← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 21 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 21 Ch. 217-218

Chapter 217

~

အခန်း ၂၁၇ : အပေးအယူနှင့် လျော်ကြေး

~

​စက်ရုံမှူးယန် ဝယ်ယူရေးဌာနမှ ထွက်လာချိန်တွင် အလွန်ပင် စိတ်ပင်ပန်းနွမ်းနယ်နေလေပြီ ။

​သူ၏ ကိုယ်ပိုင်ရုံးခန်းဆီသို့ မပြန်ဘဲ ဌာနမှူး လီဟွိုက်တဲ၏ ရုံးခန်းဆီသို့ သွားလိုက်၏ ။

​ယန်ကျန့်ယဲ့ ၏ ပြဿနာက သေးငယ်သည် မဟုတ်ပေ ။ အကယ်၍ ပြစ်မှုထင်ရှားပါက ထောင်ကျနိုင်သည် ။

​သံမဏိစက်ရုံ၏ စက်ရုံမှူးတစ်ဦးအနေဖြင့် ဤကိစ္စကို ဘက်မလိုက်ဘဲ မျှတစွာ ကိုင်တွယ်ရမည်ဆိုလျှင် သူသည် အများအကျိုးအတွက် ကိုယ့်ဆွေမျိုးကိုပင် စတေးရပေလိမ့်မည် ။

​သို့သော်လည်း မုဆိုးမဖြစ်နေသော မရီးဖြစ်သူကို တွေးမိလိုက်ချိန်တွင်တော့ ထိုသို့ ရက်စက်ရန် သူ မတတ်နိုင်ခဲ့ချေ ။

​သို့တိုင်အောင် ယန်ကျီဝမ်၏ သဘောထားက အလွန် ရှင်းလင်းနေပြီး ကျေအေးပေးရန် ဆိုသည်က လုံးဝ မဖြစ်နိုင် ။

​ထို့ကြောင့် သူသည် ဌာနမှူး လီဟွိုက်တဲဘက်မှ ကြိုးစားကြည့်ရန်သာ ကျန်လေသည် ။

​လုံခြုံရေးဌာနကို ဌာနမှူး လီဟွိုက်တဲက တာဝန်ယူ စီမံထားခြင်းဖြစ်၍ သူသာ ယန်ကျန့်ယဲ့ကို ကယ်တင်လိုပါက လီဟွိုင်တဲထံသို့ သွားရန်သာ ရှိတော့၏ ။

( ဒါပေမဲ့ လုံခြုံရေး ဌာနက သပ်သပ် ဆရာကြီးတွေ.. လုံခြုံရေး ဌာနမှူးက စက်ရုံမှူးထက် ရာထူးနိမ့်ပေမဲ့ စက်ရုံမှူးရဲ့ အမိန့်ကို နာခံစရာ မလိုဘူး.. သူတို့က စက်ရုံ လုံခြုံရေး ဆိုပေမဲ့ ရန်သူအေးဂျင့်တွေ သောင်းကြမ်းလို့ လက်နက်အပြည့်အစုံ တပ်ဆင်ထားတာ .. သာမန်တပ်ရင်းထက် လက်နက် ပိုတောင့်တယ်.. လေယာဥ်ပစ်တွေတောင် ရှိတယ် 🤣 )

​သို့ရာတွင် သူတို့နှစ်ဦးက ပြိုင်ဘက်များဖြစ်သဖြင့် ဌာနမှူး လီဟွိုက်တဲအား အကူအညီတောင်းရန် မလွယ်ကူလှချေ ။

​သို့သော်ငြား ယခုအချိန်တွင် သူ၏ စိတ်ကိုတင်း၍ သွားရန်သာ ရှိတော့သည် ။

​" မင်္ဂလာပါ စက်ရုံမှူးယန် .."

​ဌာနမှူး လီဟွိုက်တဲ၏ ရုံးခန်းအပြင်ဘက်တွင် ရှိနေသော အတွင်းရေးမှူးဖြစ်သူ အတွင်းရေးမှူးကျိုးက နှုတ်ဆက်လိုက်သည် ။

​ညွှန်ကြားရေးမှူးယန်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး...

​" ရှောင်ကျိုး.. ဌာနမှူးလီ ရှိလား.. "

​" ရှိပါတယ်.. "

​အတွင်းရေးမှူးကျိုးက တံခါးကို ခေါက်လိုက်ပြီး အထဲသို့ လှမ်းပြောလိုက်သည် ။

​" ဌာနမှူး.. စက်ရုံမှူးယန် ရောက်နေပါတယ်.. "

​မကြာမီပင် ဌာနမှူး လီဟွိုက်တဲ၏ အသံက အထဲမှ ထွက်ပေါ်လာ၏ ။

​" ဝင်ခဲ့ပါ.. "

​အတွင်းရေးမှူးကျိုးက တံခါးဖွင့်ပေးကာ ...

​" စက်ရုံမှူးယန်.. ဝင်ပါခင်ဗျာ .."

​စက်ရုံမှူးယန် ဝင်သွားသည်နှင့်တပြိုင်နက် အတွင်းရေးမှူးကျိုးက တံခါးပြန်ပိတ်ပေးလိုက်သည် ။

ဌာနမှူး လီဟွိုက်တဲက စိတ်အားထက်သန်နေဟန် ဟန်ဆောင်ကာ ရှေ့သို့ တိုးလာပြီး...

​" လောင်ယန်.. ဘယ် လေတိုက်လာတာလဲ.. လာ.. ထိုင်ပါဦး .."

စက်ရုံမှူးယန်က ခေါင်းခါလိုက်ပြီး...

​" မထိုင်တော့ပါဘူး... ဌာနမှူးလီ.. ကျုပ်က ယန်ကျန့်ယဲ့ ကိစ္စအတွက် လာခဲ့တာပါ.. ခင်ဗျားဘက်က မျက်နှာသာပေးဖို့ ဘာတွေ လိုအပ်မလဲဆိုတာ သိချင်လို့ .."

​ထိုစကားကို ကြားသောအခါ ဌာနမှူး လီဟွိုက်တဲ၏ ရင်ထဲတွင် ဝမ်းသာပီတိ ဂွမ်းဆီထိသွား၏ ။

​စက်ရုံမှူးယန်က ယန်ကျီဝမ်ထံ သွားတွေ့ခဲ့သည်ဆိုသော သတင်းကို သူ ခုလေးတင် ကြားထားခဲ့ခြင်း ဖြစ်သည် ။

​သို့သော်လည်း ယခု သူ့ထံသို့ ရောက်လာပြီဖြစ်၍ ယန်ကျီဝမ်ဘက်က လုံးဝ အလျှော့မပေးခဲ့သည်မှာ သေချာနေချေပြီ ။

​ဤအခြေအနေက ကိစ္စရပ်များကို ပို၍ စိတ်ဝင်စားစရာ ကောင်းသွားစေသည် ။

​ရင်ထဲတွင် ပန်းများ ပွင့်လန်းနေသကဲ့သို့ ဝမ်းသာနေသော်လည်း ဌာနမှူး လီဟွိုက်တဲက အခက်တွေ့နေဟန်ဖြင့်...

​" အို.. လောင်ယန်.. ခင်ဗျားက ကျုပ်ကို တကယ် အခက်တွေ့အောင် လုပ်နေတာပဲ.. ယန်ကျန့်ယဲ့ ကိစ္စက ဆုံးဖြတ်ပြီးသွားသလို သက်သေအထောက်အထားတွေကလည်း ခိုင်လုံနေတယ်.. နစ်နာသူဘက်က ခွင့်လွှတ်တာမျိုး မရှိရင် သက်ညှာပေးလို့ မရဘူးလေ.. ကျုပ်လည်း မကူညီနိုင်ဘူးဗျ... "

​စက်ရုံမှူးယန်၏ ရင်ထဲ လေးလံသွားသည် ။

​' နစ်နာသူဆီက ခွင့်လွှတ်မှု ရနိုင်ရင် ခင်ဗျားဆီ လာတောင်းဆိုနေစရာ လိုသေးလို့လား '

​သူ တွေးလိုက်မိ၏ ။

​သို့သော် ဌာနမှူး လီဟွိုက်တဲက အပေးအယူလုပ်မည့် ကမ်းလှမ်းချက်ကို စောင့်နေမှန်း သူ ကောင်းကောင်း သိနေသည် ။

​သူက ယန်ကျန့်ယဲ့ကို ပစ်ပယ်ထား၍ မရနိုင်သဖြင့် အလျှော့ပေးလိုက်ရလေသည် ။

​" ယန်ကျန့် ထောင်ထဲ ဝင်သွားလို့ မဖြစ်ဘူး.. အဲ့ဒါက ကျုပ်ရဲ့ နောက်ဆုံးစည်းပဲ.. မကြာခင်မှာ ဒုစက်ရုံမှူးဖူက ပြောင်းရွှေ့ခံရပြီး ဒုစက်ရုံမှူး အသစ်တစ်ယောက် ပြန်ရွေးချယ်ရလိမ့်မယ်.. ရွေးကောက်ပွဲ အစည်းအဝေးကျရင် ကျုပ်ရဲ့ မဲကို ခင်ဗျားအတွက် ထည့်ပေးပါ့မယ်.. "

​ထိုစကားကို ကြားသောအခါ ဌာနမှူး လီဟွိုက်တဲ၏ ရင်ထဲတွင် ဝမ်းသာလုံးဆို့သွား၏ ။

​သူသည် ဒုစက်ရုံမှူး နေရာအတွက် ကြံစည်နေခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ထားခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသေးသည် ။ အဓိက အကြောင်းရင်းမှာ စက်ရုံမှူးယန်က သဘောမတူသောကြောင့် ပင် ။

​သို့သော် အိပ်ချင်နေချိန် ခေါင်းအုံးနှင့် တည့်တည့်တိုးမည်ဟု သူ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ ။ တစ်ဖက်လူက ဤအခွင့်အရေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကမ်းလှမ်းလာခဲ့လေပြီ ။

​သူက အားနာဟန် ရယ်လိုက်ပြီး...

​" ဟဲဟဲ ...လွယ်ပါတယ် လွယ်ပါတယ်.. ကျုပ်တို့ အားလုံးက ရဲဘော်ရဲဘက်တွေပဲ.. အချင်းချင်း ကူညီသင့်တာပေါ့.. ဒီကိစ္စကို ကျုပ် လက်ခံပါတယ်.. ဒါပေမဲ့ ထိုက်တန်တဲ့ အပြစ်ပေးမှုတော့ ရှိရမယ်.. ဘာပဲဖြစ်ဖြစ် နစ်နာသူကိုတော့ ရှင်းပြဖို့ လိုသေးတယ်မလား .."

​" ကြီးလေးတဲ့ ပြစ်ဒဏ် မှတ်တမ်းတင်လိုက်ပါ.. ပြီးရင် သူ့ကို သံမဏိစက်ရုံကနေ ကျုပ် ပြောင်းပစ်လိုက်မယ် .."

​" အင်း.. ဒီလောက်ဆိုရင်တော့ လက်ခံနိုင်လောက်ပါတယ် .."

​ဌာနမှူး လီဟွိုက်တဲသည် ထိုစကားကို ကြားသောအခါ လက်ခံနိုင်ဖွယ်ရှိသည်ဟု ခံစားလိုက်ရသည် ။

​အစက သူ အလုပ်ထုတ်ပစ်ရန် ပြောလိုသော်လည်း ယခု အကျိုးအမြတ် ရရှိသွားပြီဖြစ်၍ ဤမျှ သေးငယ်သော ကိစ္စလေးအတွက် ငြင်းခုံနေရန် မလိုအပ်တော့ချေ ။

​လိုချင်သောအရာကို ရရှိသွားပြီဖြစ်၍ ဌာနမှူး လီဟွိုက်တဲက အပြုံးမျက်နှာဖြင့် စက်ရုံမှူးယန်အား လိုက်လံပို့ဆောင် နှုတ်ဆက်လိုက်သည် ။

​ထို့နောက် သူက အတွင်းရေးမှူးကျိုးအား ပြောလိုက်၏ ။

​" ရှောင်ကျိုး.. ယန်ကျီဝမ်ကို ဒီလာခဲ့ဖို့ သွားခေါ်ချေ... "

​" ဟုတ်ကဲ့ပါ ဌာနမှူး .."

​အတွင်းရေးမှူးကျိုး ထွက်သွားသည် ။

​မကြာမီပင် ယန်ကျီဝမ်နှင့်အတူ ပြန်ရောက်လာ၏ ။

​ရုံးခန်းထဲ ဝင်လာပြီးနောက် ယန်ကျီဝမ်က မေးလိုက်သည် ။

​" ဌာနမှူး.. ကျွန်တော့်ကို ခိုင်းစရာ ရှိလို့လား.. "

​" အရင် ထိုင်ပါဦး .."

​ဌာနမှူး လီဟွိုက်တဲက သူ့ကို ထိုင်ရန် အချက်ပြလိုက်ပြီး ပြုံးကာ...

​" ဘာခိုင်းစရာ ရှိရမှာလဲ.. မင်းနဲ့ ရှန်းလီက ညီအစ်ကိုကောင်းတွေပဲ.. အဲ့ဒီလို စကားတွေ ပြောနေတာက မင်းကို သူစိမ်းတစ်ယောက်လို ဖြစ်သွားစေတယ်..ရှန်းလီက ငါ့တူဆိုတော့ မင်းလည်း ငါ့တူပါပဲ.. "

​စကားခဏ ရပ်လိုက်ပြီးနောက် ဌာနမှူး လီဟွိုက်တဲက ရုတ်တရက်...

​" ခုနလေးတင် စက်ရုံမှူးယန် ငါ့ဆီ လာသွားတယ်.. "

​"သြော်.."

​ယန်ကျီဝမ်က မျက်ခုံးပင့်လိုက်သော်လည်း ဘာမှ ပြန်မပြောချေ ။

​" ကောင်စုတ်လေး.. "

ဌာနမှူး လီဟွိုက်တဲက ယန်ကျီဝမ်ကို လက်ညှိုးထိုး၍ ပြုံးလိုက်ပြီးနောက် အံဆွဲထဲမှ ကူပွန် အထပ်လိုက်ကြီးကို ဆွဲထုတ်လိုက်သည် ။

​ယန်ကျီဝမ်က အကြမ်းဖျင်း ကြည့်လိုက်ရာ ထိုအထဲတွင် လက်မှတ် အမျိုးအစားများစွာ ပါဝင်ပြီး အရေအတွက်ကလည်း တော်တော်များများ ရှိနေသည်ကို မြင်လိုက်ရ၏ ။

​ထို့နောက် ဌာနမှူး လီဟွိုက်တဲက ဆက်ပြောသည် ။

​" ခုနက စက်ရုံမှူးယန် လာသွားတာ ယန်ကျန့်ယဲ့ကို လွှတ်ပေးဖို့ တောင်းဆိုချင်လို့လေ.. အစကတော့ ငါ သဘောမတူဖို့ တွေးထားတာ.. ဒါပေမဲ့ သူက ငါ ငြင်းလို့ မရတဲ့ အပေးအယူတစ်ခုနဲ့ ကမ်းလှမ်းလာတယ်.. "

​" ဒါပေမဲ့ ယန်ကျန့်ယဲ့လည်း ပြစ်ဒဏ်တော့ ခံရမှာပါ.. ကြီးလေးတဲ့ ပြစ်ဒဏ် မှတ်တမ်းဝင်သွားပြီးရင် သူ သံမဏိစက်ရုံကနေ ထွက်သွားရလိမ့်မယ်.. "

​" ဒီကူပွန်တွေက မင်းအတွက် ငါ့ရဲ့ လျော်ကြေးပဲ .."

​ထိုသို့ပြောပြီးသည်နှင့် ကူပွန်များကို ယန်ကျီဝမ်ထံသို့ ကမ်းပေးလိုက်သည် ။

​ယန်ကျီဝမ် သဘောပေါက်သွားသော်လည်း ဌာနမှူး လီဟွိုက်တဲ၏ ချဥ်းကပ်ပုံက သူ့ကို အနည်းငယ်တော့ အံ့အားသင့်သွားစေခဲ့သည် ။

​ ဌာနမှူး လီဟွိုက်တဲသည် သူ့ကို အသိပေးစရာ မလိုဘဲ ဤကိစ္စကို ကျော်လွန် ဆောင်ရွက်သွားနိုင်သည် ။

​သို့ပေသိ သူ့ကို ရှင်းပြလာသည့်အပြင် လျော်ကြေးပင် ပေးလာသေး၏ ။

​ဤသို့သော လုပ်ဆောင်ပုံမျိုးက လူတစ်ယောက်ကို အလွန် သက်သောင့်သက်သာ ခံစားရစေသည် ။

​စက်ရုံမှူးယန်သည် ယန်ကျန့်ယဲ့ကို ထောင်အကျခံမည် မဟုတ်ဘဲ အများဆုံး ပြစ်ဒဏ်တစ်ခုလောက်သာ ခံစေမည်ကို ယန်ကျီဝမ်က ကြိုတင် ခန့်မှန်းထားသည် ။

​အလွန်ဆုံးမှ အလုပ်ထုတ်ခံရုံလောက်သာ ရှိမည် ။

​သူက အဘိုးဝမ်ထံ သွားတိုင်မည် ဆိုပါက ရနိုင်သော်လည်း ထိုသို့လုပ်ခြင်းက အဘိုးဝမ်ကို အခက်တွေ့စေရုံသာ ရှိပေလိမ့်မည် ။

​မည်သို့ဆိုစေကာမူ စက်ရုံမှူးယန်သည်လည်း အဘိုးဝမ် သား၏ လူတစ်ယောက် ဖြစ်နေပေသည် ။

​လက်ရှိ ရလဒ်နှင့် ပတ်သက်၍ သူ အလွန်ပင် ကျေနပ်သည် ။

​ထို့ကြောင့် ယန်ကျီဝမ်က ပျော်ရွှင်စွာဖြင့် လက်မှတ်များကို လှမ်းယူလိုက်ပြီး...

​" ဟမ့်.. ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဘာမှ မထိခိုက်ပါဘူး.. အဲ့ကောင်ကို ကြည့်မရလို့ သဘောမတူလိုက်တာ... .. ​ဌာနမှူးက ဒီလောက်တောင် ပြောလာမှတော့ ကျွန်တော့်ဘက်ကလည်း ဌာနမှူး မျက်နှာကို ပေးရမှာပေါ့.. "

​ဤစကားကို ကြားသောအခါ လီဟွိုက်တဲက ကျေနပ်အားရစွာဖြင့် ယန်ကျီဝမ်၏ ပခုံးကို ပုတ်လိုက်ပြီး အားရပါးရ ရယ်လိုက်သည် ။

​"ဟားဟားဟား.. ကောင်းတယ်.. ကောင်းတယ်.. ကောင်းတယ်.. ကောင်စုတ်လေး မင်းက တော်တော် သိတက်တာပဲ... မင်းကို ငါ တော်တော် သဘောကျသွားပြီ .."

​ယန်ကျီဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ထိတ်လန့်သွားဟန် ဆောင်ကာ...

​" ​ဌာနမှူး.. အဲ့လိုတော့ မပြောပါနဲ့.. ကျွန်တော့်မှာ မိန်းမရှိတယ်.. ပြီးတော့ ကျွန်တော်က အဲ့ဒီလိုမျိုး ဝါသနာမပါဘူး .."

​​ဌာနမှူး လီဟွိုက်တဲ ကြက်သေသေသွားပြီးနောက် ယန်ကျီဝမ်၏ ဆိုလိုရင်းကို ခဏနေမှ သဘောပေါက်သွားကာ...

​" မင်းတော့.. ငါလည်း အဲ့လိုမျိုး ဝါသနာမပါပါဘူးကွ.. မင်း စိတ်ချလက်ချ နေလို့ရတယ်.. "

​" အဲ့ဒါဆိုရင်တော့ တော်ပါသေးရဲ့ .."

​ယန်ကျီဝမ်က သက်ပြင်းချကာ စိတ်အေးသွားဟန်ဖြင့် ရင်ဘက်ကို သပ်ချလိုက်သည် ။

​ထို့နောက်တွင် ဌာနမှူး လီဟွိုက်တဲက သူ့အား နောက်ထပ် စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပြောဆိုပြီးမှ ပြန်လွှတ်လိုက်၏ ။

​ဤအဖြစ်အပျက်က ဌာနမှူး လီဟွိုက်တဲအား ဒုစက်ရုံမှူး အဖြစ် ရာထူးတိုးရန် အကြောင်းဖန်လာလိမ့်မည်ဟု ယန်ကျီဝမ် မျှော်လင့်မထားခဲ့ပေ ။

​အကယ်၍ သူသာ ကြိုသိခဲ့မည်ဆိုလျှင် လျော်ကြေးနည်းလွန်းကြောင် ညည်းညူမိပေမည် ။

​...

​အလုပ်ဆင်းပြီးနောက် ...

​သူက လမ်းရုံးမှ ယွီလီကို ဝင်ကြိုပြီး အိမ်သို့ ပြန်လာခဲ့သည် ။

​ခြံဝင်းထဲသို့ ပြန်ရောက်ရောက်ချင်းမှာပင် ဝင်ပေါက်၌ စောင့်နေသော ယန်ဖူကွေ့ကို မြင်လိုက်ရ၏ ။

​ယန်ကျီဝမ်နှင့် ယွီလီတို့ ပြန်ရောက်လာသည်နှင့်တပြိုင်နက် ယန်ဖူကွေ့က စိုးရိမ်တကြီးဖြင့် ...

​" ဒုတိယသား.. မနေ့က မင်းကို တစ်ယောက်ယောက်က ချောင်းရိုက်တယ်ဆို.. စက်ရုံမှာတောင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်ဆိုပဲ.. မင်း အဆင်ပြေရဲ့လား.. စက်ရုံကရော အဲ့ဒါကို ဘယ်လို ဖြေရှင်းပေးလိုက်လဲ.. "

​ဤသည်ကို ကြားသောအခါ ယန်ကျီဝမ် ချက်ချင်း တွေးလိုက်မိသည် ။

​' ဒုက္ခပါပဲ ..'

​တွေးထားသည့်အတိုင်းပင် ယွီလီကို လှမ်းကြည့်လိုက်သောအခါ သူမက သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေလေ၏ ။

​သို့သော် ယန်ဖူကွေ့ ရှိနေသောကြောင့် သူမက သူ့အား အကြည့်ဖြင့်သာ သတိပေးလိုက်သည် ။

​' ညကျမှ ကျွန်မနဲ့ တွေ့မယ်.. '

​ယန်ကျီဝမ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး ယန်ဖူကွေ့အား မေးလိုက်သည် ။

​" အဖေ.. ဘယ်သူ ပြောလိုက်တာလဲ.. "

​" တာမော့ ပြန်လာတုန်းကလေ... ခုလေးတင် ပြောပြသွားတာ.. "

​ယန်ဖူကွေ့က ပြန်ဖြေသည် ။

​ယန်ကျီဝမ် အံကြိတ်လိုက်မိ၏ ။ ဤ ရွှီတာမော့က အမှန်တကယ်ပင် အာ​ချောင်လွန်းလှသည် ။

​ကြုံလျှင် သူ့ကို သေချာ ပညာပေးရပေဦးမည် ။

​သူက ခေါင်းခါပြလိုက်ပြီး...

​" ဘာမှ မဖြစ်ပါဘူးဗျာ.. ကလေကချေ လေးတွေပါ .... ချွေးတောင် မထွက်လိုက်ဘူး.. သူတို့ကို ငှားတဲ့လူလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ခံလိုက်ရပါပြီ.. စက်ရုံက သူ့ကို အလုပ်ထုတ်ပစ်လိုက်ပြီလေ.. "

​ယန်ကျန့်ယဲ့သည် အလုပ်ထုတ်ခံရခြင်း မဟုတ်ဘဲ ပြောင်းရွှေ့ခံရရုံသာ ဖြစ်ကြောင်းကို သူ မသိသေးပေ ။

​ဌာနမှူး လီဟွိုက်တဲ ကလည်း ရှင်းရှင်းလင်းလင်း မပြောဘဲ ယန်ကျန့်ယဲ့ သံမဏိစက်ရုံမှ ထွက်သွားရမည်ဟုသာ ပြောခဲ့သောကြောင့် သူက အလုပ်ထုတ်ခံရသည်ဟု ယူဆထားခြင်း ဖြစ်သည် ။

​ယန်ဖူကွေ့က သက်ပြင်းချကာ စိတ်အေးသွားဟန်ဖြင့်...

​" မင်း အဆင်ပြေလို့ တော်သေးတာပေါ့.. နောက်နောင် အပြင်ထွက်ရင် ပိုပြီး ဂရုစိုက်ရမယ်နော် .."

​" ဟုတ်ကဲ့ပါ အဖေ.. "

Chapter 218

~

အခန်း ၂၁၈ : လှောင်ပြောင်ခြင်း...

~

​အချိန်များက ကုန်ဆုံးလွယ်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဒီဇင်ဘာလသို့ ရောက်ရှိလာခဲ့လေပြီ ။

​လမ်းမများနှင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအားလုံး အဖြူရောင် နှင်းလွှာများ ဖုံးလွှမ်းနေပြီး ငွေရောင်အလွှာပါးလေး တစ်ထပ် ရစ်ပတ်ထားသည့်အလား ထင်မှတ်ရ၏ ။

​ယန်ကျီဝမ်သည် သူ၏ သုံးဘီးစက်ဘီးကို နင်းလာရာ နှင်းပြင်ပေါ်တွင် ဘီးရာအနက်ကြီး ကျန်ရစ်ခဲ့သည် ။

​သူနှင့် ယွီလီတို့ နှစ်ဦးစလုံးသည် အနွေးထည် အထူကြီးများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ပါးစပ်မှ အဖြူရောင် အငွေ့များ ထွက်ပေါ်နေ၏ ။

​ခဏအကြာတွင် သူတို့သည် ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည် ။

​အထဲသို့ ဝင်ရန် ပြင်လိုက်ချိန်တွင် ရှေ့ခြံဝင်းမှ အလယ်ခြံဝင်းသို့ သွားရာ လမ်းတစ်လျှောက်၌ လူများစွာ စုရုံးနေကြသည်ကို မြင်လိုက်ရ၏ ။ သူတို့ မိသားစုဝင်များပင် ထိုနေရာ၌ ရှိနေကြသည် ။

​ယန်ကျီဝမ်က သုံးဘီးကို ရပ်လိုက်ပြီး ယွီလီအား ပြောလိုက်သည် ။

​" ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်လိုက်ဦးမယ် .."

​" ရေနွေးတစ်ခွက်လောက် အရင်သောက်သွားပါဦး .."

​" မင်းပဲ သောက်လိုက်ပါ.. ကိုယ် မချမ်းဘူး .."

​ထိုသို့ပြောပြီးနောက် ယန်ကျီဝမ်က ယန်ဖူကွေ့ထံသို့ လျှောက်သွားကာ သူ၏ဘေးသို့ ကပ်၍ ညင်သာစွာ ပုတ်လိုက်ပြီး ...

​" အဖေ.. ဘာဖြစ်နေတာလဲ .."

" ဟ သောက်ခွေး..."

​ယန်ဖူကွေ့ လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ဒုတိယသား ဖြစ်နေသည်ကို မြင်သောအခါ မကျေမနပ်ဖြင့် ....

​" မင်းကလည်းကွာ.. ဘာလို့ အသံမပေးဘဲ ရောက်လာရတာလဲ .."

​" အဖေက အရမ်း အာရုံစိုက်နေလို့ပါ .."

​ယန်ကျီဝမ်က လူအုပ်ကြားထဲသို့ လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင် အံ့ဩသွားသည် ။

​လူအုပ်ထဲတွင် လူသုံးယောက် ရပ်နေပြီး လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် မိန်းမငယ်လေး တစ်ဦးတို့ဖြစ်ကာ အားလုံးက ဖာထေးထားသော အနွေးထည်များကို ဝတ်ဆင်ထားကြ၏ ။ သူတို့၏ ခြေရင်းတွင် အိတ်ကြီးတစ်လုံးလည်း ရှိနေပြီး အထဲတွင် ဘာတွေပါမှန်း မသိရ ။

​ယန်ကျီဝမ်က ထိုသုံးယောက်ကို သိနေသည် ။ သူတို့သည် ချင်မိသားစုရွာမှ ညီအစ်ကိုများဖြစ်သော ချင်ယိုချိုက် နှင့် ချင်ယိုတဲ တို့ဖြစ်ပြီး မိန်းမငယ်လေးမှာ ချင်ကျင်းရု ဖြစ်သည် ။

​ယခုအချိန်တွင် ကျားကျန်းရှီက သူမ၏ စည်ပိုင်း ခန္ဓာကိုယ်ကြီးဖြင့် လမ်းကို ပိတ်ရပ်ထားပြီး စကားလုံးကြမ်းကြမ်းတမ်းတမ်းများဖြင့် ရက်စက်စွာ ပြောဆိုနေလေ၏ ။

​ယန်ဖူကွေ့က ရှင်းပြသည် ။

​" အော်.. ချင်ဟွိုင်ရုရဲ့ မိသားစုတွေ ရောက်လာတာလေ.. ဒါပေမဲ့ ကျားကျန်းရှီက သူတို့ကို အထဲပေးမဝင်တဲ့အပြင် ဆဲလွှတ်လို့ အခုလို စကားများနေကြတာ .."

​ယန်ကျီဝမ်က အံ့ဩစွာဖြင့် ...

​" ဒီလို အေးခဲနေတဲ့ ရာသီဥတုကြီးမှာတောင် ရေနွေးတစ်ငုံလေး မတိုက်ဘူးလား.. အဲ့ဒီလောက်ကြီးတော့ မဆိုးလောက်ပါဘူးနော် .."

​သို့သော်လည်း သေချာပြန်တွေးကြည့်လိုက်သောအခါ ကျားကျန်းရှီသည် ထိုသို့လုပ်ရပ်မျိုး လုပ်နိုင်သူပင် ။

ယခုအချိန်တွင် ကျားဒုံရွှီက အလုပ်မှ ပြန်မရောက်သေးသဖြင့် ချင်ဟွိုင်ရုက ကျားကျန်းရှီ၏ နောက်တွင်သာ ရပ်၍ စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေရုံသာ တတ်နိုင်ရှာသည် ။

​ယန်ဖူကွေ့က နှာခေါင်းရှုံ့လိုက်ပြီး တိုးတိုးလေး ပြော၏ ။

​" ဘာလို့ မဖြစ်ရမှာလဲ.. အခု ကျားမိသားစုက ဘယ်လောက်တောင် အခက်အခဲ ဖြစ်နေလဲဆိုတာ သိရဲ့သားနဲ့.. ကျားကျန်းရှီက သူတို့တွေ အလကားလာစားကြမယ်လို့ ထင်နေတာလေ.. စဥ်းစားကြည့်.. သူ အထဲပေးဝင်ပါ့မလား .."

​ချင်ဟွိုင်ရုက မနေနိုင်တော့ဘဲ တောင်းပန်လိုက်သည် ။

​" အမေ.. အပြင်မှာ အရမ်းအေးတယ်.. အဖေတို့လည်း ခရီးပန်းလာတာ.. အထဲဝင်ပြီးမှ စကားပြောကြရအောင်ပါ .."

​သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲနေပြီး မျက်နှာပေါ်တွင်လည်း ဝမ်းနည်းမှုများ ပြည့်နှက်နေ၏ ။

​သူမသည် မြို့သို့ အိမ်ထောင်ကျသည့် သူမတို့ရွာမှ တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပြီး ပြီးခဲ့သည့် နှစ်များအတွင်း ရွာသို့ ပြန်သွားတိုင်း မြို့တွင် မည်မျှ ကောင်းမွန် ပျော်ရွှင်စွာ နေထိုင်ရကြောင်း အမြဲတမ်း ကြွားလုံးထုတ်လေ့ ရှိခဲ့သည် ။

​တစ်ပိုင်းက သိက္ခာမကျလို၍ ဖြစ်သော်လည်း အခြားတစ်ပိုင်းကတော့ သူမ၏ မိဘများကို စိတ်မပူစေလိုသောကြောင့် ပင် ။ သူမ မည်မျှပင် ဒုက္ခရောက်နေပါစေ ရင်ထဲ၌သာ မျိုသိပ်ထားခဲ့သည် ။

​သို့သော် ယခုအခါတွင် သူမ၏ ဖခင်နှင့် ဆွေမျိုးများက သူမထံသို့ အလည်လာခဲ့ကြသော်လည်း အိမ်ထဲသို့ပင် ဝင်ခွင့်မရခဲ့ချေ ။ သူမ ဝမ်းနည်းမှုကို ဖော်ပြရန်ပင် ခက်ခဲလှသည် ။

​ကျားကျန်းရှီက ထိုစကားကို ကြားသော်လည်း တုန်လှုပ်ခြင်း မရှိဘဲ နှာခေါင်းရှုံ့ကာ...

​" ဟမ့် ...ဝင်ရမယ်.. ဘာဝင်လုပ်ဖို့လဲ.. ငါတို့မိသားစုမှာ ဘာမှမရှိဘူး.. လာရာလမ်းကိုပဲ ပြန်သွားကြ.. ရှုပ်ရှုပ်ယှက်ယှက်အေ..."

​ချင်ယိုချိုက်၏ မျက်နှာမှာ အေးလွန်း၍လား ဒေါသထွက်လွန်း၍လား မသိ ဖြူရော်နေလေသည် ။ သူသည် သမီးဖြစ်သူထံ လာရောက်လည်ပတ်ရာတွင် အိမ်ထဲသို့ပင် ဝင်ခွင့်မရသည့် အခြေအနေမျိုး ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ ။ လောကကြီးတွင် ဤကဲ့သို့သော ဆွေမျိုးများ ရှိနိုင်ပါသည်လော ။

​ချင်ယိုတဲက သည်းမခံနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည် ။

​" ခင်ဗျားတို့က ဘယ်လို ဆွေမျိုးတွေလဲ.. ကျုပ်တို့က ဟွိုင်ရုကို လာကြည့်တာ.. ရေနွေးတစ်ခွက် မတိုက်တဲ့အပြင် အိမ်ထဲကိုတောင် ပေးမဝင်ဘူးလား .."

​" မကျေနပ်ရင်လည်း ထွက်သွားကြလေ.. ငါတို့မိသားစုက နင်တို့ကို မကြိုဆိုဘူး .."

​ကျားကျန်းရှီက နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝ မပြ ။ သူမ၏ စကားလုံးများက လူကို နာကျင်စေသော ထက်မြက်သည့် ဓားများကဲ့သို့ပင် ။

​ဤသည်ကို မြင်သောအခါ ချင်ဟွိုင်ရုသည် စိုးရိမ်လွန်း၍ ငိုတော့မလိုပင် ဖြစ်နေသည် ။

​" ခင်ဗျား .."

​ချင်ယိုတဲ၏ မျက်နှာက ဒေါသကြောင့် နီရဲသွား၏ ။

​ချင်ကျင်းရုက ဆက်၍ သည်းမခံနိုင်တော့ဘဲ ခါးထောက်ကာ နှာခေါင်းရှုံ့၍...

​" ဟမ့် ...အဘွားကြီး ...ရှင်က ကျွန်မတို့ကို ဂရုစိုက်မယ်လို့များ ထင်နေတာလား.. ဒီတစ်ခေါက် ကျွန်မတို့က အစ်ကိုယန်ကို လာရှာတာ.. လမ်းကြုံလို့ အစ်မဆီကို ဝင်ကြည့်ရုံ သက်သက်ပဲ .."

​ထိုသို့ပြောပြီးနောက် ချင်ကျင်းရုက ချင်ယိုတဲကို ပြောလိုက်သည် ။

​" အဖေ.. သူတို့က မကြိုဆိုမှတော့ သမီးတို့ သွားကြစို့.. အစ်ကိုယန့်ဆီပဲ သွားကြမယ် .."

​ထိုစကားကြောင့် လူတိုင်း၏ မျက်နှာအမူအရာများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားကြ၏ ။

​ယန်ဖူကွေ့က ယန်ကျီဝမ်အား ကြည့်ကာ မေးလိုက်သည် ။

​" ဒုတိယသား.. မင်း သူတို့ကို သိလို့လား .."

​ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်ပြီး...

​" အရင်က နယ်ကို ဆင်းရတုန်းက သူတို့ရွာကို ရောက်ခဲ့တာလေ .."

​ယန်ဖူကွေ့ ထပ်၍ မမေးတော့ချေ ။

​ချင်ယိုတဲက ချင်ကျင်းရု၏ စကားကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည် ။ သူတို့ကိုမှ မကြိုဆိုသည့်အတွက် နွေးထွေးစွာ တုံ့ပြန်နေရန် မလိုအပ်တော့ပေ ။

​သူက ချင်ယိုချိုက်အား လှမ်းကြည့်လိုက်သည် ။

​" အစ်ကိုကြီး .."

​ချင်ယိုချိုက်က ချင်ဟွိုင်ရုကို တစ်ချက်ကြည့်လိုက်ပြီး သူမကို အနားသို့လာရန် လက်ယက်ခေါ်လိုက်သည် ။

​ကျားကျန်းရှီက သူတို့ကို အိမ်ထဲမဝင်ရန်သာ တားမြစ်ထားခြင်းဖြစ်ပြီး ချင်ဟွိုင်ရု အနားသွားမည်ကိုတော့ မတားဆီးခဲ့ချေ ။

​ချင်ယိုချိုက်က အိတ်ကြီးထဲမှ အိတ်ငယ်တစ်လုံးကို ထုတ်ယူလိုက်ပြီး ချင်ဟွိုင်ရုကို ပြုံးပြကာ ...

​" အခုတလော နေရာတိုင်းမှာ ရိက္ခာတွေ ရှားပါးနေတယ်.. မြို့ပေါ်က သမီးတို့ အခြေအနေလည်း သိပ်မကောင်းလောက်ဘူး ထင်လို့ စားစရာလေး နည်းနည်း လာပို့ပေးတာ.. ရော့.. ယူထားလိုက် .."

​ချင်ယိုချိုက်က ချင်ဟွိုင်ရုထံသို့ အိတ်ကို အတင်း ထည့်ပေးလိုက်သည် ။ အများဆုံးမှ ဆယ်ကျင်းခန့်သာ အလေးချိန်ရှိမည့် ပြောင်းဖူးမှုန့်အိတ်ကို ကြည့်ရင်း ချင်ဟွိုင်ရု၏ ရင်ထဲတွင်တော့ ကျင်းတစ်ထောင်လောက် လေးလံနေသကဲ့သို့ ခံစားလိုက်ရ၏ ။

​ကျေးဇူးတင်စိတ်ကြောင့် မျက်ရည်များက ထိန်းမရသိမ်းမရ စီးကျလာသည် ။

​နယ်ဘက်တွင် မြို့ပေါ်ထက် ပို၍ ခက်ခဲကြမ်းတမ်းသော်လည်း သူမ၏ မိသားစုက သူမကို သတိရနေဆဲပင် ။ သူမဖခင်အပေါ် ကျားကျန်းရှီ၏ ဆက်ဆံပုံကို ပြန်တွေးမိသောအခါ သူမ ပို၍ပင် ဝမ်းနည်းလာသည် ။

​သူမက ငြင်းလိုက်သည် ။

​" အဖေ.. သမီး ဒါကို မယူပါရစေနဲ့.. ပြန်ယူသွားပြီး အမေနဲ့ မောင်လေးတို့ စားဖို့ပဲ ချန်ထားလိုက်ပါ.. သမီးတို့ အိမ်မှာ စားစရာ ရှိပါသေးတယ် .."

​" ပေးတာကိုသာ ယူထားလိုက်စမ်းပါ .."

​ချင်ယိုချိုက်က ချင်ဟွိုင်ရုထံသို့ အိတ်ကို အတင်းပေးလိုက်သဖြင့် ချင်ဟွိုင်ရု လက်ခံရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ ။

​" ဒီ ကျားကျန်းရှီက ဆိုးရွားလိုက်တာဟယ်.. ဘာပဲဖြစ်ဖြစ် သူတို့က ဆွေမျိုးတွေပဲလေ.. စားစရာလာပို့တာတောင် အိမ်ထဲပေးမဝင်ဘူးတဲ့ .."

​" အဲ့ဒါပြောတာပေါ့.. သူက သူတို့ကို အလကားလာစားမယ်လို့များ ထင်နေတာလား မသိဘူး .."

​" ဟားဟား.. အခုတော့ ကျားကျန်းရှီ ပါးအချခံလိုက်ရပြီ.. နာများနာနေမလား မသိဘူး .."

​" အဆင်ပြေမှာပါ.. သူ့ မျက်နှာက ဝက်ခေါက်ထက်တောင် ထူသေးတယ် .."

​ဤမြင်ကွင်းကို ကြည့်ရင်း အိမ်နီးချင်းများအားလုံးက ဆွေးနွေးနေကြပြီး ချင်ယိုချိုက်နှင့် သူ၏မိသားစုကို သနားနေကြသည် ။

​" ဟမ့်.. ငါတို့မိသားစုက အဲ့ဒီ စားစရာ နည်းနည်းလေးကို ဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် နင်တို့ ငါ့အိမ်ကို လာခွင့်မရှိဘူး .."

​ကျားကျန်းရှီက ဆက်၍ နားမထောင်နိုင်တော့ဘဲ ထိုစကားကိုချန်ရစ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားသည် ။

​" အဖေ.. သမီး .."

​ချင်ဟွိုင်ရုက ပြောင်းဖူးမှုန့်အိတ်ကို ပိုက်ထားရင်း သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ရှိနေသော်လည်း ဘာမှ မတတ်နိုင်ရှာပေ ။

​ချင်ယိုချိုက်က သူမ၏ ပခုံးကို ပုတ်ကာ ပြုံး၍ နှစ်သိမ့်ပေးလိုက်သည် ။

​" ရပါတယ်.. သမီး ဘဝကိုပဲ ကောင်းကောင်းမွန်မွန် ရှင်သန်ပါ.. မိသားစုအတွက်တော့ စိတ်ပူစရာ မလိုပါဘူး .."

​ထိုအချိန်တွင် ယန်ကျီဝမ်က ချင်ကျင်းရုထံ လက်ဝှေ့ယမ်းပြကာ လှမ်းခေါ်လိုက်သည် ။

​" ကျင်းရု.. ဒီမှာ .."

​အသံကြားသောအခါ ချင်ကျင်းရုက လှည့်ကြည့်လိုက်ပြီး ယန်ကျီဝမ်ဖြစ်နေသည်ကို မြင်လျှင် အံ့သြဝမ်းသာစွာဖြင့် ပြေးလာကာ ...

​" အစ်ကိုယန်.. နောက်ဆုံးတော့ အစ်ကို့ကို တွေ့ပြီပဲ .."

​" အစ်ကိုလည်း အလုပ်ကနေ ခုလေးတင် ပြန်ရောက်တာ .."

​ယန်ကျီဝမ်က ပြုံး၍ ...

​" အဲ့ဒီမှာ ဒီတိုင်းကြီး ရပ်မနေနဲ့.. အစ်ကို့အိမ်လာပြီး ကိုယ်လေးနွေးသွားအောင် ရေနွေးလေး အရင်သောက်လိုက်ဦး .."

​" ဟုတ်ကဲ့ .."

​ချင်ကျင်းရုက သဘောတူကာ ခေါင်းညိတ်လိုက်သည် ။

​" ဦးလေးယိုတဲ.. ဦးလေးယိုချိုက်.. ဦးလေးတို့လည်း လိုက်ခဲ့ကြပါ .."

​ထို့နောက် ချက်ချင်းပင် ယန်ကျီဝမ်က သူတို့သုံးယောက်ကို နောက်ဘက်အိမ်သို့ ခေါ်ဆောင်သွားသည် ။

​ဤမြင်ကွင်းကို ကြည့်ရင်း အိမ်နီးချင်းများအားလုံး သက်ပြင်းချကာ ကျားကျန်းရှီ၏ မလျော်ကန်သော အပြုအမူကို မှတ်ချက်ချ နေကြ၏ ။

​သူမ၏ ဆွေမျိုးများ လာသည်ကိုပင် အိမ်ထဲသို့ ပေးမဝင်ဘဲ အိမ်နီးချင်းဖြစ်သူ ယန်ကျီဝမ်က ရှေ့ထွက်၍ ဧည့်ခံလိုက်ရသည်မှာ အမှန်တကယ်ပင် ဆန်းကြယ်လွန်းလှသည် ။

​ကြည့်စရာ ပွဲမရှိတော့သည်ကို မြင်သောအခါ သူတို့အားလုံးလည်း အိမ်သို့ ပြန်သွားကြလေတော့သည် ။

All Chapters