အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) သံနက်ရိုင်းမိုင်းတွင်းမှ အပြောင်းအလဲများ
"ငါ့ အတွက် ပစ္စည်းကူရောင်းပေးမလို့လား" ဆိုင်ရှင်ရှန်းက သံသယဖြင့် မေးလိုက်သည်၊ သူက သက်လတ်ပိုင်း အမျိုးသား ပြောသည့် စကား၏ အဓိပ္ပာယ်ကို သေချာ နားမလည်သေးပေ။
"ဆိုင်ရှင်ရှန်း... ဆိုင်ရှင်ရဲ့ အနန္တကုန်စုံဆိုင် ဖွင့်ပြီးကတည်းက ကျွန်တော်တို့ဆိုင်တွေမှာ ဘာစီးပွားရေးမှ မရှိ တော့လို့ တကယ်ကို ဆက်ပြီး မရပ်တည်နိုင်တော့လို့ပါ"
"အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါက အဲ့ဒီလူတွေကို မင်းတို့ဆိုင်တွေ မသွားခိုင်းတာမှ မဟုတ်တာ၊ မင်းတို့ ကိုယ်တိုင် ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ ရောင်းနေကြလို့ပဲ သူတစ်ပါးက မင်းတို့ဆိုင်တွေကို မလာချင်ကြတာ" ဆိုင်ရှင်ရှန်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
သက်လတ်ပိုင်း အမျိုးသားက ရှက်ကိုးရှက်ကန်း နှင့် ပြုံးလိုက်မိသည်၊ ဆိုင်ရှင်ရှန်း ပြောသည်က မမှားပေ၊ သူတို့ ပစ္စည်းများက တကယ်ပင် အနည်းငယ် ဈေးကြီးနေခဲ့သည်။
သို့သော်လည်း သူတို့အနေနှင့် အနန္တကုန်စုံဆိုင်ကဲ့သို့ ဈေးနှုန်းများကို လျှော့ချလိုက်လျှင်ပင် သူတို့ဆိုင်များသို့ လာရောက် အားပေးမည့်သူ ရှိလာမည် မဟုတ်ပေ။
၎င်းကလည်း မတတ်နိုင်သည့် အခြေအနေ ဖြစ်သည်၊ အနန္တကုန်စုံဆိုင်က အလယ်အလတ် ဆေးလုံးများကို ရောင်းချနေပြီး သူတို့က အဆင်နိမ့် ဆေးလုံးများကို ရောင်းချနေခြင်း ဖြစ်ရာ အရူး တစ်ယောက်ပင် သူတို့ဆိုင်သို့ လာမည် မဟုတ်ပေ။
"ဆိုင်ရှင်ရှန်း... ဒါကြောင့်မို့ပဲ ကျွန်တော်က ဆိုင်ရှင်နဲ့ စီးပွားရေး လာဆွေးနွေးတာပေါ့၊ ကျွန်တော်တို့ရဲ့ ဆေးလုံးတွေကို ဈေးလျှော့ရောင်းရင်တောင် ရောင်းမထွက်နိုင်တော့လို့ ဆိုင်ရှင်ဆီကို လာပြီး အကူအညီ တောင်းရတာပါ"
ဆိုင်ရှင်ရှန်းက သက်လတ်ပိုင်း အမျိုးသား ပြောသည့် စကား၏ အဓိပ္ပာယ်ကို နားလည်သွားပုံရပြီး စိတ်ဝင်တစားဖြင့် စိုက်ကြည့်ကာ "ဒါဆို မင်းရဲ့ ရည်ရွယ်ချက်ကို ပြောကြည့် လေ"
သက်လတ်ပိုင်း အမျိုးသားက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး "ဆိုင်ရှင်ရှန်း... ကျွန်တော်တို့ ဆိုင်တွေက နောင်ကျရင် ဆိုင်ရှင်ဆီကနေ ပစ္စည်းတွေကို လက်ကား ယူချင်လို့ပါ၊ ဆိုင်ရှင်ရှန်းအနေနဲ့ ကျွန်တော်တို့ကို ဈေးနည်းနည်း လျှော့ပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"
"ဒါ့အပြင် ကျွန်တော်တို့ ဆိုင်တွေအားလုံးက ပမာဏ အများကြီး ယူမှာဖြစ်လို့ ဝယ်လိုအားက ဆိုင်ရှင်ရှန်း နေ့တိုင်း အခုလို လက်လီ ရောင်းနေတဲ့ ပမာဏထက် သေချာပေါက် ပိုများမှာပါ"
ဆိုင်ရှင်ရှန်း နားထောင်ပြီးနောက် သက်လတ်ပိုင်း အမျိုးသား ပြောသည့် စကားကို တွေးတောလိုက်ရာ သက်လတ်ပိုင်း အမျိုးသား ပြောသည့် နည်းလမ်းကလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပုံရသည်။
ပစ္စည်းများကို ဤဆိုင်များသို့ ပေး၍ ရောင်းခိုင်းခြင်းက သူတစ်ယောက်တည်း ရောင်းနေသည်ထက် သေချာပေါက် ပိုမို ရောင်းချနိုင်ပေလိမ့်မည်။
ဆိုင်ရှင်ရှန်းက ခေတ္တ တွေးပြီးနောက် ပြောလိုက်သည်။ "မင်းတို့ကို ရောင်းပေးလို့ ရပါတယ်၊ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခု ရှိတယ်"
"ပထမအချက်က ငါ မင်းတို့ကို ပထမအဆင့် ဆေးလုံးတွေကိုပဲ ရောင်းပေးမယ်၊ ဒုတိယအချက်က ဆေးလုံး တစ်မျိုးချင်းစီကို အနည်းဆုံး အလုံးရေ တစ်ထောင်စီ ဝယ်ရမယ်၊ ပြီးတော့ ဆေးလုံး တစ်မျိုးချင်းစီအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ လျှော့ပေးနိုင်မယ်၊ ချီစုစည်း ဆေးလုံးကိုတော့ ဈေးလျှော့ပေးလို့ မရဘူး"
"တကယ်လို့ မင်းက ဒီအခြေအနေကို လက်ခံနိုင်တယ်ဆိုရင် ငါတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့"
ဆိုင်ရှင်ရှန်းက သေသေချာချာ တွက်ချက်ထားပြီး ဖြစ်သည်၊ ချီစုစည်း ဆေးလုံးမှလွဲ၍ အခြား ဆေးလုံးများကို တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး တစ်တုံးစီ လျှော့ပေးသော်လည်း သူ အမြတ်များစွာ ရရှိနိုင်သေးသည်။
ပို၍ အရေးကြီးသည်မှာ ဆိုင်များအနေနှင့် ဆေးလုံးတစ်မျိုးကို ဝယ်ယူပါက အနည်းဆုံး အလုံးရေ တစ်ထောင် ဝယ်ယူရန် သူ ကန့်သတ်ထားခြင်း ဖြစ်ရာ ဤသည်က ထိုဆိုင်များ သူ့ကို စီးပွားရေး လာ ပြိုင်ဆိုင်မည့် အခြေအနေကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားနိုင်မည် ဖြစ်သည်။
ဆိုင်ရှင်ရှန်း၏ ဤတောင်းဆိုချက်ကို ကြားရသောအခါ သက်လတ်ပိုင်း အမျိုးသားက အနည်းငယ် တင်းကျပ်လွန်းသည်ဟု ခံစားလိုက်ရသော်လည်း သေသေချာချာ ပြန်တွက်ကြည့်လျှင် ဤသို့ လုပ်ခြင်းက သူတို့ ဆိုင်များအနေနှင့် အမြတ်အစွန်း အများကြီး မရနိုင်သော်လည်း အနည်းငယ်မျှတော့ သေချာပေါက် ရရှိနိုင်ပေသည်။
သက်လတ်ပိုင်း အမျိုးသားက တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "ဒါဆို ကျွန်တော်တို့ ဆိုင်တွေ ပူးပေါင်းပြီး ဆေးလုံး တစ်မျိုးတည်းကို စုပေါင်း ဝယ်လို့ရမလား"
သက်လတ်ပိုင်း အမျိုးသား၏ မေးခွန်းကလည်း အကျိုးအကြောင်း ရှိသည်၊ ပထမအဆင့် ဆေးလုံးများထဲတွင် အသုံးအများဆုံး ဆေးလုံးကပင် ဆယ်မျိုးထက်မနည်း ရှိနေရာ အခြား ဆိုင်များနှင့် ပူးပေါင်း မဝယ်ပါက သူတို့ထဲမှ မည်သူမျှ ဆေးလုံး အလုံးရေ တစ်ထောင် ပမာဏကို တစ်ယောက်တည်း မတတ်နိုင်ကြပေ။
၎င်းအပြင် သက်လတ်ပိုင်း အမျိုးသားက စိတ်ထဲ၌ တွေးတောထားပြီး ဖြစ်သည်၊ သူတို့အနေနှင့် ဆေးလုံး အားလုံးကို ဝယ်ယူမည် မဟုတ်ပေ။
အရောင်းရဆုံး ဆေးလုံးအချို့ကိုသာ ဝယ်ယူပြီး သူတို့ဆိုင်များအတွက် လူစည်ကားအောင် လုပ်ဆောင်နိုင်ပါက သူတို့ဆိုင်ရှိ မူလ ဆေးလုံးများကိုပါ တစ်ပါတည်း တွဲဖက်၍ ရောင်းချနိုင်မလားဟူ၍ ဖြစ်သည်။
သူက အနန္တကုန်စုံဆိုင်နှင့် ဈေးနှုန်း တူညီစွာ ရောင်းချခြင်း၊ သို့မဟုတ် ပို၍ ဈေးလျှော့ရောင်းခြင်းဖြင့် ယခင် ဆေးလုံးများကို အကုန် ရောင်းထုတ်နိုင်မည် ဖြစ်သည်။
နောင်ကျရင် ဆေးလုံး အားလုံးကို အနန္တကုန်စုံဆိုင်မှသာ လက်ကား ယူတော့မည် ဖြစ်ပြီး ချီစုစည်း ဆေးလုံးကို ဈေးလျှော့မရလျှင်ပင် ချီစုစည်း ဆေးလုံးက သူတို့ဆိုင်သို့ ဖောက်သည်များ ဝင်ရောက်လာအောင် ဆွဲဆောင်နိုင်ပေလိမ့်မည်။
"ရတယ်" ဆိုင်ရှင်ရှန်းက အလွန် သဘောကောင်းစွာဖြင့် သဘောတူလိုက်သည်။
အမှန်စင်စစ် ပူးပေါင်းဝယ်သည်ဖြစ်စေ၊ မည်သူက လာဝယ်သည်ဖြစ်စေ အနန္တကုန်စုံဆိုင်အတွက် မည်သည့် သက်ရောက်မှုမျှ မရှိပေ၊ အရေအတွက် ပြည့်မီလျှင် အဆင်ပြေသည်။
"ဆိုင်ရှင်ရှန်း... ကျွန်တော် ပြန်သွားပြီး ထပ်ပြီး တိုင်ပင်လို့ ရမလား"
သက်လတ်ပိုင်း အမျိုးသားက ဆိုင်ရှင်ရှန်း၏ အခြေအနေကို တိုက်ရိုက် သဘောမတူသေးပေ၊ အဆုံး၌ ဤကိစ္စက သူတစ်ယောက်တည်း ဆုံးဖြတ်၍ရသော ကိစ္စမဟုတ်သဖြင့် အခြား ဆိုင်များ၏ သဘောထားကို အရင် မေးမြန်းရန် လိုအပ်သည်။
သို့သော်လည်း သူကိုယ်တိုင်ကမူ ဤအခြေအနေကို အခြေခံအားဖြင့် သဘောကျပြီး ဖြစ်သည်၊ သူ၏ ဆိုင်က အနန္တကုန်စုံဆိုင်မှ ပစ္စည်းများကိုသာ ရောင်းချပြီး ဆေးလုံးတစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး တစ်တုံးသာ မြတ်လျှင်ပင် ဝိညာဉ်ကျောက်တုံးများစွာ ရှာဖွေနိုင်မည်ဟု သူ ယုံကြည်သည်။
အဆုံး၌ အနန္တကုန်စုံဆိုင်၏ ပစ္စည်းများက တွက်ခြေကိုက်လှသဖြင့် ယခုအခါ ဝမ်နန်မြို့ရှိ တစ်ကိုယ်တော် ကျင့်ကြံသူအားလုံးက လက်ခံထားကြပြီး ဖြစ်သည်။
"ရတယ်" ဆိုင်ရှင်ရှန်းက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်၊ အဆင်ပြေသည်မှာ သူလည်း ချန်ကျီနှင့် တိုင်ပင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။
"ကောင်းပါပြီ... ဒါဆိုရင် ဆိုင်ရှင်ရှန်းကို အများကြီး ကျေးဇူးတင်ပါတယ်" သက်လတ်ပိုင်း အမျိုးသားက လက်သီးဆုပ် နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဆိုင်ရှင်ရှန်းက သူ့ကို လှမ်းခေါ်လိုက်ပြန်သည်။ "ခဏလေး နေ ပါဦး... မင်းရဲ့ နာမည်ကို မသိရသေးဘူး"
သက်လတ်ပိုင်း အမျိုးသားက ဆိုင်ရှင်ရှန်း လှမ်းခေါ်သည်ကို ကြားသောအခါ ဆိုင်ရှင်ရှန်းက စိတ်ပြောင်းသွားပြီလားဟု ထင်မှတ်ကာ ထိတ်လန့်သွားသော်လည်း နာမည်ကိုသာ မေးမြန်းခြင်း ဖြစ်ကြောင်း ကြားရသောအခါမှ စိတ်အေးသွားခဲ့သည်။
"ကျွန်တော့်နာမည်က 'လျိုကျင့်' လို့ ခေါ်ပါတယ်"
"ကောင်းပါပြီ ဆိုင်ရှင်လျို... မင်း ပြန်သွားပြီး အရင် တိုင်ပင်လိုက်ဦး၊ နောက်တစ်ခေါက် လာရင် တန်းစီနေစရာ မလိုတော့ဘူး၊ တိုက်ရိုက် ဝင်လာခဲ့လိုက်ရုံပဲ"
"ကျေးဇူးအများကြီး တင်ပါတယ် ဆိုင်ရှင်ရှန်း" လျိုကျင့်က နောက်တစ်ကြိမ်တွင် တန်းစီရန် မလိုတော့ကြောင်း ကြားရသောအခါ စိတ်ထဲ၌ ပို၍ပင် ဝမ်းသာသွားခဲ့သည်။
တန်းစီ စောင့်ဆိုင်းရသည့် အချိန်က အလွန် ရှည်လျားလှသဖြင့် အနန္တကုန်စုံဆိုင်ထဲသို့ တစ်ခေါက် ဝင်ရောက်နိုင်ရန် တကယ်ကို မလွယ်ကူပေ။
"ဒါဆိုရင် ဆိုင်ရှင်လျို... ကောင်းကောင်း သွားပါ၊ လိုက်မပို့တော့ဘူး"
လျိုကျင့်က လက်သီးဆုပ် နှုတ်ဆက်ကာ အနန္တကုန်စုံဆိုင်မှ ထွက်ခွာသွားခဲ့သည်။
လျိုကျင့် ထွက်သွားပြီးနောက် နောက်ထပ် ဖောက်သည်တစ်ဦး အနန္တကုန်စုံဆိုင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဆိုင်ရှင်ရှန်းက ထိုသူကို ဧည့်ခံရင်း စိတ်ချင်း ဆက်သွယ်ကာ ချန်ကျီကို လှမ်းပြောလိုက်သည်။
ဤသည်က ချန်ကျီက သူ့ကို ပေးထားသော အခွင့်အာဏာ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူက အနန္တကုန်စုံဆိုင်တွင် အမြဲ စောင့်ဆိုင်းနေရသဖြင့် အနန္တနေရာလွတ်ထဲသို့ စိတ်ကြိုက် ဝင်ရောက်၍မရရာ အရေးကြီးသော သတင်းစကား ရှိပါက ချန်ကျီကို တိုက်ရိုက် ဆက်သွယ်ရခြင်း ဖြစ်သည်။
ဆိုင်ရှင်ရှန်းက ခုနက လျိုကျင့် ပြောသွားသော တောင်းဆိုချက်ကို စိတ်ထဲမှတစ်ဆင့် ချန်ကျီကို တစ်ဆင့် ပြန်လည် ပြောပြလိုက်ရာ ချန်ကျီကလည်း ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုင်ရှင်ရှန်း၏ အတွေးကို သဘောတူလိုက်သည်။
ဤသို့ လုပ်ဆောင်ခြင်းက အနန္တကုန်စုံဆိုင်အတွက် မည်သည့် ဆိုးကျိုးမျှ မရှိသည့်အပြင် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကိုပါ လျင်မြန်စွာ ရှာဖွေနိုင်မည် ဖြစ်ရာ မလုပ်ဘဲ နေစရာ အကြောင်းမရှိပေ။
ချန်ကျီ ဤဘက်တွင် ဆိုင်ရှင်ရှန်း၏ အတွေးကို သဘောတူပြီးခါစမှာပင် အနန္တနေရာလွတ်အတွင်းရှိ နံပါတ် ၃၆ ကိုယ်ပွား ဖြစ်သော 'ရှောင်ဖျင်' ထံမှ စိတ်ချင်းဆက်သွယ်မှု သတင်းစကားကို ရုတ်တရက် လက်ခံရရှိလိုက်သည်။
"သခင်... သံနက်ရိုင်း မိုင်းတွင်းဘက်ကနေ သတင်း ပို့လာပါတယ်၊ ယဲ့မိသားစုက သံနက်ရိုင်း လာသိမ်းမယ့်သူတွေ ရောက်လာပြီလို့ ပြောပါတယ်"
"ရောက်လာပြီလား" ချန်ကျီက ရေရွတ်လိုက်မိသည်၊ ယဲ့မိသားစုက သံနက်ရိုင်း လာသိမ်းရန် စေလွှတ်လိုက်သောသူများက သူ ခန့်မှန်းထားသည်ထက် ပို၍ နောက်ကျပြီးမှ ရောက်လာခြင်း ဖြစ်သည်။
"ဟုတ်ပါတယ် သခင်... ဒါပေမဲ့ သံနက်ရိုင်း မိုင်းတွင်းဘက်က ပြောတာတော့ အပြောင်းအလဲ အချို့ ဖြစ်သွားပုံရပါတယ်"
"ဟမ်... ဘာအပြောင်းအလဲလဲ" ချန်ကျီ စိတ်ထဲ၌ နားမလည် ဖြစ်သွားခဲ့သည်၊ ယဲ့မိသားစုက သံနက်ရိုင်း လာသိမ်းပါက သံနက်ရိုင်းများကို သူတို့ထံ တိုက်ရိုက် ပေးလိုက်ရုံသာ ရှိသည် မဟုတ်ပါလား၊ မည်သို့ကြောင့် အပြောင်းအလဲ ဖြစ်ရသနည်း။
"သခင်... သူတို့ ပြောတာတော့ ယဲ့မိသားစုက ဒီတစ်ခေါက် စေလွှတ်လိုက်တဲ့သူတွေက သံနက်ရိုင်း သိမ်းဖို့တင် မဟုတ်ဘူး"
"ဒီတစ်ခေါက် သံနက်ရိုင်း လာသိမ်းတာက ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ သုံးယောက် ဖြစ်ပြီး သူတို့က အရင်က သံနက်ရိုင်း မိုင်းတွင်းမှာ စောင့်ကြပ်နေတဲ့ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို လူစားလဲ တာပါ"
"အရင်က စောင့်ကြပ်နေတဲ့ ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို သံနက်ရိုင်းတွေ သယ်ပြီး ယဲ့မိသားစုဆီ ပြန်ခိုင်းတာ ဖြစ်ပြီး နောင်ကျရင် သံနက်ရိုင်း မိုင်းတွင်းကို သူတို့ကပဲ ဆက်ပြီး စောင့်ကြပ်မှာပါ"
"မိုင်းတွင်းထဲမှာရှိတဲ့ ကိုယ်ပွား က အခြေအနေ ပြောင်းလဲသွားတာကို မြင်တော့ ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ အသစ် သုံးယောက်ကို တိုက်ရိုက် ဖိနှိပ်ပြီး ဖမ်းဆီးလိုက်ပါတယ်"
"အခု သခင် လာပြီး ဆုံးဖြတ်ပေးဖို့ စောင့်ဆိုင်းနေကြပါတယ်"
ချန်ကျီက ခပ်ဖွဖွ ပြုံးလိုက်သည်။ "ယဲ့မိသားစုရဲ့ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ဖမ်းလိုက်တယ် ဟုတ်လား... သူတို့ လက်သွက်လှချည်လား"
"ကောင်းပြီ... ငါ သိပြီ၊ သူတို့ကို ခဏ စောင့်ခိုင်းထားလိုက်ဦး၊ ငါ စဉ်းစားလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ သခင်"
ချန်ကျီက လက်ထဲရှိ စာအုပ်ကို ချလိုက်ပြီး နောက်ထပ် မည်သို့ တုံ့ပြန်ရမည်ကို စိတ်ထဲ၌ တွေးတောနေခဲ့သည်။
သူသည်လည်း ယဲ့ကျန်ထျန်းက ရုတ်တရက် လူလဲမည့် ဆုံးဖြတ်ချက်ကို ချလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် သူ၏ ယခင် အစီအစဉ်များအားလုံး ပျက်ပြားသွားခဲ့ရသည်။
ချန်ကျီ ခေတ္တမျှ တွေးတောပြီးနောက် စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်သည်။ "ဒီလို ဖြစ်လာမှတော့ အကွက်ကို အကွက်အတိုင်းပဲ ပြန်အသုံးချရတော့မှာပေါ့"
"အဆင်ပြေတာက ယဲ့မိသားစုထဲကို ထူးချွန်တဲ့သူတွေ စေလွှတ်ဖို့ အစောကြီးကတည်းက အစီအစဉ် ရှိထားတာပဲ"