အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆) ဝမ်ကျီဂိုဏ်း
ထိုည၌ပင် တာ့ချန်အင်ပါယာ၏ နယ်စပ်ဒေသရှိ သားရဲတောအုပ်တစ်ခု၏ ဂူတစ်ခုအတွင်း၌
ကျောက်ယွမ်က သူ့နောက်သို့ လိုက်ပါလာကြသော ကျင့်ကြံသူ တစ်ရာကျော်နှင့် တစ်ဦးကိုတစ်ဦး ပြန်လည် မိတ်ဆက်ရင်း ရင်းနှီးအောင် လုပ်နေခဲ့သည်။
လူတိုင်းက သူတို့၏ အမည်နှင့် ကျင့်ကြံခြင်းအဆင့်ကို အသီးသီး မိတ်ဆက်ကြရာ ကျောက်ယွမ်က သူတို့၏ အမည်များကို စိတ်ထဲ၌ တစ်ယောက်မကျန် သေသေချာချာ မှတ်သားထားလိုက်သည်။
ထို့နောက်တွင်မှ ကျောက်ယွမ်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "ဒီရက်ပိုင်းအတွင်း အားလုံးနဲ့ အတူတူ ဖြတ်သန်းခဲ့ရတော့ အားလုံးက ငါ့နောက်ကို စိတ်ရင်းမှန်နဲ့ လိုက်ချင်ကြတာကို ငါ သိခဲ့ရပါတယ်"
"မင်းတို့အားလုံးက ငါ့နောက်လိုက်ဖို့ ရွေးချယ်ခဲ့ကြတာပဲ... ငါ့အနေနဲ့လည်း အားလုံးအပေါ် မတရား မလုပ်ပါဘူး"
"အခုကစပြီး ငါတို့အားလုံးက အဖွဲ့အစည်းတစ်ခု၊ အစုအဖွဲ့တစ်ခု ဖြစ်သွားပြီ"
"ငါ ကျောက်ယွမ်မှာ စားစရာ တစ်လုပ် ရှိနေသရွေ့ မင်းတို့ကို ဟင်းရည်တစ်ဇွန်းတော့ အပြတ်ခံမှာ မဟုတ်ဘူး"
"ဒီနေ့မှာတော့ ငါ အင်အားစုအသစ်တစ်ခုကို တည်ထောင်ပြီး နောင်ကျရင် မင်းတို့ကို ဦးဆောင်လို့ ရွှမ်ထျန်းတိုက်ကြီးပေါ်မှာ ခြေကုပ်ယူကာ သူရဲကောင်းတွေကို ရင်ဆိုင် စိန်ခေါ်သွားမယ်လို့ အလေးအနက် ကြေညာတယ်"
"မင်းတို့ကို အခြားသူ ရဲ့ နှိပ်စက်ညှင်းပန်းမှုကို မခံရစေတော့ဘဲ သူတစ်ပါးအောက်မှာ အမြဲ ကြောက်ရွံ့မနေစေရဘူး၊ ငါတို့နဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုကို ငါတို့ ကိုယ်တိုင် ဖန်တီးကြမယ်"
"အခုကစပြီး ငါတို့အဖွဲ့ကို 'ဝမ်ကျီဂိုဏ်း' လို့ ခေါ်မယ်၊ မင်းတို့အားလုံးက ငါ့ရဲ့ ဝမ်ကျီဂိုဏ်းဝင်တွေ ဖြစ်သွားကြပြီ"
ကျောက်ယွမ်၏ စကားများက လူတိုင်း၏ စိတ်ကို ဆွပေးလိုက်သလို ဖြစ်သွားစေပြီး လူတိုင်း ရင်ထဲ၌ စိတ်လှုပ်ရှား လာကြကာ အချို့ဆိုလျှင် တိတ်တဆိတ် မျက်ရည်ပင် သုတ်နေကြသည်။
သူတို့သည် မူလကတည်းက ပါရမီ ညံ့ဖျင်း သဖြင့် မည်သည့်ဂိုဏ်းကမျှ လက်မခံကြသောကြောင့်သာ တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။
အရာရာကို ကိုယ့်ကိုကိုယ်သာ အားကိုးပြီး ဤကျင့်ကြံခြင်းလမ်းစဉ်ကို ခက်ခဲပင်ပန်းစွာ ဆက်လျှောက်ရန် တွေးခဲ့ကြသော်လည်း...
နာကျင်စရာ ကောင်းလှသော အတွေ့အကြုံများကို ဖြတ်သန်းခဲ့ရပြီးနောက်တွင်မူ သူတို့ ခိုင်မာစွာ ထိန်းသိမ်းထားခဲ့သော ကျင့်ကြံခြင်းနှလုံးသားပင် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
သူတို့က အနာဂတ်အတွက် မည်သည့် မျှော်လင့်ချက်မျှ မရှိတော့သည့် အချိန်တွင်မှ အလင်းတန်းတစ်ခုက သူတို့အနားသို့ ချဉ်းကပ်လာပြီး မျှော်လင့်ချက်များကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဤမျှော်လင့်ချက်က သူတို့အတွက် ခိုလှုံရာ အိမ်တစ်ခုကိုပါ ပေးအပ်လိုက်ပြန်ပြီ ဖြစ်သည်။
သူတို့က အနာဂတ် ကျရင် ဝမ်ကျီဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်သွားကြပြီ ဖြစ်ရာ တစ်ကိုယ်တော် ကျင့်ကြံသူ ဘဝကနေ ကမ္ဘာသစ်တစ်ခုကို သေချာပေါက် ပြန်လည် ထုဆစ်ကြပေတော့မည်။
ထိုအချိန်တွင် ပုံမှန်အားဖြင့် ရိုးအအနှင့် ရယ်မောတတ်သော 'ချန်ကု' က မျက်ရည်များ ဝဲလျက် ထရပ်လိုက်ပြီး ညာဘက်လက်သီးကို တင်းတင်းဆုပ်ကာ အပေါ်သို့ မြှောက်၍ အော်ဟစ်လိုက်သည်။ "ဝမ်ကျီဂိုဏ်း... ဝမ်ကျီဂိုဏ်း... ဝမ်ကျီဂိုဏ်း..."
ချန်ကု၏ ဤအော်ဟစ်သံက လူတိုင်းကို ကူးစက်သွားခဲ့သည်။
လူတိုင်းက တစ်ပြိုင်နက် ထရပ်လိုက်ကြပြီး မနားတမ်း လိုက်လံ အော်ဟစ်ကြတော့သည်။ "ဝမ်ကျီဂိုဏ်း... ဝမ်ကျီဂိုဏ်း... ဝမ်ကျီဂိုဏ်း..."
ကျောက်ယွမ်သည်လည်း ထိုစိတ်ဓာတ်များ ကူးစက်ခံလိုက်ရပုံရသည်၊ ဤလူအုပ်ကြီးက သူ ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်သည် လုံးဝ မမှားကြောင်း သက်သေပြနေခဲ့သည်။
ကျောက်ယွမ်ကလည်း ညာဘက်လက်သီးကို ဆုပ်ကာ ကောင်းကင်သို့ မြှောက်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
တက်ကြွမှုများ ပြီးဆုံးသွားပြီးနောက်
ကျောက်ယွမ်က ဤလူတစ်ရာကျော်ကို အဖွဲ့ငယ် ၁၀ ဖွဲ့အဖြစ် ခွဲခြားလိုက်ပြီး အဖွဲ့ငယ် တစ်ဖွဲ့စီတွင် ချီသန့်စင်ခြင်းအဆင့် ၇ ရှိသော ကျင့်ကြံသူ တစ်ဦးစီကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။
တစ်ပါတည်းမှာပင် ချီသန့်စင်ခြင်းအဆင့် ၆ ရှိသော ကျင့်ကြံသူတစ်ဦးကိုလည်း ဒုတိယခေါင်းဆောင်အဖြစ် သတ်မှတ်ပေးလိုက်သည်။
အဖွဲ့ငယ်တစ်ခုချင်းစီအတွက် လတ်တလော သီးသန့် တာဝန်ခွဲဝေမှုမျိုး မရှိသေးသော်လည်း အဖွဲ့ငယ်အချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြရန် သူက တောင်းဆိုထားခဲ့သည်၊ အဖွဲ့ငယ် ၁၀ ဖွဲ့ ကွဲသွားသော်လည်း အားလုံးက အစုအဖွဲ့တစ်ခုတည်းပင် ဖြစ်ပေသည်။
ကျောက်ယွမ်က ဤအရာများကို စီစဉ်ပြီးနောက် လူတိုင်းကို ဆက်ပြောလိုက်သည်။ "မင်းတို့ကို သံနက်ရိုင်း မိုင်းတွင်းထဲကနေ ကယ်ထုတ်လာတာ ငါတစ်ယောက်တည်းရဲ့ စွမ်းအားနဲ့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးလည်း သိကြမှာပါ"
"ဒါက အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ဦးရဲ့ အကူအညီကြောင့်ပဲ၊ သူ့ရဲ့ အကူအညီ ရှိခဲ့လို့သာ ငါ မင်းတို့ကို ဒီလောက် လွယ်လွယ်ကူကူ ကယ်ထုတ်နိုင်ပြီး ဒီနေရာကို ခေါ်လာနိုင်ခဲ့တာ ဖြစ်တယ်"
အမှန်စင်စစ် ကျောက်ယွမ် ပြောသော စကားများက သူတို့ ရင်ထဲ၌ အမြဲ ရှိနေခဲ့သော သံသယများပင် ဖြစ်သည်။
သူတို့က လက်ရှိ ရောက်ရှိနေသော နေရာကို မသိရှိကြသော်လည်း ဤနေရာမျိုးသို့ သူတို့ထဲမှ မည်သူမျှ ခြေမချဖူးကြပေ။
သူတို့ စိတ်ထဲ၌ သံသယ ဖြစ်ဖူးကြသော်လည်း ထိုအရာက ဘာအရေးလဲ၊ သူတို့လူအုပ်ကြီးကို တစ်စုံတစ်ယောက်မျှ မသိအောင် တိတ်တဆိတ် ကယ်ထုတ်လာနိုင်ခြင်းက သေချာပေါက် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။
၎င်းက ကျောက်ယွမ်တစ်ယောက်တည်း လုပ်ဆောင်နိုင်ခြင်း မဟုတ်ကြောင်း သိကြသော်လည်း ကျောက်ယွမ်က သူတို့ကို ကယ်တင်ခဲ့သော ကျေးဇူးရှင် ဖြစ်နေဆဲပင် ဖြစ်သည်။
ထိုအစွမ်းထက်သော ကျင့်ကြံသူကို ရှာဖွေပြီး ကျေးဇူးဆပ်ရန် မတတ်နိုင်သဖြင့် ကျောက်ယွမ်ကို ဆပ်လျှင်လည်း အတူတူပင် ဖြစ်သည်။
ယခုအခါ ကျောက်ယွမ်က ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီ ဖြစ်ရာ သူတို့ စိတ်ထဲ၌ သံသယများ ရှိနေတော့မည် မဟုတ်ပေ။
ပို၍ အရေးကြီးသည်မှာ ယခုအခါ သူတို့က အဖွဲ့အစည်းတစ်ခု ရှိသွားပြီဖြစ်ပြီး ကျောက်ယွမ်က သူတို့ကို ဦးဆောင်ရန် လိုလားသဖြင့် သူတို့ကလည်း ကျောက်ယွမ်နောက်သို့ လိုက်ရန် အသင့်ရှိနေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ချန်ကုက မေးလိုက်သည်။ "ဂိုဏ်းချုပ်... အဲ့ဒီ အစွမ်းထက်တဲ့ ကျင့်ကြံသူကြီးက အခု ဘယ်မှာလဲ"
ကျောက်ယွမ်က ခေတ္တ စဉ်းစားပြီးမှ ပြောလိုက်သည်။ "မင်းတို့ကို ဖမ်းပြီး မိုင်းတူးခိုင်းတဲ့ ယဲ့မိသားစုကို သွား ခြေမှုန်းနေလောက်ပြီ"
"တကယ်လား... ယဲ့မိသားစုက တကယ်ပဲ ခြေမှုန်းခံရမှာလား"
ကျောက်ယွမ်က အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျယ်လောင်သော လေသံဖြင့် ဆက်ပြောသည်။ "အဲ့ဒီ စီနီယာကျင့်ကြံသူကြီးက တစ်ယောက်တည်း မဟုတ်ဘူး၊ သူ့မှာလည်း အစွမ်းထက်တဲ့ အင်အားစုတစ်ခု ရှိတယ်၊ သူက အဲ့ဒီနားကို တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားရင်းနဲ့မှ အားလုံးကို ကယ်တင်ခဲ့တာ"
"သူ ယဲ့မိသားစုကို ခြေမှုန်းချင်တာက လက်ခါးရမ်းလိုက်သလို အလွယ်လေးပဲမလို့ အားလုံး စိတ်ပူစရာ မလိုပါဘူး"
ကျောက်ယွမ်က ခေတ္တ ရပ်တန့်လိုက်ပြီး သူ၏ အကြောင်းပြချက်ကို အားလုံး ယုံကြည်လောက်မည်ဟု တွေးတောလိုက်သည်။
ခဏအကြာတွင် ကျောက်ယွမ်က ထပ်မံ ပြောခဲ့သည်။ "အခု ငါတို့ လုပ်ရမှာက ကျင့်ကြံခြင်းအဆင့်ကို အဆက်မပြတ် မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ် သန်မာအောင် လုပ်ဖို့ပဲ၊ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အရင်ရှိရမယ်"
"နောင်ကျရင် ကျင့်ကြံခြင်း အရင်းအမြစ်အားလုံးကို ငါကပဲ စနစ်တကျ ခွဲဝေပေးမယ်"
"ငါတို့ ဝမ်ကျီဂိုဏ်းထဲမှာ အလဟဿ အချိန်ဖြုန်းနေမယ့်သူမျိုး ရှိတာကို မလိုချင်သလို အချောင်ခိုပြီး အချိန်ကုန်စေမယ့်သူမျိုး ရှိတာကိုလည်း မလိုချင်ဘူး"
"ဘာမှမလုပ်ဘဲ ထိုင်စားနေမယ့်သူမျိုး မရှိစေရဘူး၊ အကျိုးပြုမှု အားထုတ်မှု ပိုများတဲ့သူက ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပိုပြီး ရရှိမှာ ဖြစ်လို့ အားလုံးပဲ ကြိုးစားပြီး ကျင့်ကြံကြဖို့ မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ကျောက်ယွမ်က ဆက် လုပ်ရမည့် ကိစ္စများကို စတင် စီစဉ်လိုက်သည်။ "မနက်ဖြန်ကျရင် အားလုံး အတူတူ ဒီသားရဲတောအုပ်ရဲ့ အပြင်ဘက်နားကို အရင် ပြန်သွားကြမယ်"
"အဲ့ဒီနေရာမှာ အဆင့်နှစ် သားရဲတွေ မရှိတော့လို့ အတော်အတန် ပိုပြီး ဘေးကင်းလိမ့်မယ်"
"ငါ အရင်ဆုံး အနီးဆုံး မြို့တစ်မြို့ကို သွားပြီး ဒီရက်ပိုင်းအတွင်း ရရှိထားတဲ့ သားရဲပစ္စည်းတွေနဲ့ ဝိညာဉ်ဆေးပင်တွေကို သွားရောင်းမယ်၊ ပြီးရင် ကျင့်ကြံခြင်း အရင်းအမြစ် တစ်သုတ် ပြန်ဝယ်လာခဲ့မယ်"
"မင်းတို့ကတော့ အပြင်ဘက် နယ်မြေမှာ သားရဲတွေကို ဆက်လက် အမဲလိုက်ရင်း ငါတို့ ယာယီ အခြေစိုက်စခန်း လုပ်ဖို့ နေရာတစ်ခုကို တစ်ပါတည်း ရှာဖွေထားကြ"
အမှန်စင်စစ် ကျောက်ယွမ်က လူအုပ်ကြီးနှင့် ခေတ္တမျှ ခွဲခွာလိုခြင်း ဖြစ်သည်၊ ထိုသို့ဆိုလျှင် သူ အနန္တ နေရာလွတ်ထဲမှ ကျင့်ကြံခြင်း အရင်းအမြစ်များကို ထုတ်ယူရန် ပို၍ အဆင်ပြေသွားမည် ဖြစ်သည်။
ဘာမျှမရှိဘဲ ကျင့်ကြံခြင်း အရင်းအမြစ် အပုံကြီး ရုတ်တရက် ပေါ်လာပါက သေချာပေါက် သူတစ်ပါး၏ သံသယကို ခံရပေလိမ့်မည်၊ ဝမ်ကျီဂိုဏ်းမှ လူတိုင်းက သစ္စာရှိကြပြီး သူ့ကို သစ္စာဖောက်မည် မဟုတ်ဟု ဆိုသော်လည်း
ကျောက်ယွမ်အနေနှင့် ဤသို့ မလုပ်သင့်ကြောင်း သိရှိသည်၊ ထိုသို့မဟုတ်ပါက မည်သို့မျှ ရှင်းပြနိုင်တော့မည် မဟုတ်ပေ။
သူက အားလုံး၏ ရင်ထဲရှိ သံသယများကို ခုနကမှ ဖျောက်ဖျက်ပေးထားနိုင်ခြင်း ဖြစ်ရာ လူသားချင်း နားမလည်နိုင်သော ကိစ္စများကို ထပ်မံ လုပ်ဆောင်မိပါက ယခင် အားထုတ်ခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်တွင် ချန်ကုက ထရပ်၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်... တစ်ယောက်တည်း သွားမလို့လား၊ အဖွဲ့ငယ်တစ်ဖွဲ့လောက် ခေါ်သွားပါလား"
ချန်ကု ဤသို့ ပြောသည်ကို ကြားသောအခါ ကျောက်ယွမ်က သူ့ကို လက်သီးဖြင့် နှစ်ချက်လောက် ထိုးပစ်ချင်စိတ် ပေါက်သွားခဲ့သည်၊ မင်းကပဲ စကား တအားများနေတာ။
ကျောက်ယွမ်က နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။ "ဘာလဲ... မင်းက ငါ ထွက်ပြေးသွားမှာ စိုးရိမ်လို့လား"
ကျောက်ယွမ် ဤသို့ ပြောလိုက်ရာ အခြားလူများအားလုံးက တဟားဟားနှင့် ဝိုင်းဝန်း ရယ်မောကြတော့သည်။
ချန်ကုက အလျင်အမြန် လက်ယမ်းကာ ပြောလိုက်သည်။ "မဟုတ်ပါဘူး... မဟုတ်ပါဘူး ဂိုဏ်းချုပ်၊ ကျွန်တော် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး"
"ကျွန်တော်က ဂိုဏ်းချုပ်ရဲ့ ဘေးနားမှာ လူအနည်းငယ် ရှိနေရင် အလုပ်အကျွေးပြုဖို့နဲ့ ဟိုဟိုဒီဒီ သွားခိုင်းဖို့ အဆင်ပြေမလားလို့ စဉ်းစားမိလို့ပါ"
ကျောက်ယွမ်လည်း ချန်ကုကို ဆက်မစတော့ဘဲ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ငါ ဒီတစ်ခေါက် ကျင့်ကြံခြင်း အရင်းအမြစ် သွားဝယ်တာက အမြန် သွားပြီး အမြန် ပြန်လာဖို့ပဲ၊ မင်းတို့ကို ဒီနေရာမှာပဲ အကြာကြီး ပစ်ထားခဲ့ရမှာကိုလည်း ငါ သိပ်စိတ်မချဘူး"
ကျောက်ယွမ် ပြောပြီးသောအခါ လူတိုင်းက သူ ပြောသည်မှာ ပြဿနာမရှိကြောင်း ခံစားလိုက်ရသည်။
ကျောက်ယွမ်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူတို့ထဲတွင် ကျောက်ယွမ်၏ အမြန်နှုန်း ကို အမှီလိုက်နိုင်မည့်သူ အမှန်စင်စစ် တစ်ဦးမျှ မရှိပေ။
၎င်းအပြင် ကျောက်ယွမ်၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် မဖြေရှင်းနိုင်သော ကိစ္စမျိုးနှင့် ကြုံတွေ့ရပါက သူတို့ သွားလျှင်လည်း ပို၍ တတ်နိုင်ကြမည် မဟုတ်ပေ၊ သွားပါက အလုပ်ရှုပ်စေပြီး ကျောက်ယွမ်အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူတို့ စိတ်ထဲ၌ အချိန်က စောင့်ဆိုင်းမနေကြောင်း ပိုမို ခံစားလိုက်ရသည်၊ ကျင့်ကြံခြင်းလမ်းစဉ်က အချိန်ဆွဲလို့ မရပေ။
ကျောက်ယွမ်၏ ကျင့်ကြံခြင်းအဆင့်က ပို၍ မြင့်မားလာပြီး ပို၍ ဝေးကွာသော နေရာသို့ ရောက်ရှိသွားပါက သူတို့အနေနှင့် ကျောက်ယွမ်ကို ကျေးဇူးဆပ်ရန် မဆိုထားနှင့်၊ ဝန်ထုပ်ဝန်ပိုး မဖြစ် လျှင်ပင် မဆိုးလှပေ။