← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း (၁၀၄) သောက်ဖော်သောက်ဖက် အသစ်

​အစီအရင် လေ့လာသည့်ကိစ္စကို စီစဉ်ပြီးနောက် ချန်ကျီက အနန္တ ဆိုင်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

​ချန်ကျီက ကျန်ရှိနေသော အမှတ်များဖြင့် ကိုယ်ပွားနှင့် ကောင်းကင်ဝိညာဉ်ပေါက်တူး မည်မျှအထိ ဝယ်ယူနိုင်မည်ကို တွက်ချက်ကြည့်လိုက်သည်။

​ထို့နောက် ဝတ်ရုံစိမ်းနှင့် အမျိုးသမီးကို ပြောလိုက်သည်။ "ငါ ကိုယ်ပွား ၁၀ ခုနဲ့ ကောင်းကင်ဝိညာဉ်ပေါက်တူး ၈ လက် လဲလှယ်ချင်တယ်"

​"ကိုယ်ပွား ၁၀ ခု၊ ကောင်းကင်ဝိညာဉ်ပေါက်တူး ၈ လက် လဲလှယ်ပါမယ်၊ စုစုပေါင်း အမှတ် ၄၉၅၀၀ ကုန်ကျမှာဖြစ်ပြီး လဲလှယ်ဖို့ သဘောတူ ပါသလား"

​"သဘောတူ တယ်"

​ပြောပြီးသည်နှင့် ချန်ကျီက အမှတ်များ သုည ဖြစ်သွားသည်ကို မြင်လိုက်ရပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးထဲမှလည်း ၁၇၂၈၅ တုံး ထပ်မံ နှုတ်ယူသွားခဲ့သည်။

​ချန်ကျီ ကြည့်လိုက်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးက ၁ သိန်း ၅ သောင်းကျော် မျှသာ ကျန်ရှိတော့သည်။

​ခဏအကြာတွင် ကိုယ်ပွားပုံရိပ် ၁၀ ခုနှင့် ကောင်းကင်ဝိညာဉ်ပေါက်တူး ၈ လက် ပေါ်လာခဲ့သည်။

​ချန်ကျီက ကိုယ်ပွားပုံရိပ်များ၏ ရုပ်အသွင်ကို စတင် ပုံဖော်လိုက်ရာ ကိုယ်ပွား ၈ ခုကိုမူ စိတ်ကူးထဲရှိရာ ရုပ်သွင်တစ်ခုကိုပဲ အလွယ်တကူ ပုံဖော်ပေးလိုက်ပြီး သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။

​ထို့နောက်တွင်မှ သူက အနာဂတ် ကျရင် အနန္တ နေရာလွတ်ထဲ၌ အတည်တကျ နေထိုင်မည့် ကိုယ်ပွားနှစ်ခု၏ ရုပ်သွင်ကို သေသေချာချာ ပုံဖော်ပေးလိုက်သည်။

​ဤကိုယ်ပွားနှစ်ခု၏ ရုပ်သွင်ကို ချန်ကျီက သူ၏ ရုပ်သွင်အတိုင်း ပုံဖော်ထားခြင်း ဖြစ်သော်လည်း လုံးဝ တထေရာတည်း တူညီနေခြင်းမျိုး မဟုတ်ဘဲ သူ့အငွေ့အသက်နှင့် ဆင်တူရုံမျှသာ ဖြစ်သည်။

​ကိုယ်ပွားနှစ်ခုကြားတွင်လည်း ချန်ကျီ ခွဲခြားရလွယ်ကူစေရန်အတွက် အနည်းငယ် ကွဲပြားမှု ရှိအောင် လုပ်ထားသည်။

​ကိုယ်ပွား ၁၀ ခုစလုံး၏ ရုပ်သွင်ကို ပုံဖော်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

​ပုံရိပ်များ အသွင်သဏ္ဌာန် အသက်ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း ချန်ကျီက အားမနေဘဲ ဝတ်ရုံစိမ်းနှင့် အမျိုးသမီးထံမှ အခြား ကုန်ပစ္စည်းပုံကြီးကို ထပ်မံ လဲလှယ်လိုက်သည်။

​အဆင့်တစ် ဆေးလုံးများကိုမူ ဤရက်ပိုင်းအတွင်း ရောင်းအားအပေါ် မူတည်၍ ချန်ကျီက ယခင်ထက် နှစ်ဆတိုးကာ လဲလှယ်လိုက်သည်။

​အဆင့်နှစ် ဆေးလုံးများကိုလည်း အမျိုးအစားအားလုံးကို အလုံး ၅၀ စီ လဲလှယ်လိုက်သည်။

​ထို့ပြင် အခြား ကျင့်ကြံခြင်း အရင်းအမြစ်များ အပါအဝင် အထွေထွေ ပစ္စည်းများ အားလုံး ပေါင်းလိုက်ရာ ချန်ကျီက အမှတ် ၅၀၀၀၀ ဖိုးခန့် ကုန်ပစ္စည်းများ အရန်သင့် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

​"ဒီလောက်ဆိုရင် ဆိုင်ရှင်ရှန်း တစ်ခါ ရောင်းဖို့ လောက်လောက်ငင ရှိမှာပဲ၊ နောက်ကျရင် ဆိုင်ရှင်ရှန်းကိုပဲ စာရင်းတစ်ခု လုပ်ခိုင်းပြီး ဘာလိုလဲဆိုတာကိုပဲ တိုက်ရိုက် လဲလှယ်ပေးတော့မယ်"

​ချန်ကျီ ဤအရာအားလုံးကို လုပ်ပြီးသွားချိန်တွင် ကိုယ်ပွား ၁၀ ခုစလုံး၏ ပုံရိပ်များက အသက်ဝင်လာခဲ့ပြီး မျက်လုံးများကလည်း တဖြည်းဖြည်းနှင့် အသိဝင်လာကြသည်။

​"နံပါတ် ၃၆ နဲ့ နံပါတ် ၃၇ က ဒီမှာပဲ နေခဲ့၊ ကျန်တဲ့ ကိုယ်ပွားတွေက ကောင်းကင်ဝိညာဉ်ပေါက်တူး တွေကို ယူပြီး လာ ခေါ် တာကို စောင့်ကြ"

​"ဟုတ်ကဲ့ပါ သခင်"

​ပြောပြီးနောက် ချန်ကျီက သံနက်မိုင်းတွင်းထဲမှ ကိုယ်ပွားများကို ဆက်သွယ်ကာ ကိုယ်ပွား ၈ ဉီးစလုံးကို လှမ်းခေါ်ခိုင်းလိုက်သည်။

​ခဏအကြာတွင် ကောင်းကင်ဝိညာဉ်ပေါက်တူး များ ကိုင်ဆောင်ထားသည့် ကိုယ်ပွား ၈ ခုစလုံး ဆင့်ခေါ်ခြင်း ခံလိုက်ရပြီး ဖြစ်သည်။

​"နံပါတ် ၃၆... မင်းကို အခုကစပြီး 'ရှောင်ဖျင်' လို့ ခေါ်မယ် ၊ နံပါတ် ၃၇... မင်းကို အခုကစပြီး 'ရှောင်အန်း' လို့ ခေါ်မယ် "

​"ဟုတ်ကဲ့ပါ သခင်"

​"အင်း... ငါနဲ့အတူ အပြင်ကို လိုက်ခဲ့ကြ"

​"ဟုတ်ကဲ့ပါ သခင်"

​ထို့နောက် ချန်ကျီက ရှောင်ဖျင်နှင့် ရှောင်အန်းကို ခေါ်ဆောင်ကာ အနန္တ ဆိုင်ထဲမှ ထွက်လာခဲ့သည်။

​"မင်းတို့ နောင်ကျရင် ဒီနေရာမှာပဲ နေပြီး ဝိညာဉ်စိုက်ခင်းကို ထိန်းသိမ်းဖို့နဲ့ ပို့ဆောင်ထားတဲ့ ပစ္စည်းတွေကို စနစ်တကျ စီစစ်သိမ်းဆည်းဖို့၊ ပြီးတော့ သတင်းတွေကို အချိန်မှီ ပေးပို့ဖို့ တာဝန်ယူရမယ်"

​"မင်းတို့ သီးသန့်အနေနဲ့ ငါ့ဆီကို အချိန်မရွေး တိုက်ရိုက် ဆက်သွယ်ခွင့် ပေးတယ်၊ ဒါပေမဲ့ သိပ်ပြီး အရေးမကြီးတဲ့ ကိစ္စဆိုရင်တော့ ငါ့ဆီ မပို့ကြနဲ့"

​"ဟုတ်ကဲ့ပါ သခင်"

​"အင်း... မင်းတို့ အရင်ဆုံး ဒီက ပတ်ဝန်းကျင်ကို အသားကျအောင် လုပ်လိုက်ဦး၊ ပြီးရင် ဟိုဘက်က ကျင့်ကြံခြင်း အရင်းအမြစ် ပစ္စည်းပုံကြီးကို သေသေချာချာ စီစစ်ပြီး ပစ္စည်းအားလုံးကို စာရင်း သေချာ မှတ်ထားလိုက်"

​ချန်ကျီက ပြောရင်းနှင့် သူ ခုနကမှ ဝိညာဉ်ကျောက်တုံး ၅ သောင်းဖိုး လဲလှယ်ထားသည့် ပစ္စည်းပုံကြီးကို ညွှန်ပြလိုက်သည်။

​"ဟုတ်ကဲ့ပါ သခင်"

​ရှောင်ဖျင်နှင့် ရှောင်အန်းတို့ အလုပ်စတင် လုပ်ဆောင်နေသည်ကို မြင်တွေ့ရပြီးနောက် ချန်ကျီက ခေတ္တမျှသာ ရပ်တန့်ကာ လိုအပ်ချက် တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုပြီးသည်နှင့် အနန္တ နေရာလွတ်ထဲမှ ပြန်ထွက်လာခဲ့သည်။

​ချန်ကျီ၏ အသိစိတ်က ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာပြီးနောက် ကျောက်လင်းအာက အနားသို့ ချဉ်းကပ်ကာ မေးလိုက်သည်။ "သခင်... ဒီနေ့ အမြတ် ရ ရဲ့လား"

​"အင်း... မဆိုးပါဘူး၊ အုတ်မြစ်ချခြင်း ဆေးလုံးတွေကို မရေတွက်ရင်တောင် ဒီနေ့ အမြတ် ၂ သောင်း ရှိတယ်"

​"ဟီးဟီး... သခင်၊ ဒီအမြတ်က မနေ့ကထက်စာရင် နှစ်ဆတောင် ပိုများလာတာပဲ"

​ချန်ကျီက ခေတ္တ တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။ "မနေ့ကထက် နှစ်ဆ ပိုများလာတာ မှန်ပေမဲ့ အမြတ်က နည်းနေတုန်းပဲ"

​"အဓိကကတော့ ဝမ်နန်မြို့က ကျင့်ကြံသူတွေရဲ့ အဆင့်က နိမ့်လွန်းနေတော့ အမြတ် နည်းတဲ့ ပစ္စည်းတွေကိုပဲ ဝယ်ယူနိုင်ကြလို့ပဲ"

​ကျောက်လင်းအာက ခေတ္တ တွေးတောပြီးနောက် မေးလိုက်သည်။ "သခင်က တခြား မြို့တွေမှာပါ အနန္တ ကုန်စုံဆိုင် နောက်တစ်ခု ထပ်ပြီး ဖွင့်ချင်လို့လား"

​ချန်ကျီက ခေတ္တ မျှ စဉ်းစားမိသွားသည်။ "အင်း... ဒီလို အတွေးတော့ ရှိပါတယ်၊ ဒါပေမဲ့ အခုက အချိန်မတန်သေးဘူး"

​"အနည်းဆုံးတော့ ယဲ့မိသားစု ကိစ္စကို ရှင်းလင်းပြီးသွားမှ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ရွှေအူတိုင်အဆင့် ကို ရောက်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိလာမှပဲ အပြင်ထွက်ရမယ်"

​"သခင်က တခြား မြို့တွေမှာ ဆိုင်ဖွင့်ဖို့အတွက် ကိုယ်ပွားတွေကို စေလွှတ်လို့ ရတာပဲ မဟုတ်ဘူးလား" ကျောက်လင်းအာက ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။

​သို့သော်လည်း ချန်ကျီက ခေါင်းယမ်းပြလိုက်သည်။ "မရသေးဘူး၊ ကိုယ်ပွားတွေရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးတော့ တခြား မြို့တွေ သွားဖွင့်လည်း အခြေအနေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"

​"အနန္တ ကုန်စုံဆိုင်က ဘယ်မြို့မှာပဲ သွားဖွင့်ဖွင့် သေချာပေါက် တခြားလူတွေရဲ့ စီးပွားရေးကို လုယူမိသလို ဖြစ်သွားလိမ့်မယ်"

​"ဝမ်နန်မြို့မှာမလို့ အခြေတည်အဆင့် က အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားလို့ သတ်မှတ်လို့ရပြီး လူတော်တော်များများကို ဟန့်တားထားနိုင်လို့ ဘယ်သူမှ လွယ်လွယ်နဲ့ လက်ရဲဇက်ရဲ မလုပ်ရဲကြတာ"

​"ဒါပေမဲ့ အဲ့ဒီ ကျင့်ကြံခြင်း မြို့ကြီးတွေကို ရောက်သွားရင်တော့ အခြေတည်အဆင့် ဆိုတာ အောက်ခြေအကျဆုံး လူတန်းစားသာ ဖြစ်နေလို့ မျက်နှာပန်း လှမှာ မဟုတ်ဘူး"

​ဝမ်နန်မြို့မှာပင် ချန်ကျီက ကျားအရေခွံခြုံ၍ ဝံပုလွေကို ခြောက်လှန့်နေခြင်း ဖြစ်ပြီး သူ့ ခွန်အားက မည်မျှအထိ နက်နဲကြီးမားကြောင်း သူတစ်ပါးကို သံသယဝင်အောင် လုပ်ဆောင်ကာ အနန္တ ကုန်စုံဆိုင်ကို လွယ်လွယ်နှင့် မတိုက်ခိုက် ရဲအောင် ဟန့်တားထားခြင်း ဖြစ်ပေသည်။

​ကျောက်လင်းအာက ခေတ္တ တွေးတောလိုက်ပြီးမှ သဘောပေါက်သွားကာ အနည်းငယ် နှမြောတသဟန်ဖြင့် ပြောလိုက်သည်။ "သခင် ပြောတာ တကယ်မှန်ပါတယ်၊ ထပ်ပြီး စောင့်ရဦးမှာပေါ့"

​ချန်ကျီက အသာအယာ ပြုံးလိုက်သည်။ "ကောင်းပြီ၊ ငါ သွားနားတော့မယ်၊ အခုချိန်မှာ အများကြီး တွေးနေလည်း အပိုပဲ၊ ခွန်အားကသာ အရာအားလုံးကို ဆုံးဖြတ်ပေးတာ"

​ချန်ကျီ ယခုအချိန်တွင် ဤအရာများကို တွေးတောနေရခြင်းမှာလည်း အနန္တ နေရာလွတ် အဆင့်မြှင့်ရန် လိုအပ်သော အမှတ်များက ပို၍ ပို၍ များပြားလာသောကြောင့် ဖြစ်သည်။

​ယခုအခါ အဆင့်ငါး သို့ မြှင့်တင်ရန် အမှတ် ၁ သန်း လိုအပ်နေပြီ ဖြစ်ရာ အဆင့်ခြောက်၊ အဆင့်ခုနစ် ဆိုလျှင်ကော မည်မျှအထိ လိုအပ်လာမည်နည်း။

​အနန္တ နေရာလွတ် စနစ်၏ ပုံစံအတိုင်းဆိုလျှင် အဆင့်ခြောက် သို့ မြှင့်တင်ရန် အမှတ် ၁၀ သန်း လိုအပ်မည်ဖြစ်ပြီး အဆင့်ခုနစ် ဆိုလျှင်မူ အမှတ် သန်း ၁၀၀ အထိ ဖြစ်လာပေလိမ့်မည်။

​နောက်ကျရင် ပို၍ ပို၍သာ များပြားလာတော့မည် ဖြစ်သည်။

​သူ့အနေနှင့် ယခုကတည်းက အမှတ်ကိစ္စကို စတင်ပြီး စိတ်မပူ၍ မရတော့ပေ။

​အနာဂတ် ကျရင် အနန္တ နေရာလွတ် အဆင့်မမြှင့်တင်နိုင်ဘဲ ကန့်သတ်ချက် ဖြစ်နေမည်ဆိုပါက သူ လုပ်သမျှ ကိစ္စတိုင်းတွင် လက်တွန့်ခြေတွန့် ဖြစ်လာရပေလိမ့်မည်။

​ကျင့်ကြံခြင်းအဆင့်ကိုမူ အလိုအလျောက် ကျင့်ကြံခြင်းအခန်းဖြင့် အဆက်မပြတ် မြှင့်တင်နိုင်သော်လည်း ပိုမို အဆင့်မြင့်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို လဲလှယ်၍ မရပါက သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူနှင့် ကြုံတွေ့ရလျှင် ချန်ကျီအနေနှင့် မတတ်သာဘဲ ရှိနေပေလိမ့်မည်။

​အနာဂတ် ကျရင် အနန္တ နေရာလွတ် အဆင့်မြှင့်တင်မည့် ကိစ္စများကို တွေးတောရင်းနှင့် ချန်ကျီသည် တဖြည်းဖြည်းနှင့် အိပ်မောကျသွားခဲ့တော့သည်။

....

​အချိန်တူညီစွာပင် ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့်များ နေထိုင်ရာ နယ်မြေ ၌

​လင်းယွမ်တောင်ထိပ်၊ နံပါတ် ၂၃ ဂူ အတွင်း၌ ဤအချိန်တွင် ကျင့်ကြံသူ သုံးဦးက အနားယူခြင်းလည်း မရှိ၊ ကျင့်ကြံခြင်းလည်း မလုပ်ဘဲ ရှိနေကြသည်။

​ဤကျင့်ကြံသူ သုံးဦးထဲတွင် တစ်ဦးမှာ ချင်းယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် ချန်ဖန် ဖြစ်ပြီး ဤဂူမှာ သူ၏ နေအိမ် ဖြစ်ပေသည်။

​ချန်ဖန်နှင့်အတူ ထိုင်နေကြသော အခြား ကျင့်ကြံသူနှစ်ဦးထဲမှ တစ်ဦးမှာ ချီသန့်စင်ခြင်းအဆင့် ၇ ရှိသော အပြင်စည်းတပည့် 'ယွီရှင်းစစ်' ဖြစ်သည်။

​အခြားတစ်ဦးမှာလည်း အပြင်စည်းတပည့်ပင် ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့် ၅ မျှသာ ရှိသော 'ကျိုးချွမ်' ဖြစ်သည်။

​သူတို့နှစ်ဦးစလုံးမှာ ချန်ဖန်၏ ဖိတ်ကြားမှုကြောင့် ရောက်ရှိလာကြခြင်း ဖြစ်ပြီး ချန်ဖန်က သူတို့ကို ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိသည်ဟု အကြောင်းကြားထားခြင်း ဖြစ်သည်။

​ချန်ဖန်က ကျိုးချွမ်အား ချန်ကျီ ဆိုသည်မှာ သူ ယခင်က အသုံးပြုခဲ့ဖူးသော အမည်ဝှက်တစ်ခုမျှသာ ဖြစ်ကြောင်း ရှင်းပြထားပြီး ဖြစ်သည်။

​ကျိုးချွမ်ကလည်း နားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်၊ အပြင်လောကသို့ ရောက်ရှိနေချိန်တွင် သတိကြီးစွာ ထိန်းသိမ်းထားခြင်းက ပုံမှန်ပင် ဖြစ်ပေသည်။

​ထိုအချိန်တွင် ချန်ဖန်က စားပွဲပေါ်သို့ ဝိညာဉ်ဝိုင် သုံးအိုး ထုတ်ပြလိုက်ပြီးနောက် သူ့ ခွက်ထဲသို့ အရင်ဆုံး အပြည့် လောင်းထည့်လိုက်သည်။

​ဤအရက်သုံးအိုးမှာ ချန်ဖန် ပြီးခဲ့သည့်အကြိမ်က ဝမ်နန်မြို့သို့ သွားရောက်၍ ချန်ကျီနှင့် တွေ့ဆုံစဉ်က တိတ်တဆိတ် ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။

​ယွီရှင်းစစ်နှင့် ကျိုးချွမ်တို့သည် ချန်ဖန်က ဝိုင်ထုတ်ယူလိုက်ပြီးနောက် သူ့ကိုယ်သူ ခွက်တစ်ခွက် လောင်းထည့်သည်ကို မြင်တွေ့လိုက်ရသည်။

​ယွီရှင်းစစ်ကမူ တွန့်ဆုတ်ခြင်း လုံးဝမရှိဘဲ ဝိုင်သောက်ရမည်ကို မြင်သည်နှင့် စိတ်လှုပ်ရှားသွားခဲ့သည်၊ ထို့ပြင် ဝိုင်ရနံ့ကို အနံ့ခံရုံနှင့်တင် ဤဝိုင်က သေချာပေါက် ကောင်းမွန်လှကြောင်း သိရှိနိုင်သည်။

​သူသည်လည်း ချက်ချင်း ခွက်အပြည့် လောင်းထည့်လိုက်ပြီး ဝိုင်ခွက်ကို ကိုင်ကာ ဝိုင်ရနံ့ကို ပြင်းပြင်းရှုလိုက်သည်။

​"ဝိုင်ကောင်းပဲ"

​သို့သော်လည်း ကျိုးချွမ်ကမူ အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်၊ သူက ပုံမှန်အားဖြင့် ဝိုင်ကို သိပ်ပြီး မသောက်ဖူးသလို အဓိကကတော့ မည်သို့သော အရသာရှိကြောင်းလည်း ခွဲခြားမပြနိုင်ပေ။

​ထို့ပြင် ဤနေရာတွင် ထိုင်နေကြသော သုံးဦးထဲတွင် သူက ချန်ဖန်တစ်ဦးတည်းကိုသာ သိရှိပြီး ယနေ့သည်လည်း ပြီးခဲ့သည့်အကြိမ်က ချန်ဖန်နှင့် မတော်တဆ ဆုံတွေ့ခဲ့ပြီးနောက် ချန်ဖန်နှင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

​သူနှင့် ချန်ဖန် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကလည်း အများကြီး အပြန်အလှန် စကားမပြောဖြစ်ခဲ့ဘဲ ချင်းယွမ်ဂိုဏ်းအတွင်းရှိ လက်ရှိ အခြေအနေတချို့ကိုသာ မေးမြန်းဖြစ်ခဲ့ပြီး ထို့နောက်တွင်မူ သာမန် နှုတ်ဆက်စကားများသာ ပြောဖြစ်ခဲ့ခြင်း ဖြစ်သည်။

​၎င်းအပြင် ယခု ထိုင်နေကြသော သုံးဦးထဲတွင် သူ၏ ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံး ဖြစ်နေသဖြင့် သူက အနည်းငယ် စိတ်အကျပ်ရိုက်ကာ ရှိန်နေမိသည်။

​ချန်ဖန်က ကျိုးချွမ်၏ ရှိန်နေမှုကို စောစောစီးစီး ရိပ်မိထားသဖြင့် အသာအယာ ပြုံးလိုက်ပြီး ကျိုးချွမ်၏ ရှေ့တွင် ရှိသော ဝိုင်အိုးကို ယူကာ ကျိုးချွမ်၏ ခွက်ထဲသို့ တိုက်ရိုက် အပြည့် လောင်းထည့်ပေးလိုက်သည်။

​"ဂျူနီယာညီလေးကျိုး... ဘာလို့ ဒီလောက်တောင် ရှိန်နေရတာလဲ၊ လာ... ဒီ ဝိညာဉ်ဝိုင်ရဲ့ အရသာကို မြည်းစမ်းကြည့်စမ်းပါ၊ မင်း တစ်ခွက် သောက်ပြီးရင် နောက်ထပ် နှစ်ခွက် ထပ်သောက်ချင်လာစေရမယ်လို့ ငါ အာမခံတယ်"

All Chapters