အခန်း (၂၁၃-၂၁၄)
Vol. 21 Ch. 213-214
Chapter 213
~
အခန်း ၂၁၃ : ထမင်းဘူး
~
နေဝင် ရီတရော အချိန်....
ရှာကျူးက သီချင်းလေး ညည်းကာ ဖောင်းကားနေသော ထမင်းဘူး နှစ်ဘူးကို နောက်ပစ်၍ ကိုင်ထားပြီး ခြံဝန်းထဲသို့ လေပေါ်လွင့်နေသော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည် ။
' ဒီနေ့တော့ ငါ ခေါင်းမော့နိုင်ခဲ့ပြီ... '
ရှာကျူးက ဝမ်းသာအားရ တွေးလိုက်၏ ။
အထူးသဖြင့် သူ့ကိုကြည့်၍ ဒေါသထွက်နေသော်လည်း ဘာမှမလုပ်နိုင်သည့် ဖက်တီးဝမ်ကို မြင်ရသည်က အလွန်ပင် ကျေနပ်စရာ ကောင်းလှသည် ။
ထို့အပြင် လျှိုလန်နှင့် မာဟွာတို့ကိုပါ နှိမ်နှင်းနိုင်ခဲ့ပြီး မွှေးကြိုင်နေသော အသားနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါသည့် ထမင်းဘူး နှစ်ဘူးကိုပင် ယူလာနိုင်ခဲ့သေးသည် ။
ယနေ့ စိတ်အခြေအနေ ကောင်းနေသဖြင့် အိမ်ပြန်ရောက်လျှင် အောင်ပွဲခံသည့် အနေဖြင့် အရက် အနည်းငယ် သောက်သင့်သည်ဟု သူ တွေးလိုက်၏ ။
အလယ်ခြံဝန်းသို့ ပြန်ရောက်သောအခါ ချင်ဟွိုင်ရု ရေကန်ဘေးတွင် ထိုင်၍ အဝတ်လျှော်နေသည်ကို သူ မြင်လိုက်ရသည် ။
သူမက ခေါင်းငုံ့ကာ လက်ထဲမှ အဝတ်ကို ပွတ်လျှော်နေပြီး နဖူးပေါ်သို့ မတော်တဆ ကျလာသော ဆံနွယ်လေးကို လက်ခုံဖြင့် သပ်တင်လိုက်သည်ကို မြင်လျှင် ရှာကျူး၏ ရင်ထဲ၌ ကလိကလိ ဖြစ်သွားသည် ။
လက်ထဲမှ ထမင်းဘူးများ၏ အလေးချိန်ကို ခံစားမိလိုက်လျှင် ရှာကျူး ယုံကြည်မှုများ ချက်ချင်းပင် မြင့်တက်လာခဲ့သည် ။
သူက ပျော်ရွှင်စွာဖြင့် သူမအနီးသို့ သွားကာ...
" ညီမချင်.. အဝတ်လျှော်နေတာလား.. "
ချင်ဟွိုင်ရုက ခေါင်းမော့၍ သူ့ကို တစ်ချက်ကြည့်ကာ အေးစက်စက်ဖြင့်...
" အင်း.. အဝတ်လျှော်နေတာ.. "
သူမ၏ လျစ်လျူရှုထားသော အမူအရာကို မြင်သော်လည်း ရှာကျူး ဒေါသမထွက် ။ ထို့အစား သူက လက်ထဲမှ ထမင်းဘူးများကို တမင်သက်သက် လှုပ်ပြလိုက်လျှင် မွှေးကြိုင်သော ရနံ့များ ပျံလွင့်လာချေသည် ။
ချင်ဟွိုင်ရု၏ နှာခေါင်းလေး ရှုံ့ပွ ရှုံ့ပွ ဖြစ်သွားပြီး သူမ၏ မျက်လုံးများက ထမင်းဘူးများဆီသို့ အလိုအလျောက် ရောက်သွား၏ ။
" အို.. ရှာကျူး.. နင် ကန်တင်းမှာ ပြန်လုပ်ရပြီလား.. "
ချင်ဟွိုင်ရု၏ လေသံက ချက်ချင်းပင် တက်ကြွလာပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးပန်းတစ်ခု ပေါ်လာသည် ။
ရှာကျူးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မျက်ခုံးပင့်လိုက်ပြီး...
" ဒါပေါ့.. ငါ ဒီနေ့မှ ပြန်ရောက်တာ.. ပြီးတော့ ဧည့်ခံပွဲတောင် ချက်ပေးခဲ့ရသေးတယ်.. ကြည့်.. ငါ ကျန်တဲ့ အစားအသောက်တွေ ယူလာခဲ့တယ်.. "
ချင်ဟွိုင်ရု၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွား၏ ။
တခြားသူများ မသိသော်လည်း သူမက မည်သို့ မသိဘဲ နေမည်နည်း ။ ရှာကျူးက ကျန်သော အစားအသောက်များဟု ပြောသော်လည်း ခေါင်းဆောင်များအတွက် ဧည့်ခံပွဲဟင်း ချက်ပေးရတိုင်း သူယူလာသော ကျန်သည့် အစားအသောက်များဆိုသည်မှာ ကြိုတင်၍ တမင် ဖယ်ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း သူမ သိနေသည် ။
ထို့ကြောင့် သူမက အလျင်စလို မေးလိုက်သည် ။
" ဘာကောင်းတာတွေ ယူလာခဲ့တာလဲ.. ပန့်ကန့်လေ ဒီရက်ပိုင်း သူ့ဦးလေးရှာရဲ့ လက်ရာကို လွမ်းနေတယ်လို့ ခဏခဏ ပြောနေတာ.. "
ရှာကျူးက ရယ်မောကာ စနောက်လိုက်ပြီး...
" ဟီးဟီး ( အဆီပြန်ပြန် ပြီတီတီ မျက်နှာထားဖြင့် ရယ်သံ) .. ညီမချင်ကတော့ နော်.. ထမင်းဘူး ပါမလာတုန်းကတော့ စကားတောင် ကောင်းကောင်း မပြောချင်ဘဲ ထမင်းဘူးလည်း ပါလာရော ချက်ချင်း ပြုံးလိုက်တာပဲ.. "
ချင်ဟွိုင်ရု ထိုစကားကို ကြားသော်လည်း ရှက်ရွံ့ခြင်း မရှိဘဲ ပြုံးဖြီးဖြီးဖြင့်...
" အမယ်လေး... ဘယ်လိုတွေ ပြောနေတာလဲ.. ငါက နင့်ကို စိတ်ပူလို့ပါ..ပြီးတော့ ပန့်ကန့်က နင့်ရဲ့ တူလေ.. သူ့ကိုတော့ ဗိုက်ဆာအောင် မထားချင်ဘူးမလား .. "
ရှာကျူးက အကူအညီမဲ့စွာ ပြုံး၍ ခေါင်းခါလိုက်ပြီး လက်ထဲမှ ထမင်းဘူးများကို ကမ်းပေးလိုက်ကာ...
" ဟုတ်ပါပြီ.. ညီမချင်က ဒီလိုပြောလာမှတော့ ငါ မပေးဘဲ နေလို့မရတော့ဘူးပေါ့.. ရော့ ယူသွားလိုက်.. ငါလည်း ဒီလောက် အများကြီး မစားနိုင်ပါဘူး.. "
ချင်ဟွိုင်ရုက ထမင်းဘူးများကို ယူလိုက်ပြီး သူမ၏ အပြုံးက ပို၍ပင် တောက်ပသွား၏ ။ ထိုအပြုံးက ရှာကျူး၏ မှောင်မိုက်နေသော ကမ္ဘာကြီးအား လင်းထိန် သွားစေ၏ ။ သူမ ဖွင့်ကြည့်လိုက်သောအခါ အသားများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါနေပြီး မွှေးကြိုင်သော ရနံ့များ လွင့်ပျံလာသည် ။
သူမက ကျေးဇူးတင်စွာဖြင့်...
" ရှာကျူး.. နင်က တကယ် သဘောကောင်းတာပဲ.. ပန့်ကန့်တော့ ဒီည ကောင်းကောင်း စားရတော့မယ်.. "
( ရှာကျူးနဲ့ ချင်ဟွိုင်ရုက ဘယ်သူအသက်ပိုကြီးလဲ မပါပေမဲ့ ရွယ်တူနီးနီး ရှာကျူးက ပိစိလေး ပိုကြီးမယ်ထင်တယ်.. )
ရှာကျူးသည် အရက်နှင့် မြည်းရန် ထမင်းဘူး တစ်ဘူး ချန်ထားဖို့ စဥ်းစားထားသော်လည်း ချင်ဟွိုင်ရု၏ ပျော်ရွှင်နေသော မျက်နှာကို မြင်လိုက်ရသောအခါ ပြောမည့်စကားများ လည်ချောင်းထဲတွင် တစ်ဆို့သွားသည် ။
' ထားလိုက်ပါတော့.. အခု ကန်တင်းကို ပြန်ရောက်နေပြီပဲ.. ငါ့အတွက် အစားအသောက် မရှားပါဘူးလေ.. '
သူ တွေးလိုက်၏ ။
ထို့ကြောင့် သူက ရက်ရောစွာလက်ယမ်း၍ ပြုံးလိုက်ပြီး...
" ကောင်းပြီ.. ပြန်ယူသွားလိုက်တော့.. ငါလည်း အိမ်ပြန်နားတော့မယ်.. "
ချင်ဟွိုင်ရုက ခေါင်းတဆက်ဆက် ညိတ်ကာ ထမင်းဘူးများကို ပိုက်ထားပြီး ဖုံးကွယ်မရသော အပြုံးဖြင့်...
" ကောင်းပါပြီ ရှာကျူး.. ဂရုစိုက်သွားဦး.. နောက်နေ့မှ ပန့်ကန့်ကို နင့်ဆီ ကျေးဇူးလာတင်ခိုင်းလိုက်မယ်.. "
ရှာကျူးက လက်ယမ်းပြပြီးနောက် အိမ်သို့ ပြန်လာခဲ့သည် ။
...
ညစာစားချိန် ရောက်သောအခါ ...
ပန့်ကန့်က ထမင်းစားပွဲတွင် ထိုင်လိုက်သည်နှင့် အသားများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်ပါသော ထမင်းဘူး နှစ်ဘူးကို မြင်လိုက်ရသည် ။ သူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး အသားတစ်တုံးကို အလျင်စလို လှမ်းယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏ ။
" အရသာရှိလိုက်တာ.. အရမ်း မွှေးတာပဲ.. "
ပန့်ကန့်က စားရင်းနှင့်ပင် ချင်ဟွိုင်ရုအား မပီမသဖြင့်...
" မေမေ.. ဒီဟင်းတွေက ဘယ်ကရလာတာလဲ.. အသားတွေရောပဲ.. "
ချင်ဟွိုင်ရုက ပြုံး၍...
" ဒါ သားရဲ့ ဦးလေးရှာ ဆီကလေ.. သူ ဒီနေ့ ကန်တင်းမှာ ပြန်လုပ်ရပြီ.. ဧည့်ခံပွဲတောင် ချက်ပေးရသေးတယ်ဆိုပဲ.. အဲ့ဒါကြောင့် သူက ကျန်တဲ့ဟာတွေ ယူလာပေးတာ.. "
ထိုစကားများကို ယခုမှ ပြန်ရောက်လာသော ကျားဒုံရွှီ ကြားသွားသည် ။ သူက နားမလည်ဟန်ဖြင့်...
" ရှာကျူးက အိမ်သာဆေးဖို့ အပို့ခံထားရတာ မဟုတ်ဘူးလား.. ကန်တင်းကို ဘယ်လိုပြန်ရောက်သွားတာလဲ.. "
" ကျွန်မလည်း မသိဘူး.. သူပြောတာပဲ.. ဒါပေမဲ့ တကယ်ဖြစ်ရမယ်.. မဟုတ်ရင် ဒီဟာတွေကို သူ ဘယ်က ရလာမှာလဲ.. "
ချင်ဟွိုင်ရုက ပြန်ဖြေလိုက်သည် ။
ကျားဒုံရွှီက ခေါင်းညိတ်လိုက်ပြီး...
" အင်း ဟုတ်တာပဲ.. သူ ဘယ်လိုနည်းလမ်း သုံးပြီး ပြန်ရောက်သွားတာလဲ ဆိုတာပဲ ငါ မသိတာ.. "
ချင်ဟွိုင်ရုက ပေါ့ပေါ့ပါးပါးဖြင့်...
" ဘယ်သူက ဂရုစိုက်နေမှာလဲ.. အခု ရှာကျူး ကန်တင်းကို ပြန်ရောက်သွားပြီ ဆိုတော့လည်း ကျွန်မတို့မိသားစု အခြေအနေ ပိုကောင်းလာမှာပေါ့.. ပြီးတော့ ရှင့်ရဲ့ ဖိအားတွေလည်း အများကြီး လျော့သွားတာပေါ့.. "
ဤစကားများက ကျားဒုံရွှီအား သက်တောင့်သက်သာ မဖြစ်စေသော်လည်း သူ မငြင်းဆန်ခဲ့ပေ ။ အဘယ်ကြောင့်ဆိုသော် ဤသည်က အမှန်တရား ဖြစ်နေသောကြောင့်ပင် ။
သူ့ဆရာ ယီကျုံးဟိုင်ထံမှ အမြဲ ချေးငှားနေရခြင်းက အဖြေတစ်ခု မဟုတ်ချေ ။
သူတို့နှစ်ယောက် စကားပြောနေစဥ် ကျားကျန်းရှီနှင့် ပန့်ကန့်တို့က အငမ်းမရ စတင် စားသောက်နေကြလေပြီ ။
ကျားကျန်းရှီက အသားတစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီး အရသာခံ၍ စားနေ၏ ။
ပန့်ကန့်သည်လည်း အလျှော့မပေးဘဲ သူ၏ တူများက ထမင်းဘူးထဲမှ ဟင်းများကို အလျင်အမြန် ကောက်ယူနေသည် ။
မြေးအဘွား နှစ်ယောက်၏ တူတိုက်ပွဲ ဆင်နွှဲပြီးနောက် ထမင်းဘူးထဲရှိ အသားများနှင့် ဟင်းသီးဟင်းရွက် အများစု ကုန်သွားပြီး ပြန့်ကျဲနေသော ဟင်းရွက်ဖတ် အစအနည်းငယ်နှင့် ဟင်းရည်သာ ကျန်တော့သည် ။
ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့က စားပွဲပေါ်ရှိ ကျန်နေသော အစားအသောက်များကို ကြည့်ကာ အကူအညီမဲ့စွာ အချင်းချင်း ကြည့်လိုက်ကြ၏ ။
သို့သော် တစ်ယောက်က မိုက်မဲစွာ မိဘကို ရိုသေလွန်းသူ ဖြစ်ပြီး အခြားတစ်ယောက်ကလည်း သားဖြစ်သူကို အလွန် အလိုလိုက်သူ ဖြစ်နေသည် ။ သူတို့နှစ်ယောက်လုံး သက်ပြင်းသာ ချလိုက်ပြီး ဘာမှ မပြောကြပေ ။
ချင်ဟွိုင်ရုက ခါးသက်သက် ပြုံးလိုက်ပြီး...
" ဒုံရွှီ.. ရှင်က အလုပ်လုပ်ရတာ ပင်ပန်းတယ်.. ကျန်တာတွေ ရှင်ပဲ စားလိုက်ပါ.. "
သူမက ဟင်းရွက်ဖတ်နှင့် ဟင်းရည်သာ ကျန်တော့သော ထမင်းဘူးကို ကျားဒုံရွှီဘက်သို့ တွန်းပေးလိုက်သည် ။
ကျားကျန်းရှီက သားဖြစ်သူကို ဂရုမစိုက်သလို ပန့်ကန့်ကလည်း ငယ်သေးသဖြင့် ဘာမှနားမလည်ချေ ။ ထို့ကြောင့် သူမကသာ ဂရုစိုက်ပေးရတော့မည် ။
ဤကျားမိသားစုတွင် ကျားဒုံရွှီက တစ်ဦးတည်းသော အလုပ်လုပ်သူ ဖြစ်ပြီး သူ လဲကျသွား၍ မဖြစ် ။
သူမ၏ ယောက်ျားဖြစ်သူ တစ်နေ့တခြား ပိန်ချုံးလာသည်ကို မြင်လျှင် ချင်ဟွိုင်ရု၏ ရင်ထဲ၌ အလွန် နာကျင်ရ၏ ။
ကျားဒုံရွှီသည်လည်း ဇနီးသည်ကို ချစ်ခင်သော ခင်ပွန်းတစ်ယောက် ဖြစ်သည် ။ ထိုသည်ကို မြင်လျှင် သူက ပြန်တွန်းပေးလိုက်ပြီး...
" မင်းပဲ စားလိုက်ပါ.. အိမ်မှုကိစ္စတွေ လုပ်ရတာ မင်းလည်း ပင်ပန်းနေတာပဲ.. "
ကျားကျန်းရှီက ထပ်၍ သည်းမခံနိုင်တော့ပေ ။ သူမက ထမင်းဘူးကို ကျားဒုံရွှီ ရှေ့သို့ အတင်းချပေးလိုက်ပြီး နှာခေါင်းရှုံ့ကာ...
" ဒုံရွှီ.. မင်းက အလုပ်လုပ်ရတာ ပင်ပန်းတယ်.. မင်းပဲ စားလိုက်.. သူက အိမ်မှာ သိပ်လုပ်စရာ ရှိတာမဟုတ်ဘူး..ပြောင်းဖူးပေါင်း နှစ်လုံးလောက် စားလိုက်ရင် ရပြီ.. "
ထိုစကားကို ကြားသောအခါ ချင်ဟွိုင်ရု၏ မျက်လုံးများ မျက်ရည်ဝဲသွားပြီး မတရားသလို ခံစားလိုက်ရသည် ။
သူမက ယောက်ျားဖြစ်သူကို သနားသောကြောင့် ကျားဒုံရွှီအား ပေးခဲ့ခြင်းဖြစ်ပြီး မှန်ကန်သော လုပ်ရပ်သာ ဖြစ်သည် ။
သို့သော် ကျားကျန်းရှီက သူမအား ထိုသို့ ပြောလာသောအခါ သူမ မပျော်ရွှင်နိုင်တော့ပေ ။
ဤကျားမိသားစုတွင် အိမ်တွင်းအိမ်ပြင် မည်သည့်ကိစ္စကိုမဆို သူမကသာ မနားမနေ လုပ်ဆောင်နေရခြင်းပင် ။
ဆန့်ကျင်ဘက် အနေဖြင့် ကျားကျန်းရှီသည်တော့ အများကြီးသာ စားပြီး ဘာမှ မလုပ် ။
ယခုတော့ ဘာမှမလုပ်ဟု သူမအား အပြစ်တင်နေသေး၏ ။ သူမအတွက် တရားမျှတမှုက အဘယ်မှာနည်း ။
" အမေ.. ထပ်မပြောပါနဲ့တော့.. "
ကျားဒုံရွှီက ဖြန်ဖြေပေးလိုက်ပြီးနောက် ချင်ဟွိုင်ရုအား...
" ဟွိုင်ရု.. အတူတူ စားကြတာပေါ့.. "
" အင်း.. "
ချင်ဟွိုင်ရုက ကြည်နူးစွာဖြင့် ခေါင်းညိတ်လိုက်သည် ။
ကျားကျန်းရှီက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်၏ ။
သူမ၏ မျက်နှာအမူအရာကို ကြည့်လျှင် ချင်ဟွိုင်ရုက သူမအား အနိုင်ကျင့်ထားသည်ဟုပင် ထင်ရပေသည် ။
ဒုံရွှီသာ ဤတောသူမအား မယူခဲ့လျှင် ကျေးလက်တွင် အစားအစာ ရှာဖွေတူးဆွ နေရဦးမည် ဆိုသည်ကို ဤတောသူမက ထည့်မတွေးချေ ။ ယခုကဲ့သို့ ကောင်းမွန်သော ဘဝမျိုး သူမ ရနိုင်စရာ အကြောင်းမရှိ ။
ယခု ကျားမိသားစု၏ အခြေအနေ သိပ်မကောင်းသော်လည်း ကျေးလက်ဒေသထက်တော့ အများကြီး ပိုကောင်းနေသေးသည် ။ အနည်းဆုံးတော့ သူတို့ ငတ်မနေကြသည်က အမှန်ပင် ။
ဤသည်က ကျေးဇူးတရားများပင် ဖြစ်ပြီး သူမ ကျားကျန်းရှီ၏ ကျေးဇူးများသာ ဖြစ်သည် ။ ထိုစဥ်က သူမသာ သဘောမတူခဲ့လျှင် ချင်ဟွိုင်ရု ကျားမိသားစုထဲသို့ ဝင်လာနိုင်မည် မဟုတ်ချေ ။ ထိုအကြောင်းကို တွေးပင် တွေးကြည့်စရာ မလို ။
ထို့ကြောင့် ယခု ကျားကျန်းရှီ၏ အမြင်တွင် ချင်ဟွိုင်ရုက ရောင့်ရဲတင်းတိမ် သင့်ပေသည် ။
Chapter 214
~
အခန်း ၂၁၄ : အငြိုးထားခြင်း
~
ရက်အနည်းငယ်က တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့သည် ။
ယနေ့ မွန်းတည့်ချိန်တွင်....
ယန်ကျန်းယဲ့သည် စက်ရုံမှူးယန်၏ ရုံးခန်းဆီသို့ ကမန်းကတန်း သွားနေပြီး သူ၏မျက်နှာပေါ်တွင် အရေးတကြီးဖြစ်နေမှုနှင့် စိတ်လှုပ်ရှားနေမှုတို့ ရောယှက်နေသည် ။
သူက စက်ရုံမှူးယန်၏ ရုံးခန်းသို့ ရောက်သည်နှင့် တံခါးကိုပင် မခေါက်ဘဲ တွန်းဖွင့်ဝင်လိုက်၏ ။
" ဦးလေး.. ကျွန်တော် သတင်းပို့စရာ အရေးကြီးကိစ္စ တစ်ခုရှိတယ် ..."
ယန်ကျန်းယဲ့က ဝင်ဝင်ချင်းပင် လောတကြီး ပြောလိုက်သည် ။
" ဘာတွေ အဲ့လောက် အရေးကြီးနေလို့ တံခါးတောင် မခေါက်ဘဲ ဝင်လာရတာလဲ.. "
စက်ရုံမှူးယန်က စားပွဲတွင်ထိုင်ကာ စာရွက်စာတမ်းများကို စစ်ဆေးနေစဥ် ယန်ကျန်းယဲ့၏ အသံကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ပြီး မျက်မှောင် ကြုတ်လိုက်၏ ။
" ပြီးတော့ စက်ရုံထဲမှာ ငါ့ကို ရာထူးနာမည်နဲ့ပဲ ခေါ်ပါလို့ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ.. "
ယန်ကျန်းယဲ့က စက်ရုံမှူးယန်၏ အပြစ်တင်စကားကို လျစ်လျူရှုလိုက်သည် ။ သူ ဤသို့ အပြောခံရသည်မှာ အကျင့်ပါနေပြီဖြစ်ပြီး သူ၏ ဦးလေးကလည်း နှုတ်ဖြင့်သာ ဆူပူလေ့ရှိကြောင်း သူ သိထား၏ ။ သူက မကျေမနပ်ဖြစ်ဟန်ဖြင့် ...
" စက်ရုံမှူး.. ကျွန်တော် ဒီရက်ပိုင်းအတွင်း ယန်ကျီဝမ်ကို စုံစမ်းကြည့်တော့ သူက ဝယ်ယူရေးဌာန ရုံးခန်းထဲမှာ တစ်နေ့လုံး ဘာအလုပ်မှမလုပ်ဘဲ အချိန်ဖြုန်းနေတာကို သိခဲ့ရပါတယ်.. အဲ့ဒီနေ့က ဆရာ့ရဲ့ ဧည့်ခံပွဲအတွက် ဟင်းချက်ပေးဖို့ ငြင်းခဲ့တာကလည်း သူ တမင်သက်သက် လုပ်ခဲ့တာပါ.. သူက ဆရာ့ကို အထင်သေးနေတာ .."
သူ၏ အစီရင်ခံစကားကို ကြားသောအခါ စက်ရုံမှူးယန်၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည် ။ သူက ဘောပင်ကို ချလိုက်ပြီး အေးစက်စွာ မေးလိုက်၏ ။
" မင်း ဘာပြောလိုက်တယ်.. "
စက်ရုံမှူးယန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လျှင် သူပြောလိုက်သော စကားများ ထိရောက်သွားပြီဟု ယန်ကျန်းယဲ့ ထင်မှတ်သွားပြီး မီးလောင်ရာ လေပင့်ပေးလိုက်သည် ။
" စက်ရုံမှူး.. ကျွန်တော့်အမြင်ကို ပြောရရင် ခေါင်းဆောင်တစ်ယောက်ကို အဲ့ဒီလောက်တောင် မလေးမစားလုပ်တဲ့သူကို အလုပ်ထုတ်ပစ်သင့်တယ်.. ဒါမှမဟုတ်လည်း မှတ်လောက်သားလောက်ဖြစ်သွားအောင် ပြစ်ဒဏ်ကြီးကြီးမားမား ပေးသင့်တယ်.. "
ယန်ကျန်းယဲ့၏ လေသံတွင် အောင်နိုင်သူတစ်ယောက်၏ အရိပ်အယောင်များ ပါဝင်နေပြီး ယန်ကျီဝမ် အလုပ်ထုတ်ခံရမည့် မြင်ကွင်းကို သူ ကြိုမြင်နေမိသည် ။
သူ ယန်ကျီဝမ်ကို စုံစမ်းခဲ့ရသည့် အကြောင်းရင်းမှာ ထိုနေ့က ယန်ကျီဝမ်၏ ဆက်ဆံပုံကို အငြိုးထားနေသောကြောင့်ပင် ။
ယခုတော့ လက်စားချေရန် အခွင့်အရေး ရပြီဟု ခံစားလိုက်ရသဖြင့် စက်ရုံမှူးယန်ထံသို့ သတင်းပို့ရန် ပြေးလာခဲ့၏ ။
သို့သော် စက်ရုံမှူးယန်၏ တုံ့ပြန်မှုက သူ မျှော်လင့်ထားသည်နှင့် လုံးဝ မတူ ။ စက်ရုံမှူးယန်က စားပွဲကို ရိုက်ချလိုက်ပြီး ပြင်းထန်သော လေသံဖြင့် အော်လိုက်၏ ။
" တော်စမ်း .."
ယန်ကျန်းယဲ့ လန့်သွားပြီး စက်ရုံမှူးယန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည် ။
" စက်ရုံမှူး..... "
စက်ရုံမှူးယန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ငြင်းဆန်၍မရသော အာဏာပါသည့် လေသံဖြင့် ...
" ငါ ပါးစပ်ပိတ်ထားလို့ ပြောနေတယ်.. "
ယန်ကျန်းယဲ့ ဆွံအသွားပြီး မျက်နှာပျက်သွားသည် ။ သူ့ဦးလေးအရင်းက အဘယ်ကြောင့် ယန်ကျီဝမ်ကို ဤမျှအထိ ကာကွယ်ပေးနေရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ ။ သူက တူအရင်းမှ ဟုတ်ပါလေစ ။
သူ ယန်ကျီဝမ်၏ နောက်ခံကို စုံစမ်းထားပြီးဖြစ်သည် ။ ဝယ်ယူရေးဌာနသို့ ကံကောင်းထောက်မစွာ ရောက်လာသည့် သာမန် အဝယ်တော်လေး တစ်ယောက်သာ ဖြစ်၏ ။ ထိုသို့သော အရေးမပါသူ တစ်ယောက်ကို စကားတစ်ခွန်းတည်းဖြင့် ဖြေရှင်းပစ်၍ ရနေသည် ။
သို့သော် ယခုတော့ သူ့ဦးလေးက သူ့ကို ပြန်လည်ဆူပူနေသဖြင့် မတရားခံရသည် ခံစားလိုက်ရသည် ။
စက်ရုံမှူးယန်က အတော်လေး ခေါင်းကိုက်နေသော်လည်း ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ ။ ယန်ကျီဝမ်က ခေါင်းဆောင်ကြီးနှင့် အဆက်အသွယ် ရှိသူဖြစ်၍ ဤမျှ သေးငယ်သော ကိစ္စလေးဖြင့် ယန်ကျီဝမ်ကို သူ မည်သို့ ဖြေရှင်းရဲပါမည်နည်း ။
ထို့အပြင် သူက ဝယ်ယူရေးဌာနမှ ဖြစ်သည် ။ ကန်တင်းတွင် ကူညီရန် တာဝန်မရှိ ။ ထို့ကြောင့် ဧည့်ခံပွဲအတွက် ဟင်းချက်ပေးရန် ငြင်းခြင်းက အမှားမဟုတ်ပေ ။ ဤမျှ သေးငယ်သော ပြဿနာလေးကို သူ မည်သို့ အမှုတွဲ ကြီးကြီးမားမား တည်ဆောက်ရမည်နည်း ။ အကယ်၍ ဤကိစ္စသာ ခေါင်းဆောင်ကြီး၏ နားသို့ ရောက်သွားပါက သူ့ အလွယ်တကူ လွတ်မြောက်နိုင်မည် မဟုတ်ချေ ။
" ကဲ.. ငါ လုပ်စရာ အလုပ်တွေ ရှိသေးတယ်.. မင်း ထွက်သွားလို့ရပြီ .."
စက်ရုံမှူးယန်က လက်ဝှေ့ယမ်းကာ သူ့ကို နှင်ထုတ်လိုက်သည် ။ ယန်ကျန်းယဲ့သည် ရွေးချယ်စရာ မရှိတော့သဖြင့် နာကြည်းစွာ ထွက်လာခဲ့၏ ။
သို့သော် သူ မကျေနပ်နိုင် ။ တစ်သက်လုံးတွင် ဤမျှ ကြီးမားသော အရှုံးမျိုးကို မကြုံဖူးသဖြင့် ယန်ကျီဝမ်အပေါ် သူ၏ အမုန်းတရားက ပို၍ နက်ရှိုင်းသွားသည် ။
' ဟမ့်.. ခင်ဗျား မကူညီရင် ကျွန်တော့်ဘာသာ ကျွန်တော်ပဲ ရှင်းရတာပေါ့ ..'
ယန်ကျန်းယဲ့က ယန်ကျီဝမ်ကို မှတ်လောက်သားလောက် ဖြစ်သွားစေရန် လူမိုက်ငှား၍ ပညာပေးရန် လျှို့ဝှက်စွာ ကျိန်ဆိုလိုက်သည် ။ ထို့နောက် သူ သံမဏိစက်ရုံမှ ထွက်ခွာသွားလေတော့၏ ။
...
ယန်ကျီဝမ်သည်တော့ ထိုကိစ္စကို လုံးဝ မသိ ။ ညနေ ငါးနာရီခန့်တွင် သူ၏ ပြိုင်ကားကို နင်းကာ မိန်းမကို ကြိုရန် လမ်းရုံးဆီသို့ ထွက်လာခဲ့သည် ။
ယွီလီ ကိုယ်ဝန်ဆောင်ထားရသည်မှာ လအနည်းငယ်ကြာပြီဖြစ်၍ ဗိုက်ကလေးက အနည်းငယ် စူထွက်လာလေပြီ ။ ယန်ကျီဝမ်၏ အစီအစဥ်အရဆိုလျှင် ကိုယ်ဝန်ဆောင်ကာလတွင် အလုပ်ထွက်ပြီး အိမ်၌သာ အနားယူစေချင်သည် ။
သို့သော် ယွီလီက သဘောမတူခဲ့ချေ ။ နောက်ဆုံးတွင် ကိုယ်ဝန် ခုနစ်လ သို့မဟုတ် ရှစ်လ ရောက်မှသာ အလုပ်နားပြီး ကလေးမွေးရန် အိမ်တွင်နေမည်ဟု သူတို့နှစ်ဦး အပေးအယူ လုပ်ခဲ့ကြသည် ။ ကလေးမွေးပြီး မီးတွင်းကာလ ပြီးဆုံးသွားပါက အလုပ်ပြန်ဝင်မည် ဖြစ်သည် ။ ထိုအခါမှသာ ယွီလီ ကျေနပ်သွားတော့၏ ။
လမ်းသွယ်တစ်ခု၏ အဝင်ဝသို့ ရောက်သောအခါ လူမိုက်ရုပ်ပေါက်နေသော လူငယ်သုံးယောက်က ရုတ်တရက် ရှေ့မှ ပိတ်ရပ်လိုက်ကြသည် ။ ထိုသည်ကို မြင်လျှင် ယန်ကျီဝမ်က မျက်ခုံး ပင့်လိုက်ပြီး အေးအေးဆေးဆေး မေးလိုက်သည် ။
" ကောင်လေးတွေ ..မင်းတို့ ဘာကိစ္စ ရှိလို့လဲ.. "
" မင်းက ယန်ကျီဝမ်လား.. "
ခေါင်းဆောင်လူမိုက်က လှောင်ပြုံးပြုံးကာ ...
" မင်းကို ပညာပေးဖို့ တစ်ယောက်ယောက်က ပိုက်ဆံပေးပြီး ငှားထားတာ.. မင်းမှာ အသိဉာဏ်ရှိရင် ငါတို့ ရိုက်တာကို ငြိမ်ငြိမ်လေး ခံနေ .. ခုခံလို့ကတော့ ငါတို့ အဆိုး မဆိုနဲ့ .."
" သြော်.. ဘယ်သူကများလဲ.. "
ယန်ကျီဝမ် အနည်းငယ် ရှုပ်ထွေးသွားသည် ။ သူ မကြာသေးမီက မည်သူ့ကိုမှ ပြဿနာ ရှာထားခဲ့ခြင်း မရှိချေ ။ တစ်စုံတစ်ယောက်ကို ပြဿနာ ရှာခဲ့သည်ဆိုလျှင်ပင် ထိုသူမှာ ရှာကျူးသာ ဖြစ်နိုင်သည် ။
သို့သော် ရှာကျူး၏ စရိုက်အရ လက်စားချေမည်ဆိုပါက သူကိုယ်တိုင်သာ ချောင်းရိုက်မည် ဖြစ်သည် ။ ဘယ်တော့မှ လူငှား ရိုက်မည် မဟုတ် ။
ရှာကျူးမှလွဲလျှင် စက်ရုံမှူးယန်၏ အတွင်းရေးမှူးသာ ရှိပေတော့သည် ။ သို့သော် ဧည့်ခံပွဲအတွက် ဟင်းချက်ပေးရန် ငြင်းရုံမျှဖြင့် ဤမျှလောက်အထိ ကြီးကျယ်သွားစရာ အကြောင်း မရှိပေ ။ ယန်ကျီဝမ်သည် မည်သူ့ကို စော်ကားမိမှန်း စဥ်းစားကြည့်သော်လည်း မည်သူမှ သူ့ခေါင်းထဲ ပေါ်မလာခဲ့ချေ ။
" ဟမ့်..ငါတို့က မင်းကို ပြောပြမယ်လို့ ထင်နေတာလား.. "
ခေါင်းဆောင်လူမိုက်က နှာခေါင်းရှုံ့လိုက်ပြီး လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည် ။
" ညီအစ်ကိုတို့.. သူ့ကို ချကြ.. ငှားတဲ့လူက ခြေတစ်ဖက်ပဲ ကျိုးအောင်ရိုက်ဖို့ ပြောထားတာ.. သေအောင်တော့ မရိုက်ကြနဲ့.. "
" ဟုတ်ကဲ့ပါ..အကိုကြီး.. "
သူ့နောက်မှ လူမိုက်နှစ်ယောက်က လက်မောင်းလုံးခန့်ရှိသော သစ်သားတုတ်များကို ကိုင်ဆောင်ကာ ယန်ကျီဝမ်ထံသို့ ခြိမ်းခြောက်ဟန်ဖြင့် လျှောက်လာကြသည် ။
" မင်းတို့ကောင်တွေလောက်နဲ့များ .."
အကြောင်းပြချက် ပေးနေလျှင် လေသာကုန်မည်ကို သိလိုက်ရသဖြင့် ယန်ကျီဝမ်၏ မျက်နှာက အေးစက်သွား၏ ။ သူက စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး နောက်ဆုတ်မည့်အစား လူမိုက်တစ်ယောက်အနီးသို့ လျင်မြန်စွာ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်သည် ။ ကိုယ်လုံးကို လှည့်၍ ကျာပွတ်ဖြင့် ရိုက်ချလိုက်သကဲ့သို့ ခြေကန်ချက် တစ်ချက် ပေးလိုက်၏ ။
"ဖုန်း.."
" အွတ်..."
ယန်ကျီဝမ်၏ အင်အားမှာ သာမန်မဟုတ်ချေ ။ ကန်ချက်တစ်ချက်တည်းနှင့်ပင် ထိုလူမိုက် လွင့်ထွက်သွားသည် ။
" မင်းကများ ငါ့ ညီအစ်ကိုကို ထိရဲတယ်ပေါ့.. သေချင်နေတာပဲ .."
ထိုအဖြစ်ကို မြင်သောအခါ ကျန်လူမိုက်တစ်ယောက်က ချက်ချင်း ဒေါသထွက်သွားပြီး သစ်သားတုတ်ကို မြှောက်ကာ ယန်ကျီဝမ်၏ ခေါင်းကို ရိုက်ချလိုက်သည် ။ ယန်ကျီဝမ်က လက်မောင်းကို မြှောက်၍ ကာလိုက်၏ ။
"ဖောင်း.."
" ဂျွတ်.."
သစ်သားတုတ် နှစ်ပိုင်း ကျိုးသွားသည် ။ ရိုက်ချလိုက်သော လူမိုက်၏ မျက်နှာတွင် ထိတ်လန့်သွားဟန် ပေါ်လာ၏ ။ ထို့နောက် အော်ဟစ်သံ တစ်သံနှင့်အတူ အရင်လူ၏ ခြေရာအတိုင်း လိုက်သွားရတော့သည် ။
ခေါင်းဆောင်လူမိုက်သည်လည်း မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည် ။ ယနေ့ သူ ခက်ခဲသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိလိုက်သဖြင့် လှည့်ပြေးရန် ပြင်လိုက်၏ ။
သို့သော် ယန်ကျီဝမ်က သူ့ကို မည်သို့ အခွင့်အရေး ပေးမည်နည်း ။ သူက ခြေသုံးလှမ်းခန့်ဖြင့် အမီလိုက်သွားပြီး ဗိုက်ကို လက်သီးဖြင့် ထိုးချလိုက်သည် ။
" အား... "
လူမိုက်ခေါင်းဆောင်က အော်ဟစ်လိုက်ပြီး အစာအိမ်ထဲမှ အစာချေရည်များပင် ထွက်လာကာ ဗိုက်ကို အုပ်၍ နာကျင်စွာ အော်ဟစ်နေတော့သည် ။ ယန်ကျီဝမ်က သူ၏ ဆံပင်မှ ဆွဲမလိုက်ပြီး ...
" ပြောစမ်း.. မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ.. "
လူမိုက်က မပြောဘဲ မနေရဲ ။ သူက အလျင်အမြန်ပင် ဖြေလိုက်သည် ။
" သူ့နာမည်တော့ ကျွန်တော် မသိဘူး.. သူ့မျိုးရိုးနာမည်က ယန် ဆိုတာပဲ သိတယ်.. "
' မျိုးရိုးနာမည် ယန်.. '
ယန်ကျီဝမ် မျက်မှောင်ကြုတ်လိုက်သည် ။ စက်ရုံမှူးယန်၏ အတွင်းရေးမှူးကို ချက်ချင်း သတိရသွားပြီး ဆက်မေးလိုက်၏ ။
" အဲ့ဒီလူက အသက် နှစ်ဆယ်ဝန်းကျင်လောက်နဲ့ ကျုံးရှန်းဝတ်စုံ ဝတ်ထားတာလား.. "
" ဟုတ်တယ်.. ဟုတ်တယ်.. "
လူမိုက်ခေါင်းဆောင်က အလျင်အမြန် အတည်ပြုလိုက်သည် ။ ထိုစကားကို ကြားသောအခါ ဤကိစ္စကို စက်ရုံမှူးယန်၏ အတွင်းရေးမှူး လုပ်ခြင်းဖြစ်ကြောင်း ယန်ကျီဝမ် သေချာသွားတော့သည် ။ လူမိုက်ခေါင်းဆောင်က ယန်ကျီဝမ် တိတ်ဆိတ်သွားသည်ကို မြင်လျှင် သတိထား၍ မေးလိုက်သည် ။
" အစ်ကိုကြီး.. ကျွန်တော်တို့ သွားလို့ရပြီလား.. "
" သွားမှာလား.. "
ယန်ကျီဝမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် ။
" ဟမ့် ...ကိစ္စက မပြီးသေးဘူးလေ.. မင်းတို့က သွားချင်နေပြီလား .."
ထို့နောက် ယန်ကျီဝမ်က သူ့ကို သံမဏိစက်ရုံသို့ ပြန်ခေါ်သွားကာ လုံခြုံရေးဌာနသို့ အပ်နှံလိုက်ပြီး အခြေအနေကို ရှင်းပြလိုက်သည် ။ ထိုနောက်မှသာ ယွီလီကို ကြိုရန် ထွက်လာခဲ့၏ ။