← Chapters

အကျိုးကြီးကြီးမားမား ဆောင်ပေးခြင်း

Vol. 020 Ch. 975

အကျိုးကြီးကြီးမားမား ဆောင်ပေးခြင်း

Vol. 020 Ch. 975

ရပ်တန့်ခြင်း ဟူသော စကားသံ ထွက်ပေါ်လာသည်နှင့် ဝမ်လင်း၏ကိုယ်ထဲရှိ မူလစွမ်းအင်များသည် သူ့လက်ချောင်းထိပ်ထဲသို့ ရွှေ့လျားလာကာ လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။ သည်တစ်ကြိမ်၌ သူက ကောင်းကင်ဘုံမူလစွမ်းအင်များကို အသုံးပြုခြင်း မရှိိဘဲ သူ့ကိုယ်ပိုင်မူလစွမ်းအင်ကိုသာ အသုံးပြု၏။

ချက်ခြင်းပင် မရေမတွက်နိုင်သောလိုင်းများသည် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ဂျီရှန်းထျန်ပတ်လည်၌ ဝန်းရံသွားသည်။အခုချိန်၌ ဂျီရှန်းထျန်သည် သူ့ဘဝတစ်လျှောက်တွင် အားအနည်းဆုံး အခြေအနေ ဖြစ်နေ၏။ အပြာရောင်အလင်းလွှာ ဆယ့်သုံးခု ပျက်စီးသွားပြီးနောက် သူက နေရာတစ်ခု ရှာကာ ပြန်ကောင်းမွန်အောင် လုပ်ဖို့ သည်နေရာကနေ တက်နိုင်သမျှ ထွက်သွားနိုင်ဖို့ လို၏။ မဟုတ်ပါက သူသည် သံသယမရှိ သေဆုံးသွားရနိုင်သည်။

သူက ပြတ်သားသည့်သူတစ်ယောက် ဖြစ်၏။ အပြာရောင်အလင်းလွှာလေးခုကို ပေါက်ကြွစေပြီး သူ့လွတ်လမ်းအတွက် လမ်းကြောင်းတစ်ခုကို တုံ့ဆိုင်းခြင်း မရှိပြုလုပ်ခဲ့သည်။ သူက အရှင်မီးတောက်သည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကို ချိုးဖျက်သွားသည့်အကြောင်းကိုလည်း ကျုံးရွှမ်ဇီကို တင်ပြရပေဦးမည်။

“အရှင်မီးတောက်ရဲ့ ကျင့်ကြံမှုအဆင့်က တတိယအဆင့်ကို မရောက်သေးပေမဲ့ သူက နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတွေထက် အများကြီး ပိုသန်မာနေပြီ။ သူက ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ…”

ဂျီရှန်းထျန်က အက်ကွဲကြောင်းထဲသို့ ခြေလှမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် သူသည် မမြင်ရသော အမျှင်တန်းများက သူ့အား ပတ်ခြုံလွှမ်းလာသည်ကို ခံစားလိုက်ရ၏။ သူ့ညာခြေထောက်သည် အက်ကွဲကြောင်းထဲသို့ လှမ်းလိုက်သည့်အခိုက်၌ သူ့အရှိန်သည် ခဏတာ တုံ့ဆိုင်းသွားရလေသည်။

ချည်နှောင်ခြင်းအားက ပုံမှန်ဆို သူ့အတွက် စိုးရိမ်စရာ မလိုပေ။ သူသည် အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ၎င်းချီနှောင်ခြင်းအား အမျှင်တန်းများကို ဖျက်စီးပစ်နိုင်၏။ ထိုမန္တာန်အသုံးပြုသူ၏ မူလစိတ်ဝိညာဉ်ကိုပင် တစစီ ဖြစ်သွားအောင် လုပ်ပစ်နိုင်သည်။

သို့သော် အခုချိန်မှာ သေရေးရှင်ရေး ဖြစ်နေ၏။ သူက အနည်းငယ်နှေးသွားပါက ရလဒ်သည် စိတ်ကူး၍ပင် ရတော့မည် မဟုတ်ပေ။

ဂျီရှန်ထျန်း၏အသွင်က ကြီးစွာပြောင်းလဲသွား၏။အရှင်မီးတောက်သည် ခဏတာ မင်သက်သွားသော်လည်း သူ့မျက်လုံးထဲ၌ ဝမ်းမြောက်မှု ပြည့်နှက်သွားသည်။သူက ချက်ခြင်း ခြေလှမ်းကာ ဂျီရှန်ထျန်း၏ အနားသို့ ရောက်ရှိသွားချေ၏။သူ့ညာလက်က ဂျီရှန်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချေသည်။ထိုအားသည် ဂျီရှန်ထျန်းကို အက်ကြောင်းထဲကနေ အတင်း ပြန်ထွက်လာစေ၏။ ဂျီရှန်ထျန်းအက်ကြောင်းထဲမှ ပြန်ကန်ထွက်စဉ်မှပင် လမြွေနဂါးသည် ရုတ်တရက် ရောက်ရှိလာကာ သူ့အား ကြမ်းတမ်းစွာ ဝါးမြိုသွားချေသည်။

ထိုအရာများအားလုံးသည် မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဂျီရှန်တန် အက်ကြောင်းအပြင် ရောက်သည်နှင့် လမြွေနဂါး ရောက်ရှိလာခြင်း ဖြစ်၏။ ဂျီရှန်ထျန်းက ဒေါသတကြီး အော်ဟစ်ရင်း လမြွေနဂါး၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။

ရပ်တန့်ခြင်း မန္တာန် ဂျီရှန်ထျန်းပေါ်သို့ ကျရောက်သွားသည့်အခိုက် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်ကာ သွေးများစွာ အန်ထုတ်ရ၏။ သူက ပြင်းထန်သောအားတစ်ခုနှင့် ဝင်စောင့်ခြင်း ခံရသည့်အလား နောက်သို့ လွင့်စင်သွားသည်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ပင် ပျက်စီးလုနီးပါး ဖြစ်သွားရသည်။ သူနှင်ဂျီရှန်ထျန်းတို့ကြားရှိ ကျင့်ကြံမှုအဆင့် ကွာခြားမှုမှာ ကြီးမားလှသည် မဟုတ်လော။ သည်အခိုက်၌ ဝမ်လင်း၏ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာပြီး သွေးမြူများ ပန်းထွက်၏။

ဝမ်လင်းက နောက်ဆုတ်ရင်း အကြောက်အကန် အော်ပြောလိုက်၏။ “စီနီယာအရှင်မီးတောက်…ဂျူနီယာ အကောင်းဆုံး လုပ်ပေးခဲ့ပြီ…” သူသည် ထိုအရာကို လူတိုင်းရှေ့၌ ပြုလုပ်ပေးရခြင်းသည် အကြောင်းရှိ၏။ ထိုသို့ အကျိုးဆောင်ပေးခြင်းဖြင့် အရှင်မီးတောက်သည် သူ့အပေါ် အကြွေးတင်သွားပေပြီ။

တချိန်တည်းမှာလည်း သူ့အတွက် အလုံးစုံကောင်းကင်၏ အပြည့်အဝ အကာအကွယ်ရရှိဖို့အတွက် အကြောင်းပြချက်ကြီး တစ်ခု ဖြစ်နေ၏။

ထိုအောင်မြင်မှုဖြင့် ဘယ်နေရာ၊ဘယ်အချိန်ဖြစ်ဖြစ် ဝမ်လင်းသည် ကြယ်နှစ်ခုကြားစစ်ပွဲ၌ မြင့်မားသောအဆင့်တန်း ရှိသည့် သူရဲကောင်းတစ်ယောက် ဖြစ်လာပေမည်။

ဝမ်လင်း ခက်ခဲသည့်အခြေအနေသို့ စိုက်ရောက်ပါက အလုံးစုံကောင်းကင်သည် သူ့ကို မကူညီပေးလျှင် အလုံးစုံကောင်းကင်ဘက်ခြမ်းသို့ အဆိုးသက်ရောက်မှုသာ ဖြစ်စေပေလိမ့်မည်။ ထိုသို့သာ ဖြစ်ပါက မည်သူသည် သည်တိုက်ပွဲများအတွင်း၌ သူတို့၏ အကောင်းဆုံးစွမ်းရည်ကို ထုတ်ဖော်ပါတော့မည်နည်း။

ဝမ်လင်းသည် ဤအရာများအားလုံးကို တွက်ချက်ထားခဲ့၏။ သူ့ကျင့်ကြံမှုအဆင့်နှင့် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်တို့ကို ပေါင်းစည်းထားသဖြင့် အခြားတဘက်သည် သူ့အမြင့်ဆုံးအခြေအနေတိုင်း ရှိနေပါက တန်ပြန်ကန်အားကြောင့် သူသည် သေဆုံးကောင်း သေဆုံးသွားနိုင်သည်။ သို့သော် အခုချိန်၌ ဂျီရှန်ထျန်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကာ ထွက်ပြေးနေချိန် မဟုတ်လား။ သူ့ မန္တာန်မအောင်ခဲ့လျှင်ပင် ဝမ်လင်းအဖို့ ဂျီရှန်ထျန်း၏တန်ပြန်အားကြောင့် မသေဆုံးနိုင်တော့ပေ။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ကိုယ်သူအတွက် အနာဂတ်မှာ လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်စေခြင်း ဖြစ်လေ၏။

အမှန်တော့ ဝမ်လင်း၏ခန့်မှန့်မှုများက အလွန်တိကျ၏။ သူ့တွင် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သာ မရှိပါက သူသည် သေဆုံးရမည်။ သို့သော် အခုချိန်တွင်မူ သူသည် ဒဏ်ရာရခဲ့ရုံသာ ရှိ၏။

အရှင်မီးတောက်က ရယ်မောရင်း သူ့ခန္ဓာကိုယ်သည် ဖျပ်ခနဲ ဝမ်လင်းနားသို့ ရောက်သွား၏။ သူ ရောက်ရှိလာချိန်၌ ဝမ်လင်းသည် နောက်သို့ လွင့်စင်နေဆဲ ဖြစ်သည်။ အရှင်မီးတောက်၏ လက်ဝါးက ဝမ်လင်း၏ နောက်ကျောပေါ်သို့ ကျရောက်လာ၏။

အရှင်မီးတောက်၏ ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာသည့် အံ့မခန်းမူလစွမ်းအင်များသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ ထိုအဖြစ်က ဝမ်လင်း၏မူလစွမ်းအင်များကို တည်ငြိမ်စေပြီး သူ့ဒဏ်ရာများကို ဖယ်ရှားပစ်သည်။

ထို့အပြင် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် မူလစွမ်းအင်များကို အရှင်မီးတောက်က ဖြတ်တောက်ပစ်သည့်အတွက် ထိုစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲ၌ ကျန်ရစ်နေတော့သည်။

ချက်ခြင်းပင် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ မူလစွမ်းအင်များစွာ ပေါက်ကွဲထွက်နေသည်ဟု ခံစားမိ၏။ သူ့မူလစိတ်ဝိညာဉ် မျက်လုံးဖွင့်ကာ ထိုမူလစွမ်းအင်များကို အရူးအမူး စုပ်ယူသည်။သူက ကိုယ်ပိုင်ခွန်အားပင် ခုန်တက်လာသည်ဟု ခံစားမိ၏။ သူ့ကျင့်ကြံမှုအဆင့်သည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။ သူက နိဗ္ဗာနကြိုမြင်ခြင်းအလယ်ပိုင်းအဆင့်သို့ ရောက်ရှိဖို့ ထိုအဆင့်နှင့် ကိုက်ညီမည့် သူ့နယ်ပယ်ကို နားလည်ဖို့သာ လိုတော့၏။

သည်တစ်ကြိမ်၌ အရှင်မီးတောက်က လျှိုမထားခဲ့ပေ။ သူက ဝမ်လင်းကို အံ့မခန်းကံကောင်းမှုတစ်ခု တကယ်ပေးခဲ့လေ၏။

ဒုတိယအဆင့်ရှိ ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံမှုအဆင့် တိုးတက်ရန် ခက်ခဲလွန်းလှ၏။ သူတို့၏ နယ်ပယ်များကို နားလည်ခြင်းအပြင် သူတို့သည် မူလစွမ်းအင်များကိုလည်း စုပ်ယူနိုင်ရမည်။ ထိုသို့ စုပ်ယူနိုင်ဖို့က နှစ်ပေါင်းမြောက်များစွာ ကြာလွန်းလှသည်။

အရှင်မီးတောက်က သူ့လက်ကို ပြန်ရုတ်သိမ်း၏။သူက ဝမ်လင်းကို ကြည့်၍ ရယ်မောကာ ပြောသည်။ “ကောင်းတယ်…ကောင်းတယ်…သိပ်ကောင်းတယ်…”

“ရှုမူ…မင်းက တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုတစ်ခု ရရှိစေလိုက်တာပဲ။ ဂျီရှန်ထျန်းက မဟာမိတ်ရဲ့ သူတော်စင်လေးပါးထဲက တစ်ယောက်။ အတိတ်တုန်းက မဟာမိတ်အဖွဲ့အစည်းမှာ သူ့အဆင့်က အဆင့်ကိုး ရှိတယ်။မင်းက တကယ့်ကို ရလဒ်ကောင်း ဖြစ်စေခဲ့တာပဲ။ အလုံးစုံကောင်းကင်နဲ့ငါက ဒါကို မှတ်ထားပေးမှာပါ…”

အရှင်မီးတောက်သည် ဝမ်းမြောက်စွာ ရယ်မောနေ၏။ သည် ဂျီရှန်ထျန်းက အတိတ်တုန်းက သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သည့် သူများထဲမှ တစ်ယောက် ဖြစ်ခဲ့သည် မဟုတ်လား။

ထိုရုတ်တရက် ပြောင်းလဲသွားသည့် မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ထူး ဆန်းသည် ဟန်ပန် ဖြစ်သွားစေ၏။ အထူးသဖြင့် လီယွမ်ဇီနှင် ရှန်ကုန်းမိသားစုဘိုးဘေးတို့၏ ဝမ်လင်းအပေါ် အကြည့်သည် အခုချိန်၌ ခြားနားသွားခဲ့လေပြီ။

လီယွမ်ဇီ၏မျက်လုံးထဲ၌ အသိအမှတ်ပြုမှုတို့ ဖြစ်ပေါ်နေ၏။သူက ဝမ်လင်းကို ခေါင်းညိတ်ပြသည်။

ရှန်ကုန်းမိသားစုဘိုးဘေးက အမြဲတမ်း အေးစက်စက် ရှိနေ၏။သို့သော် ခုချိန်၌ သူသည် ဝမ်လင်းကို ကြည့်ကာ ပြုံးလာ၏။

အခြားကျင့်ကြံသူများဖြစ်ကြသည့် အနက်ရောင်ဝတ်စုံ အဘိုးအိုနှင့် လူငယ်တို့ထံ၌ ရှုပ်ထွေးသော အကြည့်တို့ ဖြစ်ပေါ်နေ၏။ မည်သို့ပင် ဖြစ်စေ သူတို့သည် သူတို့၏ အရှုံးကို ဝန်ခံကြသည်။ သူတို့သာ ဖြစ်ပါက ဂျီရှန်ထျန်းကို ဝမ်လင်းကဲ့သို့ လုပ်ဆောင်ဝံ့လိမ့်မည် မဟုတ်ပေ။

တော်ဝင်ဝတ်စုံနှင့် အမျိုးသမီးသည် ဝမ်လင်းကို ကြည့်၏။ သူမ၏ အကြည့်ထဲ၌ စိတ်ဝင်စားမှု အရိပ်အမြွက် ပါဝင်သည်။ သူမက လှပပြီး ဖြစ်သည်။အခု သူမ၏ ကြင်နာသည့်အကြည့်ကို ထုတ်ဖော်သည့်အခါ အလွန် ဆွဲဆောင်မှု ရှိနေတော့သည်။

“ရှုမူ…ဒီစစ်ပွဲပြီးရင် ဒီအဘိုးအိုက မင်းရဲ့ မိုးကြိုးသားရဲကို ပြန်ပေးရုံတင် မဟုတ်ဘူး။ အကာအကွယ်ရတနာတစ်ခုကိုလည်း လက်ဆောင်ပေးမယ်။ ဒီရတနာနဲ့ဆိုရင် မဟာမိတ်အဖွဲ့အစည်းရဲ့ လက်ရွေးစင် လူအနည်းငယ်ကလွဲလို့ ဘယ်သူကမှ မင်းအသက်ကို ချိန်းခြောက်နိုင်မှာ မဟုတ်တော့ဘူး…”

အရှင်မီးတောက်က ပြုံး၏။သူက မိစ္ဆာနက်သူတော်စင်နှင့် တိမ်နဂါးနတ်ဆိုးသူတော်စင်တို့ထံသို့ ဦးတည်သွားတော့သည်။

တည်ငြိမ်သည့်ဟန်ပန်ဖြင့် ဝမ်လင်းက သူ့မူလစွမ်းအင်များကို အသက်သွင်းသည်။သူသည် သူ့ကိုယ်ပိုင်ခွန်အား ချက်ခြင်း ပြန်ပြည့်နေသည်ကို ခံစားမိ၏။ သူက အသက်ဝဝရှုသွင်းလိုက်၏။ ခုချိ၌ သူက မှန်ကန်သော ရွှေ့ကွက်တစ်ခုကို လောင်းကြေးထပ်နိုင်ခဲ့သည်။

သစ်သားပိုင်းကြီးသည် မြောက်ပိုင်းနယ်မြေ တိုက်ပွဲကွင်းပြင်ထံသို့ ဦးတည်လာနေဆဲပင်။မဟာမိတ်မှ ကျင့်ကြံသူများသည် နောက်သို့ လွင့်စင်ထွက်နေ၏။ ဂျီရှန်ထျန်း လမြွေနဂါးကြီး၏ ဝါးမြိုခံလိုက်ရသည့်အခါ မဟာမိတ်မှ ကျင့်ကြံသူအားလုံးသည် တုန်လှုပ်သွားကြ၏။ သူတို့၏ တိုက်ပွဲဝင်စိတ်ဆန္ဒသည်လည်း များစွာ လျော့ပါးသွားသည်။

လမြွေနဂါးကြီးက အရူးအမူး ဟိန်းသံပြုနေသည်။၎င်း၏ လက်တံများက သည်ဧရိယာအနှံ့သို့ ရိုက်ခတ်နေ၏။ ထိုလက်တံများနှင့် ထိမိသည့် မည်သည့်ကျင့်ကြံသူမဆို အထိတ်တလန့် အော်ဟစ်ကာ သွေ့ခြောက်သည့်အထိ စုပ်ယူခြင်း ခံရလေ၏။

လမြွေနဂါးက သန်မာလွန်းလှချေသည်။

မိစ္ဆာနက်သူတော်စင်နှင့် တိမ်နဂါးနတ်ဆိုး သူတော်စင်တို့သည် နောက်ဆုတ်နေကြ၏။ သူတို့စိတ်သည်လည်း တုန်လှုပ်နေ၏။ သူတို့က ဆက်၍ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ထွက်ခွာသွားလိုသည်။

သို့သော် သစ်သားပိုင်းကြီး၏ ဖိနှိပ်မှုအားထက် မလျော့နည်းသည် ဖိနှိပ်မှုအားတစ်ခုသည် မြောက်ပိုင်းနယ်မြေ၏ အကွာအဝေးတစ်ခုကနေ ရုတ်တရက် ချဉ်းကပ်လာ၏။

မရေမတွက်နိုင်သော မျှော်စင်များ။ မျှော်စင်တစ်ခုချင်းစီသည် ပေသောင်းချီ မြင့်မား၏။ ၎င်းတို့၏ ပေါ်၌ ကျင့်ကြံသူ ရာချီ ရှိကြသည်။ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အနီးနားရှိ ဟင်းလင်းပြင်ကို ဆုတ်ပြဲသွားစေဖို့ လုံလောက်သည်။

ထိုမျှော်စင်ပေါင်း တစ်ရာကျော်သည် စူးရှရှ တဝီဝီအသံများ ထုတ်လွှတ်ရင်း တရကြမ်း တိုးဝင်လာနေသည်။

ပြင်းထန်သော ဖိအားတစ်ခုက ရုတ်တရက် အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာသည်။ မျှော်စင်တစ်ရာကျော်အပြင် ဧရာမကျင့်ကြံခြင်းဂြိုဟ်လေးလုံးလည်း ရှိနေသေး၏။အမှန်တော့ ထိုဂြိုဟ်ကြီးများမှာ ပေသောင်းချီမြင့်မားသည် ဘီလူးကြီးလေးယောက် ဖြစ်ကာ ကျင့်ကြံခြင်းဂြိုဟ်များကို သယ်ဆောင်လာခြင်း ဖြစ်လေ၏။

ထိုဘီလူးကြီးများ၏ နှဖူးများထက်၌ ပုဆိန်အမှတ်အသားတစ်ခု ရှိ၏။ထိုသူတို့မှာ ဘီလူးနတ်ဆိုးကလန်ဝင်များ ဖြစ်ကြလေသည်။

ထိုဘီလူးနတ်ဆိုးကလန်ဝင် လေးယောက် သယ်ဆောင်လာသည့် ကျင့်ကြံခြင်းဂြိုဟ်များ၏ အထက်၌ လူလေးယောက် ရှိနေသည်။သူတို့ထဲမှ သုံးယောက်က အဘိုးအိုများ ဖြစ်ကြကာ သူတို့ထံမှ ကောင်းကင်ဘုံသား အငွေ့အသက်ကို ပေးစွမ်းနေ၏။

နောက်ဆုံးတစ်ယောက်မှာ အမျိုးသမီး ဖြစ်၏။ သူမက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူမ၏ ဆံနွယ်များက ပုခုံးထက်၌ ဝဲကျနေသည်။သူမက အရိုးတံရှစ်ခုရှိသည့် ကြာပွင့်တစ်ခုကို ကိုင်ဆိုင်ထားသည်။သူမ၏ ဖီးနစ်မျက်ဝန်းထဲ၌ သတ်ဖြတ်ခြင်းဆန္ဒပြည့်နေသည်။သူမက ရှေ့တည်တည့်သို့ ကြည့်နေ၏။

မဟာမိတ်မှ ကျင့်ကြံသူများ၏ ပုံပန်းသွင်ပြင်များသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သွားသည်။မဟာမိတ်ကျင့်ကြံသူများသည် အံ့အားသင့်သွားကြပြီး သူတို့က နောက်ဆုတ်နေရင်း ပျော်ရွှင်သွားကြ၏။

အလုံးစုံကောင်းကင်ဘက်မှ သွေးနတ်ဘုရားနှင့် ဘိုးဘေးသုံးယောက်သည် အေးစက်စွာ လှမ်းကြည့်နေ၏။

အရှင်မီးတောက်က ရှေ့လှမ်းထွက်ကာ သူ့ညာလက်ကို ဝေ့ယမ်း၍ မီးတောက်ပင်လယ်တစ်ခုကို ရှေ့တည့်တည့်သို့ ပျံသန်းသွားစေသည်။ တချိန်တည်းမှာပင် လမြွေနဂါးက မာန်ဖီ၍ ၎င်း၏ လက်တံများသည် ချဲ့ကားလာ၏။

သစ်သားပိုင်းကြီး ပတ်လည်ရှိ ကျင့်ကြံသူ သောင်းချီသည် ချက်ခြင်း ရှေ့သို့ ထိုးတက်ကာ သူတို့၏ လက်နက်ရတနာများကို အသုံးပြုကြသည်။မဟာစစ်ပွဲကြီးမှာ အရှိန်မြင့်လာလေ၏။

သည်အခိုက်အတန့်၌ အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးက တည်ငြိမ်စွာ ဆိုသည်။

“စီနီယာ…ဝူဒိုချန်ကို နှုတ်ဆက်ပါတယ်…”

သူမက ထိုသို့ ပြောလိုက်သည့်နောက် အကွာအဝေးတစ်ခုမှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင်တိမ်တိုက်တစ်ခုသည်လည်း ထိုနေရာကနေ တဟုန်ထိုး တိုးဝင်လာသည်။

ထိုတိမ်တိုက်ပေါ်၌ လူတစ်ယောက် ရပ်နေ၏။ထိုသူမှာ သက်လတ်ပိုင်းအရွယ်ရှိ၍ လေးထောင့်စပ်မျက်နှာနှင့် ဖြစ်သည်။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ခွန်အားကို ဖော်ကျူးနေသည်။သည်အခိုက်၌ သူ့ပတ်လည်ရှိ အနက်ရောင်တိမ်ထုသည် တဝီဝီ လှည့်လာရင်း မိုးကြိုးတုန်ဟီးသံသည် မြည်ဟိန်းလေ၏။

“အရှင်မီးတောက်…ငါ သင့်နာမည်ကို သိတာ ကြာခဲ့ပြီ။ ဒီနေ့ သင်က ငါ ဝူဒိုချန်နဲ့ တိုက်ခိုက်ဝံ့ပါရဲလား…” သက်လတ်ပိုင်းလူ၏ စကားသည် အလွန်မောက်မာလွန်း၏။ သူက ထိုသို့ ပြောလိုက်ရင်း သူ့ခြေထောက်အောက်ရှိ အနက်ရောင်မြူထုသည် အရှင်မီးတောက်ထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

အရှင်မီးတောက်သည် သည်ဝူဒိုချန်နှင့်ပတ်သတ်၍ မသိပေ။ထိုလူမှာ သူ ထွက်သွားပြီးမှ မဟာမိတ်အဖွဲ့အစည်းသို့ ရောက်လာခဲ့သူ ဖြစ်ရမည်။ သို့သော် အရှင်မီးတောက်က ထိုသူ့ကို လျှော့တွက်ခြင်း မရှိပေ။ ထိုလူ့ထံမျ ပေးစွမ်းနေသော အော်ရာက သူ့ကို အတော်လေး အလေးအနက် ဖြစ်စေ၏။

“သင်က တိုက်ခိုက်ချင်မှတော့ တိုက်ကြတာပေါ့…” အရှင်မီးတောက်၏အသံက အေးစက်၏။ သူက ရှေ့သို့ ခြေလှမ်းကာ အနက်ရောင်မြူထုထဲသို့ တိုးဝင်သွားသည်။ထိုအနက်ရောင်မြူထုက ရုတ်တရက် မြင့်တက်လာပြီး ပြင်းထန်စွာ လှည့်လည်၏။ မီးမန္တာန်များ၏ ပေါက်ကွဲမှုများသည် ထိုးထွက်လာရင်း ပေါက်ကွဲမှုများကို ဖန်တီး၏။

“ဒီလမြွေနဂါးကို ချိပ်ပိတ်ပစ်…” အပြာရောင်ဝတ်စုံနှင့်အမျိုးသမီးက တည်ငြိမ်စွာ ဆို၏။ မျှော်စင်တစ်ရာကျော်သည် ချက်ခြင်း ထိုးထွက်သွားကာ တဝီဝီအသံများ ဖန်တီး၏။၎င်းတို့၏ အမြန်နှုန်းက အရင်ထက် အဆ တစ်ရာ ပိုလာသည်။

ယင်းမျှော်စင်များက လမြွေနဂါးထံသို့ ဓားများကဲ့သို့ တိုက်ရိုက် တိုးဝင်သွားကြသည်။

ဝမ်လင်းက ဆိုးရွာမှုများ ဖြစ်လာမည်ကို သဘောပေါက်နေ၏။ ကြည့်ရသည်မှာ အလုံးစုံကောင်းကင်ဘက်မှ အားနည်းသွားသည့်ပုံပင်။ သူက သစ်သားပိုင်းကြီးပေါ်၌‌ နောက်သို့ တိတ်တဆိတ် ဆုတ်၏။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်သို့ ကြမ်းကြုတ်သည့်အကြည့် တစ်ခု ကျရောက်လာသည်ဟု ချက်ခြင်း ခံစားမိလိုက်သည်။

ထိုရှုပ်ထွေးသောအကြည့်နှင့် ဝမ်လင်းအပေါ်သို့ ကြည့်လိုက်သူက အပြာရောင်ဝတ်စုံနှင့်အမျိုးသမီး ဖြစ်နေလေ၏။

***

All Chapters