုန်စုံဆိုင်က ကျင့်ကြံသူတွေဆီကနေ ပစ္စည်းအများကြီး ပြန်ဝယ်ထားတာ မဟုတ်လား"
"ကျွန်မ အထဲကနေ ဝိညာဉ်စွမ်းအား ကြွယ်ဝတဲ့ သားရဲအသားတချို့နဲ့ အရသာ တော်တော်လေး ကောင်းမွန်တဲ့ ဝိညာဉ်အပင်တချို့ကို ရွေးချယ်ခဲ့တာပါ၊ သခင် မြည်းစမ်းကြည့်ပါဦး၊ အရသာ ရှိရဲ့လား"
"ကောင်းပြီ၊ ငါ အခုပဲ မြည်းစမ်းကြည့်ပါ့မယ်"