အခန်း (၂၀၉-၂၁၀)
Vol. 21 Ch. 209-210
Chapter 209
~
အခန်း ၂၀၉ : သင်ကြားခြင်း ...
~
" ကျ.. ကျွန်တော်လား .. "
မာဟွာက သူ့ကိုယ်သူ မယုံနိုင်ဟန်နှင့် လက်ညိုးထိုးရင်း မျက်လုံးပြူးသွား၏ ။
တာဝန်ခံဝမ်က ယန်ကျီဝမ်ကို ကြည့်လိုက်သည် ။ ယန်ကျီဝမ်က ခေါင်းညိတ်ပြပြီး..
" ဟုတ်တယ်.. မင်းပဲ .. "
" ဆရာ..ကျွန်တော်.. ကျွန်တော် မလုပ်နိုင်ပါဘူး .. "
မာဟွာက အသည်းအသန် လက်ကာပြလိုက်သည် ။ သူ့ကို ခေါင်းဆောင်စားဖိုမှူး လုပ်ခိုင်းခြင်းက ဟာသပင် ။
အိမ်ချက်ဟင်း အနည်းငယ်ကို သူ ချက်နိုင်သော်လည်း ဒယ်အိုးကြီးနှင့် လူအများစာ ချက်ရမည်ဆိုလျှင်တော့ လုံးဝ မဖြစ်နိုင်ချေ ။
ဒယ်အိုးကြီးနှင့် ဟင်းချက်ရခြင်းက အိမ်ချက်ဟင်းများနှင့် မတူ ။ သေချာ မချက်နိုင်လျှင် စား၍ရမည် မဟုတ်ပေ ။
နှစ်ပေါင်းများစွာ စားဖိုမှူး လုပ်လာခဲ့သော ဆရာကျောက် ချက်သည့် အိုးကြီးဟင်းများကိုပင် ရဲဘော် အလုပ်သမားများက မကြိုက်ကြသည် မဟုတ်ပါလော ။
" မင်းက ဘာတွေ ပြာယာခတ်နေတာလဲ .. "
ယန်ကျီဝမ်က ရှေ့တိုးလာပြီး သူ့ပုခုံးကို ပုတ်ကာ..
" ဒယ်အိုးကြီးနဲ့ ဟင်းချက်ရုံလေးပါပဲ.. ငါကိုယ်တိုင်သင်ပေးမှာ အေးဆေးပေါ့ .. "
ထို့နောက် သူက တာဝန်ခံဝမ် ဘက်သို့ လှည့်ကာ..
" အကိုဝမ်.. ကန်တင်းကို သွားကြရအောင် .. "
ထိုသို့ ပြောပြီးနောက် သူက ရှေ့မှ ထွက်သွားတော့သည် ။
" တာဝန်ခံဝမ်.. ကျွန်တော်.. "
မာဟွာက ယန်ကျီဝမ်၏ အစီအစဉ်ကို ပယ်ဖျက်ပေးမည်ဟု မျှော်လင့်ချက်ဖြင့် တာဝန်ခံဝမ်ကို စိုးရိမ်တကြီး ကြည့်လိုက်သည် ။
သို့သော် တာဝန်ခံဝမ်တွင်လည်း ပိုကောင်းသော အကြံအစည် မရှိ ။ ယန်ကျီဝမ်က မာဟွာ လုပ်နိုင်သည်ဟု ပြောနေ၍ သူ ယုံကြည်ရန်သာ ရှိတော့သည် ။ မည်သို့ပင် ဆိုစေကာမူ မတတ်သာသည့်အဆုံး စွန့်စားရသည့် အခြေအနေမျိုးပင် ဖြစ်ချေသည် ။
သူကလည်း မာဟွာ၏ ပုခုံးကို ပုတ်လိုက်ပြီး..
" မာဟွာ.. မင်းဆရာက မင်း လုပ်နိုင်တယ် ပြောနေမှတော့ မင်း သေချာပေါက် လုပ်နိုင်မှာပါ.. ကြိုးစားလိုက်စမ်း.. "
ထို့နောက် တာဂန်ခံဝမ်က ယန်ကျီဝမ်နောက်သို့ လိုက်ထွက်သွားတော့သည် ။
မာဟွာ.. " ... "
........
" ဆရာယန်.. ရောက်လာပြီပဲ .. "
လျှိုလန်က ယန်ကျီဝမ်ကို တက်ကြွစွာဖြင့် ဆီးကြို နှုတ်ဆက်လိုက်သည် ။
ဆရာကျောက်ကလည်း သက်ပြင်းချပြီး..
" ဆရာယန် ရောက်လာတာ တော်သေးတယ် .. "
ပြီးခဲ့သည့် နှစ်ရက်အတွင်း သူ ဖိအားများစွာ ခံစားခဲ့ရသည် ။ သူက အိုးကြီးဟင်းများကို တာဝန်ယူထားရ၍ အဓိက တရားခံ ဖြစ်နေသည် ။
ရိုးရိုးသားသား ပြောရလျှင် သူ၏ ဟင်းချက်စွမ်းရည်က ရှာကျူးလောက် မကောင်းကြောင်း သူ ဝန်ခံပေသည် ။
ယန်ကျီဝမ်က ခေါင်းအသာ ညိတ်လိုက်ပြီး လက်ခုပ်တီးကာ..
" ဖြောင်းဖြောင်း ..ကဲကဲ ငြိမ်မနေကြနဲ့တော့.. ထမင်းစားချိန် နီးနေပြီဆိုတော့ အားလုံး အလုပ်စလုပ်ကြတော့ .. "
သူက လျှိုလန်ကို ကြည့်၍..
" ဒီနေ့ ဘာဟင်းတွေ ချက်ဖို့ စီစဉ်ထားလဲ.. ဟင်းသီးဟင်းရွက်တွေရော ဆေးပြီးပြီလား .. "
လျှိုလန်က ခေါင်းညိတ်ပြီး ...
" ဒီနေ့ ဝက်သားနဲ့ ကြာဆံချက်ရယ်.. ဂေါ်ဖီထုပ်ကြော်ရယ် ချက်မှာပါ.. ပါဝင်ပစ္စည်းတွေ အားလုံး အဆင်သင့်ဖြစ်နေပါပြီ .. "
" ကောင်းပြီ.. မာဟွာ.. မင်း ဝက်သားလှီးလိုက်.. သေးသေးလေးတွေ လှီးနော် .. "
" ဟုတ်ကဲ့ပါ ဆရာ .. "
" ဆရာကျောက်.. ခင်ဗျားလည်း လာကူပေးဦး .. "
" ဗျာ.. ဆရာယန်.. ကျွန်တော်.. ကျွန်တော် ကူပေးလို့ ရလို့လား .. "
ဆရာကျောက်က သူ့နားကိုပင် မယုံနိုင်ဖြစ်သွားပြီးနောက် အလွန် စိတ်လှုပ်ရှားသွားတော့သည် ။
စားဖိုမှူးတစ်ဦး၏ ဟင်းချက်စွမ်းရည်ကို ကိုယ်ပိုင်တပည့်မှလွဲ၍ တခြားသူများကို အလွယ်တကူ လက်ဆင့်ကမ်းလေ့ မရှိကြချေ ။
အိုးကြီးဟင်းများကို ဥပမာအနေဖြင့် ကြည့်လျှင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အရေးအကြီးဆုံးမှာ ချက်နည်း မဟုတ်ဘဲ ဟင်းခတ်အမွှေးအကြိုင် အချိုးအစားသာ ဖြစ်၏ ။
ဘေးမှ ကြည့်ပြီး သင်ယူလျှင်ပင် အရသာက ကွာခြားနေမည်သာ ။
ဆရာကျောက်နှင့် ရှာကျူးတို့ကို ယှဥ်ကြည့်လျှင် ဆရာကျောက် ဟင်းချက်လာသည့် အချိန်က ရှာကျူးထက် မနည်းသော်လည်း သူချက်သည့် အိုးကြီးဟင်းများက ရှာကျူးချက်သည်လောက် အရသာ မရှိပေ ။
အကြောင်းရင်းမှာ ဟင်းခတ်အမွှေးအကြိုင် ပမာဏ ကြောင့်ပင် ဖြစ်သည် ။
ယန်ကျီဝမ်က သူ့ကို လာကူရန် ပြောလိုက်ခြင်းက ဟင်းခတ်အမွှေးအကြိုင် အချိုးအစားများကို လက်ဆင့်ကမ်းပေးမည်ဟူသော အဓိပ္ပာယ်ဖြစ်ပြီး ပညာသင်ပေးခြင်းနှင့် အတူတူပင် ။
ထို့ကြောင့် ဆရာကျောက် အလွန် စိတ်လှုပ်ရှားသွားသည် ။
ယန်ကျီဝမ်က ပြုံးလိုက်ပြီး..
" ရတာပေါ့.. ဘာလို့မရရမှာလဲ.. ကျွန်တော်တို့ ကန်တင်းက လူထောင်ပေါင်းများစွာအတွက် အစားအသောက် ပြင်ပေးရမှာလေ.. ခင်ဗျားက ကျွန်တော့်ကို ပင်ပန်းပြီး သေစေချင်လို့လား .. "
ထိုစကားကြောင့် လူတိုင်း ရယ်မောလိုက်ကြသည် ။
သို့သော် ဆရာကျောက်ကမူ မရယ်ဘဲ လေးနက်စွာဖြင့်..
" ဒါဆိုရင် ဆရာယန်.. ကျွန်တော် ဆရာ့ကို တပည့်အဖြစ် တရားဝင် ကန်တော့ဖို့ လိုမလား .. "
" အာ ... မလိုပါဘူး.. အိုးကြီးဟင်းတွေပဲဟာ.. ထူးထူးခြားခြားမှ မဟုတ်တာ .. "
ယန်ကျီဝမ်က လက်ကာပြလိုက်သည် ။
ဆရာကျောက်၏ အသက်က လေးဆယ်နီးပါး ဖြစ်သည် ။ ကျေးလက်ဒေသများတွင်ဆိုလျှင် သူ၏ အဖေအရွယ်ပင် ရှိနေလေပြီ ။ သူ့အား တပည့်အဖြစ် လက်ခံရန်မှာ မဖြစ်နိုင်ချေ ။
ဆရာကျောက်က ထိုစကားကြောင့် အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသည် ။
အဘယ်ကြောင့်ဆိုသော် ယန်ကျီဝမ်က သူ့ကို အိုးကြီးဟင်းချက်နည်း သင်ပေးသည်ကပင် လုံလောက်ပေပြီ ။
အိုးကြီးဟင်းများကို ကောင်းကောင်း ချက်တတ်နေသသရွေ့ သူ မည်သည့်နေရာရောက်ရောက် ထမင်းငတ်တော့မည် မဟုတ်ပေ ။
ယန်ကျီဝမ်၏ သဘောကောင်းပုံကို မြင်သောအခါ လျှိုလန်ကလည်း ဝင်ပြောသည် ။
" ဆရာယန်.. ကျွန်မတို့ရော ဘေးကနေ ကြည့်လို့ ရမလား .. "
" ဆရာယန်.. ကျွန်တော်လည်း သင်ချင်တယ် .. "
" ကျွန်တော်ရောပဲ .. "
လျှိုလန် စကားစလိုက်သည်နှင့် တခြားသူများကလည်း သင်ယူလိုကြောင်း တောင်းဆိုလာကြသည် ။
ယန်ကျီဝမ်က လက်ကို အရေးမပါဟန်ဖြင့် ဝှေ့ယမ်းလိုက်ပြီး..
" မင်းတို့ သင်လို့ရပါတယ်.. ဒါပေမဲ့ ဘေးကနေပဲ ကြည့်ရမယ်.. ငါ ဟင်းချက်နေတုန်း လာမနှောင့်ယှက်ရဘူးနော် .. "
အားလုံးက သဘောတူလိုက်ကြသည် ။
မကြာမီပင်..
မာဟွာက..
" ဆရာ.. အသားလှီးလို့ ပြီးပါပြီ .. "
အသားဟု သူပြောလိုက်သော်လည်း တကယ်တမ်းတွင် နှစ်ကျင်းခန့်သာ ရှိ၏ ။
ယခုကဲ့သို့ အရင်းအမြစ်များ ရှားပါးနေချိန်တွင် အသားစက်ရုံမှ သံမဏိစက်ရုံသို့ ခွဲဝေပေးသည့် ပမာဏမှာ မများလှချေ ။
ဤအသား နှစ်ကျင်းကို လူထောင်ပေါင်းများစွာ စားနိုင်အောင် ပြင်ဆင်ရမည် ဖြစ်သည် ။
သံမဏိစက်ရုံတွင် အလုပ်သမားများ ဤထက်မက ရှိသလို ကန်တင်းကလည်း တစ်ခုထက်မကပေ ။ သို့သော် တခြား ကန်တင်းများက သူနှင့် မသက်ဆိုင် ။
ယန်ကျီဝမ်က ရှေ့တိုးလာပြီး စစ်ဆေးကြည့်ကာ ခေါင်းညိတ်ပြီး..
" အင်း.. မဆိုးဘူး.. မင်းရဲ့ ဓားကိုင်စွမ်းရည် တော်တော် တိုးတက်လာတာပဲ .. "
ထို့နောက် သူက ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်သည် ။
ယန်ကျီဝမ်သည် ကန်တင်းရှိ မီးဖိုကြီးရှေ့တွင် ရပ်ကာ သံယောက်ချိုကြီး တစ်ခုကို ကိုင်ထားလိုက်၏ ။
မီးဖိုပေါ်တွင် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို စီထားသည် ။ ယန်ကျီဝမ်က တစ်ချက် ဝေ့ကြည့်လိုက်ပြီး တစ်ခုချင်းစီ၏ နေရာကို အကြမ်းဖျင်း မှတ်သားလိုက်သည် ။
ထို့နောက် သူ စတင် ချက်ပြုတ်တော့သည် ။
" အိုးကြီးဟင်းတွေ ချက်တဲ့အခါ အရေးအကြီးဆုံးက ဟင်းခတ်အမွှေးအကြိုင် အချိုးအစားပဲ .. "
ယန်ကျီဝမ်၏ အသံက တည်ငြိမ်ပြီး ပြတ်သားနေသည် ။ စကားပြောရင်းနှင့် သူက ယောက်ချိုဖြင့် ဆားတစ်ဇွန်းကို ခပ်ယူလိုက်ကာ လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်း လှုပ်ရမ်းလိုက်လျှင် ဆားများက ဒယ်အိုးထဲသို့ ညီညာစွာ ကျဆင်းသွားသည် ။
ဘေးတွင် ရပ်နေသော မာဟွာက မည်သည့်အချိန်ကတည်းက မှတ်စုစာအုပ်နှင့် ဘောပင်ကို ယူလာခဲ့မှန်း မသိ ။ ဤအချိန်တွင် သူသည် အသေးစိတ် အချက်အလက်များ လွတ်သွားမည်ကို စိုးရိမ်သဖြင့် ယန်ကျီဝမ်၏ လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေလေသည် ။
အချိန်ရတိုင်း သူက ခေါင်းငုံ့ကာ စာကြောင်းအချို့ကို မှတ်သားနေပြီး သူ၏ အမူအရာက အလွန် လေးနက်နေ၏ ။
ထိုသည်ကို မြင်သောအခါ ယန်ကျီဝမ်သည် သူ၏ တပည့်ဖြစ်သူ မာဟွာအပေါ် အလွန် ကျေနပ်သွားတော့သည် ။
ဤကဲ့သို့သော ကြိုးစားအားထုတ်မှုမျိုးနှင့်ဆိုလျှင် သူ၏ ပါရမီက ထူးထူးခြားခြား မကောင်းလျှင်ပင် နောင်တစ်ချိန်တွင် စားဖိုမှူးကောင်း တစ်ယောက် ဖြစ်လာနိုင်ပေသည် ။
" ဆားပမာဏက အသင့်အတင့်ပဲ ဖြစ်သင့်တယ်.. များသွားရင် ငန်သွားမယ်.. နည်းသွားရင်လည်း အရသာ ပေါ့သွားမယ် .. "
( သူ ပြောမှလား 😒 )
ယန်ကျီဝမ်က ဆက်လက် ရှင်းပြနေပြီး စားသောက်ဆောင်ထဲရှိ လူတိုင်းက သေချာအာရုံစိုက်၍ နားထောင်နေကြသည် ။
ဟင်းခတ်အမွှေးအကြိုင် တစ်ခုချင်းစီကို ထည့်လိုက်သည်နှင့် ဒယ်အိုးထဲရှိ ဂေါ်ဖီများက တဖြည်းဖြည်း ကြည်လင်လာ၏။
" မီးအပူချိန် ထိန်းချုပ်တာကလည်း အရမ်း အရေးကြီးတယ်.. မီးအရမ်းများရင် တူးသွားနိုင်ပြီး မီးနည်းရင်လည်း သေချာ မကျက်ဘဲ နေလိမ့်မယ် .. "
ယန်ကျီဝမ်က အရေးကြီးသည့် အချက်များကို ဆက်လက် ရှင်းပြနေပြီး မာဟွာကလည်း အလွန် ကြိုးစားပမ်းစား မှတ်စုထုတ်နေသည် ။
မကြာမီပင် ဂေါ်ဖီကြော် ရသွားလေပြီ ။
ယန်ကျီဝမ်က ယောက်ချိုဖြင့် တစ်ဇွန်းခပ်ယူကာ တူဖြင့် တစ်ဖတ်ညှပ်၍ မြည်းကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည် ။
သူက လက်ဟန်ခြေဟန်ဖြင့်..
" အရသာ တော်တော် ကောင်းတယ်.. မင်းတို့လည်း မြည်းကြည့်ကြပါဦး .. "
မာဟွာက ပထမဆုံး ရှေ့တိုးလာပြီး တူဖြင့် တစ်ဖတ် မြည်းကြည့်လိုက်သည် ။ သူ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွား၏ ။
သူက အံ့အားသင့်စွာဖြင့်...
" အရမ်း ကောင်းတာပဲ .. ဆရာ့ လက်ရာက တကယ်ကို အံ့သြစရာပါပဲ .. "
တခြား အကူစားဖိုမှူးများကလည်း ရှေ့တိုးလာကာ မြည်းကြည့်ကြပြီး တစ်ယောက်ပြီး တစ်ယောက် အဆက်မပြတ် ချီးကျူးလိုက်ကြသည် ။
" ဒီအရသာက ရှာကျူး ချက်တာထက်တောင် ပိုကောင်းနေပါလား .. "
တစ်ယောက်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည် ။
" ဟက်.. ရှာကျူး ချက်တာက ဆရာယန် ချက်တာကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ .. "
အခြားတစ်ယောက်က ပြန်ချေပလိုက်သည် ။
တာဝန်ခံဝမ် ရောက်လာပြီး တစ်လုပ် မြည်းကြည့်လိုက်ကာ ယန်ကျီဝမ်ကို လက်မထောင်ပြလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏ ။
ဤအရသာမျိုးနှင့်ဆိုလျှင် ထိုအလုပ်သမားများ ထပ်မံပြဿနာရှာကြဦးမည် ဆိုပါက သူ ကြည့်နေမည် မဟုတ်တော့ချေ ။ ခေါင်းဆောင်များထံသို့လည်း သူ့ အပြစ်မဟုတ်ကြောင်း အစီရင်ခံနိုင်မည် ။
လွန်ခဲ့သည့် နှစ်ရက်အတွင်း ဤကိစ္စက သူ့ကို အလွန် ခေါင်းကိုက်စေခဲ့သည် ။ ယခုတော့ နောက်ဆုံးတွင် ဖြေရှင်းနိုင်သွားလေပြီ ။
' ဟိုကောင် ရှာကျူးကတော့ ငါ အရှက်ကွဲတာကို ကြည့်ဖို့ စောင့်နေတုန်းပဲ ဖြစ်မယ် .. '
တာဝန်ခံဝမ်က စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်ပြီး..
' ဟမ့်.. အိမ်မက်တောင် မမက်နဲ့ .. '
ထို့နောက်..
ယန်ကျီဝမ်က နောက်ထပ် ဟင်းတစ်ပွဲကို စတင် ပြင်ဆင်တော့သည် ။
အစောပိုင်းက ဂေါ်ဖီကြော်ကဲ့သို့ပင် သူက အဆင့်တိုင်းကို မာဟွာနှင့် ဆရာကျောက်တို့အား တတ်နိုင်သမျှ အသေးစိတ် ရှင်းပြသည် ။
အချိန်အနည်းငယ် ကြာပြီးနောက် ဝက်သားနှင့် ကြာဆံချက်လည်း အသင့်ဖြစ်သွားလေပြီ ။
မြည်းကြည့်ပြီးနောက် လူတိုင်းက ထပ်မံ ချီးမွမ်းကြပြန်သည် ။
Chapter 210
~
အခန်း ၂၁၀ : ဒီ ခွေးမသားပဲ...
~
ဟင်းနှစ်ပွဲ ချက်ပြီးနောက် ယန်ကျီဝမ်က မာဟွာဘက်သို့ လှည့်ကာ မေးလိုက်သည် ။
" မင်း နားလည်လား .. "
မာဟွာ တွေဝေသွားပြီး သူ၏ မျက်နှာပေါ်တွင် မသေချာမရေရာမှု အရိပ်အယောင်များ ပေါ်လာသည် ။
သူက ခေါင်းငုံ့၍ လက်ထဲရှိ မှတ်စုစာအုပ်ကို ကြည့်လိုက်ပြီးနောက် ယန်ကျီဝမ်ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် ။
" ကျွန်တော် မှတ်ထားပြီးပါပြီ.. ဒါပေမဲ့ နောက်ထပ် အကြိမ် နည်းနည်းလောက် လေ့ကျင့်ဖို့တော့ လိုဦးမယ် ထင်တယ် .. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည် ။
" မလောပါနဲ့.. အိုးကြီးဟင်းတွေ ချက်တဲ့နေရာမှာ အရေးအကြီးဆုံးက အခြေခံကျွမ်းကျင်မှုတွေပဲ.. ဖြည်းဖြည်းချင်း အချိန်ယူပါ .. "
" ဆရာ.. ကျွန်တော် ကြိုးစားပါ့မယ် .. "
မာဟွာက အားတက်သရော ခေါင်းညိတ်လိုက်သည် ။
ထို့နောက် ယန်ကျီဝမ်က တခြားတစ်ဖက်တွင် ရှိနေသော ဆရာကျောက်ကို ကြည့်ပြီး မေးလိုက်သည် ။
" ဆရာကျောက်.. ခင်ဗျားရော ဘယ်လိုနေလဲ .. "
ဆရာကျောက်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြီး..
" ကျွန်တော် တတ်သွားပါပြီ ဆရာယန်.. ဆရာသင်ပေးခဲ့တဲ့ နည်းစနစ်တွေ အကုန်လုံးကို ကျွန်တော် မှတ်မိနေပါပြီ .. "
သူ၏ မျက်နှာပေါ်တွင် ယုံကြည်မှုများ ပြည့်နှက်နေ၏ ။
ဆရာကျောက်က အတွေ့အကြုံရှိသော ဝါရင့်စားဖိုမှူး တစ်ယောက်ဖြစ်ပြီး သူ၏ အခြေခံကျွမ်းကျင်မှုများက ခိုင်မာပြီးသား ဖြစ်သည် ။ အိုးကြီးဟင်းများ ချက်ပြုတ်ရန်မှာ သူ့အတွက် မခက်ခဲလှပေ ။ တစ်ခုတည်းသော စိန်ခေါ်မှုက ဟင်းခတ်အမွှေးအကြိုင် အချိုးအစားများသာ ဖြစ်၏ ။
ယန်ကျီဝမ်က ယခု အသေးစိတ် သင်ပြပေးခဲ့သည် ။ ဤမျှနှင့် သူ မတတ်သေးလျှင်တော့ ဝက်တစ်ကောင်နှင့် ဘာများ ကွာတော့မည်နည်း ။
ထို့နောက် ဆရာကျောက်က ယန်ကျီဝမ်ကို အရိုအသေပေးလိုက်ပြီး ကျေးဇူးတင်စွာဖြင့်...
" ဆရာယန်.. တကယ်ကို ကျေးဇူးတင်ပါတယ် .. "
" ဆရာယန်.. ကျေးဇူးတင်ပါတယ် .. "
ဘေးပတ်လည်ရှိ အကူစားဖိုမှူးများကလည်း ယန်ကျီဝမ်ကို ကျေးဇူးတင်စကား ပြောလိုက်ကြသည် ။
ယန်ကျီဝမ်က လက်ကာပြလိုက်ပြီး ပြုံးကာ ...
" အားလုံးပဲ.. ရပါတယ်.. ပြီးတော့ ဆရာကျောက်.. ခင်ဗျား ကျွန်တော့်ကို တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင် အားတဲ့အချိန် ဒီကောင်လေး မာဟွာကို နည်းနည်း လမ်းပြလိုက်ပါ .. "
ဆရာကျောက်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး..
" ပြဿနာ မရှိပါဘူး ဆရာယန်.. စိတ်မပူပါနဲ့.. ကျွန်တော် သူ့ကို သေချာ သင်ပေးပါ့မယ် .. "
" ကျေးဇူးတင်ပါတယ် ဆရာကျောက် .. "
မာဟွာက အလျင်အမြန် ကျေးဇူးတင်လိုက်သည် ။
တာဝန်ခံဝမ်ကလည်း ရယ်ရင်း ...
" ဟားဟားဟား..ဒါ အရမ်းကောင်းသွားတာပေါ့.. မာဟွာလည်း အိုးကြီးဟင်းတွေ ချက်တတ်သွားပြီဆိုရင် နောက်ပိုင်း ကန်တင်းကို ခင်ဗျားတို့ နှစ်ယောက် လက်ထဲ အပ်ထားလို့ ရပြီလေ .. "
...
ထမင်းစားချိန် ရောက်လာလေပြီ ။
ရဲဘော် အလုပ်သမားများက ကန်တင်းသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည် ။
" ဟ...ဘာအနံ့လေးလဲ.. မွှေးလိုက်တာ... "
" အသား ..အသားနံ့ဟ.. ရှာကျူး ကန်တင်းကို ပြန်ရောက်လာတာများလား .. "
" ဖြစ်နိုင်တယ်.. သံမဏိစက်ရုံ တစ်ရုံလုံးမှာ သူ့လက်ရာကပဲ အကောင်းဆုံး ဖြစ်နေတာကိုး .. "
ဆွေးနွေးပြောဆိုနေကြရင်း ရဲဘော် အလုပ်သမားများက အစားအသောက် ဝယ်ယူရန် အလျင်အမြန် တန်းစီလိုက်ကြသည် ။
အစားအသောက်များ ရပြီးနောက် သူတို့က မစောင့်နိုင်တော့ဘဲ တစ်လုပ် စားကြည့်လိုက်ကြ၏ ။
" အရမ်း ကောင်းတာပဲ.. ဒီ ..ဒီ အရသာက တကယ့်ကို ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး .. "
" ရှာကျူးရဲ့ ကျွမ်းကျင်မှုက ထပ်ပြီး တိုးတက်လာပြန်ပြီ ထင်တယ် .. "
" မဖြစ်သေးဘူး.. နောက်တစ်ပွဲ ဝယ်ပြီး ငါ့မိန်းမနဲ့ ကလေးတွေအတွက် အိမ်ပြန်ယူသွားရမယ် .. "
" ငါလည်း ဝယ်မယ် .. "
" ငါရောပဲ .. "
ခဏအကြာတွင် ကန်တင်း တစ်ခုလုံး ထပ်မံ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည် ။
သို့သော် ယခုတစ်ခေါက် ပြဿနာရှာခြင်း မဟုတ်တော့ ။ အစားအသောက် ရရန် နေရာလုနေကြ၏ ။
အချိန်အနည်းငယ် ကြာသောအခါ ရှာကျူးသည် သူ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို အားတင်းသယ်၍ ထမင်းဘူးကိုင်ကာ ကန်တင်းသို့ ရောက်လာခဲ့သည် ။
အိမ်သာဆေးရသည့် ဤအလုပ်က လူလုပ်ရမည့် အလုပ်မဟုတ်ချေ ။ ပင်ပန်းရုံသာမက စူးရှလှသော အနံ့ဆိုးများကိုပါ သည်းခံနေရသေးသည် ။
နှစ်ရက်သာ ရှိသေးသော်လည်း သူ လုံးဝ မခံစားနိုင်တော့ချေ ။
" အမ်... ဘာအနံ့ကြီးလဲ.. မွှေးလှချည်လား .. "
ကန်တင်းထဲသို့ ဝင်လိုက်သည်နှင့် ဆာလောင်စေသော မွှေးရနံ့တစ်ခုကို သူ ရှူလိုက်မ်ပြီး တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ပေါ်လာတော့သည် ။
စားဖိုမှူး တစ်ယောက်အနေဖြင့် သူ၏ နှာခေါင်းက သာမန်လူများထက် များစွာ ပို၍ အာရုံခံနိုင်စွမ်း ရှိပေသည် ။
အနံ့ခံလိုက်ရုံဖြင့် ဤဟင်း၏ အရသာက မည်သို့ရှိမည်ကို သူ ခန့်မှန်းနိုင်သည် ။
ဤမွှေးရနံ့မျိုးနှင့်ဆိုလျှင် ဟင်း၏ အရသာက ဆိုးရွားနေမည် မဟုတ်ချေ ။
'ဒါပေမဲ့ ဒီကန်တင်း တစ်ခုလုံး.. မဟုတ်သေးဘူး... သံမဏိစက်ရုံ တစ်ခုလုံးမှာ ငါကလွဲပြီး ဒီလောက် လက်ရာကောင်းတာ ဘယ်သူ ရှိသေးလို့လဲ... '
'ဟို.. ဆရာကျောက်များလား ..'
'အဲ့လူလည်း မဟုတ်လောက်ပါဘူး... သူ့ လက်ရာသာ ငါ့ကိုမီရင် အလုပ်သမားတွေ သောင်းကြမ်းမှာ မဟုတ်ဘူး ..'
ဤအချက်ကို သူ ကြိုတင် ခန့်မှန်းမိသောကြောင့် တာဝန်ခံဝမ်က သူ့ကို ကိုယ်တိုင် ပြန်လာတောင်းပန်မည်ဟု သူ အလွန် ယုံကြည်မှု ရှိနေခဲ့ခြင်းပင် ။
သို့သော် ယခုတော့...
ရှာကျူးက ကမန်းကတန်း တန်းစီလိုက်သည် ။
အချိန်အနည်းငယ် ကြာပြီးနောက် သူ၏ အလှည့်သို့ ရောက်လာလေသည် ။ တိုက်ဆိုင်စွာပင် ထိုပြတင်းပေါက်တွင် လျှိုလန်က တာဝန်ကျနေ၏ ။
ရှာကျူးကို မြင်သည်နှင့် လျှိုလန်က လှောင်ပြောင်လိုက်သည် ။
" အို.. ဒါ ကျွန်မတို့ ကန်တင်းက ဆရာဟဲ မဟုတ်လား.. ရှင်လည်း လာစားတာပဲကိုး .. "
ရှာကျူး၏ မျက်နှာကြီး မည်းမှောင်သွားတော့သည် ။
ဤမိန်းမ၏ ပါးစပ်က တကယ်ကို အဆိပ်ပြင်းလွန်းလှသည် ။
ဤသည်က မည်သို့သော စကားမျိုးနည်း ။ သူက လူမဟုတ် ပေဘူးလော ။ လူမှန်လျှင် အစာ စားရမည်သာ ။
အရင်တုန်းက အနည်းငယ် ဆူဖူးသည်ကို ဤမျှ အငြိုးထားနေ၏ ။
သူက မှုန်ကုပ်နေသော မျက်နှာဖြင့် ...
" ဒီနေ့ ဘာဟင်းတွေ ရလဲ .. "
လျှိုလန်က ဂရုမစိုက်သည့်ဟန်ဖြင့် ...
" ကန်းနေလား.. "
ရှာကျူးက ဒေါသတကြီး အံကြိတ်လိုက်သော်လည်း ပေါက်ကွဲရန်တော့ မဝံ့ရဲချေ ။
သူ တစ်ချက် လှမ်းကြည့်လိုက်သည် ။ ယနေ့ဟင်းလျာများက ဝက်သားနှင့် ကြာဆံချက် ၊ ထို့နောက် ဂေါ်ဖီကြော် ။
" နှစ်မျိုးလုံး နည်းနည်းစီ ထည့်ပေး.. ပြီးတော့ မန်ထို နှစ်လုံးပေး .. "
" ပိုက်ဆံနဲ့ ကူပွန်လက်မှတ် .. "
ရှာကျူးက မပျော်မရွှင်ဖြင့် ပိုက်ဆံနှင့် ကူပွန်လက်မှတ်များကို လှမ်းပေးလိုက်ပြီးနောက်မှ လျှိုလန်က သူ့ကို ဟင်းခတ်ပေးလေသည် ။
ရှာကျူးက အစားအသောက်များကို ယူကာ နေရာတွင်ပင် ရပ်၍ တစ်လုပ် စားကြည့်လိုက်သည် ။ ထို့နောက် သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ..
' ဒီဟင်းက ဆရာကျောက် ချက်တာ လုံးဝ မဖြစ်နိုင်ဘူး.. သူ့လက်ရာက ဒီလောက် မကောင်းဘူး .... '
သူက လျှိုလန်ကို စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည် ။
" ဒီဟင်းကို ဘယ်သူ ချက်တာလဲ .. "
" ရှင့်အပူ မပါပါဘူး .. "
လျှိုလန်က မျက်လုံးလှန်ပြလိုက်ပြီး..
" ရပြီးရင် မြန်မြန် ထွက်သွားတော့.. တခြား ရဲဘော်တွေ ဟင်းယူမှာကို မနှောင့်ယှက်နဲ့ .. "
" ဟုတ်တယ်.. ငါ ဗိုက်ဆာလွန်းလို့ သေတော့မယ် .. "
" မြန်မြန် ဖယ်ပေးစမ်းပါ .. "
အနောက်မှ ရဲဘော် များ၏ တိုက်တွန်းမှုကြောင့် ရှာကျူးမှာ မတတ်သာဘဲ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်လာရသည် ။
ထိုစဥ် မာဟွာနှင့် အသက်ရွယ်တူခန့် ဝဝဖိုင့်ဖိုင့် လူတစ်ယောက် မီးဖိုချောင်ထဲမှ ထွက်လာသည်ကို သူ မြင်လိုက်ရ၏ ။
ထို ဝဝဖိုင့်ဖိုင့်လူမှာလည်း မာဟွာကဲ့သို့ပင် စားသောက်ဆောင်ရှိ အကူစားဖိုမှူး တစ်ယောက်ဖြစ်ပြီး အရင်က သူ၏ နောက်မှ တကောက်ကောက် လိုက်ကာ သူ၏ တပည့် ဖြစ်ချင်နေခဲ့သူပင် ။
ရှာကျူးက အလျင်အမြန် လျှောက်သွားလိုက်ပြီး..
" ဖက်တီး.. မင်းကို တစ်ခုလောက် မေးချင်လို့ .. "
ထိုလူက လှည့်ကြည့်လိုက်ပြီး ရှာကျူးဖြစ်နေသည်ကို မြင်သောအခါ နှုတ်ဆက်လိုက်သည် ။
" သြော်.. ဆရာဟဲပဲ.. တစ်ခုခု ခိုင်းစရာ ရှိလို့လား .. "
"ဖက်တီး.... ဒီနေ့ ဟင်းတွေကို ဘယ်သူ ချက်တာလဲ .. "
ရှာကျူးက တိုက်ရိုက်ပင် မေးလိုက်သည် ။
" အင်း.. ဟိုလေ .. "
ထိုလူက တွေဝေသွားသည် ။
ရှာကျူးက သူ၏ စရိုက်ကို သိထားပြီး တစ်ခုခု ပြန်လိုချင်နေမှန်း သိသောကြောင့် ဆက်ပြောလိုက်၏ ။
" မြန်မြန် ပြောစမ်းပါ.. မင်း ငါ့တပည့် ဖြစ်ချင်နေတာ မဟုတ်ဘူးလား.. မင်း ငါ့ကို ပြောပြရင် မင်းကို တပည့်အဖြစ် လက်ခံဖို့ ငါ သဘောတူတယ် .. "
ထိုစကားကို ကြားသောအခါ ထိုသူက ဝမ်းသာသွားသော်လည်း တွေဝေနေဆဲပင် ။
ယန်ကျီဝမ်၏ စွမ်းရည်များကို မျက်မြင်ကိုယ်တွေ့ မြင်ပြီးနောက် သူကလည်း မာဟွာကဲ့သို့ပင် ယန်ကျီဝမ်၏ တပည့်သာ ပို၍ ဖြစ်ချင်နေခဲ့သည် ။
ထို့အပြင် ယန်ကျီဝမ်က ရှာကျူးထက် စကားပြောရ ပို၍ လွယ်ကူပေသည် ။
သို့သော် ယနေ့ ယန်ကျီဝမ်၏ သဘောထားကိုလည်း သူ မြင်တွေ့ခဲ့ပြီးပြီ ။ သူ့တွင် နောက်ထပ် တပည့်လက်ခံရန် ရည်ရွယ်ချက် မရှိချေ ။ ထိုသို့မဟုတ်လျှင် ဆရာကျောက်ကို လက်ခံခဲ့သည်မှာ ကြာလှပေပြီ ။
ထို့အပြင် ရှာကျူး၏ ကျွမ်းကျင်မှုကလည်း ထိပ်တန်းအဆင့် ဖြစ်၏ ။ သူ၏ တပည့် ဖြစ်လာနိုင်ခြင်းကလည်း မဆိုးလှပေ ။
သို့သော် အာမခံချက် တစ်ခုတော့ လိုအပ်သည် ။
သူက သတိထား၍ မေးလိုက်သည် ။
" ဆရာဟဲ.. ဆရာ တကယ်ပဲ ကျွန်တော့်ကို လက်ခံမှာလား .. "
ရှာကျူးက စိတ်မရှည်စွာဖြင့် ...
" အေးကွာ.. ဟုတ်တယ်.. မြန်မြန်သာ ပြောစမ်းပါ .. "
ရှာကျူး စကားရုပ်သိမ်းသွားမည်ကို စိုးရိမ်သဖြင့် ထိုလူမက မတတ်သာဘဲ ဖွင့်ပြောရတော့သည် ။
" ဒီနေ့ ဟင်းတွေကို ဆရာယန် ချက်တာပါ.. ပြီးတော့ သူက ဟင်းခတ်အမွှေးအကြိုင်အချိုးအစားနဲ့ ချက်နည်းကိုလည်း ဆရာကျောက်ကို ပေးသွားသေးတယ် .. "
" ဘာ.. ဒီခွေးမသားပဲ ဖြစ်နေပြန်ပြီကိုး .. "
အမှန်တရားကို သိလိုက်ရသောအခါ ရှာကျူးက ဒေါသတကြီး အော်ဟစ်လိုက်သည် ။
ဤဒေါ့မသားက သူ၏ အကြံအစည်များကို အကြိမ်ကြိမ် ဖျက်ဆီးနေသည့်အပြင် ဟင်းခတ်အမွှေးအကြိုင် အချိုးအစားကိုပါ ဆရာကျောက်အား ပေးသွားခဲ့သေးသည် ။
သူ့အတွက် ပြန်လာနိုင်ရန် အခွင့်အရေး ရှိပါတော့မည်လော ။
' မဖြစ်ဘူး.. ဒီအတိုင်း ထိုင်စောင့်နေလို့တော့ မရတော့ဘူး .. '
ထိုသို့ တွေးမိပြီးနောက် ရှာကျူးက ကမန်းကတန်း ထွက်သွားသည် ။
ထိုသည်ကို မြင်သောအခါ ဖက်တီးက စိုးရိမ်သွားပြီး အလျင်အမြန် လှမ်းအော်လိုက်၏ ။
" ဟေး.. ဆရာဟဲ.. ဘယ်တော့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမှာလဲ .. "
သို့သော် ရှာကျူးသည်တော့ အတော်လေး ဝေးဝေးသို့ ရောက်နေချေပြီ ။
ထိုလူက နှုတ်ခမ်းမဲ့လိုက်ပြီး ...
" ချီးပဲ.. သတောင်းစား.. မင်းလို ငမိုက်သားကများ ဆရာယန်နဲ့ ယှဉ်ချင်နေသေးတယ်.. ကန်တင်းကို ပြန်လာနိုင်ပါ့မလား ဆိုတာတောင် မသေချာသေးဘူး.. ဟမ့် .. "
တပည့်အဖြစ် ခံယူရန် အဆင်မပြေတော့သဖြင့် သူ စိတ်ပြောင်းသွားသည် ။
ရှာကျူးက သူ့ကို လက်မခံဘဲ ယန်ကျီဝမ်ထံတွင်လည်း မျှော်လင့်ချက် သိပ်မရှိတော့သဖြင့် ဆရာကျောက်၏ တပည့်အဖြစ် ခံယူခြင်းက ပိုကောင်းပေမည် ။
မည်သို့ပင် ဆိုစေကာမူ ဆရာကျောက်၏ စိတ်နေသဘောထားက ရှာကျူးထက်တော့ ပိုကောင်းသည် ။
ဘာကြောင့်ဆိုသော် သူ ရှာကျူးနောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့သော်လည်း ရှာကျူးက သူ့ကို ဘာမှ သင်မပေး ။
ရှာကျူး၏ တပည့်အဖြစ် ခံယူရခြင်းက ယုံကြည်စိတ်ချရမည် မဟုတ်ချေ ။