အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀) စီနီယာအစ်ကိုက အတော်လေး ငြိမ်တာပဲ
ရှောင်ဖျင်က သိုလှောင်လက်စွပ်ကို ကျောက်ယွမ်ထံ ပြန်ပေးပြီးနောက် ဆက်ပြောလိုက်သည်။ "ဟိုဘက်ကို ကြည့်လိုက်ဦး၊ ငါတို့ မင်းတို့အတွက် နေရာတစ်ခုစီ သီးသန့် ခွဲခြားပေးထားတယ်"
"နောင်ကျရင် မင်း အနန္တနေရာလွတ်ထဲကို ထည့်မယ့် ပစ္စည်းတွေကို အဲ့ဒီနေရာမှာပဲ ထားလိုက်၊ မင်း လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ငါတို့က အဲ့ဒီနေရာမှာပဲ ထားပေးမှာမလို့ မင်း လိုချင်တဲ့အချိန်တိုင်း အလွယ်တကူ လာယူလို့ရတယ်၊ ဝင်သမျှ ထွက်သမျှ ပစ္စည်းအားလုံးကိုလည်း ငါတို့က သေသေချာချာ စာရင်းမှတ်ထားပေးမှာပါ"
ကျောက်ယွမ်က နားလည်တချက် မနားလည်တချက်ဖြင့် ခေါင်းညိတ်ပြရင်း ရှောင်ဖျင် ညွှန်ပြသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် နယ်မြေ လေးများအဖြစ် ပိုင်းခြားထားသော နေရာတစ်ခု ရှိနေပြီး နယ်မြေ တစ်ခုချင်းစီအပေါ်တွင် နံပါတ်တစ်ခုစီ မှတ်သားထားခဲ့သည်။
ရှောင်ဖျင်က ကျောက်ယွမ်ကို ညွှန်ပြပေးသည့် နေရာမှာ အမှတ် ၂ ဇုန် ဖြစ်ပြီး ၎င်းက သူ ဖန်တီးခံရစဉ်က ရရှိခဲ့သော အမှတ်စဉ်နှင့် အတိအကျ ကိုက်ညီနေခဲ့သည်။
ဤကဲ့သို့ နေရာခွဲခြားထားမှုကို မြင်လိုက်ရချိန်တွင်မှ ကျောက်ယွမ်က အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။ "ကောင်းပါပြီ... ငါ သိပါပြီ"
ဤကဲ့သို့ နေရာခွဲခြား သတ်မှတ်သည့် နည်းလမ်းမှာ ကိုယ်ပွားများ ပိုမို များပြားလာပြီးနောက် ချန်ကျီက ရှောင်ဖျင်နှင့် ရှောင်အန်းတို့ကို စဉ်းစားခိုင်းထားခဲ့သော နည်းလမ်း ဖြစ်ပေသည်။
ကိုယ်ပွားများက များပြားလှသဖြင့် ကိုယ်ပွားတစ်ခုချင်းစီ အနန္တနေရာလွတ်ထဲသို့ ထည့်သွင်းသော ပစ္စည်းများက မတူညီကြရာ စာရင်းမှတ်တမ်း တင်ရန်အတွက်လည်း မလွယ်ကူပေ။
ချန်ကျီကိုယ်တိုင်လည်း တစ်ခါတရံတွင် မည်သည့်အရာက အသုံးဝင်ပြီး မည်သည့်အရာက အသုံးမဝင်ကြောင်း သေသေချာချာ မသိရှိရာ ယခင်ကမူ ဝတ်စုံစိမ်းနှင့် အမျိုးသမီးကိုသာ အကုန်လုံး ပြန်လည် ရောင်း ခိုင်းလေ့ ရှိသည်။
သို့သော်လည်း နောင်ကျရင် ချန်ကျီ၏ ကျင့်ကြံခြင်းအဆင့်က ပိုမို မြင့်မားလာပြီး ထိတွေ့ရသော အရာများက ပို၍ များပြားလာသည်နှင့်အမျှ တန်ဖိုးကြီးပြီး အသုံးဝင်သော ပစ္စည်းအချို့ သေချာပေါက် ပိုမို များပြားလာပေလိမ့်မည်၊ ဤအရာများကိုပါ အကုန်လုံး ပြန်လည် ရောင်း ခံရမည်ဆိုပါက ဆုံးရှုံးမှုက အတော်အတန် ကြီးမားသွားပေလိမ့်မည်။
ယခု ပြုလုပ်ထားသော နေရာခွဲခြားမှုမှာ ပစ္စည်းများကို စည်းမဲ့ကမ်းမဲ့ စုပုံထားခြင်းမှ ရှောင်ရှားရန်နှင့် စနစ်တကျ ပြန်လည် ပြင်ဆင်နိုင်ရန်အတွက် ဖြစ်ပေသည်။
ရှောင်ဖျင်နှင့် ရှောင်အန်းတို့က ကျောက်ယွမ်ကို အနည်းငယ်မျှသာ ရှင်းပြလိုက်သော်လည်း ကျောက်ယွမ်က ချက်ချင်းပင် နားလည် သဘောပေါက်သွားခဲ့သည်။
ကျောက်ယွမ် ပြန်ရန် ပြင်လိုက်ချိန်တွင်မှ ရှောင်ဖျင်က သူ့ကို လှမ်းခေါ်လိုက်ပြန်သည်။
"သခင်က မင်းကို လုပ်ခိုင်းစရာ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်"
"ဘာကိစ္စလဲ" ကျောက်ယွမ်က ချန်ကျီက သူ့ကို လုပ်ခိုင်းစရာ ကိစ္စရှိကြောင်း ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် စိတ်လှုပ်ရှား တက်ကြွသွားခဲ့သည်။
"သခင်က မင်းကို ယဲ့မိသားစုဝင်တွေ အားလုံးကို နယ်စပ်ဒေသဆီ ပြည်နှင်ဒဏ်ပေး ခိုင်းလိုက်တယ်"
"အခုချက်ချင်းလား"
"ဟုတ်တယ်... ငါ အခု သခင်ဆီ သတင်းပို့လိုက်မယ်၊ သံနက်ရိုင်း မိုင်းတွင်းဘက်ကနေ လူတွေကို ဒီဘက် ပို့ပေးလိမ့်မယ်၊ မင်း နယ်စပ်ဒေသကို ပြန်ရောက်ရင် လူသူကင်းတဲ့ နေရာတစ်ခု ရှာပြီး ဒီလူတွေကို အပြင် ထုတ်လိုက်ရုံပဲ"
"ကောင်းပါပြီ" ကျောက်ယွမ်က ပြန်ဖြေ လိုက်ပြီး အနန္တနေရာလွတ်ထဲမှ ထွက်ခွာသွားခဲ့သည်။
ကျောက်ယွမ်က အနန္တနေရာလွတ်ထဲမှ ထွက်ခွာပြီးနောက် လူသူကင်းပြီး လျှို့ဝှက်သော နေရာတစ်ခုကို ရှာဖွေလိုက်ကာ အသိစိတ် ဖြင့် အနန္တနေရာလွတ်ကို အမြဲ အာရုံစိုက်ရင်း ယဲ့မိသားစုဝင်များ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာပင် သတိမေ့မြောနေသော ယဲ့မိသားစုဝင် ၃၂ ဦးစလုံး နယ်စပ်ဒေသသို့ ရောက်ရှိလာခဲ့သည်။
ကျောက်ယွမ်က ဤလူများကို အပြင်သို့ ထုတ်ပေးပြီးနောက် တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ တိုက်ရိုက် ထွက်ခွာသွားခဲ့တော့သည်။
ယဲ့မိသားစုဝင်များကို သူတို့၏ ကံကြမ္မာအတိုင်းသာ ပစ်ထားလိုက်တော့သည်။
......
ချင်းယွမ်ဂိုဏ်း၊ လင်းယွမ်တောင်ထိပ် နံပါတ် ၂၃ ဂူအတွင်း
"စီနီယာအစ်ကိုချန်... ကျွန်တော် ဒါက" ကျိုးချွမ်က ခေါင်းကို အုပ်ကိုင်ရင်း ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားနေရကာ အချို့သော ကိစ္စများကို သူ သေသေချာချာ မမှတ်မိတော့သလို ဖြစ်နေခဲ့သည်။
"ဟားဟားဟား... ဂျူနီယာညီလေးကျိုးက ဒီလောက်တောင် မြန်မြန် မေ့သွားတာလား၊ ဂျူနီယာညီလေးကျိုးက မနေ့ညက တော်တော်လေးကို သတ္တိကောင်းပြီး ဟန်ကျခဲ့တာ၊ စီနီယာအစ်ကိုချန်ကိုတောင် ဝိုင်ဖိုးတွေနဲ့ မွဲသွားအောင် သောက်ပြလိုက်တာ" ယွီရှင်းစစ်က စနောက်လိုက်သည်။
"မင်း စကားကို အမြန် ရပ်လိုက်တော့၊ မင်းကြောင့် သာ မဟုတ်ရင် ဂျူနီယာညီလေးကျိုးက ဒီလို ဖြစ်ပါ့မလား" ချန်ဖန်က နှမြောတသ ဖြစ်နေသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
"စီနီယာအစ်ကိုတို့ နှစ်ယောက်စလုံး... ကျွန်တော် မနေ့ညက ဘာဖြစ်သွားလို့လဲ" ကျိုးချွမ်က ထိတ်လန့်တကြား မျက်နှာပေးဖြင့် မေးလိုက်သည်၊ ၎င်းအပြင် ခေါင်းကလည်း အနည်းငယ် ကိုက်ခဲနေသဖြင့် သူ တကယ်ကို ဘာမျှ မမှတ်မိတော့ပေ။
ယွီရှင်းစစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဟားဟား... ဒါဆိုရင် မင်း ပြန်မှတ်မိအောင် ငါ ကူညီပြီး စဉ်းစားပေးရတာပေါ့"
မနေ့ညက မူလက သုံးခွက်သောက်ရုံနှင့် လဲကျသွားတတ်သော ကျိုးချွမ်က မူးပြီး အိပ်ပျော်သွားခဲ့သည်။
သို့သော်လည်း ခေတ္တမျှ အိပ်စက်ပြီးနောက် ပြန်လည် နိုးထလာခဲ့ပြီး ဝိုင် သောက်ရန် အတင်းအကျပ် ပူဆာကာ ချီးကျူးဂုဏ်ပြုထိုက်သော အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အော်ဟစ် ပြောကြားခဲ့ပြီး ဝမ်းနည်းစရာ နေရာသို့ ရောက်ရှိချိန်တွင်မူ ကြုံးဝါးသံများပင် ထွက်ပေါ်လာခဲ့သည်။
အစပိုင်းတွင် ချန်ဖန်နှင့် ယွီရှင်းစစ်တို့က ဘာမျှ မခံစားရသော်လည်း နောက်ပိုင်းတွင်မှ ကျိုးချွမ်က သတိမေ့သွားခဲ့ပြီး ဝိုင်ကို အမှီပြု၍ စိတ်ထဲရှိ ခံစားချက်များကို ရင်ဖွင့်နေခြင်း ဖြစ်ကြောင်း သတိပြုမိခဲ့ကြသည်။
နောက်ဆုံး ရလဒ်မှာမူ ချန်ဖန်က ဝိုင်ကောင်း အိုးအချို့ စိုက်ထုတ်လိုက်ရပြီး ယွီရှင်းစစ်က အားရပါးရ သောက်လိုက်ရကာ ကျိုးချွမ်ကမူ အဆက်မပြတ် အန်ဖတ်များ ထွက်ပြီးနောက် သတိလစ် မေ့မြောသွားခဲ့ခြင်း ဖြစ်ပေသည်။
"တကယ်ပဲလား စီနီယာအစ်ကိုချန်... စီနီယာအစ်ကိုယွီက ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား" ကျိုးချွမ်က သူ့ကိုယ်သူ ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်လိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့သည်။
ချန်ဖန်က တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ကျိုးချွမ်က ချန်ဖန်၏ ဤကဲ့သို့သော အမူအရာကို မြင်သောအခါ မျက်နှာတစ်ခုလုံး အားနာမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ "စီနီယာအစ်ကိုချန်... တကယ်ကို အားနာပါတယ်၊ စီနီယာအစ်ကိုရဲ့ ဂူကို ညစ်ပတ်အောင် လုပ်မိသွားတယ်၊ ကျွန်တော် အခုပဲ သန့်ရှင်းရေး သွားလုပ်လိုက်ပါ့မယ်"
ချန်ဖန်က သန့်ရှင်းရေး လုပ်ရန် ပြင်နေသော ကျိုးချွမ်ကို အမြန် ဆွဲတားလိုက်ပြီး "မလိုတော့ပါဘူး၊ အကုန်လုံး သန့်ရှင်းရေး လုပ်ပြီးသွားပါပြီ"
"ဒါက..." ကျိုးချွမ်က ဆွံ့အ သွားခဲ့သည်။
"ဟားဟားဟား" ယွီရှင်းစစ်ကမူ ဘေးနားတွင် အလွန် ပျော်ရွှင်စွာဖြင့် ရယ်မောနေခဲ့သည်။
ချန်ဖန်က လက်ဝှေ့ယမ်းပြကာ ယွီရှင်းစစ်ကို ဆက်မရယ်ရန် တားမြစ်လိုက်ပြီး "ကဲပါ... မင်းလည်း နိုးပြီဆိုတော့ ငါတို့ အပြင် ထွက်ကြတာပေါ့"
"အာ... ဘယ်သွားမလို့လဲ" ကျိုးချွမ်က နားမလည်နိုင် ဖြစ်သွားခဲ့သည်၊ သူက ဘာမျှ မသိသေးပေ။
ချန်ဖန်က ရှင်းပြရန် ပြင်လိုက်သော်လည်း ယွီရှင်းစစ်က ကျိုးချွမ်ကို တိုက်ရိုက် ဆွဲခေါ်ကာ ထွက်သွားခဲ့သည်။ "သွားကြစို့... ရောက်ရင် မင်း သိသွားမှာပါ၊ ဘာပဲဖြစ်ဖြစ် မင်းက မနေ့ညက စီနီယာအစ်ကိုချန်ကို အသက်ပဲ ပေးရပေးရ ကူညီပါ့မယ်လို့ ကတိပေးထားပြီးသားပဲလေ"
"အာ..." ကျိုးချွမ်က ထပ်မံ မေးမြန်းလိုသော်လည်း ရယ်မောလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့သော ယွီရှင်းစစ်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ချန်ဖန်၏ ဂူအပြင်သို့ ရောက်ရှိသွားခဲ့တော့သည်။
ချန်ဖန်ကလည်း မတတ်သာဘဲ ပြုံးလိုက်မိပြီး ဂူအပြင်သို့ လိုက်ပါသွားခဲ့ကာ စိတ်ထဲမှလည်း ပြုံးမိသွားသည်။
"ငါက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကူညီ မြှင့်တင်ပေးဖို့အတွက် ဘာသဲလွန်စမှ မကျန်အောင် လုပ်ဆောင်နေရတာ၊ အခုလောက်ဆိုရင် တော်တော်လေးကို ပြည့်စုံနေပြီလို့ ပြောလို့ရမလားပဲ"
ယွီရှင်းစစ်က ကျိုးချွမ်ကို ဆွဲခေါ်ကာ တာဝန်လက်ခံရာ နေရာသို့ ပြေးသွားခဲ့ပြီ ဖြစ်သည်။
ယွီရှင်းစစ်က သူ့ဘာသာ တာဝန်တစ်ခုကို စိတ်ကြိုက် ရွေးချယ်လိုက်ပြီး ကျိုးချွမ်အတွက်လည်း တာဝန်တစ်ခု ကူညီ ရွေးချယ်ပေးလိုက်သည်။
ဤတာဝန်ကို လက်ခံခြင်းက ချင်းယွမ်ဂိုဏ်းမှ တရားဝင် ထွက်ခွာနိုင်ရန်အတွက် ဖြစ်သည်၊ ချင်းယွမ်ဂိုဏ်း၏ တပည့်များက ဂိုဏ်းမှ စိတ်ကြိုက် ထွက်ခွာခွင့် မရှိဘဲ သေချာပေါက် အကြောင်းပြချက် ရှိရမည့်အပြင် မှတ်တမ်း တင်ထားရမည် ဖြစ်သည်။
တာဝန်ကို လက်ခံပြီးနောက် ယွီရှင်းစစ်က ကျိုးချွမ်ကို ဂိုဏ်း၏ တံခါးဝ အပြင်သို့ ဆက်လက် ဆွဲခေါ်သွားခဲ့သည်။
ကျိုးချွမ်ကမူ တစ်လမ်းလုံး မျက်နှာသေဖြင့် ဘာမျှ နားမလည်ဘဲ လိုက်ပါလာခဲ့ရသည်၊ တစ်လမ်းလုံးတွင် သူက တွန်းပို့ခြင်းကို ခံရသည်၊ သို့မဟုတ် ဆွဲခေါ်ခြင်းကို ခံရခြင်း ဖြစ်သည်။
သို့သော်လည်း သူက ချန်ဖန်နှင့် ယွီရှင်းစစ်တို့က သူ့ကို ဒုက္ခပေးမည်မဟုတ်ကြောင်း ယုံကြည်ထားသဖြင့် မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် အကြောင်းရင်းကို သိရှိရမည် ဖြစ်သည်။
သူတို့သုံးဦးက ချင်းယွမ်ဂိုဏ်း၏ တံခါးဝအပြင်သို့ ရောက်ရှိလာခဲ့ကြသည်။
"စီနီယာအစ်ကိုချန်... သွားကြစို့" ယွီရှင်းစစ်က ပြုံးလျက် ချန်ဖန်ကို ကြည့်ကာ ပြောလိုက်သည်။
ကျိုးချွမ်ကမူ တစ်ကိုယ်လုံး တွေဝေငေးမောနေဆဲ ဖြစ်ပြီး ယခုအခါ ချင်းယွမ်ဂိုဏ်းအပြင်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဘာမျှ နားမလည်သေးဘဲ တစ်လမ်းလုံးတွင် တွန်းပို့ခြင်း၊ သို့မဟုတ် ဆွဲခေါ်ခြင်းကိုသာ ခံနေရခြင်း ဖြစ်သည်။
"?" ချန်ဖန်က ယွီရှင်းစစ်ကို နားမလည်နိုင်သော မျက်နှာပေးဖြင့် ကြည့်လိုက်ပြီး သူ ဘာကို ဆိုလိုသည်ကို မသိပေ။
ယွီရှင်းစစ်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ "ငါတို့ထဲမှာ မင်းတစ်ယောက်တည်းပဲ အုတ်မြစ်ချခြင်းအဆင့် ရှိတာလေ၊ မင်းက ငါတို့ကို ခေါ်ပြီး မပျံသန်းချင်လို့လား"
"ဟုတ်သားပဲ"
ချန်ဖန်က ဓားပျံ ကို ထုတ်ယူလိုက်ပြီး ခပ်ဖွဖွ ခုန်လိုက်ရာ ဓားပျံ ပေါ်တွင် မတ်တပ်ရပ်လျက်သား ဖြစ်သွားခဲ့သည်။
ချန်ဖန်က သူတို့နှစ်ဦးကို ပြုံး၍ ကြည့်ကာ "တက်လာကြလေ"
"ကျွန်တော် ဓားပျံ ပေါ်မှာ ပထမဆုံးအကြိမ် ရပ်ဖူးတာ၊ စီနီယာအစ်ကိုချန်... မင်းက ငြိမ်အောင် ထိန်းပေးဦးနော်" ယွီရှင်းစစ်က စိတ်လှုပ်ရှားစွာဖြင့် ဓားပျံ ပေါ်သို့ ခုန်တက်လိုက်သည်။
"ဂျူနီယာညီလေးကျိုး... တက်လာခဲ့လေ၊ စီနီယာအစ်ကိုချန်က တော်တော်လေး ငြိမ်ပါတယ်၊ မင်း စိတ်ချလို့ရတယ်" ယွီရှင်းစစ်က ပြောနေစဉ်မှာပင် ခန္ဓာကိုယ်ကို လှုပ်ခါပြသည့် အမူအရာကိုပါ လုပ်ပြလိုက်သည်။
ချန်ဖန်က ကြည့်ရင်း မျက်လုံးပြူးမိသွားသည်။
ကျိုးချွမ်ကမူ အနည်းငယ် တွန့်ဆုတ်နေခဲ့ပြီး စိတ်ထဲမှ တွေးနေခဲ့သည်။ "ဒီလောက်အထိ သေးငယ်တဲ့ ဓားပျံ က တကယ်ပဲ လူသုံးယောက်ရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိပါ့မလား"
သို့သော်လည်း သူက စိတ်ထဲ၌သာ တွေးဝံ့ခြင်း ဖြစ်သည်၊ ဤသို့ တိုက်ရိုက် ပြောလိုက်ပါက စီနီယာအစ်ကိုချန် သေချာပေါက် စိတ်ဆိုးသွားပေလိမ့်မည်။
ယွီရှင်းစစ်က ထပ်မံ စနောက်လိုက်ပြန်သည်။ "ဂျူနီယာညီလေးကျိုး... မင်း အမြင့်ကြောက်နေတာတော့ မဟုတ်ပါဘူးနော်၊ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် အမြင့်ကြောက်လို့ ရမှာလဲ၊ မင်း နောက်ကျရင် ဓား ပျံသန်းခြင်း ကို မသင်ယူဘဲ နေလို့မှ မရတာ၊ ဟားဟားဟား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျိုးချွမ်က သွားကို တင်းတင်းကြိတ်ကာ ခုန်လိုက်ပြီး ဓားပျံ ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ကျိုးချွမ်က အာရုံခံကြည့်လိုက်ရာ မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေရသလိုမျိုး ခံစားလိုက်ရသဖြင့်မှ မျက်လုံးကို ပြန်လည် ဖွင့်ကြည့်လိုက်သည်။
"တကယ်ကို ငြိမ်တာပဲ"
"ဟားဟားဟား... ငါ ပြောသားပဲ၊ မင်းရဲ့ စီနီယာအစ်ကိုချန်က အတော်လေး ငြိမ်တာပါဆို" ယွီရှင်းစစ်က ပြုံးလျက် ပြောလိုက်သည်။
"မင်း စကားတွေ အတော်များနေတာပဲ၊ မြန် မြန် သေသေချာချာ ရပ်ထားစမ်း" ချန်ဖန်က စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် အရှိန်အပြည့်မြှင့်ကာ ဓားပျံ ကို စီးနင်း ပျံသန်းလိုက်တော့သည်။
ဓားပျံက ကောင်းကင်ယံကို ဖြတ်သန်းကာ လျှပ်စီးတန်းတစ်ခုကဲ့သို့ အလွန် လျင်မြန်သော အမြန်နှုန်း ဖြင့် ပြေးထွက်သွားခဲ့တော့သည်။
ထိုအချိန်တွင် ချင်းယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦး ချင်းယွမ်ဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူက လျှပ်စီးတန်းတစ်ခု ဖြတ်သန်းသွားသည်ကိုသာ ခံစားလိုက်ရသဖြင့် မည်သူက ဤမျှအထိ လျင်မြန်စွာ ပျံသန်းသွားသလဲဆိုသည်ကို လှည့်ကြည့်ရန် ပြင်လိုက်သည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာမျှ မရှိတော့ပေ။
"ဟမ်..." အကြီးအကဲ စိတ်ထဲ၌ သံသယ ဖြစ်မိသွားသည်။
"ခုနက ဓားပျံတစ်လက် ဖြတ်သွားသလိုပဲ... ဓားပျံပေါ်မှာ လူသုံးယောက်တောင် ပါသေးတယ် လား"
"ဘယ်အကြီးအကဲက အပြင်ထွက်သွားတာလဲ... ဘာလို့ ဒီလောက်တောင် လောနေရတာလဲ မသိဘူး"