← Chapters

အစိမ်းရောင် ကျောက်စိမ်းပြား

Vol. 020 Ch. 972

အစိမ်းရောင် ကျောက်စိမ်းပြား

Vol. 020 Ch. 972

သူ့မူလခန္ဓာကိုယ်ထံမှ တုန်ခါမှုသည် ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားစေသည်. သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် တဖျပ်ဖျပ် ဖြစ်သွား၏။သူက အသက်ဝဝရှိုက်သွင်းကာ ထိုတုန်ခါမှုကို ဖိနှိပ်လိုက်ရာ ကြယ်များသည် ဆက်၍ လင်းလက်ခြင်း မရှိတော့ပေ။

အကွာအဝေးတစ်ခုရှိ လက်တံပေါင်းများစွာနှင့် လမြွေနဂါးကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းသည် အတော်လေး တုန်လှုပ်နေမိ၏။

“အတိတ်တုန်းက ယောင်မိသားစုတွင်ကို သတ်ဖို့ ငါက လမြွေနဂါးရဲ့ စွမ်းအားကို ငှားယမ်းအသုံးပြုခဲ့ပြီး ၎င်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်ခဲ့တယ်။ အလုံးစုံကောင်းကင်ရဲ့ တစ်စုံတစ်ယောက်က လမြွေနဂါးအကြောင်းကို သိနေမှာပဲလို့ ငါ ထင်တွေးမိခဲ့တယ်။ ဘယ်လိုလူမျိုးက လမြွေနဂါးကို ဖမ်းဆီးပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းထဲကို လက်နက်တစ်ခုအဖြစ် ပို့လွှတ်ခဲ့တာလဲ…။သူပဲ ဖြစ်နေမလား…”

ဝမ်လင်းသည် သူ နှစ်ကြိမ်တိတိသာ မြင်တွေ့ခဲ့ဖူးသည့် သူအကြောင်းကို ပြန်တွေးမိရင်း ပင့်သက်ရှိုက်မိ၏။

ထိုသူ့ကို သူပထမဆုံး တွေ့ဖူးသည်မှာ ချင်းရွှေနှင့်သွေးနတ်ဘုရားတို့ကြား တိုက်ပွဲအတွင်း ဖြစ်၏။ ဒုတိယအကြိမ်မှာ ကောင်းကင်ဘုံသား တစ်ရာ့ရှစ်ယောက် အပ်နှင်းနေစဉ်အတွင်း ကြယ်အဖွဲ့အစည်းနှစ်ခုကြား လမ်းကြောင်းကို ဖွင့်လှစ် ဆုတ်ဖြဲစေသည့် အချိန်တုန်းက ဖြစ်သည်။

သည်အခိုက်အတန့်၌ လမြွေနဂါးရှေ့ရှိ သစ်သားပိုင်းကြီး၏ တဝီဝီအသံများသည် ပို၍ ကျယ်သထက် ကျယ်လောင်လာ၏။ တုန်ခါလှိုင်းများ နီးကပ်လာနေရင်း ဝမ်လင်းနောက်မှ ကျင့်ကြံသူများသည် ပျော်ရွှင်သွားကြ၏။

တချိန်တည်းမှာ ထိုကျင့်ကြံသူများသည် ရှေ့တည့်တည့်သို့ ချက်ခြင်း ပျံသန်းသွားကြသည်။

ဝမ်လင်းသည် အနည်းငယ် ချီတုံ့ချတုံ့ ဖြစ်နေပြီးမှ ရှေ့သို့ ဆက်သွား၏။ သူက သစ်သားပိုင်းကြီးရှိရာသို့ ဦးတည်သွားလေသည်။ ထိုသစ်သားပိုင်းကြီးသည် အဝေးကကြည့်လျှင်ပင် ကြီးမားလွန်လှချေ၏။ သူတို့ အနီးသို့ ရောက်လာသည့်အခါ၌ ၎င်းသစ်သားပိုင်းကြီး၏ ဖိနှိပ်မှုစွမ်းအားကို ခံစားမိရသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရတနာမျိုးစုံပေါ်၌ ချနင်းရင်း ထိုသစ်သားပိုင်းကြီးနောက်ကနေ လိုက်ပါလာကြသည်။ထိုသစ်သားပိုင်းကြီးပေါ်၌လည်း ကျင့်ကြံသူများ ရှိနေ၏။ သို့သော် သိပ်မများလှပါ။ သစ်သားပိုင်းအပေါ်၌ ရှိနေကြသည့် ကျင့်ကြံသူများမှာ အယောက်တစ်ရာပင် မပြည့်ပေ။

ထို သစ်သားပိုင်းပေါ်ရှိ ရပ်နေကြသော လူများ၏ ရှေ့၌ လူနှစ်ယောက် ရှိနေ၏။ ထိုသူနှစ်ယောက်မှာ ကျန်းမိသားစုဘိုးဘေး လီယွမ်ဇီနှင့် ရှန်ကုန်းမိသားစုဘိုးဘေးတို့ ဖြစ်ကြသည်။

သူတို့နှစ်ယောက်၏ မျက်လုံးတို့က တောက်ပနေ၏။အေးစက်နေ၏။

သူတို့နောက်၌ ကျန်သည့် ကျင့်ကြံသူများ ရှိနေကြသည်။ သူတို့ထဲမှ အများစုမှာ ကောင်းကင်ဘုံသား (၁၀၈)ယောက် ဖြစ်ကြသည်။ သို့သော် သူတို့ထဲ၌ ဝမ်လင်း အရင်က မမြင်တွေ့ခဲ့ဖူးသည့် အချို့လည်း ပါရှိနေ၏။ သို့ရာတွင် သူတို့၏ မူလစိတ်ဝိညာဉ်များမှ တုန်ခါမှုလှိုင်းများကြောင့် ဝမ်လင်းသည် ထိုသူများမှာ အားနည်းလှခြင်း မရှိဟု ပြောနိုင်ပေသည်။ သူတို့သည် အထည်ဒြပ်ယန်အဆင့် အထွတ်အထိပ်တွင် ရှိနေကြသူများ ဖြစ်၏။

ထိုသူများထဲ၌ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ဆယ်ယောက်လည်း ရှိနေ၏။ သည်ဆယ်ယောက်အပြင် ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင်သည့် သုံးယောက်လည်း ရှိသေးသည်။သူတို့သုံးယောက်ထဲမှ တစ်ယောက်မှာ သစ်သားပိုင်းကြီး၏ ညာဘက်ခြမ်း၌ ထိုင်နေလျက် ရှိ၏။ ထိုသူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ရှိနေ၏။ သူ့မျက်နှာပေါ်၌လည်း ထူးဆန်းလှသော အမာရွတ်များ ရှိနေပြန်သည်။

ဝမ်လင်း၏အကြည့်က ထိုအဘိုးအိုပေါ်သို့ ကျရောက်သွားချိန်၌ အဘိုးအို၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်းကို ပြန်ကြည့်သည်။ သူက အေးစက်မှုစိတ်ဆန္ဒနှင့် အပြုံးတစ်ခုကို ထုတ်ဖော်လာသည်။

ဝမ်လင်းအာရုံစိုက်မိသည့် နောက်တစ်ယောက်မှာ အမျိုးသမီးတစ်ယောက်ပင်။ ထိုအမျိုးသမီးသည် ကျက်သရေ ရှိသည်။လှပသည်။ အသက်သုံးဆယ် ဝန်းကျင်ခန့် ရှိကာ သူမ၏ မျက်လုံးထဲ၌ စိတ်ဝိညာဉ်နှင့် ပြည့်၍ လှပသော နှာခေါင်းမှာ ဖြောင့်စင်းနေ၏။ သူမ၏ ရင်ညွှန့်မှာ ပေါ်နေသည်။ သူမ၏ အသားရေမှာ ဖြူဝင့်လှချေကာ မျက်လုံးများက အပြာရောင်သန်းနေသည်။သူမက လှရက်လွန်းသည့် အမျိုးသမီးဟု ဆိုရပေမည်။

ဝမ်လင်း၏ အကြည့်ကို တွေ့မြင်သည့်အခါ သူမသည် ကျက်သရေရှိလှစွာ ပြန်ပြုံးပြ၏။ ထိုအပြုံးမှာ တော်ဝန်ဆန်သည့် အရိပ်အယောင် ပါဝင်နေသေးသည်။

နောက်ဆုံးတစ်ယောက်မှာ လူငယ်တစ်ယောက်ပင်။သူက အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထားသည်။ဝါးပုလွေသုံးလက်က သူ့အား ဝန်းရံထား၏။ ထိုပုလွေများထံမှ ထူးဆန်းသော ပုလွေသံစဉ်ကို ပေးစွမ်းနေသည်။

လူငယ်သည် ဝမ်လင်း၏အကြည့်ကို အလေးမထားပေ။ သူက မျက်လုံးမှိတ်၍ ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထား၏။ ထိုသူမှာ မောက်မာလှသည်။

ထိုသုံးယောက် ဝမ်လင်း၏ အာရုံကို ဖမ်းစားနိုင်သည့် အကြောင်းရင်းမှာ သူသည် ထိုသူတို့၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်လေ၏။

ဝမ်လင်းသည် သစ်သားပိုင်းပေါ်ရှိ လူများကို လေ့လာနေရင်း သစ်သားပိုင်းပေါ်ရှိ လူများကလည်း ဝမ်လင်းကို ကြည့်နေကြ၏။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၌ ဝမ်လင်း၏ ဂုဏ်သတင်းအရ သူတို့သည် ဝမ်လင်းကို မည်သူမည်ဝါမှန်း သိဖို့ အချိန်သိပ်မကြာလိုက်ပေ။

သူတို့သည် သစ်သားပိုင်းကြီးနောက်ကနေ လိုက်လာခဲ့ကြခြင်း ဖြစ်ကာ လမ်းတစ်လျှောက်၌ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူအချို့ကို တွေ့မြင်ခဲ့ကြ၏။ သို့သော် သူတို့တွေ့ခဲ့ကြသည့် အများစုသည် သနားစရာ အခြေအနေသို့ ဆိုက်ရောက်နေခဲ့သည်။

အခုချိန်၌ ဝမ်လင်းသည် လူရာချီကို စုဆောင်းနိုင်ခဲ့လေပြီ။ ထိုအဖြစ်က သစ်သားပိုင်းကြီး အနီးဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အကြည့်သည် ဝမ်လင်းပေါ်သို့ ကျရောက်ခြင်းကို ဖြစ်ပေါ်စေသည်။

ဝမ်လင်း၏ တည်ရှိမှုကြောင့်သာ ထိုမျှများသည် ကျင့်ကြံသူများ ခုလို အုပ်စုဖွဲ့နေနိုင်ခြင်းဖြစ်သည်မှာ သိသည်နေသည် မဟုတ်လား။

“မိုးကြိုးကောင်းကင်ဘုံသား…ရှုမူ…”

လူများစွာ၏ အကြည့်က သူ့ပေါ်သို့ ကျရောက်နေ၏။ထိုအတွက် ဝမ်လင်း၏အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူက တည်ငြိမ်လျက်သာ ရှိနေသည်။

“ရှုမူ…ဒီအဘိုးအိုရှိ လာခဲ့….” လီယွမ်ဇီသည် ဝမ်လင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူ့မျက်နှာပေါ်ရှိ အေးစက်မှုပင် အနည်းငယ် လျော့ကျသွားသည်။သူက ပြုံး၏။

ဝမ်လင်းသည် ခေါင်းညိတ်ကာ သစ်သားပိုင်းကြီးရှိရာသို့ တိုးဝင်လာ၏။ သစ်သားပိုင်းကြီးထံမှ ထွက်ပေါ်နေသော ဖိသိပ်မှုအားသည် ခုခံမှုအားကို ဖြစ်စေ၏။ ဝမ်လင်းက သူသည် ရွှံ့နွံထဲသို့ တိုးဝင်ရသကဲ့သို့ ခံစားမိ၏။ သူက ထိုခုခံမှုအားကို သဘောပေါက်သွားသည့်နောက် သူ့ခန္ဓာကိုယ်မှ မူလစွမ်းအင်များကို တဖြည်းဖြည်း စုစည်းစေပြီး ပေါက်ကွဲစေလိုက်သည်။

ထိုအဖြစ်က ပြင်းထန်သောအဟုန်တစ်ခုကို ဖြစ်စေ၏။ သူ့ပတ်လည်ရှိ အရာအားလုံးသည် ပျက်စီးသွားစေနိုင်သည့် တုန်ခါမှုမျိုးကို ဖြစ်စေသည်။

ဘုန်း…။

ဝမ်လင်းရှေ့ရှိ အရာရာသည် မြန်ဆန်စွာ ပျက်စီးသွားရင်း သူသည် ရှေ့သို့ တည်ငြိမ်စွာ ဆက်လျှောက်သွားသည်။

သူသည် သစ်သားပိုင်းနားသို့ ရောက်ရှိလာပြီး မည်သည့်ခုခံမှုမှုအားမှ မရှိတော့ဘဲ ၎င်းအပေါ်သို့ ခြေချလိုက်၏။

ချက်ခြင်းပင် သစ်သားပိုင်းကြီးပတ်လည်ရှိ ကျင့်ကြံသူအားလုံး၏ မျက်လုံးတို့သည် ကျဉ်းမြောင်းသွားကြသည်။ သူတို့သည် ဝမ်လင်းမှာ ကြမ်းလှမှန်း သိထားကြသော်လည်း အခု မျက်မြင်ကိုယ်တွေ့ တွေ့မြင်ရသည့်အခါ တုန်လှုပ်မိကြရသည်။

ဝမ်လင်းသည် သစ်သားပိုင်းကြီးပေါ်သို့ ခြေချနိုင်ခြင်းသည် မြင့်မားသောအဆင့်တစ်ခုကို ကိုယ်စားပြုမှန်း သိမထားပေ။လူတစ်ယောက်သည် ယုံကြည်မှု ရှိပါက ထိုသစ်သားပိုင်းအပေါ်သို့ ခြေချရန် ကြိုးစားကြည့်နိုင်၏။

သို့သော် နည်းပါးလှသည့်လူများသာ ထိုသစ်သားပိုင်းပေါ်သို့ ခြေချနိုင်ကြ၏။ သစ်သားပိုင်းပေါ်သို့ ရောက်ရှိနေသည့် လူအများစုသည် ထိုသို့ လုပ်ဆောင်နိုင်ရန် သူတို့၏ မန္တာန်များ၊လက်နက်ရတနာများကို အသုံးပြုကာ အားသွန်ခိုက်စိုက် ကြိုးစားခဲ့ရပေသည်။

မည်သို့ပင်ဖြစ်စေ သစ်သားပိုင်းပတ်လည်ရှိ ကျင့်ကြံသူများမှာ ထိုသူများကို အထင်မသေးဝံ့ကြချေ။ သစ်သားပိုင်းကြီးပေါ်သို့ ခြေချနိုင်သည့်လူတိုင်း သန်မာလှသည်ဟု ဆိုနိုင်ပေ၏။

ဝမ်လင်း သစ်သားပိုင်းကြီးပေါ်သို့ ခြေချလိုက်သည့်အချိန်၌ ကျင့်ကြံသူမြောက်များစွာ၏ စိတ်ထဲ၌ လှိုင်းထန်သွားကြ၏။ ဝမ်လင်းသည် မည်သည့်အားစိုက်ထုတ်မှုမှ မရှိဘဲ သစ်သားပိုင်းပေါ်သို့ သည်အတိုင်း ခြေချနိုင်စွမ်း ရှိနေသည် မဟုတ်လား။ သူတို့ တွေ့မြင်ခဲ့ရသလောက် လီယွမ်ဇီနှင့်ရှန်ကုန်းမိသားစုဘိုးဘေးတို့ကလွဲ၍ ထိုသစ်သားပိုင်းပေါ်သို့ အေးအေးဆေးဆေး ခြေချနိုင်သူမှာ သုံးယောက်သာ ရှိခဲ့၏။

ဝမ်လင်းက လေးယောက်မြောက်လူပင်။

“မိုးကြိုးကောင်းကင်ဘုံသား ရှုမူက ကျော်ကြားမှုနဲ့ အမှန်တကယ် ထိုက်တန်ပါပေတယ်…”

သစ်သားပိုင်းကြီးပေါ်ရှိ လူများကလည်း ဝမ်လင်းကို ကြည့်မိကြ၏။ သူတို့အားလုံး၏ အကြည့်သည် မတူညီကြပါ။ အချို့သည် ကောင်းကင်အပ်နှင်းခြင်းပြိုင်ပွဲမှ လူအချို့ ဖြစ်၏။ သူတို့က ဝမ်လင်းအပေါ် လေးစားနေခဲ့ကြပြီး ဖြစ်၏။ ဝမ်လင်းနှင့် မဆုံခဲ့ဖူးသည့် လူများကမူ သူတို့၏ စိတ်သည် တုန်လှုပ်မိကာ ဝမ်လင်း၏ ကြမ်းမှုကို နားလည်သွားတော့၏။

ဝါးပုလွေသုံးလက်နှင့် လူငယ်ပင် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူက ဝမ်လင်းကို သေချာကြည့်၏။သူသည် ခေါင်းညိတ်ပြသည်။သို့သော် စကားတော့ မဆိုပေ။

တော်ဝင်ဝတ်စုံနှင့်အမျိုးသမီး၏ အပြုံး၍ ပို၍ နန်းဆန်လာသည်။အနက်ရောင်ဝတ်စုံနှင့်အဘိုးကမူ သူ ဝမ်လင်းကို ကြည့်သည့်နည်းလမ်းသည် အနည်းငယ် ပြောင်းလဲသွား၏။

သူတို့သုံးယောက်သည် ကျင့်ကြံမှုအဆင့် မြင့်မားကြ၏။ သူတို့သုံးယောက်လုံးမှာ နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့်တွင် ရှိနေကြ၏။ ထို့ကြောင့် သူတို့၏ အမြင်သည် အခြားလူများထက် ပိုသာလွန်ပေသည်။ သူတို့က တချက်ကြည်ရုံဖြင့် ဝမ်လင်းမှာ သာမန်မဟုတ်ကြောင်း ပြောနိုင်သည်။

စောနက ဝမ်လင်း ခုခံမှုအားကို ချေဖျက်ရန် ပေါက်ကွဲစေလိုက်သည့် စွမ်းအားသည် မူလစွမ်းအင်မျှသာ မဟုတ်၊ ဥပဒေသ အရိပ်အမြွက်လည်း ပါဝင်နေ၏။ သူတို့သုံးဘောက်သည် ထိုအချက်ကို တွေ့သည့်အတွက် ဝမ်လင်းအပေါ် ပို၍ အလေးနက် ထားလာခြင်းပင်။ သူ့ကျင့်ကြံမှုအဆင့်က သူတို့သုံးယောက်ထက် အားနည်းသော်လည်း သူတို့သည် ဝမ်လင်းကို အဆင့်တူအဖြစ် ယူဆလိုက်ကြသည်။

ဥပဒေသကို နားလည်သည့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သည် များများစားစား မရှိသည် မဟုတ်လော။

ခွန်အားသည်သာ ကျင့်ကြံခြင်းလောက၌ အခရာ ဖြစ်၏။ သင်သည် အခြားလူများ၏ အသိအမှတ်ပြုမှုကို ရလိုပါက ထိုသူများနှင့် အဆင့်တူ ဖြစ်ဖို့လိုသည်။

လီယွမ်ဇီဘေးနား၌ ရပ်၍ ဝမ်လင်းက လေးစားစွာ ဆို၏။ “ရှုမူက စီနီယာလီယွမ်ဇီကို နှုတ်ဆက်ပါတယ်…”

သူက ထိုသို့ ပြောလိုက်ပြီးနောက် နောက်လှည့်၍ ရှန်ကုန်းမိသားစုဘိုးဘေးကိုလည်း လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

လီယွမ်ဇီက ပြုံးနေ၏။ သူက စကားဆိုရန် ပြင်လိုက်စဉ် သူ့အသွင်သည် ပြောင်းလဲသွား၏။ သစ်သားပိုင်းကြီးနောက်ရှိ လမြွေနဂါးကြီးသည် ရုတ်တရက် ရူးသွပ်သွားသည့်အလား ဟစ်အော်လာခဲ့သည်။

၎င်းက သစ်သားပိုင်းပေါ်ရှိ ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း ၎င်း၏မျက်လုံးထဲ၌ ကြည်လင်မှု၊ရှုပ်ထွေးမှုတို့ တလှည့်စီ ဖြစ်ပေါ်နေသည်။၎င်း၏ ဟိန်းသံက ပို၍ အားကောင်းလာသည်။ ထိုဟိန်းသံက သစ်သားပိုင်းကြီး ပတ်လည်ရှိ ကျင့်ကြံသူများ၏ အသွင်ကို အကြီးအကျယ်ပြောင်းလဲစေကာ သူတို့၏ စိတ်ကို တုန်ယင်စေသည်။

ဝမ်လင်းသည် လှည့်၍ လမြွေနဂါးကြီးကို အေးစက်စွာ ကြည့်၏။ ဝမ်လင်းသည် လမြွေနဂါး သူ့ကို မှတ်မိနေသည်ကို အံအားသင့်မိခြင်း မရှိပေ။ သူက လမြွေနဂါးကို ကောင်းကောင်းနားလည်ထား၏။ လမြွေနဂါးသည် သူ့ကို နှစ်ကြိမ်တိုင်တိုင် ရန်စခဲ့သည့် ဝမ်လင်းအား မှတ်မိနေသည်မှာ ထင်ရှားပါသည်။

၎င်းက ဒေါသပုန်ထနေရင်း ရှေ့သို့ တိုးထွက်ရန် ပြင်၏။ ၎င်း၏ ပတ်လည်ရှိ လက်တံများသည် အရူးအမူး တိုးချဲ့ကာ သစ်သားပိုင်းကြီး ရှိရာသို့ ရောက်ရှိလာသည်။

လီယွမ်ဇီက မျက်မှောင်ကြုတ်သွား၏။ သူ့ညာလက်ဖြင့် လေဟာနယ်ထဲသို့ ညွှန်သည်။ အက်ကြောင်းတစ်ခုကို ဖွင့်လှစ်စေပြီးနောက် အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခုသည် ပျံသန်းထွက်လာခဲ့သည်။

ထိုကျောက်စိမ်းပြားသည် သာမန်ဆန်လှသည်။ လီယွမ်ဇီက ၎င်း ကျောက်စိမ်းပြားကို ဖမ်းဆုပ်ကာ လမြွေနဂါးထံသို့ ပစ်လွှတ်လိုက်၏။ ၎င်းက ချက်ခြင်းပင် လမြွေနဂါးအနီးသို့ မြန်ဆန်စွာ ရောက်ရှိသွားသည်။ထိုကျောက်စိမ်းပြားမှာ ပျက်စီး၍ မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံတစ်ခု မြည်ဟိန်းလာသည်။

“ရွှင်ယွင်ကွင်…” ထိုအသံသည် ထူးဆန်း ရှုပ်ထွေးလှ၏။ ပတ်ဝန်းကျင်ရှိ မည်သည့်ကျင့်ကြံသူမှ ၎င်းအသံကို နားမလည်ပေ။ သို့သော် ဝမ်လင်း၏ စိတ်ထဲ၌ ထိုအသံကို ကြားလိုက်ရသည့်အခါ တုန်လှုပ်မိသွား၏။၎င်းအသံသည် ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကား မဟုတ်လား။ ထိုအသံနောက်ရှိ အဓိပ္ပာယ်ကို နားလည်သည့်နောက် ဝမ်လင်း၏ စိတ်ခွန်အားဖြင့်ပင် သူ့အသွင်သည် မပြောင်းလဲဘဲ မနေနိုင် ဖြစ်ရသည်။

***

All Chapters