သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ပေးရတာပေါ့
Vol. 36 Ch. 503
အခန်း (၅၀၃) သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ပေးရတာပေါ့
ရန်ကျောက်ကဲ၏ဓားချက်ဝင်ရောက်လာသည်နှင့် အဆုံးမဲ့သောကြယ်စင်များက တစ်စုတစ်စည်းတည်းပေါင်းစပ် ဝင်ရောက်လာသို ဖန်းကျောက်ဟုန် ခံစားလိုက်ရသည်။
စိမ်းပြာရောင်နဂါးကြီးက ကြုံးဝါးသံနှင့်အတူ ခုနစ်စဉ်ကြယ်ကိုစီးနှင်လျှက် ကြယ်စင်ပင်လယ်ကို ကူးခတ်ပြီး ဖန်းကျောက်ဟုန်ထံ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။ သို့သော် စောစောကလို သိုင်းကွက်အလှည့်အပြောင်းများစွာ မကြုံတွေ့ရဘဲ ဓားကွက်တစ်ကွက်တည်းသာ ဝင်ရောက်လာသဖြင့် ဖန်းကျောက်ဟုန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ကြံ့ဝိညာဉ်ကျွန်း၏ ကြံ့ဝိညာဉ်လက်ဝါးသိုင်းသည် ရန်သူ နောက်ထပ်လှုပ်ရှားမည့် အတွေးအမြင်များနှင့် သိုင်းကွက်များကို ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်စွမ်းရှိသည်။ ရန်သူ၏ ဖြစ်နိုင်ခြေအရှိဆုံးလှုပ်ရှားမှုများကို အာရုံခံမိစေကာ ဖြေရှင်းနိုင်မည့် စိတ်ကူးစိတ်သန်းများကို ကျွမ်းကျင်စွာပင် ဖြစ်ပေါ်စေသည်။
စောစောက ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုက မရေမတွက်နိုင်သော သိုင်းကွက်များစွာ ပါဝင်လေရာ ဖန်းကျောက်ဟုန်စိတ်ထဲတွင် သိုင်းကွက်တစ်ခုချင်းစီတိုင်းကို ခွဲခြမ်းစိတ်ဖြာရန် အလွန်ခက်ခဲခဲ့၏။ ယခုတော့ ဓားကွက်တစ်ကွက်တည်းဖြစ်လေရာ ပိုမိုရိုးရှင်းသွားပေပြီ။
ရန်ကျောက်ကဲကတော့ ဓားကွက်ကိုပြောင်းလဲရန် လုံးဝ မရည်ရွယ်ခဲ့ပေ။
သို့သော်...
ဓားကွက်တစ်ကွက်တည်းဖြစ်သဖြင့် ဓားကွက်အပြောင်းအလဲကို ခန့်မှန်းရလွယ်ကူပြီး ခုခံနိုင်မည်ဟု မူလကထင်မှတ်ထားခဲ့သော ဖန်းကျောက်ဟုန်မှာ ရိုးရှင်းသော်လည်း ပြင်းထန်ရှုတ်ထွေးလွန်းသည့် ဓားကွက်ကြောင့် ရင်ဆိုင်ရန် ခက်ခက်ခဲခဲ ဖိအားပေး ခံရတော့သည်။
ဓားကွက်တစ်ကွက်တည်းတွင် ပြင်းထန်သောစွမ်းအားများစွာ စုစည်းထားပြီး ဓားချက်က ဖန်းကျောက်ဟုန်၏ လက်ဝါးသိုင်းကို ဖြတ်ကျော်သွားရုံသာမက သူဆုတ်ခွာမည့်လမ်းကိုပင် ပိတ်ဆို့ပစ်လိုက်သည်။
ထိုခဏတွင် ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်ရန်မှလွဲပြီး အခြားနည်းလမ်းမရှိဟု ဖန်းကျောက်ဟုန် ခံစားလိုက်ရ၏။
ရန်ကျောက်ကဲ၏ မပျက်ဆီးနိုင်သောဓားသွားကို ရင်ဆိုင်ရသည့်အခါ သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တရော ကြယ်တာရာချီစွမ်းအားများပါ အက်ကွဲတော့မည့်အလား ထင်မှတ်ရပြီး သူ့ထံသို့ ဓားသွားဝင်ရောက်လာသည်ကို ရှင်းရှင်းလင်းလင်း သိရှိသည့်တိုင် တားဆီးရန် မတတ်နိုင်ခဲ့ပေ။
ဖန်းကျောက်ဟုန် အလွန်အမင်း တုန်လှုပ်သွားပြီး ကြုံးဝါးသံတစ်ချက်ပြုလုပ်ရင်း ခန္ဓာကိုယ်ကို လှည့်ပတ်လျှက် အလင်းတန်းအသွင်ပြောင်းလဲကာ အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သော ‘ကျောက်စိမ်းအလင်း’ ကြေးမုံမှန်ကိုပင် အရေးမစိုက်တော့ဘဲ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။
ကျဉ်းထဲကျပ်ထဲကျရောက်စဉ် ဖန်းကျောက်ဟုန်က ကြံ့ဝိညာဉ်ကျွန်း၏ ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သော ဝိညာဉ်အလင်းသိုင်းပညာကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းပင်။
နေရာတွင်ကျန်ရစ်ခဲ့သော ကျောက်စမ်းအလင်းကြေးမုံမှန်က ရန်ကျောက်ကဲဓားအလင်းတန်းကြောင့် တုန်ခါသွားသည့်တိုင် ဖန်းကျောက်ဟုန် ထိုအချက်ကို အရေးမစိုက်နိုင်တော့ပေ။
ရန်ကျောက်ကဲက...
“မင်း ပြေးလို့ မလွတ်ပါဘူး”
သူ့ပုံစံက တည်ငြိမ်နေပြီး ညာဘက်လက်တွင် ‘အစိမ်းရောင်ချောက်နက်ဓား’ ကို ဆုပ်ကိုင်ထားကာ နဂိုကပင် ကြိုတင်ပြင်ဆင်ထားသည့်အလား ဖြန့်ကားထားသော ဘယ်ဘက်လက်ချောင်းများကို အသာအယာ ကွေးဆုပ်လိုက်၏။
ရန်ကျောက်ကဲ၏လက်ဖဝါးထက်တွင် နဂိုကပင် ပရမ်းပတာ ချီအစုအဝေးတစ်ခု ရှိနေခဲ့လေသည်။
သူက လက်ချောင်းများ ဖြန့်ကားလိုက်သည့်အခါ ပရမ်းပတာချီစွမ်းအားစီးကြောင်းများစွာက တဖြည်းဖြည်းကျယ်ပြန့်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ယခု ရန်ကျောက်ကဲက လက်သီးဆုပ်လိုက်သည့်အခါ ပရမ်းပတာချီစွမ်းအားများက တွင်းနက်တစ်ခုပမာ ပြန်လည် စုစည်းသွားသည်။
ပတ်ဝန်းကျင်လေထုထဲမှ သက်ရှိ သက်မဲ့ ၊ သဏ္ဌန်ရှိ သဏ္ဌန်မဲ့ အရာအားလုံးသည် ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်ဖဝါးမှ အကန့်အသတ်မဲ့ စုပ်ယူစွမ်းအားဆီသို့ တပြိုင်နက်ထဲ ဆွဲယူခံလိုက်ရသည်။
သူ့ရှေ့က ဗလာနယ်ထဲတွင်ရှိနေသော ‘ကျောက်စိမ်းအလင်း’ ကြေးမုံမှန်က ပိုလို့တောင် ပြင်းထန်စွာ တုန်ခါသွားပြီး အကြောင်းပြချက်မဲ့စွာပင် အလင်းတန်းများစွာ တောက်ပလာ၏။
ကြေးမုံမှန်ထဲတွင် စုပ်ယူခံလိုက်ရသည့် အစိမ်းရောင်အလင်းတန်းတစ်ခုကို တွေ့မြင်ရပြီး အလင်းတန်းက ဖန်းကျောက်ဟုန်အသွင် ပြောင်းလဲသွားသည်။
ထိုအချိန် ရန်ကျောက်ကဲ ကြောက်မက်ဖွယ်ရာဓားသွားသည် ဖန်းကျောက်ဟုန်ရှေ့သို့ ရောက်ရှိနေပေပြီ။
ဖန်းကျောက်ဟုန်က သူ့ကိုယ်သူကာကွယ်ရန် ကျောက်စိမ်းအလင်းကြေးမုံမှန်ကို ဆွဲယူလိုက်သော်လည်း ရန်ကျောက်ကဲ၏ ထက်ရှသောဓားအလင်းတန်းက သူ၏ရင်ဝသို့ စိုက်ဝင်သွားပြီး သွေးများပန်းထွက်လာသည်။ စိမ်းပြာရောင်နဂါးသဏ္ဌန်ဓားအလင်းတန်းက ရက်စက်ကြမ်းတမ်းစွာ ထိုးဖောက်ဝင်ရောက်သွားလေရာ ဖန်းကျောက်ဟုန်၏ အမြုတေစွမ်းအားကို ကွဲကြေသွားစေသည်။
ဖန်းကျောက်ဟုန်သည် အံတင်းတင်းကြိတ်ရင်း အသက်ရှင်ရန် ရုန်းကန်လျှက် ရှိသည်။
သူက ရန်ကျောက်ကဲနှင့် ပြိုဘက်မဟုတ်ကြောင်း သိရှိသွားပြီဖြစ်ရာ သူအဖြစ်ချင်ဆုံးဆန္ဒမှာ ဤနေရာမှ အသက်ရှင်လျှက် လွတ်မြောက်သွားဖို့သာပင်။
သူက ဖန်းမင်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော တပည့်များကို ဂိုဏ်းသို့ပြန်လွှတ်လိုက်ပြီး စစ်ကူတောင်းရန် အကြောင်းကြားခိုင်းထားသည်။ သို့ဖြစ်ရာ စစ်ကူရောက်လာသည်အထိ တောင့်ခံထားနိုင်လျှင် သူ့အတွက် လွတ်မြောက်နိုင်ခြေရှိသည်။
သို့သော် စိမ်းပြာရောင်နဂါးအသွင်ရှိသော ဓားအလင်းတန်းက သူ့ခန္ဓာကိုယ်ကို ထိုးစိုက်ဝင်ရောက်သွားပြီးနောက် ပျောက်ကွယ်သွားခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လှည့်ပတ်လျှက် ရှိ၏။ နဂါးအကြေးခွံများက ရုတ်တရက် ထောင်ထလာပြီး အဆုံးမရှိသောဓားသွားများပမာ လွင့်ပျံလာပြီး ဖန်းကျောက်ဟုန် ခန္ဓကိုယ်ဆီသို့ ထပ်မံထိုးစိုက် ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်မှ မရပ်တန့်ဘဲ ဆက်လက်ဆုပ်ကိုင်ထားသည့်အခါ ကြီးမားသော စုပ်ယူစွမ်းအားများ ထွက်ပေါ်လာပြီး ဖန်းကျောက်ဟုန်ကို သူ့အရှေ့သို့ ဆွဲယူလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်က အရောင်ပြောင်းလဲသွားပြီး ရွှေခန္ဓာနှင့်ဆင်တူသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ရန်ကျောက်ကဲ၏ လက်ဖဝါးထက်မှ ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားလိုက်ရသည့်အခါ ဖန်းကျောက်ဟုန်နှလုံးသားထက်သို့ သေခြင်းအရိပ် တိုးဝင်လာသည်။
ထိုအချိန် သီးခြားနယ်မြေအဝင်ဝတွင် ယန်ချူးဖန်နှင့် ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားနှစ်ယောက်ပေါ်လာသည်။
သူတို့ အနားရောက်လာသည့်အခါ တွေ့လိုက်ရသောမြင်ကွင်းကြောင့် အလွန်တရာ ထိတ်လန့်သွားကြသည်။
ရန်ကျောက်ကဲက စောစောက ကျန်းရှုန်ကို သတ်ဖြတ်ခဲ့သည်ကို တွေ့မြင်ဖူးသော်လည်း ဖန်းကျောက်ဟုန်လို အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ေယာက်ကို ရယှဉ်နိုင်လိမ့်မည်ဟု သူတို့အားလုံး ထင်မထားခဲ့ကြပေ။
“အဟက်... မင်းလိုချီးထုပ်ကောင်ကို တိုက်ခိုက်ဖို့ ငါ့စွမ်းအား ဘယ်လောက်ပဲ သုံးရသလဲဆိုတာ ခန့်မှန်းကြည့်စမ်း”
ထိုစကားများက ယခင်က ရန်ကျောက်ကဲ နောက်ပြောင်ပြောဆိုသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုတော့ ကျောရိုးတစ်လျှောက် စိမ့်သွားစေသည့် စကားများအဖြစ် သူတို့စိတ်ထဲ ပြန်လည်ကြားယောင်လာသည်။
စောစောက ရန်ကျောက်ကဲ ထိုစကားများကိုပြောခဲ့စဉ် နောင်ပြောင်ပြောဆိုခြင်းမဟုတ်ဘဲ အမှန်တရားကို ပြောခြင်းဖြစ်ကြောင်း နားလည်လိုက်ရပြီး သူတို့ရင်ထဲ ခါးသက်စွာ ခံစားလိုက်ကြရ၏။
အလယ်ဆင့်မှော်ဝင်လက်နက်ကိုကိုင်ဆောင်ထားသော ‘အမှောင်မိစ္ဆာ’ ကျန်းရှုန်ကို လက်နက်မသုံးဘဲ သတ်ဖြတ်ခဲ့သည့် ရန်ကျောက်ကဲသည် သူ၏ စွမ်းအားအပြည့်အဝ အသုံးပြုခဲ့ခြင်း မရှိပေ။
အမတလက်ဖွဲ့အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော ဖန်းကျောက်ဟုန်နှင့် ရင်ဆိုင်ရာတွင် ရန်ကျောက်ကဲက ခံစစ်မတိုက်ခိုက်ဘဲ အပြည့်အဝ အနိုင်ယူခဲ့သည်သာ။
ရန်ကျောက်ကဲက သူ့မျက်လုံးထောင့်မှ ထိုလူ (၃)ယောက်ကို တစ်ချက်ကြည့်လိုက်သည်။
ထိုလူ (၃)ယောက်၏ လက်ဝါးခြောက်ဖက်ဆန့်ထုတ်လျှက် သူတို့လက်ဝါးထက်မှ ကျောက်စိမ်းရောင်အလင်းတန်းများက သူ့ကျောပြင်ထက်ဆိ ဦးတည်ဝင်ရောက်လာသည်။ သူတို့က ဖန်းကျောက်ဟုန်ဘက်မှ ဝင်ရောက်ကူညီတိုက်ခိုက်ချင်သည်မှာ ရှင်းနေပေသည်။
“သွားစမ်း...”
ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး ထာဝရညမိုးကြိုးဓားက ရန်သူများကို ပိတ်ဆို့တိုက်ခိုက်လိုက်ပြီး အဆုံးမရှိသောအမှောင်ထုကို ဖြစ်ပေါ်စေသည်။
ဤသို့ ရုတ်တရက် တိုက်ခိုက်ခံရမည်ဟု ထင်မထားသဖြင့် ယန်ချူးဖန်နှင့် အခြားနှစ်ယောက်မှာ ခုခံနိုင်စွမ်းမရှိသလို ရှောင်တိမ်းရန်လည်း အချိန်မရခဲ့ပေ။ အဖြူရောင်လျှပ်စီးကြောင်းများပေါက်ကွဲထွက်သွားပြီး သူတို့အားလုံးကို လွင့်ထွက်သွားကြသည်။
ထို့နောက် ရန်ကျောက်ကဲက ရွှေခန္ဓာပမာ လင်းလက်နေသည့် ဘယ်ဘက်လက်သီးဖြင့် ဖန်းကျောက်ဟုန်ကို ထိုးစိုက်ချလိုက်သည်။
ဒါကိုမြင်တော့ ယန်ချူးဖန်က အလျင်စလို အော်ဟစ်တားဆီးလိုက်၏။
“မလုပ်နဲ့... အဲဒါ နားလည်မှုလွဲကြတာပါ”
သို့သော် သူ့စကားမဆုံးခင်မှာပင် ရန်ကျောက်ကဲလက်သီးချက်က ဖန်းကျောက်ဟုန်၏ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီ ဖြစ်၏။
“ဘုန်း”
ကျယ်လောင်သောအသံနှင့်အတူ သွေးများဖျန်းကနဲ လွင့်စင်ထွက်လာစဉ် ဖန်းကျောက်ဟုန်သည် မျက်လုံးကျွတ်ထွက်လုမတတ်ပြူးကျယ်လျှက် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
သူတို့ရှေ့သို့ ဖြာကျလွင့်စင်လာသော သွေးများကိုကြည့်ရင်း ယန်ချူးဖန်တို့ (၃)ယောက်မှာ လည်ပင်းညှစ်ခံထားရသည့်ပမာ စကားမဆိုနိုင်ဘဲ မှင်တက်စွာ ငေးကြောင်ကြည့်နေမိကြသည်။
ရန်ကျောက်ကဲက သူတို့ (၃)ယောက်ကို လှည့်ကြည့်လိုက်ပြီး...
“နားလည်မှုလွဲတာ ဟုတ်လား ၊ နားလည်မှုလွဲတယ်ဆိုတာကို အခုမှလာပြောလို့ ဘာလို့အသုံးဝင်မှာလဲ ၊ ပြောချင်ရင် အစောကြီးကတည်းက ပြောလေ”
စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သော ကြံ့ဝိညာဉ်ကျွန်းမှ သိုင်းသမားတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဆရာဦးလေး’ဖန်း’ ကို သတ်လိုက်တာက မင်းနဲ့ ငါတို့ ကြံ့ဝိညာဉ်ကျွန်းကြားမှာ မပြေတဲ့သွေးကြွေးပဲ...”
ယန်ချူးဖန်မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာပေါ်လာပြီး သူက ခေါင်းခါယမ်းလိုက်သည်။
“မိစ္ဆာသူတော်စင်ဂိုဏ်းက မင်းလိုလူတစ်ယောက်ကို ဘယ်လိုများ မွေးထုတ်ပေးလိုက်တာလဲ ၊ အရင်ဆုံး ကျန်းရှုန်ကို သတ်ဖြတ်တယ် ၊ အခု ငါတို့ရဲ့ ဂိုဏ်းတူအစ်ကို’ဖန်း’ ကို သတ်ဖြတ်တယ် ၊ မင်းကို မိစ္ဆာသူတော်စင်ကိုယ်တိုင် ကာကွယ်ပေးမယ်ဆိုရင်တောင် ရှားလော်ဂိုဏ်းနဲ့ ငါတို့ဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဒီ ‘ဖန်း’ မျိုးနွယ်က ဘယ်သူမှန်း ငါ မသိပေမယ့်... ကြည့်ရတာ မင်းတို့ ကြံ့ဝိညာဉ်ကျွန်းမှာ အတော်လေး အရာရောက်တယ်ထင်တယ်”
သူက ဆက်ပြောသည်။
“ငါက ရှားလော်ဂိုဏ်းကို စော်ကားပြီးသွားပြီ... အခု မင်းတို့ ကြံ့ဝိညာဉ်ဂိုဏ်းကို စော်ကားတယ်ဆိုတော့ တကယ့်ကို ကြီးမားတဲ့ကိစ္စပဲ ၊ ပြီးတော့ ချန်လီတောင်တည်ရှိတဲ့ တည်ရာမဲ့ပင်လယ်ဒေသကို သွားတဲ့အခါ မင်းတို့ ကြံ့ဝိညာဉ်ပင်လယ်ဒေသကို ဖြတ်ရဦးမယ်... ၊ ဒီတော့ မင်းတို့လက်က ငါ မလွတ်နိုင်ဘူး... ဘယ်လိုလဲ... မင်း ပြောချင်တာ အဲဒီလိုစကားတွေ မဟုတ်လား”
ယန်ချူးဖန်က ရန်ကျောက်ကဲကို တည်ငြိမ်စွာကြည့်လိုက်သည်။ စောစောက အံ့သြမှင်တက်ခြင်းများ သူ့မျက်နှာထက်မှ လွင့်စင်သွားပြီး ဖြစ်၏။
သူက လက်ထဲမှဓားကို ဝှေ့ယမ်းရင်း...
“အဲဒါက အမှန်တရားဆိုပေမယ့်... အခု မင်း ထိပါးစော်ကားတာကို ငါက ဒီအတိုင်းထိုင်ကြည့်နေမယ် ထင်သလား”
ရန်ကျောက်ကဲက...
“ဒါဖြင့် လာလေ... သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ပေးရတာပေါ့”
ထို့နောက် ရန်ကျောက်ကဲထံမှ စိမ်းပြာရောင်ဓားအလင်းတန်းတစ်ချက် လင်းလက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး သွေးများစွန်းထင်းသွားလေတော့၏။