← Chapters

ဘာတွေဖြစ်ခဲ့သလဲ

Vol. 36 Ch. 504

ဘာတွေဖြစ်ခဲ့သလဲ

Vol. 36 Ch. 504

အခန်း (၅၀၄) ဘာတွေဖြစ်ခဲ့သလဲ

ဖန်းကျောက်ဟုန် ၊ ယန်ချူးဖန်နှင့် အခြားလူများကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက နှုတ်ခမ်းကိုလက်ဖြင့်ပွတ်ရင်း...

“မိစ္ဆာသူတော်စင်ဂိုဏ်းတဲ့... ၊ ဒီဂိုဏ်းက ဘယ်ကပါလာရတာလဲ”

ကျောက်ရုပ်တုကို သိမ်းဆည်းပြီးနောက် သီးခြားနယ်မြေထဲတွင် အခြားသော ရတနာပစ္စည်းများ မကျန်ရှိတော့ကြောင်း အတည်ပြုပြီး ရန်ကျောက်ကဲက ဖန်းကျောက်ဟုန်နှင့် အခြားသူများထံမှ လက်နက်များကို သိမ်းဆည်းကာ ထွက်ခွာလာခဲ့သည်။

သီးခြားနယ်မြေမှ ထွက်လာပြီး အပြင်ဘက် ပင်လယ်ပြင်ဆီရောက်တော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်တော့ ပတ်ဝန်းကျင်ပင်လယ်ဒေသကိုလွှမ်းခြုံထားသည့် အရံအတား လွင့်ပြယ်သွားပြီကို တွေ့ရသည်။

ရန်ကျောက်ကဲက ခေါင်းတစ်ချက်ညိတ်ရင်း...

“လက်စသတ်တော့ ဒီကျောက်ရုပ်တုက အရံအတားကို ထိန်းထားတာပဲ”

အရံအတားပတ်ဝန်းကျင်တွင် ကြံ့ဝိညာဉ်ကျွန်းမှ အခြားသောသိုင်းသမားများကို မတွေ့ရတော့ပေ။

ယန်ချူးဖန်တို့ (၃)ယောက်သာ ဖန်းကျောက်ဟုန်ကို ကူညီရန် ကျန်နေခဲ့ပြီး ကျန်လူများက ပြန်သွားကြပြီဖြစ်ကြောင်း ရန်ကျောက်ကဲ နားလည်လိုက်၏။

ကြည့်ရသည်မှာ ရန်သူက သူ့ကိုတိုက်ခိုက်ရန် အစကတည်းက ကြံစည်ထားခဲ့ဟန်ပင်။ တိုက်ပွဲတွင် ထိခိုက်မည်ကို စိုးရိမ်သဖြင့် အတွေ့အကြုံရှာဖွေမည့် တပည့်ငယ်များကို ပြန်လွှတ်လိုက်သည် မဟုတ်ပါလား။

ထိုတပည့်ငယ်များ ဤနေရာတွင်မရှိတော့ဘူးဆိုလျှင် ကြံ့ဝိညာဉ်ကျွန်းမှ ထိပ်တန်းသိုင်းသမားများ အနေဖြင့် သတင်းပြန်လည်ရရှိသွားမည် ဖြစ်သည်။

ရှားလော်ဂိုဏ်းမှသိုင်းသမားများအားလုံးကို သတ်ဖြတ်ပစ်လိုက်သဖြင့် သတင်းပေါက်ကြားမည်ကို စိုးရိမ်စရာမရှိပေ။ သို့သော် ဖန်းကျောက်ဟုန်နှင့် အခြားသူများကို အဆက်အသွယ်မရတော့ပါက ကြံ့ဝိညာဉ်ကျွန်းသို့ ပြန်သွားသောတပည့်ငယ်များမှတစ်ဆင့် အခြေအနေကို ခန့်မှန်းနိုင်ကြမည် ဖြစ်၏။

လမ်းမှန်းဂိုဏ်းများဖြင့် မိစ္ဆာဂိုဏ်းများက တစ်ယောက်နှင့်တစ်ယောက် မတည့်ကြသော်လည်း ဤသတင်းက ရှားလော်ဂိုဏ်းသို့လည်း ပေါက်ကြားသွားနိုင်သည်။

ရင်းနှီးသောမိတ်ဆွေမရှိသည့် ကမ္ဘာရပ်ခြားတွင် ဤသို့သောရန်သူများနှင့်ရင်ဆိုင်နေရသဖြင့် အတတ်နိုင်ဆုံး သတိထားနေသင့်သည်ပင်။

အမှန်တော့ ရှားလော်ဂိုဏ်းမှသိုင်းသမားများကို သတ်ဖြတ်ပြီးသည်နှင့် သတင်းမပေါက်ကြားစေရန် ကြံ့ဝိညာဉ်ကျွန်းမှလူများကိုပါ တစ်ခါတည်း ရှင်းပစ်သင့်သည်။ သို့သော် ရန်ကျောက်ကဲက အပြစ်မဲ့သူများကို အဓိပ္ပါယ်မရှိ သတ်ဖြတ်ရခြင်းကို မလိုလားပေ။

ဖန်းကျောက်ဟုန် ၊ ယန်ချူးဖန်နှင့် အခြားနှစ်ယောက်က သူ့ကို စတင်တိုက်ခိုက်ခဲ့သဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ ထိုသူများကို ငရဲသို့ပို့လိုက်ရခြင်းအတွက် ရန်ကျောက်ကဲစိတ်ထဲ နောင်တမရသလို ဖြစ်သင့်ဖြစ်ထိုက်သည်ဟုပင် ခံစားရသည်။

ဖြစ်လာမည့်ပြဿနာများအတွက်တော့ နောင်ခါလာ နောင်ခါရေးပင်။

ရန်ကျောက်ကဲက ကျောက်ရုပ်တုကြီးထည့်ထားသော အရိပ်ကျုံ့အိတ်ကို အသာချိန်ဆလိုက်ရင်း...

“အဟက်... ဒီပစ္စည်းက စိတ်ဝင်စားစရာပဲ”

“အင်း... ဒီ သမုဒ္ဒရာကမ္ဘာက အခြေအနေတွေကို သိပြီးသားဆိုပေမယ့်... အသေးစိတ်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး”

ဝင်္ကပါပင်လယ်ဒေသက သမုဒ္ဒရာကမ္ဘာ၏ အန္တရယ်နယ်မြေတစ်ခုဖြစ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောနှင့် ခပ်ဆင်ဆင် တူညီသည်။

တစ်ခုတည်းသောခြားနားချက်မှာ ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောက “ပင်လယ်” ဆိုသော စာလုံးပါသည့်တိုင် တကယ့် ပင်လယ်ဒေသ မဟုတ်ပေ။ ဝင်္ကပါပင်လယ်ဒေသကတော့ ပင်လယ်ပြင်ဒေသတွင် တည်ရှိသော ပုံရိပ်ယောင်မြင်ကွင်းများပြည့်နက်နေသည့် နေရာတစ်ခု ဖြစ်သည်။ ဤဒေသတွင် ခရီးသွားလာလျှင် လမ်းပျောက်သွားရန် အလွန်လွယ်ကူပေမည်။

သို့သော် ဤနေရာတွင် ထူးခြားသောရတနာပစ္စည်းမျိုးစုံလည်း ထွက်ရှိလေရာ သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများကို ဆွဲဆောင်လျှက် ရှိသည်သာ။

ရန်ကျောက်ကဲက ခရီးလမ်းတစ်လျှောက်ဆုံတွေ့ရသော သိုင်းသမားများ ၊ သင်္ဘောသားများထံမှ မကြာခဏ လမ်းမေးရင်း စမ်းတဝါးဝါးနှင့် သွားလာနေရသည်။

သွားလိုက် ၊ ရပ်လိုက် ၊ လမ်းကြောင်းပြောင်းလိုက် ၊ ပြန်လှည့်လိုက်ဖြင့် မျက်စိအကြိမ်ကြိမ်လည်ပြီးနောက်မှာတော့ ရန်ကျောက်ကဲတစ်ယောက် ဝင်္ကပါပင်လယ်ဒေသမှ ထွက်ခွာလာနိုင်ခဲ့သည်။

ထိုအတောအတွင်း ဖူအန်းစုမှာလည်း ဒဏ်ရာများအပြည့်အဝ သက်သာခြင်းမရှိသည့်တိုင် အတော်အတန်သက်သာပြီး ပြန်လည်သတိရလာခဲ့သည်။

ဖူအန်းစုကို အခြေအနေများရှင်းပြပြီးနောက် ရန်ကျောက်ကဲက သူ သိချင်လှပါသော မေးခွန်းများကို မေးမြန်းလိုက်၏။

“ဆရာဒေါ်လေး’ဖူ’ ... အဲဒီတုန်းက ဘာတွေဖြစ်ခဲ့တာလဲ ၊ ဂိုဏ်းတူညီမလေး’ဖန်း’ နဲ့ ဂိုဏ်းတူညီမလေး’ယင်’ တို့ရော ဘာဖြစ်သွားကြလဲ”

ဖူအန်းစု၏ဒဏ်ရာက အပြည့်အဝ သက်သာခြင်းမရှိသေးသော်လည်း ရန်ကျောက်ကဲ၏ အရိပ်ကျုံ့အိတ်ထဲတွင် နေစရာမလိုဘဲ လေပေါ်တွင် ပျံသန်းနေနိုင်ပြီ ဖြစ်၏။

“နေသူတော်စင်ဂိုဏ်းက ဘိုးဘေးအကြီးအကဲ’မုန့်ဖုန်း’ က ငါတို့ကို ရုတ်တရက် အလစ်ချောင်းတိုက်ခိုက်တာလေ ၊ ငါလည်း ယွင်ရှန်း ၊ လျိုဟွားတို့နဲ့ လူချင်းကွဲသွားခဲ့တယ်”

ထိုစဉ်က အဖြစ်အပျက်များကို ပြန်စဉ်းစားရင်း ဖူအန်းစု ဒေါသထွက်လာသည်။

“ငါလည်း မုန့်ဖုန်းကို အနိုင်မရတဲ့အတူတူ သေရွာအတူခေါ်သွားမယ်ဆိုပြီး သူ့ကို ထိုက်ယီချိုးဖျက်အစီအရင်ရှိတဲ့နေရာကို မျှားခေါ်လာတာ ၊ အဲဒီနေရာမှာ ဗလာနယ်ပုံပျက်နေတော့ ငါလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်”

မုန့်ဖုန်းဆိုသည်က ဟွမ်ကွမ်လီ ၊ ဖန်းပေါ်ထိုင်တို့နှင့် မျိုးဆက်တူသူဖြစ်ပြီး  နေသူတော်စင်ဂိုဏ်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူက ယခင်မျိုးဆက် နေဘုရင် (၇)ပါးတွင် ‘အရုဏ်ဦးအရှင်’ နေရာကို ရယူခဲ့သူပင်။

သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် မုန့်ဖုန်းက တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်သည်ဖြစ်ရာ ‘အရုဏ်ဦးအရှင်’ ဘွဲ့ကိုလည်း နောက်မျိုးဆက်သို့ လွှဲပြောင်းပေးခဲ့ကာ ဂိုဏ်း၏အရေးအရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ပေ။

မုန့်ဖုန်းက နေသူတော်စင်ဂိုဏ်းဌာနချုပ်ဖြစ်သော ကမ္ဘာအလင်းတောင်ထွတ်တွင် နေထိုင်ခြင်းမရှိဘဲ တောင်ပိုင်းမြေအောက်နန်းတော်တွင် တစ်ယောက်တည်းနေထိုင်သဖြင့် ဖန်းပေါ်ထိုင်လို လူသိများခဲ့ခြင်း မရှိပေ။ သူ ပြင်ပလောကသို့ ထွက်ခွာသည်က ခပ်ရှားရှားပင် ဖြစ်၏။

ယခုတစ်ကြိမ်မှာတော့ အရှေ့ပင်လယ်နှင့် မြေကမ္ဘာနယ်မြေတွင် တစ်ပြိုင်တည်း ပြဿနာများဖြစ်ပျက်ခဲ့သဖြင့် မုန့်ဖုန်း ရုတ်တရက် ထွက်ပေါ်လာခြင်းကို မည်သူမှ သံသယဝင်မည် မဟုတ်ပေ။

သို့သော် နေသူတော်စင်ဂိုဏ်းက အတော်လေး အကြံကြီးသည်။ ဖူအန်းစုနှင့် ထူးကဲယင်မိန်းမပျိုများကို အလစ်ချောင်းတိုက်ခိုက်ခဲ့ပြီးနောက် ဖူအန်းစုသည်ပင် အသက်ဆုံးလုမတတ် ဖြစ်ခဲ့ရသည်။ ဖူအန်းစုက အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်ဖြစ်သော်လည်း သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်ရှိသော မုန့်ဖုန်းကို အနိုင်ယူရန် ခက်ခဲသည်။

သူမက ခေါင်းမာသူတစ်ယောက်ဖြစ်သောကြောင့်သာ မုန့်ဖုန်းကို ဗလာနယ်ပုံပျက်နေသည့်နေရာသို့ မျှားခေါ်ပြီး နှစ်ယောက်လုံးသေတွင်းထဲအတူဆင်းရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သိုင်းသူတော်စင်ပြီးလျှင် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်က မိုးအောက်မြေပြင်တွင် စွမ်းအားအမြင့်မားဆုံးဖြစ်သည်ပင်။ သို့ပေသိ မုန့်ဖုန်းကတော့ ဗလာနယ်ပုံပျက်ခြင်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားများထဲတွင် အသက်ပျောက်သွားခဲ့ရသည်။

သိုင်းဆရာသခင်အဆင့်တွင် အထွတ်ထိပ်ရပ်တည်သော သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဤသို့နှယ် အသက်ပျောက်သွားခဲ့ရခြင်းကို မည်သူမှ ကူနိုင်ကယ်နိုင်မည် မဟုတ်ပေ။

ဖူအန်းစုသည်လည်း ရန်ကျောက်ကဲ ကယ်တင်လိုက်ခြင်းကြောင့်သာ အသက်ရှင်သန်ခွင့်ရခြင်း ဖြစ်၏။

ရန်ကျောက်ကဲက မျက်ခုံးများကို တွန့်ချိုးထားရင်း...

“မုန့်ဖုန်းအပြင် နေသူတော်စင်ဂိုဏ်းက တခြားလူတွေရော ရှိသေးလား ၊ ပြီးတော့ ဂိုဏ်းတူညီမလေး’ဖန်း’ နဲ့ ဂိုဏ်းတူညီမလေး’ယင်’ တို့က ထိုက်ယီချိုးဖျက်အစီအရင်ကြောင့်ဖြစ်ပေါ်လာတဲ့ ဗလာနယ်ပုံပျက်ခြင်းစွမ်းအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ဖူအန်းစုသည်လည်း အလွန်တရာ စိုးရိမ်လျှက် ရှိသည်ပင်။

“ယွင်ရှန်းနဲ့ လျိုဟွားတို့ ဘာဖြစ်သွားမှန်း မသိပေမယ့်... ငါတို့ လူစုကွဲသွားတော့ အဲဒီနေရာနဲ့ အတော်လေး အလှမ်းဝေးသေးတယ် ၊ သူတို့ တခြားနေရာကို အချိန်မီဆုတ်ခွာသွားနိုင်ရင် အန္တရယ်မရှိနိုင်ပါဘူး”

ရန်ကျောက်ကဲ ခဏမျှ တိတ်ဆိတ်နေပြီးမှ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

“နေသူတော်စင်ဂိုဏ်းက သူတို့နှစ်ယောက်ကို ပစ်မှတ်ထားနေတာပဲ...”

ဖူအန်းစုက ခေါင်းညိတ်ရင်း...

“အမှန်ပဲ... ငါလည်း အဲဒီလိုတွေးမိလို့ မုန့်ဖုန်းကို သေတဲ့အထိ တိုက်ခိုက်ခဲ့တာ”

ရန်ကျောက်ကဲက...

“ဆရာဒေါ်လေး... ဆရာဒေါ်လေးတို့ (၃)ယောက် မုန့်ဖုန်းနဲ့ မတော်တဆတွေ့မိတာလား ၊ လျှို့ဝှက်ထားရဲ့သားနဲ့ နေသူတော်စင်ဂိုဏ်းက ဆရာဒေါ်လေးတို့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်လိုသိသွားတာလဲ”

သူက ဆက်ပြောသည်။

“မဟာနေမင်းတိုင်းတာခြင်းပေတံက ကျွန်တော်တို့လက်ချက်နဲ့ ငရဲကိုးထပ်ကို ရောက်သွားပြီ ၊ ဟွမ်ကွမ်လီကလည်း ထိုက်ယီချိုးဖျက်အစီအရင်ထဲမှာ ပိတ်မိနေတယ် ၊ မုန့်ဖုန်းအနေနဲ့ ဆရာဒေါ်လေးတို့ကို ရှာတွေ့ဖို့ဆိုတာ ဓာတ်သိတစ်ယောက်မဟုတ်ဘဲ မဖြစ်နိုင်ဘူး”

“ထိုက်ယီချိုးဖျက်အစီအရင်ကြောင့် အဲဒီတုန်းက ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျသွားပြီး မိုးမြေတစ်ခုလုံး ကမောက်ကမ ဖြစ်နေတာ ၊ အချင်းချင်းသိကျွမ်းကြတယ်ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် ရှာတွေ့ဖို့ မလွယ်ဘူး ၊ မတော်တဆ ရှာတွေ့တယ်ပဲထားပါဦး... ၊ သူက ဆရာဒေါ်လေးတို့ကို တစ်ခါမှ မတွေ့ဖူးဘဲနဲ့ ဘယ်လိုလုပ် သေသေချာချာ သိမှာတဲ့လဲ”

ရန်ကျောက်ကဲက ဖူအန်းစုကိုကြည့်ရင်း...

“တကယ်ဆိုရင် ကျွန်တော်တို့ဂိုဏ်းက ထူးကဲယင်မိန်းမပျိုနှစ်ယောက် အရှေ့ပင်လယ်ကိုရောက်နေတယ်ဆိုတာ နေသူတော်စင်ဂိုဏ်းက မသိနိုင်ဘူး ၊ ပြီးတော့... ဂိုဏ်းတူညီမလေး’ယင်’ ဆိုရင် ကျွန်တော်တို့ လျှို့ဝှက်ထားကြတာ မဟုတ်လား ၊ သူရှိမှန်းတောင် ဘယ်သူမှ မသိကြဘူး ၊ ဒါမှမဟုတ်... သူတို့ ဂိုဏ်းတူညီမလေး’ဖန်း’ ကို တွေ့သွားလို့များ မှတ်မိသွားကြတာလား”

ဖူအန်းစုက သက်ပြင်းချရင်း...

“လျိုဟွားက နေသူတော်စင်ဂိုဏ်းကလူတစ်ယောက်နဲ့ အမှတ်မထင် တွေ့လိုက်မိတယ် ၊ အကြောင်းတစ်ခုခုကြောင့် သူ့ကို ထူးကဲယင်မိန်းမပျိုဖြစ်တယ်ဆိုတာ ရန်သူဘက်က ရိပ်မိသွားတာ ဖြစ်နိုင်တယ်”

ဖူအန်းစုက ခေါင်းတစ်ချက်ခါယမ်းရင်း...

“နောက်တော့... မီးတောက်မိစ္ဆာတွေနဲ့တိုက်ခိုက်ရင်း အရှေ့ပင်လယ်က မီးပင်လယ်ဖြစ်သွားတော့ ငါတို့တွေ ဆုတ်ခွာလာကြတယ် ၊ အဲဒီမှာ လျိုဟွားက ငါတို့နဲ့ ခဏလူစုကွဲသွားသေးတယ် ၊ အရှေ့ပင်လယ်က တစ်ကိုယ်တောင်သိုင်းကျင့်ကြံသူတစ်ယောက်က သူ့ကို ကယ်တင်ခဲ့ပြီး ငါတို့ဆီ ပြန်ပို့ပေးခဲတာ”

“ငါက အခြေအနေတွေကို လျှို့ဝှက်ထားချင်တာကြောင့် အဲဒီ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူကို ခဏခေါ်ထားမလို့ပဲ ၊ ဒါပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက ရုန်းရင်းဆန်ခတ်တွေဖြစ်နေတော့... မီးတောက်မိစ္ဆာတွေနဲ့ တိုက်ရင်းခိုက်ရင်း အဲဒီလူလည်း ဘယ်ကိုထွက်ပြေးသွားမှန်း မသိလိုက်ဘူး”

“အဲဒီလူထွက်ပြေးသွားပြီး မကြာခင်မှာပဲ နေသူတော်စင်ဂိုဏ်းကလူတွေ ရောက်လာတာပဲ ၊ တိုက်ကြခိုက်ကြရင်းနဲ့ ငါလည်း တပည့်နှစ်ယောက်နဲ့ လူစုကွဲသွားတာ”

ဖူအန်းစု၏ မျက်ဝန်းများက စူးရှအေးစက်နေသည်။

“အခု ပြန်စဉ်းစားကြည့်တော့ အဲဒီ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူက ပြဿနာရှာတာ ဖြစ်ရမယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော်တို့ ဝါဒတောင်က လောကပထမထိပ်သီးသိုင်းဂိုဏ်းကြီးနေရာကို တဖြည်းဖြည်း ပြန်လည်ရယူလာခဲ့တဲ့နောက်... မကြာခင်နှစ်ပိုင်းမှာပဲ အင်အားလည်း ကြီးမားလာခဲ့တယ် ၊ တော်ရုံနဲ့ ကျွန်တော်တို့ကို လှည့်စားလို့မရနိုင်ဘူး ၊ ကြည့်ရတာ အဲဒီ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူက နေသူတော်စင်ဂိုဏ်းက သူလျှို ဖြစ်နိုင်တယ်”

သူက ဆက်ပြောသည်။

“ဂိုဏ်းတူညီမလေး’ယင်’ က အတွေ့အကြုံနည်းလွန်းတယ်လေ ၊ သူ့ကို အပြစ်တင်လို့တော့ မရနိုင်ဘူး”

ဖူအန်းစုက သုန်သုန်မှုံမှုံဖြင့်...

“ယွင်ရှန်းနဲ့ လျိုဟွားတို့ကို သူတို့က မနာလိုဖြစ်နေတာ ၊ မုန့်ဖုန်းအပြင် တခြားနေသူတော်စင်စင်ဂိုဏ်းသားတွေ အနီးပတ်ဝန်းကျင်မှာရှိနေမှာ ငါ စိတ်ပူမိတယ်”

ရန်ကျောက်ကဲသည်လည်း စိုးရိမ်ပူပန်စွာဖြင့် မျက်လုံးများ မှေးမှိတ်လိုက်စဉ် ဖန်းယွင်ရှန်း၏ တောက်ပကြည်လင်သော အပြုံးမျက်နှာလေးက သူ့စိတ်အာရုံထဲ ပြန်လည်မြင်ယောင်လာမိလေသည်။

All Chapters