← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 21 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 21 Ch. 211-212

Chapter 211

~

အခန်း ၂၁၁ : ရင့်သီးသော စကားများ

~

​" တောက်.. လိုတဲ့အချိန်ကျ သုံးပြီး မလိုတော့တဲ့အခါကျ လွှင့်ပစ်တယ်.. တကယ့် အမှိုက်ကောင် .. "

စက်ရုံမှူးယန်၏ ရုံးခန်းအပြင်ဘက်တွင် ရှာကျူးက ထွက်လာရင်း ကျိန်ဆဲလိုက်သည် ။

( ဒါရိုက်တာတွေ မထည့်တော့ဘူး..သူက အကုန်လုံးကို ဒါရိုက်တာပဲ တပ်ထားတယ် 😑 )

​ဖက်တီးထံမှ အမှန်တရားကို သိပြီးနောက် ကန်တင်းသို့ ပြန်သွားရန် မျှော်လင့်ချက် မရှိတော့မှန်း သူသိလိုက်ရသဖြင့် စက်ရုံမှူးယန်ထံသို့ လာ၍ တောင်းဆိုခဲ့ခြင်း ဖြစ်သည် ။

​သို့သော် စက်ရုံမှူးယန်က သူ့ကို ဝတ်ကျေတမ်းကျေ စကားအနည်းငယ်သာ ပြောခဲ့ပြီးနောက် အရေးတကြီး ကိစ္စများ ရှိသည်ဟု အကြောင်းပြကာ နှင်ထုတ်ခဲ့သည် ။

​ဤသည်က ရှာကျူးကို ဒေါသထွက်စေခဲ့သည် ။

​သူ ကန်တင်း၏ ခေါင်းဆောင် စားဖိုမှူး ဖြစ်နေစဥ်က စက်ရုံမှူးယန်ပင် သူ့ကို မျက်နှာသာ ပေးခဲ့ရသည်ကို သူ ပြန်တွေးမိသည် ။

​ယခုတော့ ။ သူ့ကို မလိုအပ်တော့သဖြင့် ဘေးသို့ ကန်ထုတ်လိုက်လေပြီ ။

.........

​အလုပ်ဆင်းချိန်....

​ရှာကျူးက အလယ်ခြံဝင်းထဲသို့ ပြန်ရောက်သည်နှင့် တိုက်ဆိုင်စွာပင် အဝတ်လျှော်နေသော ချင်ဟွိုင်ရုနှင့် ဆုံသည် ။

( ချင်ဟွိုင်ရုက အမြဲတမ်း အဝတ်လျှော်နေတာ 🤣 ..)

​ရှာကျူးက သူမကို ရှောင်ရန် ကြိုးစားသော်လည်း ချင်ဟွိုင်ရုက သူ့ကို မြင်သွားပြီး....

​" ရှာကျူး.. နင် ပြန်လာပြီပဲ .. "

​ချင်ဟွိုင်ရုက သူ့ထံသို့ ပြုံး၍ လျှောက်လာပြီး သူ့လက်ထဲရှိ ထမင်းဘူးကို အလိုအလျောက် လှမ်းကြည့်လိုက်ကာ..

​" ဒီနေ့တော့ ဟင်းတွေ ပါလာတယ် မလား.. နင် မသိပါဘူး.. ပန့်ကန့်လေ ပြီးခဲ့တဲ့ နှစ်ရက်လုံး ရှာကျူး ချက်တာကို စားချင်တယ် စားချင်တယ် ဆိုပြီး ပူဆာနေရှာတာ .. "

​ထိုစကားကို ကြားသောအခါ ရှာကျူး၏ မျက်နှာက နီရဲသွားပြီး အနေရခက်စွာဖြင့် ...

​" တောင်းပန်ပါတယ် ညီမချင်.. ဒီနေ့လည်း ပါမလာဘူး .. "

​ချင်ဟွိုင်ရုက မျက်မှောင်ကြုတ်လိုက်ပြီး..

​" စက်ရုံက အခု အဲ့လောက်တောင် ကျပ်တည်းနေတာလားဟင်.. ဟင်းကျန်တွေတောင် မရှိတော့ဘူးပေါ့.. "

​ရှာကျူး ပို၍ပင် အနေရခက်သွားသည် ။

​စက်ရုံက မည်သို့ ကျပ်တည်းရမည်နည်း ။

​သူ ကန်တင်းထဲမှ ကန်ထုတ်ခံလိုက်ရခြင်းသာ ဖြစ်သည် ။

​" ညီမချင်.. ငါ့မှာ လုပ်စရာလေး ရှိသေးလို့ အရင်ပြန်နှင့်မယ်နော် .. "

​ကမန်းကတန်း စကားတစ်ခွန်း ပြောပြီးနောက် ရှာကျူးက ထွက်ပြေးသကဲ့သို့ အိမ်ဆီသို့ လှည့်ပြေးတော့သည် ။

​ထမင်းဘူး မရလိုက်သဖြင့် ချင်ဟွိုင်ရု အလွန် စိတ်ပျက်သွား၏ ။

​ထိုစဥ် ကျားဒုံရွှီ ပြန်ရောက်လာသည် ။

​" ရှင် ပြန်လာပြီလား .. "

​ချင်ဟွိုင်ရုက သူ့ကို ဆီးကြိုလိုက်သည် ။

​ကျားဒုံရွှီက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်နေ၏ ။ သူက လက်ထဲရှိ ထမင်းဘူးကို မြှောက်ပြကာ ပြုံး၍ ...

​" ဟွိုင်ရု.. ဒီနေ့ ကန်တင်းက ဟင်းတွေ ကောင်းလို့ မင်းတို့ စားကြည့်လို့ရအောင် အပိုတစ်ပွဲ ဝယ်လာတယ် .. "

​ချင်ဟွိုင်ရုက ထမင်းဘူးကို ယူကာ ဖွင့်ကြည့်လိုက်ပြီး အာမေဍိတ်သံဖြင့် ...

​" ဟယ်.. ကြာဆံချက်ပဲ.. အထဲမှာ အသားမျှင်တွေတောင် ပါသေးတယ် .. "

​ထို့နောက် သူမက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။

​" ရှင့် စက်ရုံက အခြေအနေ ကျပ်တည်းနေတယ်ဆို .. "

​" ဘယ်သူ ပြောတာလဲ .. "

​ကျားဒုံရွှီက နားမလည်စွာ ပြန်မေးသည် ။

​ချင်ဟွိုင်ရုက..

​" ရှာကျူး ပြောတာလေ.. သူ ထမင်းဘူး ယူမလာတာ သုံးရက်တောင် ရှိပြီ .. "

​" ဟားဟား.. မဖြစ်နိုင်တာ .. "

​ကျားဒုံရွှီက လက်ကာပြလိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည် ။

​" တကယ်တော့ ပြီးခဲ့တဲ့ ရက်က ရှာကျူး အိမ်သာဆေးတဲ့ နေရာကို အပို့ခံလိုက်ရတယ် .. "

​"အာ.."

​ချင်ဟွိုင်ရုက ကြောင်အမ်းအမ်းဖြင့် နားထောင်နေကာ..

​" ဘာဖြစ်လို့လဲ .. "

​ရှာကျူးသာ စားသောက်ဆောင်တွင် အလုပ်မလုပ်တော့ပါက နောင်တွင် သူမတို့ မိသားစုကို မည်သို့ ကူညီနိုင်ပါတော့မည်နည်း ။

​ကျားဒုံရွှီက တိုးတိုးလေး ပြန်ဖြေသည် ။

​" သူ ခိုးတဲ့ကိစ္စကြောင့်လေ.. ပြဿနာက ပြီးသွားပေမဲ့ စက်ရုံက သူ့ကို အိမ်သာဆေးခိုင်းပြီး အပြစ်ပေးထားတုန်းပဲ .. "

​ထိုအခါမှ ချင်ဟွိုင်ရု ရုတ်တရက် သဘောပေါက်သွားပြီး..

​" သြော်.. ဒါကြောင့်ကိုး.. ဒီနေ့ ဟင်းက တအားမွှေးနေတော့ ကျွန်မက ရှာကျူး ချက်တာလို့ ထင်နေတာ .. "

​ကျားဒုံရွှီက ခေါင်းခါလိုက်ပြီး..

​" မင်း မှန်းတာ မှားသွားပြီ.. ဒီနေ့ ဟင်းကို ရှေ့ဘက်ခြံဝင်းက ယန်လောင်အာ ချက်တာလို့ ငါ ကြားခဲ့တယ် .. "

​" သူလား .. "

​ချင်ဟွိုင်ရုက အံ့သြစွာဖြင့်..

​" တတိယအဒေါ်က သူ့ရဲ့ ဒုတိယသား ဟင်းချက်တာ ဘယ်လောက်ကောင်းကြောင်း အမြဲပြောနေတာကို ကြားတော့ ကျွန်မက သူ ကြွားနေတယ်လို့ ထင်နေတာ.. ဒါက တကယ်ကြီးပေါ့ .. "

​" သေချာတာပေါ့.. အခုဆို ခေါင်းဆောင်တွေ သီးသန့် ပွဲ လုပ်ရင် အမြဲတမ်း သူ့ကိုပဲ ဖိတ်ကြတယ်လို့ ကြားတယ် .. "

​ကျားဒုံရွှီက ခေါင်းညိတ်လိုက်သည် ။

​" ဟမ်.."

​ချင်ဟွိုင်ရုက ရုတ်တရက် အလန့်တကြား အော်လိုက်သည် ။

​ကျားဒုံရွှီက စိုးရိမ်တကြီးဖြင့်...

​" ဟွိုင်ရု.. ဘာဖြစ်လို့လဲ .. "

​ချင်ဟွိုင်ရုက စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့်..

​" ဒါဆိုရင် ရှာကျူးက ကျွန်မတို့ မိသားစုကို မကူညီနိုင်တော့ဘူးပေါ့ .. "

​သူတို့ မိသားစု၏ အခြေအနေက ကျပ်တည်းပြီး ရှာကျူး၏ အကူအညီဖြင့်သာ သူတို့ ခဲယဉ်းစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည် ။

​သို့သော် ယခုအခါ ရှာကျူးက ကန်တင်းတွင် မရှိတော့သည့်အပြင် ခေါင်းဆောင်များ၏ သီးသန့် ထမင်းစားပွဲများကိုပါ လက်လွှတ်လိုက်ရလေပြီ ။

​နောင်တွင် သူတို့ မိသားစုကို သူ ကူညီနိုင်ပါဦးမည်လော ။

​ထိုစကားကို ကြားသောအခါ ကျားဒုံရွှီ မျက်မှောင်ကြုတ်လိုက်၏ ။

​ခဏအကြာတွင် သူက အကူအညီမဲ့စွာဖြင့်..

​" ရပါတယ်ကွာ.. အဆိုးဆုံးဆိုရင်တော့ ဆရာ့ဆီကနေ နည်းနည်းလောက် ချေးပြီး အခြေအနေ ကောင်းသွားမှ ပြန်ဆပ်ကြတာပေါ့ .. "

​" ဒါပဲ တတ်နိုင်တော့တာပေါ့ .. "

​ချင်ဟွိုင်ရုတွင်လည်း တခြား ရွေးချယ်စရာ မရှိတော့ချေ ။

​...

​နောက်တစ်နေ့ မွန်းတည့်ချိန်...

​ထမင်းစားချိန် ရောက်သည်နှင့် မာဟွာက ထမင်းဘူး နှစ်ဘူးကိုင်ကာ ဝယ်ယူရေး ဌာန ထဲသို့ ဝင်လာသည် ။

​" ဆရာ.. ထမင်းစားချိန် ရောက်ပါပြီ .. "

​လီရှန်းလီက အားကျစွာဖြင့်..

​" ဟမ်း.. တပည့်ရှိတာ အရမ်းကောင်းတာပဲ.. ထမင်းစားဖို့ တန်းစီစရာတောင် မလိုဘူး .. "

​မာဟွာက ခေါင်းကုတ်ကာ ရိုးသားစွာ ရယ်လိုက်ပြီး..

​" အစ်ကိုလီ.. ဒီဟင်းကို ကျွန်တော် ချက်ထားတာမို့လို့ ဆရာ့ကို မြည်းကြည့်စေချင်လို့ပါ.. အစ်ကို စားချင်တယ်ဆိုရင် နောက်တစ်ခါကျ အစ်ကို့အတွက်ပါ တစ်ပွဲ ယူလာပေးပါ့မယ် .. "

​" မလိုပါဘူးကွာ.. ငါ ကန်တင်းကိုပဲ သွားစားလိုက်ပါ့မယ်.. ငါ သွားပြီနော် .. "

​လီရှန်းလီက ပြောပြီးသည်နှင့် သူ၏ ထမင်းဘူးကို ယူကာ ထွက်သွားသည် ။

​ယန်ကျီဝမ်က ထမင်းဘူးကို ဖွင့်ကြည့်လိုက်ပြီး..

​" အင်း.. အပြင်ပန်း အသွင်အပြင်ကတော့ မဆိုးဘူး .. "

​သူက တူဖြင့် တစ်လုပ် မြည်းကြည့်လိုက်စဥ် မာဟွာက ဘေးမှ စိုးရိမ်တကြီး ကြည့်နေသည် ။

​ခဏအကြာတွင် ယန်ကျီဝမ်က မှတ်ချက်ပေးလိုက်သည် ။

​" အရသာက နည်းနည်း ပေါ့နေတယ်.. မီးအပူရှိန် အနေအထားကလည်း အများကြီး လိုသေးတယ်.. ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ကောင်းပါတယ်.. မဆိုးဘူး.. တိုးတက်မှု ရှိတယ်.. ဆက်ပြီး ကြိုးစားပါ .. "

​ထိုစကားကို ကြားသောအခါမှ မာဟွာ သက်ပြင်းချလိုက်နိုင်ပြီး အလျင်အမြန် ခေါင်းညိတ်လိုက်သည် ။

​" ဟုတ်ကဲ့ပါ ဆရာ.. ကျွန်တော် ကြိုးစားပါ့မယ် .. "

​ယနေ့က အိုးကြီးဟင်းကို သူ ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်း ဖြစ်သည် ။

​ဆရာကျောက်က ကျေးဇူးသိတတ်သူ တစ်ယောက်ဖြစ်ပြီး သူ့ကို လုပ်ငန်းစဥ် တစ်ခုလုံးတွင် လမ်းညွှန်ပေးခဲ့သည် ။

​ယန်ကျီဝမ်၏ စိတ်ကျေနပ်မှုနှင့် မပြည့်မီသေးသော်လည်း ဤမျှဆိုလျှင် ကောင်းမွန်နေပေပြီ ။

​နောင်တွင် ပို၍ လေ့ကျင့်ပါက သူ၏ စွမ်းရည်များ သေချာပေါက် တိုးတက်လာမည် ဖြစ်သည် ။

​ထို့အပြင် တာဝန်ခံဝမ်က သူ အိုးကြီးဟင်း ချက်တတ်သွားသည်နှင့် ခေါင်းဆောင် စားဖိုမှူးအဖြစ် ရာထူးတိုးပေးမည်ဟုလည်း ပြောထား၏ ။

​ခေါင်းဆောင် စားဖိုမှူး တစ်ယောက်အနေဖြင့် သူ၏ လစာက ၃၅ ယွမ်နှင့် ၅ ဆင့် ဖြစ်လာပေလိမ့်မည် ။

​လစာ ပိုများလာပါက ဘဝအတွက် မျှော်လင့်ချက် ရှိလာမည် ။

​ဤအရာအားလုံးက သူ ယန်ကျီဝမ်ကို ဆရာအဖြစ် ခံယူခဲ့သောကြောင့်ပင် ။

​ထိုသို့ တွေးမိသောအခါ သူက ယန်ကျီဝမ်ကို အလေးအနက် အရိုအသေပေးလိုက်ပြီး..

​" ဆရာ.. ကျေးဇူးတင်ပါတယ် .. "

​ယန်ကျီဝမ်က လက်ကာပြလိုက်ပြီး..

​" တော်ပါကွာ.. ဒီစကားတွေ ငါ နားထောင်ရတာ မကြိုက်မှန်း မင်းလည်း သိသားနဲ့.. အဲ့ဒီအစား အချိန်ရတုန်း သေချာသွားပြီး လေ့ကျင့်နေလိုက်တာကမှ ပိုကောင်းဦးမယ် .. "

​မာဟွာကို ပြန်လွှတ်ပြီးနောက် ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါးပင် ဟင်းအနည်းငယ်ကို စားလိုက်ပြီးနောက် ဆက်၍ အနားယူနေလိုက်သည် ။

​အလုပ်ဆင်းချိန် နီးလာသောအခါ ကျုံးရှန်း ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက် ဝင်လာခဲ့သည် ။

​ထိုလူငယ်၏ မျက်နှာပေါ်တွင် မာနကြီးသော အရိပ်အယောင်များ ရှိနေပြီး ယန်ကျီဝမ်ကို ကြည့်ကာ မေးလိုက်သည် ။

​" မင်းက ယန်ကျီဝမ်လား .. "

​ယန်ကျီဝမ်က ရှုပ်ထွေးဟန် ခေါင်းညိတ်လိုက်ပြီး..

​" မင်းက .. "

​" ငါက စက်ရုံမှူးယန်ရဲ့ အတွင်းရေးမှူးပဲ.. စက်ရုံမှူးယန်က ဒီနေ့ ဧည့်ခံပွဲ ရှိလို့ မင်းကို ဟင်းချက်ခိုင်းဖို့ ခေါ်ခိုင်းလိုက်တာ .. "

​ထိုလူက သူ၏ နာမည်ကို မပြောဘဲ အမိန့်ပေးသည့် လေသံဖြင့် ပြောသည် ။

​ယန်ကျီဝမ် မျက်မှောင်ကြုတ်လိုက်သည် ။

​သူ ဤလူ၏ လေသံကို လုံးဝ မကြိုက် ။

​မသိသောသူများက သူ့ကို တစ်ယောက်ယောက်၏ လက်ပါးစေဟုပင် ထင်သွားနိုင်သည် ။

​လီဟွိုင်တဲက သူ့အား ဟင်းချက်ခိုင်းလျှင် အမြဲတမ်း အကျိုးခံစားခွင့်များကို ပြန်ပေးလေ့ရှိသည်ကို သိထားသင့်သည် ။

​သူ ထိုအရာများကို မလိုအပ်သော်လည်း ဤသည်က စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်၏ ။

​သို့သော် စက်ရုံမှူးယန်သည်တော့ လက်ပါးစေ တစ်ယောက်ကဲ့သို့ အမိန့်ပေးလာသည် ။

​' ငါ မင်းတို့အပေါ် အကြွေးများ တင်နေလို့လား .. '

​ယန်ကျီဝမ်က ဂရုမစိုက်သည့်ဟန်ဖြင့် ..

​" သြော်..ဟုတ်လား... ဆောရီးပဲကွာ.. ငါ ခဏနေရင် စျေးဝယ်ထွက်စရာ ရှိသေးလို့ အချိန်မရဘူး .. "

​ထိုလူ၏ မျက်နှာက အေးစက်သွားပြီး အသံကို နှိမ့်၍ ...

​" မင်း ဘာပြောလိုက်တယ် .. "

​ယန်ကျီဝမ်က သူ့ကို မကြောက်ဘဲ ဂရုမစိုက်သည့်ဟန်ဖြင့်ပင် ထပ်ပြောလိုက်သည် ။

​" ငါ့မှာ အလုပ်ရှိသေးလို့ အချိန်မရဘူးလို့ ပြောလိုက်တာ .. "

​ထိုလူ၏ မျက်နှာက မည်းမှောင်သွားပြီး....

​" ငါဆိုလိုတာက.. တခြား စက်ရုံတွေက ခေါင်းဆောင်တွေကို ဧည့်ခံဖို့ စက်ရုံမှူးယန်က မင်းကို ဟင်းချက်စေချင်တာလို့ ပြောနေတာ .. "

​သူက စက်ရုံမှူးယန် ဆိုသည့် ဂုဏ်ပုဒ်ကို တမင်တကာ အလေးပေး၍ ပြောလိုက်ခြင်း ဖြစ်သည် ။

​ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး..

​" ငါ သိပါတယ်.. ဒါပေမဲ့ ဝယ်ယူရေး အလုပ်တွေနဲ့ အလုပ်များနေလို့ တခြားလူကိုပဲ ဟင်းချက်ခိုင်းလိုက်ပါလို့ စက်ရုံမှူးယန်ကို ပြောပြပေးပါ .. "

​ထိုလူက ယန်ကျီဝမ်ကို အေးစက်စွာဖြင့် ခဏတာ စိုက်ကြည့်နေပြီးနောက်....

​" မင်း... ကောင်းတယ် .. "

​ပြောပြီးနောက် ထိုလူ ထွက်သွားတော့သည် ။

Chapter 212

~

အခန်း ၂၁၂ : မောက်မာသော အရူး

~

​ယန်ကျီဝမ်က တစ်ဖက်လူ၏ ရင့်သီးသော စကားများကို စိတ်ထဲ မထည့်ပေ ။

​စက်ရုံမှူးယန် ကိုယ်တိုင် သူ့ထံ လာခဲ့လျှင်ပင် သူ့တွင် ဆင်ခြေရှိပြီးသား ဖြစ်သည် ။

​သူက ဝယ်ယူရေး ကိုယ်စားလှယ် ဖြစ်ပြီး ပစ္စည်းများ ဝယ်ယူရန်က သူ့အလုပ် ။ စက်ရုံက သူ့ကို လစာနှစ်ခု ပေးထားခြင်း မဟုတ်ချေ ။

​အကယ်၍ ထိုသူကသာ သူ့အား ကောင်းမွန်စွာ ပြောဆိုခဲ့လျှင် အဘိုးကြီးဝမ်၏ မျက်နှာကြောင့် သူ သဘောတူပေးနိုင်သည် ။

​သို့သော် အမိန့်ပေးသည့် လေသံဖြင့် မောက်မောက်မာမာ လာပြောနေလျှင်တော့ သူ မည်သည့်အတွက်ကြောင့် ကူညီပေးရမည်နည်း ။

​တခြားတစ်ဖက်တွင်တော့...

​ယန်ကျန့်ယဲ့သည် စက်ရုံမှူးယန်၏ ရုံးခန်းသို့ ပြန်ရောက်လာ၏ ။ ယန်ကျန့်ယဲ့က စက်ရုံမှူးယန်၏ အတွင်းရေးမှူး ဖြစ်သည် ။

​သူ ဝင်ဝင်ချင်းပင် ညည်းလိုက်သည် ။

​" ဦးလေး.. အဲ့ဒီ ယန်ကျီဝမ်က သူ့မှာ အချိန်မရှိဘူးတဲ့.. တခြားလူကိုပဲ ရှာလို့ ပြောလိုက်တယ်.. "

​" စက်ရုံမှာ ရာထူးနဲ့ပဲ ခေါ်ရမယ်လို့ မင်းကို ဘယ်နှခါ ပြောရမလဲ.. "

​စက်ရုံမှူးယန်က သူ့အား ဆူပူလိုက်ပြီးနောက် လက်ယမ်းကာ...

​" ရဲဘော်ယန်လေးက မအားဘူး ဆိုတော့လည်း ထားလိုက်ပါတော့.. "

​မှန်ပေသည် ။ ယန်ကျန့်ယဲ့သည် စက်ရုံမှူးယန်၏ တူဖြစ်၏ ။ သူက ယန်ကျီဝမ်နှင့် အသက်အရွယ် အတူတူလောက်သာ ရှိသေးသည် ။

​နောက်နှစ်အနည်းငယ် ကြာလျှင်တော့ ယန်ကျီဝမ်က ယန်ကျန့်ယဲ့အား သေချာပေါက် မှတ်မိပေလိမ့်မည် ။ ယန်ကျန့်ယဲ့သည် နောက်နှစ်အနည်းငယ် အကြာတွင် ယွီဟိုက်တန်အား လိုက်မည့်သူ ဖြစ်သည် ။

​သို့သော် ယခုအချိန်၌ ယွီဟိုက်တန်က အလယ်တန်းကျောင်းသူသာ ရှိသေးသဖြင့် ယန်ကျန့်ယဲ့အား နွားအို မြက်နုကြိုက်သည်ဟု ဆိုရပေမည် ။

​သို့ပေသိ ယခု ဟိုက်တန်က သူ၏ ခယ်မ ဖြစ်နေပြီမို့ ယန်ကျန့်ယဲ့ ဟူသော ဤနွားအိုကြီး အတွက် သေချာပေါက် အခွင့်အရေး မရှိတော့ချေ ။

​" ဒါဆို ဧည့်ခံပွဲကရော ဘယ်လိုလုပ်မလဲ.. "

​ယန်ကျန့်ယဲ့က နှာခေါင်းရှုံ့လိုက်ပြီး...

​" စက်ရုံမှူး. ကျွန်တော့် အထင်တော့ သူ မလုပ်ချင်လို့ တမင် ဆင်ခြေပေးနေတာ.. ဆရာ့ကို နည်းနည်းလေးတောင် အလေးမထားဘူး.. ဘယ်သူက ဒီလိုအချိန်ကြီး ပစ္စည်းလိုက်ဝယ်မှာလဲ.. "

​" ကောင်းပြီ.. ဒီကိစ္စအတွက် စိတ်ပူမနေနဲ့တော့.. "

​စက်ရုံမှူးယန်က ထပ်မပြောချင်တော့ပေ ။ ထိုသူက ခေါင်းဆောင်ဟောင်းနှင့် သိကျွမ်းနေသဖြင့် သူ ဘာများတက်နိုင်မည်နည်း ။

​ခဏရပ်သွားပြီးနောက် စက်ရုံမှူးယန်က မလိုလားဟန်ဖြင့်...

​" ရဲဘော်ယန်လေးက မအားဘူးဆိုတော့လည်း.. ဆရာဟဲ ကိုပဲ သွားခေါ်လိုက်တော့.. "

​သူ စဥ်းစားကြည့်လိုက်လျှင် ယန်ကျီဝမ်မှလွဲ၍ ရှာကျူး၏ ဟင်းချက်စွမ်းရည်ကလည်း စက်ရုံတွင် အတော်လေး ကောင်းမွန်သည်ပင် ။

​ယန်ကျန့်ယဲ့က ခေါင်းညိတ်၍ ထွက်သွား၏ ။

​သူ ကန်တင်းတွင် စုံစမ်းကြည့်ပြီးနောက် မသွားချင်သော်လည်း အများသုံးအိမ်သာသို့ လိုက်သွားခဲ့ရပြီး အိမ်သာဆေးနေသော ရှာကျူးကို တွေ့လိုက်ရသည် ။

​" ဆရာဟဲ.. စက်ရုံမှူးယန်က ခင်ဗျားကို ဧည့်ခံပွဲ ဟင်းသွားချက်ပေးစေချင်လို့တဲ့.. "

​ယန်ကျန့်ယဲ့က သူ၏ လာရင်းကိစ္စကို တိုက်ရိုက်ပင် ပြောလိုက်၏ ။

​" မချက်နိုင်ဘူး.. "

​ရှာကျူးက ခေါင်းပင်မမော့ဘဲ အရေးမထားဟန် ပြန်ဖြေလိုက်သည် ။

​တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ မထီမဲ့မြင် ပြုမှုများ ပြည့်နှက်နေ၏ ။

​အရင်ကတော့ သူတို့ ဘာလုပ်နေကြသည် မသိ ။ အကူအညီ လိုမှသာ သူ့အား သတိရနေကြ၏ ။

​သူအား ဤမျှလောက် ခေါ်ရလွယ်နေသည်ဟု ထင်နေကြသည်လော ။ စက်ရုံမှူးယန်၏ မနေ့က ပြီးစလွယ် ဆက်ဆံခဲ့သော အမူအရာအပေါ် သူ မကျေမနပ် ဖြစ်နေဆဲပင် ။

​" ခင်ဗျား ဘာပြောလိုက်တယ်.. "

​တစ်နေ့တည်း၌ပင် ခက်ခဲသော လူနှစ်ယောက်နှင့် ဆုံရလိမ့်မည်ဟု ယန်ကျန့်ယဲ့ လုံးဝ မျှော်လင့်မထားခဲ့ချေ ။ သူ့ဘဝကိုပင် သံသယ ဝင်လာမိ၏ ။

​ဤခေတ် ဤအခါကြီးတွင် စက်ရုံမှူးအား မည်သူမှ မကြောက်ကြ ပေဘူးလော ။

​ရှာကျူးက စိတ်မရှည်ဟန်ဖြင့်...

​" မင်း နားလေးနေတာလား.. ငါ မချက်နိုင်ဘူး.. သူ့ကို ယန်လောင်အာပဲ သွားရှာခိုင်းလိုက်.. "

'​ယန်လောင်အာ ဆိုပါလား.. '

​ယန်ကျန့်ယဲ့ မျက်မှောင်ကြုတ်သွားပြီး...

​" ခင်ဗျား ယန်ကျီဝမ်ကို ပြောနေတာလား.. သူက အချိန်မရှိဘူးလို့ ပြောတယ်.. "

​" ဒါဆို ငါလည်း အချိန်မရှိဘူး.. "

​ရှာကျူးက မသွားရန် အခိုင်အမာ ဆုံးဖြတ်ထားသည် ။

​" ခင်ဗျား.. ခင်ဗျား တော်တော် ဟုတ်နေပါလား.. "

​ယန်ကျန့်ယဲ့ ထပ်၍ ဒေါသထွက်သွားပြီး လှည့်ထွက်သွားချင်စိတ် ပေါက်သွား၏ ။

​သို့သော် စက်ရုံမှူးယန်တွင် ယနေ့ ဧည့်ခံပွဲ ရှိသေးသည်ကို တွေးမိလိုက်သည် ။ ဤသည်က အရေးကြီးသော ကိစ္စဖြစ်ပြီး လုံးဝ ဖျက်ဆီး၍ မဖြစ် ။

​ထို့ကြောင့် သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသကို မြိုသိပ်ကာ...

​" ခင်ဗျား ဟင်းချက်ဖို့ သဘောတူအောင် ဘာလုပ်ပေးရမလဲ.. "

​ရှာကျူး၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး မျက်လုံးကို မှေးကာ ပြောလိုက်သည် ။

​" ငါ့ကို သွားစေချင်ရင် ရပါတယ်.. ငါ့ကို ကန်တင်း ပြန်ပို့ပေးရုံပါပဲ.. "

​" ခု ငါက သန့်ရှင်းရေးသမားလေ.. အိမ်သာဆေးတဲ့ သူတစ်ယောက်ကို ကန်တင်းက အလုပ်တွေ လာလုပ်ခိုင်းဖို့ မင်း မျှော်လင့်မနေသင့်ဘူး ..ဟုတ်တယ်မလား... "

​ဤသည်ကား ရှာကျူး၏ တောင်းဆိုချက်ပင် ။

​မနေ့ညက ချင်ဟွိုင်ရု၏ စိတ်ပျက်နေသော မျက်နှာကို တွေးမိတိုင်း ရှာကျူး ရင်ထဲ၌ တဆစ်ဆစ် နာကျင်ရ၏ ။

​သူ စောစောက ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့သော်လည်း စက်ရုံမှူးယန်နှင့် ညှိနှိုင်းရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပေသည် ။

​ယန်ကျန့်ယဲ့ ခဏစဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်၍...

​" ကောင်းပြီ.. ကျွန်တော် အခု စက်ရုံမှူးယန်ကို သွားမေးလိုက်မယ်.. "

​ထိုသို့ပြောပြီးနောက် သူ ပြန်လာခဲ့သည် ။

​ရှာကျူး၏ နှုတ်ခမ်းများက အပေါ်သို့ အနည်းငယ် ကွေးတက်သွားပြီး အောင်ပွဲခံသည့် လေသံဖြင့်...

​" ဟမ့်.. ယန်လောင်အာ.. မင်းက သိပ်စွမ်းတာ မဟုတ်ဘူးလား.. ဒါပေမဲ့ ဘာအသုံးကျလို့လဲ.. ငါ ကန်တင်းကို ပြန်သွားဖို့ နည်းလမ်း ရှိသေးတယ် .. "

​သူ ကန်တင်းသို့ ပြန်ရောက်သည်နှင့် မာဟွာအတွက် ပြဿနာ ရှာပေးရမည် ။

​ယန်လောင်အာ၏ တပည့်လုပ်ရန် ထိုကောင်လေးကို မည်သူကများ ခိုင်းခဲ့သနည်း ။

​...

​" သူ တကယ် အဲ့လို ပြောလိုက်တာလား.. "

ရုံးခန်းထဲတွင် ရှာကျူး၏ တောင်းဆိုချက်ကို ယန်ကျန့်ယဲ့က ပြောပြလိုက်လျှင် စက်ရုံမှူးယန်က မျက်မှောင် ကြုတ်လိုက်၏ ။

​ယန်ကျန့်ယဲ့ ခေါင်းညိတ်လိုက်ပြီး...

​" စက်ရုံမှူး. ကျွန်တော့် အမြင်တော့ သူ့ကို သဘောမတူသင့်ဘူး.. သူ အခု ဆရာ့ကို ခြိမ်းခြောက်နေတာ.. ဒီလို အပြုအမူမျိုးကို အားမပေးသင့်ဘူး.. "

​စက်ရုံမှူးယန်က မှုန်ကုပ်ကုပ်ဖြင့်...

​" အဲ့ဒါဆို မင်း ဧည့်ခံပွဲဟင်း ချက်ပေးမလား.. "

​ယန်ကျန့်ယဲ့၏ မျက်နှာ တောင့်တင်းသွားသည် ။ သူက ဟင်းချက်ခြင်းနှင့် ပတ်သက်၍ ဘာမှမသိ ။ ရိုးရှင်းသော ပြောင်းဖူးပေါင်းကိုပင် ကောင်းကောင်း ပေါင်းတတ်သူ မဟုတ်ချေ ။

​စက်ရုံမှူးယန်က ခဏတာ စဥ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် အလျှော့ပေးရန် ဆုံးဖြတ်လိုက်သည် ။

​သူ မတတ်နိုင်သည့်ဟန်ဖြင့် လက်ယမ်းလိုက်ပြီး...

​" သူ့ကို သွားပြောလိုက်.. ဒီကိစ္စကို ငါ သဘောတူတယ်လို့.. ဒီ ဧည့်ခံပွဲကို သေသေချာချာ ချက်ပြီးတာနဲ့ သူ ကန်တင်းမှာ ပြန်လုပ်လို့ရပြီ.. "

​တခြား လုပ်စရာ ဘာမှမရှိတော့သဖြင့် စက်ရုံမှူးယန် ပြောလိုက်သည်များကို ရှာကျူးထံသို့ ယန်ကျန့်ယဲ့ သွားပြောပြရလေသည် ။

​ရှာကျူးက ထိုစကားကို ကြားလျှင် ဝမ်းသာသွားပြီး သူ၏ တံမြက်စည်းကို လွှင့်ပစ်ကာ ကန်တင်းဆီသို့ စောင့်ကြွားစောင့်ကြွားဖြင့် ထွက်လာခဲ့၏ ။

​အလုပ်ဆင်းချိန် နီးနေပြီဖြစ်၍ ကန်တင်းထဲရှိ လူတိုင်း သန့်ရှင်းရေး လုပ်နေကြလေပြီ ။

" အဟမ်း...အဟမ်း.."

​ရှာကျူးက မီးဖိုချောင် အဝင်ဝတွင် ရပ်လိုက်ပြီး တမင်သက်သက် နှစ်ချက်ခန့် ချောင်းဟမ့်လိုက်သည် ။

​သူ ရှာကျူး ပြန်ရောက်လာပြီဖြစ်ကြောင်း လူတိုင်းကို သိစေချင်ခြင်းပင် ။

​လျှိုလန်က သူ့ကို ပထမဆုံး သတိထားမိသွားပြီး မကျေမနပ်ဖြင့်...

​" ရှာကျူး.. ရှင် ကန်တင်းမှာ မလုပ်ရတော့ဘူးလေ.. မီးဖိုချောင်က တားမြစ်နယ်မြေ .. အပြင်လူတွေ ဝင်ထွက်ခွင့် မရှိဘူးဆိုတာ ရှင် မသိဘူးလား.. "

​" ဘယ်သူက မလုပ်ရတော့ဘူး ပြောလဲ.. "

​ရှာကျူး နှာခေါင်းရှုံ့လိုက်ပြီး...

​" စက်ရုံမှူးယန်က ငါ့ရဲ့ ပြစ်ဒဏ် ပြီးသွားပြီမို့ ကန်တင်းကို ပြန်လာလို့ရပြီလို့ ပြောတယ်.. "

​လျိုလန်က နှာခေါင်းရှုံ့လိုက်ပြီး...

​" ရှင် ပြောတိုင်း ယုံရမှာလား.. "

​ရှာကျူးက ပခုံးတွန့်လိုက်ပြီး...

​" နင် မယုံရင်လည်း နေပေါ့.. ဒါပေမဲ့ စက်ရုံမှူးက ငါ့ကို ဧည့်ခံပွဲဟင်း ချက်ခိုင်းထားတယ်.. အဲ့တာတစ်ခုခု လွဲချော်သွားရင် နင် တာဝန်ယူရလိမ့်မယ်.. "

​လျိုလန်၏ မျက်နှာ ပြောင်းလဲသွားပြီး အမှန်လား အမှားလား ရုတ်တရက် မဝေခွဲတတ်တော့ပေ ။

​ထိုအချိန်၌ပင် တာဝန်ခံဝမ် ရောက်လာသည် ။

​လျှိုလန်က ချက်ချင်းပင်...

​" ဆရာဝမ်.. ရှာကျူးက သူ ကန်တင်းကို ပြန်ပြောင်းလာပြီလို့ ပြောနေတယ်.. အဲ့တာ တကယ်ပဲလား.. "

​တာဝန်ခံဝမ်က အကူအညီမဲ့ဟန်ဖြင့်...

​" တကယ်ပဲ.. "

စက်ရုံမှူးယန်ထံမှ အမိန့်ကျလာကြောင်း သူ ခုလေးတင် အကြောင်းကြားစာ လက်ခံရရှိခဲ့ခြင်း ဖြစ်သည် ။

​ရှာကျူးက ခေါင်းကို ပို၍ပင် မော့ထားလိုက်၏ ။ သူတို့က သူ့ကို ကြည့်မရလျှင်ကော ဘာဖြစ်သနည်း ။

​သူ ဘာမှမဖြစ်ဘဲ ချောချောမွေ့မွေ့ ပြန်ရောက်လာလေပြီ ။

​လျှိုလန်နှင့် ကန်တင်းထဲရှိ အခြားသူများ ထိုစကားကို ကြားလျှင် အနည်းငယ် စိတ်ပျက်သွားကြ၏ ။ သူတို့ ကောင်းကောင်းမွန်မွန် နေရသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး ယခုတော့ အေးချမ်းတော့မည် မဟုတ်ပေ ။

​သို့သော်လည်း ဘာမှမဖြစ် ။ သူတို့၏ အပိုင်းကိုသာ သူတို့ လုပ်ရမည်ပင် ။

​ထို့ကြောင့် လူတိုင်း သန့်ရှင်းရေး အမြန်လုပ်ပြီး အလုပ်ဆင်းလျှင် အိမ်ပြန်ရန် ပြင်ဆင်နေကြ၏ ။

​တခြားသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသော်လည်း လျှိုလန် အလှည့်ရောက်သောအခါ ရှာကျူးက...

​" လျိုလန်..နင် အခု ပြန်လို့မရသေးဘူး.. ငါ့ကို ကူပေးရမယ်.. "

​လျှိုလန် ကြက်သေ သေသွားပြီးနောက် အာခံသည့်ဟန်ဖြင့်...

​" ဘာဖြစ်လို့လဲ.. "

​ရှာကျူးက ပြုံးလိုက်ပြီး...

​" နင် မလုပ်ချင်လည်း ရတယ်နော် .. "

​လျှိုလန် ဒေါသထွက်ပြီး အံကြိတ်လိုက်၏ ။ အကယ်၍ သူမ ပြန်သွားခဲ့လျှင် မနက်ဖြန်၌ ဆိုးကျိုးများကို သေချာပေါက် ခံစားရမည်ကို သူမ သိနေသည် ။

​ဤလူယုတ်မာက တမင်သက်သက် လုပ်နေခြင်းပင် ။ နောက်ဆုံးတွင် သူမ နေရန်သာ တတ်နိုင်တော့သည် ။

​လျှိုလန်အား ထိန်းချုပ်လိုက်နိုင်သည်ကို မြင်လျှင် ရှာကျူး အနည်းငယ် နေသာထိုင်သာ ရှိသွား၏ ။

​ထို့နောက် သူက မာဟွာဘက် လှည့်ကာ...

​" ပြီးတော့ မင်း မာဟွာ.. မင်းလည်း နေပြီး ကူပေးရမယ်.. "

​မာဟွာက တာဝန်ခံဝမ်ကို လှမ်းကြည့်လိုက်သော်လည်း တာဝန်ခံဝမ်က ခေါင်းခါပြသည် ။

​မာဟွာ မကျေနပ်သော်လည်း နေရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ ။

​ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှာကျူး၏ စိတ်အခြေအနေက ပို၍ပင် ကောင်းမွန်လာ၏ ။

​သူက တာဝန်ခံဝမ်အား ရန်စသည့် အကြည့်ဖြင့် တမင်သက်သက် ကြည့်လိုက်သေးသည် ။

​တာဝန်ခံဝမ်က ထိုသည်ကို မြင်လျှင် ဒေါသတကြီးဖြင့် လက်ကိုဝှေ့ယမ်းကာ ထွက်သွားလေတော့သည် ။

ဧည့်ခံပွဲ ပြီးသည့်နောက်...

​ ရှာကျူးက သီချင်းတညည်းညည်းဖြင့် ဖောင်းနေသော ထမင်းဘူး နှစ်ဘူးကို သယ်ကာ အိမ်သို့ ပြန်လာခဲ့၏ ။

​လျှိုလန်နှင့် မာဟွာတို့သည်တော့ ရှာကျူး၏ နှိပ်စက်ခံရသဖြင့် အလွန်ပင်ပန်း နွမ်းနယ်နေပုံ ပေါ်သည် ။

​ထိုသည်က အဆိုးဆုံး အပိုင်း မဟုတ်သေးပေ ။

​အဓိက အချက်မှာ ကျန်နေသော အစားအသောက် အားလုံးကို ရှာကျူးက ယူသွားခြင်းကြောင့် သူတို့ နှစ်ယောက်လုံး အလွန် ဒေါသထွက်နေကြသည် ။

All Chapters