← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇) ကျင့်ကြံခြင်းအခြေခံဗဟုသုတ၊ စီးပွားရေးလာကမ်းလှမ်းခြင်း

​လင်းအားကြီးလာသည်နှင့်အမျှ ချန်ကျီသည်လည်း အိပ်မောကျနေရာမှ နိုးထလာခဲ့သည်။

​အိပ်ရာမှထ၍ မနက်စာစားပြီးနောက် ချန်ကျီက ပုံမှန်အတိုင်းပင် နေ့စဉ် နှစ်နာရီကြာ ကျင့်ကြံခြင်း ကို လုပ်ဆောင်ခဲ့သည်။

​ကျင့်ကြံခြင်းလမ်းစဉ်ဟူသည် တစ်ရက်မျှ ပစ်ပယ်ထား၍မရဘဲ လုံ့လစိုက်ထုတ်ကာ ဇွဲရှိရှိ ဆက်တိုက်လုပ်ဆောင် မှသာ ထိရောက်မှု ရှိလာပေလိမ့်မည်။

​ချန်ကျီ ကျင့်ကြံပြီးနောက် အနန္တနေရာလွတ် စနစ်၏ အချက်အလက် မျက်နှာပြင်ကိုပါ တစ်ပါတည်း ကြည့်လိုက်သည်။

​"အင်း... မဆိုးပါဘူး၊ ဒီနေ့ဆိုရင် အုတ်မြစ်ချခြင်းအဆင့် ၈ ကို တက်လှမ်းနိုင်ပြီ၊ ရွှေအူတိုင်အဆင့် ရောက်ဖို့ သိပ်မလိုတော့ဘူး"

​သူက မင်ရှင်းကျိုက်မှ ဝယ်ယူလာခဲ့သော စာအုပ်များကို ဖတ်ရှုပြီးနောက်တွင်မှ သူ၏ ကျင့်ကြံခြင်းအဆင့် သတ်မှတ်ချက်များနှင့် ပတ်သက်၍ အယူအဆအချို့ လွဲမှားနေကြောင်း သတိပြုမိခဲ့သည်။

​အမှန်စင်စစ် ရွှမ်ထျန်းတိုက်ကြီး၏ ကျင့်ကြံခြင်းအယူအဆတွင် ချီသန့်စင်ခြင်းအဆင့် တစ်ခုတည်းသာ အဆင့်သေးတစ်ခု ချင်းစီအလိုက် ခွဲခြားထားခြင်း ဖြစ်သည်။

​ချီသန့်စင်ခြင်းအဆင့် နောက်ပိုင်း ကျင့်ကြံခြင်းအဆင့်များကိုမူ ထိုမျှအထိ အသေးစိတ် ခွဲခြားထားခြင်းမျိုး မရှိဘဲ အစောပိုင်း၊ အလယ်အလတ်နှင့် နှောင်းပိုင်းဟူသော အဆင့်သုံးဆင့်ဖြင့်သာ ပိုင်းခြားထားကြသည်။

​ဥပမာအားဖြင့် အုတ်မြစ်ချခြင်းအဆင့်ကို အုတ်မြစ်ချခြင်းအဆင့် အစောပိုင်း၊ အလယ်အလတ်နှင့် နှောင်းပိုင်းဟူ၍ သုံးမျိုး ခွဲခြားထားသည်။

​အမှန်စင်စစ် အဆင့်သေး တစ် ၊ နှစ်၊ သုံး က အစောပိုင်း ဖြစ်ပြီး အဆင့်သေး လေး၊ ငါး၊ ခြောက် က အလယ်အလတ် ဖြစ်ကာ အဆင့်သေး ခုနစ်၊ ရှစ်၊ ကိုးမှာမူ နှောင်းပိုင်း ဖြစ်ပေသည်။

အဆင့်သေး ​တစ်ခု နှင့် အဆင့်သေး တစ်ခု ကြား ကွာဟချက်က သိပ်မကြီးမားလှဘဲ ကျင့်ကြံခြင်းအဆင့် အဆင့်သေး တစ်ခု ပိုမြင့်ပါက ဝိညာဉ်စွမ်းအား ပိုမို သိပ်သည်းလာခြင်းမျှသာ ဖြစ်သည်။

​သို့သော်လည်း အဆင့်တစ်ခုနှင့်တစ်ခု (အစောပိုင်းနှင့် အလယ်အလတ်) ကြားတွင်မူ ကွာဟချက် အတော်အတန် ကြီးမားလှသည်၊ ၎င်းက ဝိညာဉ်စွမ်းအား သိပ်သည်း မှုတွင်သာမက ခွန်အား ကွာခြားမှုတွင်ပါ ထင်ဟပ်နေသည်။

​အုတ်မြစ်ချခြင်းအဆင့် အဆင့်သေး နှစ်နှင့် သုံး ကျင့်ကြံသူနှစ်ဦးကို အခြား အကူအညီ မှမပါဘဲ တိုက်ခိုက်ခိုင်းပါက လက်ရည်ညီရုံ မျှသာ ရှိပြီး မည်သူက တိုက်ခိုက်မှု အတွေ့အကြုံ ပိုများသလဲဆိုသည့်အပေါ်၌သာ မူတည်သည်။

​သို့သော်လည်း အုတ်မြစ်ချခြင်းအဆင့် အဆင့်သေး သုံးနှင့် လေး ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်မည်ဆိုပါက အခြေအနေက တူညီတော့မည် မဟုတ်ပေ၊ အဆင့်သေး လေး ၏ ကျင့်ကြံခြင်းအဆင့်က အဆင့်သေး သုံးကို သေချာပေါက် ဖိနှိပ် တိုက်ခိုက်သွားမည် ဖြစ်သည်။

​နောက်ထပ် အခေါ် တစ်ခုမှာ 'အထွတ်အထိပ် အဆင့်' ဖြစ်ပြီး ၎င်းက ကျင့်ကြံခြင်း အဆင့်တစ်ခုတော့ မဟုတ်ပေ။

​၎င်းသည် ကျင့်ကြံသူတစ်ဦးက ကျင့်ကြံခြင်း အဆင့်တစ်ခုခု၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နောက်ထပ် ကျင့်ကြံခြင်းအဆင့်တစ်ခုသို့ တက်လှမ်းရန် တစ်လှမ်း သာ လိုတော့သည့် အခြေအနေကို ဆိုလိုခြင်း ဖြစ်သည်။

​သို့သော်လည်း ဤတစ်လှမ်းဟူသည် အတားအဆီးတစ်ခုနှင့် တူညီနေသဖြင့် လူတိုင်းက ဤအတားအဆီးကို ဖြတ်ကျော်နိုင်ကြသည်တော့ မဟုတ်ပေ။

​ဥပမာအားဖြင့် လျိုထိုင်သည်လည်း အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်း ဖြစ်ပြီး သူက ဤအဆင့်တွင် အချိန်အလုံအလောက် ကျင့်ကြံခဲ့ပြီးဖြစ်၍ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

​သို့သော်လည်း သူ ဤအတားအဆီးကို ဖြတ်ကျော်လိုပါက သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှုမျိုး မရှိသေးပေ။

​ထို့ကြောင့်သာ သူက ရွှေအူတိုင်အဆင့်တက် ဆေးလုံးတစ်လုံး၏ အကူအညီကို လိုအပ်နေခြင်း ဖြစ်သည်။

​ချန်ကျီ ဤကဲ့သို့ လွဲမှားသော အယူအဆများ ရှိနေရခြင်းအတွက် သူ့ကိုချည်းပဲ အပြစ်ပုံချ၍တော့ မရပေ၊ အဓိကကတော့ သူ့တွင် စနစ် အချက်အလက် မျက်နှာပြင်ကို ကြည့်ရှုနိုင်သည့် အနန္တနေရာလွတ် စနစ် ရှိနေသောကြောင့် ဖြစ်သည်။

​အနန္တနေရာလွတ် စနစ်၏ အချက်အလက် မျက်နှာပြင်ပေါ်တွင် ကျင့်ကြံခြင်း အဆင့်တစ်ခုချင်းစီကို အလွန် အသေးစိတ် ခွဲခြားပြထားသဖြင့် သူ၏ လက်ရှိ အဆင့်ကို ပိုမို တိုက်ရိုက် သိရှိနိုင်သည်။

​ထို့ကြောင့်သာ သူက စိတ်ထဲ၌ စွဲမြဲသွားခဲ့ပြီး ရွှမ်ထျန်းတိုက်ကြီးပေါ်ရှိ ကျင့်ကြံခြင်းအဆင့်များ အားလုံးက ဤကဲ့သို့ အဆင့်သေး တစ်ခု ချင်းစီ ခွဲခြားထားသည်ဟု အမြဲ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

​သို့သော် ပြဿနာမရှိပေ ၊ ချန်ကျီအနေနှင့် စနစ် မျက်နှာပြင်ပေါ်ရှိ ဤကဲ့သို့ အသေးစိတ် ခွဲခြားပြသမှုကို ပို၍ သဘောကျမိသည်။

​ထိုစာအုပ်များထဲမှတစ်ဆင့် ချန်ကျီက ရွှမ်ထျန်းတိုက်ကြီး ကျင့်ကြံခြင်းလောက၏ ကျင့်ကြံခြင်း အဆင့် ခွဲခြားမှုများကိုပါ နားလည်သဘောပေါက်ခဲ့သည်။

​ချီသန့်စင်ခြင်းအဆင့်မှ စတင်ကာ နောက်ပိုင်းတွင် အုတ်မြစ်ချခြင်းအဆင့်၊ ရွှေအူတိုင်အဆင့်၊ အခြေတည် ဝိညာဉ် အဆင့် ၊ ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ၊ ဝိညာဉ်ခွဲဖြာခြင်းအဆင့် ၊ ပေါင်းစည်းခြင်းအဆင့် နှင့် ထို့နောက်တွင်မူ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်တို့ ဖြစ်ကြသည်။

​အတိဒုက္ခကျော်လွှားပြီးနောက် မဟာယာနအဆင့် ရှိနေသေးပြီး မဟာယာနအဆင့် အထွတ်အထိပ် ရောက် သွားပါက ကောင်းကင်ဘုံသို့ ပျံသန်းကာ အင်မော်တယ် ဖြစ်လာနိုင်ပေလိမ့်မည်။

​ကောင်းကင်ဘုံသို့ ပျံသန်းကာ အင်မော်တယ် ဖြစ်လာပြီး ထာဝရအသက်ကို ရရှိခြင်းကသာ ကျင့်ကြံသူအားလုံး၏ အန္တိမပန်းတိုင် ဖြစ်ပေသည်။

​ချန်ကျီ ဤစနစ်ကို မြင်တွေ့လိုက်ရချိန်တွင်မှ သူ ဘာမျှ မသိသေးကြောင်း သဘောပေါက်သွားခဲ့သည်။

​ယခင်က အခြေတည် ဝိညာဉ် အဆင့်ဆိုလျှင် အလွန် ထင်မှတ်ခဲ့သော်လည်းခဲ့သော်လည်း အခြေတည် ဝိညာဉ်အဆင့် နောက်ပိုင်းတွင် အခြား ကျင့်ကြံခြင်းအဆင့်များစွာ ရှိနေသေးသည်ကို မမျှော်လင့်ထားခဲ့ပေ။

​ဤအချက်အလက်ကို သိရှိပြီးနောက် ချန်ကျီ စိတ်ထဲမှ မတတ်သာဘဲ သက်ပြင်းချမိတော့သည်။

​"ကြည့်ရတာ ငါက ရွှမ်ထျန်းတိုက်ကြီး ကျင့်ကြံခြင်းလောကထဲက မူလတန်းကျောင်းသားလေးတစ်ယောက်ပဲ ရှိသေးတာပဲ၊ အခြေတည် ဝိညာဉ်အဆင့် နောက်ပိုင်းက ကျင့်ကြံသူတွေက ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်မလဲ မသိဘူး၊ လက်ရမ်းလိုက်ရုံနဲ့တင် ဂြိုဟ်တစ်လုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းရည်မျိုး ရှိနေမလားပဲ"

​ချန်ကျီ စနစ်မျက်နှာပြင်ကို ကြည့်ပြီးနောက် မင်ရှင်းကျိုက်မှ ဝယ်ယူလာခဲ့သော စာအုပ်ပုံကြီးကို ဆက် ဖတ်နေခဲ့သည်။

​ဤစာအုပ်များကို ချန်ကျီက အလွန် ဖြည်းဖြည်းချင်းနှင့် အသေးစိတ် ဖတ်ရှုနေခြင်း ဖြစ်သည်၊ သူက မည်သည့် အသုံးဝင်သော သတင်းအချက်အလက်ကိုမျှ လက်လွတ်မခံလိုပေ။

​အထွေထွေ မှတ်တမ်းများ၊ ပုံပြင်များကိုပင် သူက စကားလုံးတစ်လုံးမကျန် မလွတ်စေဘဲ သေသေချာချာ ဖတ်နေခဲ့သည်။

​ယခုအခါ အနန္တကုန်စုံဆိုင်ကို ဆိုင်ရှင်ရှန်း တစ်ယောက်တည်းနှင့် လည်ပတ်နိုင်ပြီ ဖြစ်ရာ လက်ရှိ အခြေအနေအရ လောလောဆယ်တွင် အနန္တကုန်စုံဆိုင်ကို မည်သူမျှ ရည်ရွယ်ချက်ရှိရှိ လာရောက် တိုက်ခိုက်ကြဦးမည် မဟုတ်ပေ။

​ချန်ဖန်နှင့် ကျောက်ယွမ်တို့ဘက်ကိုလည်း အလွန်အကျွံ စိတ်ပူနေစရာ မလိုတော့ပေ။

​ထို့ကြောင့် ချန်ကျီအနေနှင့် စိတ်အေးလက်အေး ထိုင်ကာ စာဖတ်နိုင်ခြင်း ဖြစ်သည်။

​အနန္တကုန်စုံဆိုင်

​ဆိုင်ရှင်ရှန်းသည် ယနေ့ ဆိုင်ဖွင့်ချိန်ကို ယခင်နှစ်ရက်ကထက် ပို၍ စောလိုက်သည်၊ ကုန်စုံဆိုင် အပြင်ဘက်တွင် လူများ စောစောစီးစီး တန်းစီ စောင့်ဆိုင်းနေကြသည်ကို သူ သတိပြုမိသောကြောင့် ဖြစ်သည်။

​ ချန်ကျီနှင့် ဆိုင်ရှင်ရှန်းတို့၏ ခန့်မှန်းချက်အရ တတိယမြောက်နေ့တွင် တန်းစီသူ ထိုမျှအထိ များပြားတော့မည် မဟုတ်ပေ။

​သို့သော်လည်း ဤရက်ပိုင်းအတွင်း အနန္တကုန်စုံဆိုင်မှ ရောင်းချသော ကုန်ပစ္စည်းများက ဈေးနှုန်းချိုသာပြီး တွက်ခြေကိုက်ကာ အသုံးတည့်လှသည်ဟူသော ကောလာဟလများက အဆက်မပြတ် ပျံ့နှံ့နေခဲ့သည်။

​အနန္တကုန်စုံဆိုင်၏ နာမည်ကျော်ကြားမှုက ဝမ်နန်မြို့တစ်ခုလုံးတွင် လူတိုင်း သိရှိသွားခဲ့ပြီ ဖြစ်ရာ ယခင်က ဝိညာဉ်ကျောက်တုံးများကို မသုံးဘဲ စုဆောင်းထားလေ့ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူများပင် သူတို့၏ စုဆောင်းမှုများကို ထုတ်ယူကာ လာရောက် ဝယ်ယူနေကြပြီ ဖြစ်သည်။

​၎င်းအပြင် မိသားစုကြီးများမှ မိသားစုဝင် များသည်လည်း သူတို့လက်ထဲ၌ စုဆောင်းငွေ အများအပြား ရှိနေကြရာ သူတို့ မိသားစုပိုင် ဆိုင်များကိုပင် မသွားတော့ဘဲ အနန္တကုန်စုံဆိုင်သို့သာ လာရောက် သုံးစွဲနေကြသည်။

​အနန္တကုန်စုံဆိုင်၏ ပစ္စည်းများက ဈေးချိုနေသဖြင့် သူတို့သည်လည်း ကျင့်ကြံခြင်း အမြန်နှုန်း ကို မြှင့်တင်လိုကြသည်။

​မိသားစုကြီး တစ်ခုချင်းစီအတွင်း၌ မိသားစုခွဲ များစွာ ရှိနေကြပြီး သူတို့အားလုံးက သူတို့ မိသားစုအတွင်း နေရာတစ်နေရာ ရရှိရန် ရုန်းကန်နေကြရခြင်း ဖြစ်သည်။

​အနန္တကုန်စုံဆိုင်သို့ လာရောက်ကာ ကျင့်ကြံခြင်း အရင်းအမြစ်များ ဝယ်ယူခြင်းက လောလောဆယ်တွင် သူတို့ ကျင့်ကြံခြင်းကို မြန်ဆန်စေမည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်နေသဖြင့် ဤကဲ့သို့သော အခွင့်အရေးကို သူတို့ သေချာပေါက် ဆုပ်ကိုင်ထားကြမည် ဖြစ်သည်။

​ထို့ပြင် အနန္တကုန်စုံဆိုင်၏ ယခင်နှစ်ရက်အတွင်း အရောင်းရဆုံး ပစ္စည်းမှာ ဆေးလုံးများ ဖြစ်သောကြောင့် ဝမ်နန်မြို့အတွင်းရှိ ဆေးလုံးရောင်းချသော ဆိုင်များ၏ စီးပွားရေးမှာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။

​ဤရက်ပိုင်းအတွင်း ထိုဆေးဆိုင်များသို့ မည်သူမျှ ခြေမချကြတော့ပေ၊ အနန္တကုန်စုံဆိုင်တွင် တန်ဖိုးချင်း မိုးနဲ့မြေလို ကွာခြားပြီး အရည်အသွေး ပိုကောင်းကာ ဆတိုးမျှ ပိုမို တွက်ခြေကိုက်သည့် ဆေးလုံးများ ရှိနေပါမှ မည်သူက သူတို့ဆိုင်များသို့ လာတော့မည်နည်း။

​၎င်းအပြင် ကျင့်စဉ်စာအုပ်များ၊ မန္တန်များနှင့် လက်နက်များ ရောင်းချသည့် ဆိုင်များသို့လည်း အခြေခံအားဖြင့် လူဝင်ခြင်း မရှိတော့ပေ။

​ဝိညာဉ်ကျောက်တုံးများအားလုံးကို အနန္တကုန်စုံဆိုင်၌ အသုံးပြုလိုက်ကြပြီ ဖြစ်ရာ မည်သူ့လက်ထဲတွင်မျှ သူတို့ဆိုင်များကို အားပေးရန် ပိုလျှံသော ဝိညာဉ်ကျောက်တုံးများ မရှိကြတော့ပေ။

​ဝမ်နန်မြို့ရှိ ဆိုင်ပိုင်ရှင်အားလုံး ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်၊ သူတို့ တစ်ခုခု မလုပ်ပါက ဆိုင်ပိတ်သိမ်းရမည့် အကျိုးဆက်နှင့် ရင်ဆိုင်ရတော့မည်ကို သိရှိထားကြသည်။

​ထို့ကြောင့်သာ အနန္တကုန်စုံဆိုင် တံခါးဝတွင် ယနေ့ တန်းစီနေသူများ အလွန် များပြားနေခြင်း ဖြစ်သည်။

​ထိုဆိုင်ပိုင်ရှင်များက အနန္တကုန်စုံဆိုင်မှ ပစ္စည်းအချို့ကို လက်ကားစနစ်ဖြင့် လာရောက် ဝယ်ယူရန် စိတ်ကူးရရှိသွားကြသည်၊ သူတို့က အနန္တကုန်စုံဆိုင်သို့ လာရောက်ကာ ဆိုင်ရှင်ရှန်းနှင့် ဈေးနှုန်း ဆွေးနွေးရန် တွေးတောထားကြသည်။

​အနန္တကုန်စုံဆိုင်ကို အလွန်အကျွံ ဈေးလျှော့ခိုင်းရန် မဟုတ်ဘဲ သူတို့၏ ဝယ်ယူမှုပမာဏ ကြီးမားမှုကို ထောက်ထား၍ အနည်းငယ် ဈေးလျှော့ပေးရန်သာ မျှော်လင့်ခြင်း ဖြစ်သည်။

​ထိုသို့ဆိုလျှင် သူတို့ ပစ္စည်းအချို့ကို ပြန်လည် ဝယ်ယူရောင်းချနိုင်ပြီး အနည်းဆုံးတော့ ဆက်လက် ရပ်တည်နိုင်မည် ဖြစ်သည်။

​တကယ်လို့ ဤနည်းလမ်း အဆင်မပြေပါက သူတို့တွင် နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးသည်၊ သူတို့ ဆိုင်များအားလုံး ပူးပေါင်းပြီး ဆေးလုံး အမျိုးအစားတစ်မျိုးတည်းကိုသာ ရွေးချယ်ကာ အလုံးအရင်းနှင့် ဝယ်ယူပါက အနန္တကုန်စုံဆိုင်တွင် ပစ္စည်း ပြတ်လပ်သွားမည့်အချိန် ရှိလာပေလိမ့်မည်။

​ထိုအချိန်ကျမှ သူတို့က ထိုဆေးလုံးအမျိုးအစားကို အမှီပြု၍ ဈေးကွက်ကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်မည် ဖြစ်သည်။

​ဤနည်းလမ်းပါ အဆင်မပြေပါက သူတို့အနေနှင့် ဆိုင်ပိတ်သိမ်းရုံသာ ရှိတော့သည်၊ သို့မဟုတ်ပါက အသေအလဲ ရုန်းကန် တိုက်ခိုက်ကြရပေတော့မည်။

​ထို့ကြောင့် ထိုဆိုင်များ၏ ဆိုင်ရှင်များက အနန္တကုန်စုံဆိုင် တံခါးဝတွင် လူများကို စောစောစီးစီး လာရောက် တန်းစီခိုင်းထားခြင်း ဖြစ်သည်။

​ဤသည်က အနန္တကုန်စုံဆိုင် တံခါးဝတွင် တန်းစီနေသူများ ယခင်နှစ်ရက်ကကဲ့သို့ များပြားနေရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။

​ယနေ့တွင်လည်း ယခင်နှစ်ရက်ကကဲ့သို့ပင် အနန္တကုန်စုံဆိုင်ထဲသို့ အရင်ဆုံး ဝင်ရောက်လာသူများမှာ တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။

​တစ်ကိုယ်တော် ကျင့်ကြံသူများက သာမန် ကျင့်ကြံသူများထက် ပိုမို ခက်ခဲပင်ပန်းကြသော်လည်း ပို၍ တက်ကြွ ကာ လုံ့လစိုက်ထုတ်ကြသည်၊ လျှောက်လှမ်းစရာ လမ်းစ ရှိနေသရွေ့ လူအများစုက လက်လျှော့လေ့ မရှိကြပေ။

​ဆိုင်ရှင်ရှန်းက ယခုအခါ ဧည့်ခံ ရသည့် အလုပ်တွင် ပိုမို ကျွမ်းကျင်လာခဲ့ပြီ ဖြစ်ရာ လူဝင်လာပါက စကားအပို မပြောတော့ဘဲ တစ်ဖက်လူ ဘာလိုချင်သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မေးမြန်းကာ ပစ္စည်းတိုက်ရိုက်ထုတ်ပေး၍ ပိုက်ဆံယူပြီးနောက် နောက်တစ်ယောက်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

​ထိုအချိန်တွင် ဆိုင်ရှင်ရှန်းက ဖောက်သည်တစ်ဦးကို ဧည့်ခံပြီးသွားသဖြင့် လှမ်းအော်လိုက်သည်။ "နောက်တစ်ယောက်..."

​ထို့နောက် အနန္တကုန်စုံဆိုင်ထဲသို့ တန်ဖိုးကြီး ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဝင်ရောက်လာခဲ့သည်၊ ထိုသူက ဝင်လာသည်နှင့် မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

​ဆိုင်ရှင်ရှန်းက အသစ်ဝင်လာသော သက်လတ်ပိုင်း အမျိုးသားကို သံသယဖြင့် အကဲခတ်လိုက်ရာ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့် ရှစ် မျှသာ ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

​သို့သော်လည်း သူ၏ ဝတ်စုံကို ကြည့်ရသည်မှာ အတော်အတန် သူဌေးပုံစံ ပေါက်နေခဲ့သည်။

​ဆိုင်ရှင်ရှန်း စိတ်ထဲ၌ သံသယ ဖြစ်မိသွားသည်။ 'ဒါက ဘယ်မိသားစုက ထွက်လာတဲ့သူနဲ့မှလည်း မတူပါဘူး'

​"မင်း ဘာပစ္စည်း လိုချင်လို့လဲ"

​ဝတ်စုံကောင်း ဝတ်ထားသည့် သက်လတ်ပိုင်း အမျိုးသားက အလိုက်တသိ ပြုံးလျက် ပြောလိုက်သည်။ "မင်္ဂလာပါ ဆိုင်ရှင်ရှန်း... ကျွန်တော်က ဝမ်နန်မြို့ထဲမှာရှိတဲ့ ဆိုင်အားလုံးကို ကိုယ်စားပြုပြီး ဆိုင်ရှင်နဲ့ စီးပွားရေးအကြောင်း လာဆွေးနွေးတာပါ"

​"ဘာစီးပွားရေး ဆွေးနွေးမလို့လဲ" ဆိုင်ရှင်ရှန်းက သံသယဖြင့် မေးလိုက်သည်။

​"ကျွန်တော်တို့က နောင်ကျရင် အနန္တကုန်စုံဆိုင်အတွက် ပစ္စည်းတွေကို ကူညီပြီး ရောင်းပေးချင်လို့ပါ"

​

All Chapters